Tuesday, October 25, 2011

အငိုမျက်လုံး အပြုံးမျက်နှာ

              သည်းခံတဲ့သူကို ပျော့ညံ့သူလို့ဆိုနိုင်မလားတဲ့ မေးလာတယ်။ အော် သည်ခံတယ်
ဆိုသော ကိစ္စသည်ကား ပျော့ညံ့သူတွေလုပ်နိုင်တာမှမဟုတ်တာလို့ ပြန်ဖြေပေးမိတယ်။
ဟုတ်ပါတယ်။ ဘုရားရှင်က ခန္တီပရမံ တပေါ တိတိက္ခာ တဲ့။ ခန္တီ သည်းခံခြင်းအကျင့်သည်
မြတ်သောအကျင့်ပါပဲ။ အကျင့်တကာ အကျင့်တွေထဲမှာ သည်းခံသူရဲ့ အကျင့်ဟာ အမြတ်
ဆုံးပါပဲတဲ့။ သည်းခံတာနှစ်မျိုး ရှိပါတယ်။ အပြင်က ဘေးအန္တရာယ်တွေကို သည်းခံတာက
တစ်မျိုး ကိုယ့်ရဲ့အတွင်းကိလေသာကို သည်းခံတာက တစ်မျိုးပေါ့။ တရားအားထုတ်တယ်
ဆိုတာကလည်း ဒီသည်းခံမှုစွမ်းအားမြင့်လာအောင် ပြုလုပ်ခြင်းပါပဲ။
              လိုချင်စရာအာရုံပေါ်မှာ လိုချင်စိတ်ကို သည်ခံလိုက်တယ်။ စိတ်တိုစရာအာရုံ
ပေါ်မှာ စိတ်မဆိုးအောင် သည်းခံလိုက်တယ်။ တစ်ချို့ကအာရုံကို သည်းခံနိုင်တယ်။
ဒီအာရုံလာမတုန်လှုပ်တော့ဘူး။ ဒါပေမယ့် တခြားအာရုံလာ တုန်လှုပ်သွားတယ်။ အာရုံကို
သည်းခံခြင်းကတော့ တဒင်္ဂပါပဲ။ ကိုယ့်ရဲ့ လောဘ ကိလေသာကို သည်းခံ၊ ဒေါသကိလေသာ
ကိုသည်းခံ၊ မောဟ ကိလေသာကို သည်းခံ နိုင်သွားရင်တော့ ဘယ်အာရုံလာလာ မတုန်
လှုပ်တော့ဘူးပေါ့။ တစ်ခါတစ်လေ ကိုယ်ကစိတ်ထားကောင်းလေးနဲ့ စေတနာအပြည့်နဲ့
လုပ်ပေးလိုက်တယ်။ ကိုယ့်စေတနာကို သူများက တန်ဖိုးမထားရင် မျက်ရည်ကျရတယ်။
စေတနာနဲ့ အလုပ်လုပ်ပေးရလို့ မျက်နှာက ပြုံးနေပေမယ့်......စေတနာကို နားမလည်
လေခြင်းဆိုပြီး မျက်ရည်ကျရတယ်။ ဒါမျိုးအဖြစ်လေးတွေ ရှိတတ်ကြပါတယ်။
            အစကတည်းက ကိလေသာက ကိုယ့်စေတနာကို တန်ဖိုးထားစေချင်နေတာ
စေတနာ တန်ဖိုးသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးနေ
တာပဲ။ ဘာကမျှ တန်ဖိုးမထားလဲ နေပေါ့။ ခုတော့ တန်ဖိုးထား အသိမှတ်ပြုခံချင်တဲ့
ကိလေသာကြောင့် မျက်ရည်ကျရတာ။ ငယ်ငယ်ကတည်းက အဖေရိုက်လို့ ကျတဲ့မျက်
ရည်၊ အမေရိုက်လို့ ကျတဲ့မျက်ရည်၊ ပိုးစပ်ကောင်ဝင်လို့ ကျတဲ့မျက်ရည် မျက်ရည်မျိုး
စုံကျဖူးပါတယ်။ ဒါပေမယ့် ကိုယ့်စေတနာတန်ဖိုးမသိတဲ့ အတွက်ကျရတာကတော့
ပိုပြီးရင်နာရတယ်။ ဒါ ဟာ ရင်နာအောင် ကိလေသာကပဲ လုပ်နေတာ။ သောက ဆိုတဲ့
အပူနဲ့ တိုက်နေတာ.....။ ကိုယ်ကမသိလေတော့ ဒါကိုပဲ ဂုဏ်ယူစရာလိုလို ဘာလိုလို
ထင်မိတတ်သေးတယ်လေ။ ကိလေသာ အညှော်မိပြီး ကျရတဲ့မျက်ရည်ဟာ အပြုံးမျက်
နှာနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ ဒါကြောင့် အာရုံကိုလည်း သည်ခံနိုင် ကိလေသာကို
လည်း သည်းခံနိုင်တဲ့ သူတွေဖြစ်အောင်ကြိုးစားပြီး အပြုံးပန်းတွေ ဝေနိုင်ကြပါစေ...။

အပြုံးကြောင့် အမုန်းတွေ ဝေးလွင့်ပါစေ......................။

မောင်ပညာ ( ကေတုမတီ )

Read more...

အမှန်တိုး ချစ်မိလေပြီ.....

            စာသင်ရင်းအားရင်အားသလို ပါဠိတော်မြန်မာပြန်တွေ ဖတ်ဖြစ်တယ်။ ကိုယ်မသိသေးတဲ့
သုတ္တန်တွေရော ကိုယ် သတိမထားမိတဲ့ အကြောင်းအရာလေးတွေပါ သိလာရတော့ မြန်မာပြန်
တွေတင်မက ပါဠိတော်မူရင်တွေရော အဋ္ဌကထာ တွေပါဖတ်ဖြစ်လာတယ်။ စာတွေဖတ်လာတော့
မြတ်စွာဘုရားရှင်နဲ့ တိုက်ရိုက်တွေ့ဆုံရသလို ခံစားမိတယ်။ အတ္တ၀ါဒမဟုတ်တဲ့ အနတ္တသဘောကို
သာ ထင်ရှားအောင် မြင်သာအောင် ဘုရားရှင်က ဆုံးမခဲ့တယ်။ စာထဲကသိတဲ့ အသိဆိုပေမယ့်
ဘ၀အတွက်ကျင့်သုံးနေထိုင်နည်းတွေ စိတ်ငြိမ်းအေးအောင် မည်သို့မည်ပုံလုပ်ရမလဲဆိုတာတွေ
သိလာရတယ်။ ကိုယ့်ရဲ့ ကွန်ပြူတာလေးထဲမှာ ပိဋကတ်သုံးပုံထည့်ထားပြီး ရောက်တဲ့နေရာတိုင်း
ဖွင့်ဖတ်တယ်။ အားရင်အားတဲ့အချိန် ဖတ်ပြီးစာတွေကို မှတ်စုလုပ်ပြီး သိမ်းထားတယ်။ ဒီလိုဘုရား
ရှင်ရဲ့ အဆုံးအမနဲ့ အသက်ရှင်နေထိုင်ခွင့်ရခဲ့တာကို ကျေနပ်အားရမိတယ်။
           သာသနာ့ဘောင်ရောက်လို့ သာသနာ့အလုပ်တွေ လုပ်လာရတာ ပြန်လည်ပြောဆို
ဆုံးမခွင့်ရလာတာတွေဟာ ဒီအဆုံးအမတွေရခဲ့လို့ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေ
ပွင့်ထွန်းပေါ်ပေါက်လာတာဟာ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားအတွက်ပါပဲတဲ့။ အစကတော့
နားမလည်ခဲ့ဘူး...။ ခု တဖြည်းဖြည်းနဲ့ သိလာရတာက ...အော် ဘုရားရှင်တွေသာ မပွင့်
ပေါ်ရင် ဒါကတော့ ကုသိုလ် ဒါကတော့ အကုသိုလ်လို့ လူတွေမသိကြဘူးလေ။ မသိတော့
ပြုလုပ်၊ ပြုလုပ်တော့ ရရှိတဲ့ ....။ ပြုလုပ်တာက ကောင်းတာတွေရော မကောင်းတာတွေ
ရော ရရှိပြန်တော့လည်း ကိုယ်ပြုခဲ့တဲ့အတိုင်း ရရှိမှာလေ....။ ဒီတော့ ကောင်းတာမကောင်း
တာသိပြီး...ဘုရားရှင် အဆုံးအမတိုင်း မကောင်းမှုဆိုရှောင်၊ ကောင်းမှုကိုဆောင်၊ ဖြူအောင်
စိတ်ကလေးထား...။ ဒါဟာ ဘုရားရှင်များပွင့်ပေါ်မှသိခွင့်ရတာလေ..။ ဘုရားရှင်ကိုယ်တော်
မြတ်ကြီး ပါရမီတွေဖြည့်ကျင့်လို့ ဒီလိုခက်ခဲနက်နဲ သဘောတရားအရှိအမှန်ကို တရားသဘော
အသိဥာဏ်နဲ့ ထိုးထွင်းသိခဲ့လို့ တို့တတွေသိရပါလားလို့ ဘုရားပိုကြည်ညိုတတ်လာတယ်။
            လောကကြီးထဲမှာ တရားဆိုတာ ရှိပြီးသားပါပဲ။ ဒါပေမယ့် ထိုးထွင်းသိတတ်တဲ့
အသိဥာဏ်ကျတော့ ကိုယ့်မှာမရှိကြဘူးလေ။ ဘုရားရှင်က အဲ့ဒီ ထိုးထွင်းသိတဲ့ဥာဏ်ကို
ပိုင်ဆိုင်ပြီး လောကသားတွေကို ပြန်ဟောပြောပေးခဲ့လို့ တို့တတွေမှာ သုတမယဥာဏ်တို့
ရရှိလာတာပေါ့။ လောကကြီးမှာ တရားရှိမရှိ ...။ ရှိတာပေါ့ ရှေးကသူတော်ကောင်းတွေဟာ
သစ်ရွက်ကလေး ကြွေကျတာမြင်ပြီးတော့လည်း ကိုယ့်ခန္ဓာကိုယ် အကြွေကို ပြန်မြင်ကြတယ်။
ဒါဟာ လောကကပြောပြတဲ့ တရားကို ကြည့်မြင်တတ်တာပေါ့။ ကြည့်ရုံမကပဲ မြင်ပါမြင်ကြ
တာ။ ကြည့်နေရုံးကတော့ တခြားသော တိရိစ္ဆာန်တွေလည်း ကြည့်တတ်တာပေါ့။ မြင်ကြရ
မှာပါ။ တရားကို ကြည့်လို့ မြင်၊ မြင်လို့ ကျင့်တဲ့သူအတွက် တရားဆိုတာ ချမ်းသာပါပဲ။
          ဘုရားရှင် ပွင့်ပေါ်လာတဲ့အခါမှာ ဘုရားရှင်ရဲ့ သားတော်ရဟန်းတော်တွေလည်း
ပွင့်ပေါ်လာကြတယ်။ အိမ်ယာတည်ထောင်လူ့ဘောင်ကနေ အိမ်ယာမထောင် ရဟန်း
ဘောင်ဝင်ပြီး တရားဓမ္မတွေကို သင်အံ့လေ့ကျက် အားထုတ်ကြတယ်။ အားထုတ်တဲ့
အတိုင်း တစ်ချို့လည်း ပါရမီအဆင့်ဆင့် ရင့်သထက်ရင့်ပြီး အာသဝေါကုန်ခန်း ရဟန္တာ
ဖြစ်သွားကြတယ်။ ဒါကြောင့် ဒီ သာသနာတော်ကြီးမှာ မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကိုကျင့်
နေတဲ့သူတွေ ရှိနေသရွေ့ ငါဘုရားသာသနာ မကွယ်ဘူးလို့ သံဃာကိုယုံလို့ မြတ်စွာ
ဘုရားရှင်က ရဲရဲတောက်မိန့်ခဲ့တာပေါ့........။ ဒီသံဃာတော်တွေမှာ ဂုတ်ဆိုတာ ရှိပါ
တယ်။ အလှူခံထိုက်တဲ့ဂုဏ်တွေ ထို ဂုဏ်များအာရုံပြု လှူတန်းနေသူတွေအတွက်
သံဃာတော်သည် ကုသိုလ်ကောင်းမှုဆိုတဲ့ မျိုးစေ့စိုက်ပျိုးရာ လယ်ယာမြေကောင်း
ကြီးပဲလို့ ဘုရားမြတ်စွာက မိန့်ခဲ့တာပါ။
         ဒါတွေဟာ စာပေတွေဖတ်မှတ်လို့သိခဲ့ရတာတွေရယ်ပါ။ စာပေတွေထဲမှာ
တိုက်ရိုက်ပြခဲ့တယ်။ တိုက်ရိုက်မပြထားတာတွေကို အဋ္ဌကထာဆရာကြီးက ထပ်
ရှင်းပြခဲ့တယ်။ အော် ဗုဒ္ဓစာပေတွေကို ဖတ်ရှုရင်း ဘုရား၊ တရား၊ သံဃာ ရဲ့
တန်ဖိုးအနှစ်သိလေ အမှန်တိုးချစ်မိလေပါလားကွယ်.........................။

တန်ဖိုးသိသူသာ တန်ဖိုးရှိတာကို တန်ဖိုးထားတတ်တာပါ..................။

မောင်ပညာ ( ကေတုမတီ )


Read more...

မွေးရပ်မြေမှ အလွမ်းတေးတစ်ပုဒ်

           မွေးရပ်ဌာနေ တောင်ငူမြေသို့ ဒီနှစ်သီတင်းကျွတ်ရောက်ရသည်မှာ အလွန်ပင် ၀မ်းမြောက်
ကြည်နူးမိသည်။ ယခင်ယခင်အကြိမ်များကလည်း ပြန်ခဲ့ပါသည်။ သို့သော် ကိုယ့်ရပ် ကိုယ့်မြေအတွက်
ဘာကမျှမလုပ်ပေးခဲ့နိုင်။ ဒီတစ်ကြိမ်တွင်တော့ အကြီးကျယ်အခန်းနားဆုံး လုပ်ရပ်တစ်ခု လုပ်ပေးနိုင်ခဲ့
မိတယ်။ ကိုယ့်ကိုယ်ကိုလည်း အားရကျေနပ်မိတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်လေး တစ်ခုကို
အကျိုးရှိစွာ အသုံးချခွင့်ရခဲ့ကြတဲ့ ကိုယ့်မြို့က ကလေးငယ်တွေလည်း တော်ကြပါတယ်။ အော် အရာ
အားလုံးကို လူအားလုံးကို ကျေးဇူးတင်မိတယ်။ အဘက်ဘက်ကပါဝင်ခဲ့သူတွေရောပေါ့။
         အင်း တစ်ချို့က ချီးကျူးကြတယ်။ တော်တယ် ...တော်တယ်...နဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်
တွေအများကြီးလုပ်နိုင်တယ်တဲ့။ အားထုတ်ခဲ့မှု ၀ီရိယ ရှိသူတွေဟာ ဘယ်အသက်အရွယ်နဲ့ပဲဖြစ်ဖြစ်
ကိုယ်တာဝန်ယူရတဲ့ အလုပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါတယ်။ ဗိုလ်ချုပ်ကိုပဲကြည့်
အသက်ငယ်ငယ်နဲ့ တိုင်းပြည်တာဝန်တွေယူခဲ့တာ။ အော် ခုမှ ကလေးငယ်တွေကို ယခုလို ယဉ်ကျေး
လိမ္မာအဆုံးအမတွေပေးခဲ့သည်ကားမဟုတ်ပါ။ လွန်ခဲ့သော နှစ်နှစ်ခန့်ကပေါ့ ......။
လမ်းဘေးမှာ တောင်းစားပြီးဘ၀ကို ဖြစ်သလို ရုန်းကန်နေရတဲ့ ကလေးတစ်အုပ်စုဟာ
ရွှေဆံတော်ဘုရား စောင်းတန်းအတွင်း ဒိုးပစ် ကစား၊ ပြေးတမ်းလိုက်တမ်းကစားကာ
နေ့စဉ် သူတို့ရဲ့ တောင်းစားခြင်းလုပ်ငန်းခွင်မ၀င်သေးခင် ရောက်လာတတ်ကြတယ်။
စာရေးသူဟာ ထိုအချိန်က ရဟန်းဖြစ်စ တစ်ဝါမျှ အချိန်ပေါ့..။ သူတို့ လေးတွေဟာ ဘယ်သူနဲ့မျှ
မတည့်ကြဘူး ဘုန်းတော်ကြီးများကလည်း ကျောင်းထဲဝင်လျှင် ဟိုဟာယူ ဒီဟာယူတတ်တယ်
ဆိုပြီး သူတို့ ၀င်လာတာနဲ့ အော်ငေါက်လွှတ်တတ်ကြတယ်။ ဘုရားဂေါပက လူကြီးများကလည်း
ခဲနဲ့ပေါက်တုတ်နဲ့ပစ် သူတို့ ဘ၀လေးတွေဟာ သနားစရာကောင်းပါလားလို့ ဘယ်သူမှ
မထင်ကြဘူး ...။
          အဲ့ လိုနဲ့ တစ်နေ့မှာ သူတို့အနားကို ရောက်သွားခဲ့တယ်။ သူတို့ကတော့ ကစားမြဲကစား
နေကြတာပေါ့။ ကစားလို့ မောတဲ့အချိန် ထိုင်တော့မှ သူတို့ကို ပုံပြောပြမယ် နားထောင်မလားလို့
intro ၀င်ရတယ်။ အစပိုင်းတော့ ဘာတွေလာပွားနေလဲမသိဘူးလို့ ထင်နေမှာပေါ့။ နောက်တော့
ကလေးငယ်တို့ သဘာဝ ပုံပြင်ဆို စိတ်ဝင်စားလာကြတယ်။ ဒါနဲ့ ဘုရားဇာတ်နိပါတ်တော်များထဲမှ
တောင်းစားပြီး ဘ၀ကို ရုန်းကန်ခဲ့ရတဲ့ ဇာတ်တော်လေးတွေ ထုတ်နှုတ်ပြီး စိတ်ဝင်စားအောင်ပြော
ပြရတယ်။ နောက် သူတို့နဲ့ ရင်းနှီးလာခဲ့တယ်။ သူတို့ဘ၀အကြောင်းလေးတွေ သူတို့စိတ်ကူးစိတ်
သန်းလေးတွေကို ပြောပြလာတယ်။ တစ်နေ့ကို အိမ်ငွေ တစ်ထောင် အပ်ရတဲ့ အရွယ်မရောက်သေး
တဲ့ကလေးငယ်လေးတွေဟာ ငွေတစ်ထောင်ရတာနဲ့ ဆက်မတောင်းတော့ပဲ ကစားနေကြတယ်။
မနက်စာ breakfast ဆိုတာ မရှိတဲ့ဘ၀မှာ ကြီးပြင်းလာကြရတယ်။ သူတို့ကို ဘုရားရှိခိုးပုံလေးတွေ
နောက် စကားပြောဆိုပုံလေးတွေ သင်ပေးခဲ့တယ်။ သူတို့လေးတွေ နားလည်အောင် ပြောဆို
သင်ကြားပေးရတာသည် ဘယ်လွယ်လိမ့်မလဲနော်။ တစ်ခါတစ်လေမှာ အတော်ခွကျတဲ့ မေးခွန်း
တွေလည်းမေးတတ်သေးတယ်။ မြွေက ဖားကိုစားနေရင် ကယ်သင့်မကယ်သင့်တဲ့....။
ဖားကို ကယ်လိုက်ရင် မြွေက ငတ်သွားမယ်။ မကယ်ပြန်ရင် ဖားသေသွားမယ်ပေါ့.............။
ဒါမျိုးတွေလေ..။ အော်သူတို့လေးတွေနဲ့ နွေကျောင်းပိတ်ရက်အချိန်တွေကို ကုန်စေခဲ့တယ်။
ခုတော့ တစ်မြို့လုံးကကလေးတွေကို လိမ္မာယဉ်ကျေးစွာနေတတ်အောင် သင်ပေးနိုင်ခဲ့ပြီ။
ဘ၀ထဲမှာ အခက်အခဲပေါင်းများစွာ ရှိပါတယ်။ အခက်အခဲဆိုတာကို အတားအဆီး လို့မမြင်
ဘဲ အခွင့်အလမ်းလို့ မြင်ပြီး ကြိုးစားအားထုတ်မှု ၀ီရိယရှိနေရင် ဘယ်အရာမဆို အောင်မြင်
မှာပါ။ ဒီနေ့ အောင်မြင်စွာ လုပ်ခဲ့နိုင်ခြင်းသည် တစ်ချိန်က ဘယ်လို နားလည်အောင် ပြော
ပေးရမလဲဆိုပြီး နားလည်မှု စွမ်းအားနဲပါးတဲ့ ကလေးငယ်တွေကို ပြောပြပေးခဲ့လို့ဆိုလည်း
မမှားနိုင်ပါ။ ထိုအချိန်က မွေးရပ်မြေမှာ လုပ်ခဲ့တဲ့ လုပ်ရပ်လေးတွေကို ယနေ့ထိ လွမ်းဆွတ်
နေမိသေးတယ်.................။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner