Tuesday, October 25, 2011
မွေးရပ်မြေမှ အလွမ်းတေးတစ်ပုဒ်
မွေးရပ်ဌာနေ တောင်ငူမြေသို့ ဒီနှစ်သီတင်းကျွတ်ရောက်ရသည်မှာ အလွန်ပင် ၀မ်းမြောက်
ကြည်နူးမိသည်။ ယခင်ယခင်အကြိမ်များကလည်း ပြန်ခဲ့ပါသည်။ သို့သော် ကိုယ့်ရပ် ကိုယ့်မြေအတွက်
ဘာကမျှမလုပ်ပေးခဲ့နိုင်။ ဒီတစ်ကြိမ်တွင်တော့ အကြီးကျယ်အခန်းနားဆုံး လုပ်ရပ်တစ်ခု လုပ်ပေးနိုင်ခဲ့
မိတယ်။ ကိုယ့်ကိုယ်ကိုလည်း အားရကျေနပ်မိတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်လေး တစ်ခုကို
အကျိုးရှိစွာ အသုံးချခွင့်ရခဲ့ကြတဲ့ ကိုယ့်မြို့က ကလေးငယ်တွေလည်း တော်ကြပါတယ်။ အော် အရာ
အားလုံးကို လူအားလုံးကို ကျေးဇူးတင်မိတယ်။ အဘက်ဘက်ကပါဝင်ခဲ့သူတွေရောပေါ့။
အင်း တစ်ချို့က ချီးကျူးကြတယ်။ တော်တယ် ...တော်တယ်...နဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်
တွေအများကြီးလုပ်နိုင်တယ်တဲ့။ အားထုတ်ခဲ့မှု ၀ီရိယ ရှိသူတွေဟာ ဘယ်အသက်အရွယ်နဲ့ပဲဖြစ်ဖြစ်
ကိုယ်တာဝန်ယူရတဲ့ အလုပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါတယ်။ ဗိုလ်ချုပ်ကိုပဲကြည့်
အသက်ငယ်ငယ်နဲ့ တိုင်းပြည်တာဝန်တွေယူခဲ့တာ။ အော် ခုမှ ကလေးငယ်တွေကို ယခုလို ယဉ်ကျေး
လိမ္မာအဆုံးအမတွေပေးခဲ့သည်ကားမဟုတ်ပါ။ လွန်ခဲ့သော နှစ်နှစ်ခန့်ကပေါ့ ......။
လမ်းဘေးမှာ တောင်းစားပြီးဘ၀ကို ဖြစ်သလို ရုန်းကန်နေရတဲ့ ကလေးတစ်အုပ်စုဟာ
ရွှေဆံတော်ဘုရား စောင်းတန်းအတွင်း ဒိုးပစ် ကစား၊ ပြေးတမ်းလိုက်တမ်းကစားကာ
နေ့စဉ် သူတို့ရဲ့ တောင်းစားခြင်းလုပ်ငန်းခွင်မ၀င်သေးခင် ရောက်လာတတ်ကြတယ်။
စာရေးသူဟာ ထိုအချိန်က ရဟန်းဖြစ်စ တစ်ဝါမျှ အချိန်ပေါ့..။ သူတို့ လေးတွေဟာ ဘယ်သူနဲ့မျှ
မတည့်ကြဘူး ဘုန်းတော်ကြီးများကလည်း ကျောင်းထဲဝင်လျှင် ဟိုဟာယူ ဒီဟာယူတတ်တယ်
ဆိုပြီး သူတို့ ၀င်လာတာနဲ့ အော်ငေါက်လွှတ်တတ်ကြတယ်။ ဘုရားဂေါပက လူကြီးများကလည်း
ခဲနဲ့ပေါက်တုတ်နဲ့ပစ် သူတို့ ဘ၀လေးတွေဟာ သနားစရာကောင်းပါလားလို့ ဘယ်သူမှ
မထင်ကြဘူး ...။
အဲ့ လိုနဲ့ တစ်နေ့မှာ သူတို့အနားကို ရောက်သွားခဲ့တယ်။ သူတို့ကတော့ ကစားမြဲကစား
နေကြတာပေါ့။ ကစားလို့ မောတဲ့အချိန် ထိုင်တော့မှ သူတို့ကို ပုံပြောပြမယ် နားထောင်မလားလို့
intro ၀င်ရတယ်။ အစပိုင်းတော့ ဘာတွေလာပွားနေလဲမသိဘူးလို့ ထင်နေမှာပေါ့။ နောက်တော့
ကလေးငယ်တို့ သဘာဝ ပုံပြင်ဆို စိတ်ဝင်စားလာကြတယ်။ ဒါနဲ့ ဘုရားဇာတ်နိပါတ်တော်များထဲမှ
တောင်းစားပြီး ဘ၀ကို ရုန်းကန်ခဲ့ရတဲ့ ဇာတ်တော်လေးတွေ ထုတ်နှုတ်ပြီး စိတ်ဝင်စားအောင်ပြော
ပြရတယ်။ နောက် သူတို့နဲ့ ရင်းနှီးလာခဲ့တယ်။ သူတို့ဘ၀အကြောင်းလေးတွေ သူတို့စိတ်ကူးစိတ်
သန်းလေးတွေကို ပြောပြလာတယ်။ တစ်နေ့ကို အိမ်ငွေ တစ်ထောင် အပ်ရတဲ့ အရွယ်မရောက်သေး
တဲ့ကလေးငယ်လေးတွေဟာ ငွေတစ်ထောင်ရတာနဲ့ ဆက်မတောင်းတော့ပဲ ကစားနေကြတယ်။
မနက်စာ breakfast ဆိုတာ မရှိတဲ့ဘ၀မှာ ကြီးပြင်းလာကြရတယ်။ သူတို့ကို ဘုရားရှိခိုးပုံလေးတွေ
နောက် စကားပြောဆိုပုံလေးတွေ သင်ပေးခဲ့တယ်။ သူတို့လေးတွေ နားလည်အောင် ပြောဆို
သင်ကြားပေးရတာသည် ဘယ်လွယ်လိမ့်မလဲနော်။ တစ်ခါတစ်လေမှာ အတော်ခွကျတဲ့ မေးခွန်း
တွေလည်းမေးတတ်သေးတယ်။ မြွေက ဖားကိုစားနေရင် ကယ်သင့်မကယ်သင့်တဲ့....။
ဖားကို ကယ်လိုက်ရင် မြွေက ငတ်သွားမယ်။ မကယ်ပြန်ရင် ဖားသေသွားမယ်ပေါ့.............။
ဒါမျိုးတွေလေ..။ အော်သူတို့လေးတွေနဲ့ နွေကျောင်းပိတ်ရက်အချိန်တွေကို ကုန်စေခဲ့တယ်။
ခုတော့ တစ်မြို့လုံးကကလေးတွေကို လိမ္မာယဉ်ကျေးစွာနေတတ်အောင် သင်ပေးနိုင်ခဲ့ပြီ။
ဘ၀ထဲမှာ အခက်အခဲပေါင်းများစွာ ရှိပါတယ်။ အခက်အခဲဆိုတာကို အတားအဆီး လို့မမြင်
ဘဲ အခွင့်အလမ်းလို့ မြင်ပြီး ကြိုးစားအားထုတ်မှု ၀ီရိယရှိနေရင် ဘယ်အရာမဆို အောင်မြင်
မှာပါ။ ဒီနေ့ အောင်မြင်စွာ လုပ်ခဲ့နိုင်ခြင်းသည် တစ်ချိန်က ဘယ်လို နားလည်အောင် ပြော
ပေးရမလဲဆိုပြီး နားလည်မှု စွမ်းအားနဲပါးတဲ့ ကလေးငယ်တွေကို ပြောပြပေးခဲ့လို့ဆိုလည်း
မမှားနိုင်ပါ။ ထိုအချိန်က မွေးရပ်မြေမှာ လုပ်ခဲ့တဲ့ လုပ်ရပ်လေးတွေကို ယနေ့ထိ လွမ်းဆွတ်
နေမိသေးတယ်.................။
တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။
မောင်ပညာ ( ကေတုမတီ )
No comments:
Post a Comment