Wednesday, February 8, 2012

နံနက်ခင်း တရား

                     မနက်အိပ်ယာထပြီဆိုတာနဲ့ စားဖို့၊ သောက်ဖို့ကနေ စပြီး တစ်နေ့တာအတွက် ပူပန်ရပါပြီ။ တစ်နေ့တာအတွက် စား၊ ၀တ်၊ နေရေး ဆိုတဲ့ အရေးတွေနဲ့ စတင်ပြီး၊ ဒီအရေးတွေ အပြီးဆုံးခင်ပဲ တစ်နေ့ ကွယ်ပြန်တယ်။ အော် အရေးပေါင်းများစွာကို ပြုနေကြတာ၊ သေတဲ့အထိ ဒီအရေးတွေက မပြီးဆုံးပဲနော်။ ဒီကနေ့ နံနက်တုံးခေါက်လို့ အိပ်ယာက နိုးနိုးချင်းဒီအတွေးလေးစိတ်ထဲပေါ်မိတယ်။ 
                        မနက်နေထွက်လာတာနဲ့ သေမယ်ဆိုတာ ဘယ်သူမှမတွေးဘူး၊ နေမယ်ဆိုတာနဲ့ပဲ တွေးကြ တယ်။ တစ်နေ့တာဘာတွေ လုပ်စရာ ရှိတယ်ဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ကြတယ်။ အဲ့ဒီ တစ်နေ့တာအတွင်း ကုသိုလ်တရား၊ အကုသိုလ်တရားတွေ ပြု၊ ပြော၊ ကြံ ပြီးအသက်ရှင်နေကြတယ်။ သာယာစ ရာတွေရော၊ ငြီးငွေ့ စရာတွေကော တွေ့ကြုံနေကြရတယ်။ သာယာစရာ နဲ့တွေ့တော့ ပျော်လိုက်ကြ၊ ငြီးငွေ့ စရာ နဲ့တွေ့တော့ စိတ်ဆိုးလိုက်ကြ၊ အော် တစ်နေ့တာတိုင်း၊ တစ်နေ့တာတိုင်းကို ဒီလိုချည်း ဖြတ်သန်းနေရင်တော့ ခက်ရချည်ရဲ့။  
                         လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ဆိုတာရှိကြစမြဲ။ ဘာဖြစ်ချင်တယ်၊ ဘယ်ရောက်ချင်တယ် ဆိုတာတွေပေါ့။ ဖြစ်ချင်တာတွေဖြစ်ပြီးတော့ရော ဘာများထူးခြား လာသလဲဆိုတာ မေးကြည့်ချင်တယ်။ တစ်နေ့ တစ်နေ့ ဖြစ်ချင်တာတွေကို ဦးစားပေး လို့ ဖြစ်သင့်တာတွေ ဖြစ်နိုင်တာတွေ ဆုံးရှုံးနေကြရတယ်။ တစ်နေ့တာလုံးမှာ ကုသိုလ်နဲ့ အသက်ရှင်ဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ အာရုံအမျိုးမျိုးတွေ ကြားမှာ အယောနိသောမနသိကာရ နဲ့ နေမိလို့ လောဘ၊ ဒေါသတွေ ဖြစ်လိုက်ကြရတာ။ ဒါပေမယ့် ပြောကြတယ်။ ပုထုဇဉ်ပဲ အဲ့လောက်တော့ရှိမှာပေါ့ တဲ့ ။ ပုထုဇဉ်ဆိုတာနဲ့ ကိုင်ပေါက်လိုက်ကြပြန်တယ်။
                            ကိုယ်ကိုယ်တိုင်က ပုထုဇဉ်ဘ၀ကို ခုံမင်တွယ်တာနေရင် ပုထုဇဉ်ဘ၀က လွတ်ပါ့မလား။ အရိယာတွေကို အားကျပြီး အရိယာစိတ်မွေးမှသာလျှင် အရိယာဘ၀ ရောက်နိုင်မှာပေါ့။ ပုထုဇဉ်မိုလို့ တစ်သံသရာလုံး မိုက်ခဲ့၊ ဆိုးခဲ့တာ ခုလည်းပဲ မိုက်တုန်း၊ ဆိုးတုန်းပဲလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ မိုက်လို့ ကောင်း၊ ဆိုးလို့ကောင်းနေကြတာ။ ဒေါသဖြစ်မပေါ့ ပုထုဇဉ်ပဲ၊ သောကရောက်မပေါ့ ပုထုဇဉ်ပဲ ဘယ်တုန်းကများ အရိယာလို လောဘ၊ ဒေါသ၊ သောက မဖြစ်ပဲ နေချင်လိုက်တာလို့ ဖြစ်ခဲ့ဖူးလဲ ? ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်ကြပါ။ ထစ်ခနဲဆို ဖြစ်လိုက်တာပဲ၊ ထစ်ခနဲဆို ဆိုးလိုက်တာပဲ။ အော် ပုထုဇဉ် အမြင်များနော်။ ကြောက်စရာကောင်းလိုက်သည့် ဖြစ်ခြင်း။
                           မြတ်စွာဘုရားရှင် ရှေ့ တော်မှောက်မှာ တရားလေးတစ်ပုဒ်လောက်ဟောတာနဲ့ တရားရ သွားတဲ့သူတွေဟာ ဟိုး သံသရာအဆက်ဆက်က ဒီတရားဓမ္မတွေကို နှစ်ပေါင်း သောင်းနဲ့ချီပြီး အားထုတ်ခဲ့ လို့ပါ။ ခုမှ မြတ်စွာဘုရားကဘက်လိုက်ပြီး သူတို့ချည်းဟောပေးတာမဟုတ်ပါဘူး။ သူ့မှာကိုက တရားရဖို့ သံသရာ အဆက်ဆက်က အရိယာဖြစ်ချင်စိတ်၊ အရိယာလိုစိတ်ဓာတ်မျိုးမွေးခဲ့လို့ပါ။ ကိုယ်ကခုမှ ပုထုဇဉ် စိတ်မွေးတုန်းရှိသေးတယ်။ တော်သေးတယ်လို့ ပြောစရာကတစ်ခုပဲ ရှိတော့တယ်။ ကိုယ့်မှာ အရိယာနဲ့တူတဲ့ စိတ်ထားကောင်းလေး တစ်ခုပဲရှိတော့တယ်။
                             စိတ်ကောင်းလေးရှိ နိဗ္ဗာန်ရောက်ပါတယ်တဲ့။ ဘာဖြစ်လို့လဲ စိတ်ကောင်းရှိမှ ဒါန၊ သီလ၊ ဘာဝနာ အစရှိတဲ့ ကုသိုလ်အလုပ်တွေလုပ်ဖြစ်မှာပါ။ စိတ်ကောင်းမရှိသူကတော့ အကုသိုလ်နဲ့ ပျော်လို့ကို မ၀နိုင်သေး။ ခုခေတ် ဘုံဆွမ်းလောင်းတွေ၊ အဘိဓမ္မာသင်တန်းတွေဆိုတာ စိတ်ကောင်းရှိသူတွေ ရှိလို့ လုပ်ဖြစ်ကြတာပါ။ စိတ်ကောင်းသာမရှိရင် မနက်စောစော ထပြီး ဘယ်သူက ဆွမ်းလောင်းမလဲ ? ဒါကြောင့် အရိယာ နဲ့တူတာ စိတ်ကောင်းလေးပဲရှိတော့တယ်။ 
           ဒီတော့ အရိယာတွေမှာ ရှိတဲ့ စိတ်ကောင်းလောက်တော့ ကိုယ့် စိတ်ကောင်းက အားကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် ပုထုဇဉ် အကန်းတွေထက်ပိုတာကတော့ ကိုယ်ဟာ အရေးပေါင်း များစွာထဲမှာ စိတ်ကောင်းလေးနဲ့ ရှင်သန်နေနိုင်တယ်ဆိုတာပဲ။ ဒေါသဖြစ်မယ်ကြံတာနဲ့ ကိုယ့်စိတ်ကောင်း ကိုယ်ပြန်သတိရ၊ သောကဖြစ်မယ်ဆိုတာနဲ့ ကိုယ့်စိတ်ကောင်းလေး ကိုယ်ပြန်သတိရ၊ ဒါဆို ဖြစ်မယ့် အကုသလဓမ္မတွေဟာ စိတ်ကောင်းလေးကြောင့် ဖြစ်ချင်ပါလျက် မဖြစ်နိုင်တော့ဘူးပေါ့။ 
                    လူတွေဘာလို့ ငါ့ဟာ၊ ငါ၊ ဆိုပြီး ငါတကောကောနေရတလဲဆိုတာ ဆန်းစစ်ကြည့်တော့ သေဖို့ သတိမရကြလို့ပါ။ ကိုယ်သေမှာ ကိုယ်သတိမရတော့ ရှင်နေစဉ်မှာ ဘာမှ အနှစ်သာရမရှိတဲ့ တရားတွေနဲ့ အချိန်ကုန်ပြီး ကိုယ့်အတွက်ကိုယ် ဘာကမျှမလုပ်ကြတာရယ်ပါ။ ဒါတွေဟာ သတိမထားမိသူအတွက်တော့ ဘာမှ မထင်ရပေမယ့် သတိထားကြည့်သူအတွက်တော့ သံဝေဂရစရာပါ။ ယူတတ်ရင် တရား၊ မယူတတ်ရင်တော့ အလကားဆိုသလိုပေါ့။ ယူတတ်လို့ ကောလိတနဲ့ ဥပတိဿ တို့ ဇာတ်ပွဲထဲကနေ တရားသဘောနားလည်ခဲ့ကြတာပေါ့။
                       အော် မနက်ခင်းလေးမှာ ဒါလေးတွေတွေးမိတော့ လူတွေကိုလည်း မနက်ခင်းတိုင်းတွေးစေ ချင်မိတယ်။ တစ်နေထွက်သေဘက်ကို မေ့လျော့ကာ နေဖို့မထင်ကြပါနဲ့။ နေကွယ်ကာတစ်ကြိမ် သွားလျှင်ဖြင့်သေနယ်ရွယ် တစ်ခါသွားရမယ်။ တားမရဘူး တဲ့ ။ တားလို့ မရတဲ့ခြေလှမ်းတွေနဲ့ သွားနေကြတာ။ ဒါကြောင့် တိပိဋက ယော ဆရာတော်ဘုရားကြီးကမိန့်ပါတယ်။ သွားနေပါလျှက် မရောက် နိုင်သေးတာက နိဗ္ဗာန်၊ မသွားချင်ဘဲ ရောက်ရောက်သွားရတာ သုဿန် တဲ့။ လူတိုင်းမရောက်ချင် ကြတဲ့ နေရာ၊ ထိုနေရာက မရောက်ချင်ပေမယ့် ရောက်ရမှာပါလားလို့ တွေးထားရင်။ ငါတစ်ယောက်တည်း မဟုတ်ဘူး အားလုံးရောက်ရမှာပါလားလို့ တွေးထားရင် အရေးပေါင်းများစွာထဲမှာစိတ်ကောင်လေးနဲ့နေ လို့ဖြစ်သွားပါပြီ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner