Tuesday, February 14, 2012

ခုကောင်းမှ နောင်ကောင်းမည်

                    ဘ၀ဆိုတာ အမြဲ ရှင်သန်၊ လှုပ်ရှားသွားလာနေရတာပါ။ နည်းနည်းလေးမှ အငြိမ်နေရတာ မဟုတ်။ လုပ်ရင်း၊ ကိုင်ရင်း၊ ရောင်းရင်း၊ ၀ယ်ရင်း နဲ့ ဘ၀ကိုဖြတ်သန်း နေကြရသူတွေ၊ ဘ၀နေထိုင်နည်းတွေ ထဲမှာ အကုသိုလ်အဖြစ်နည်းအောင် နေထိုင်နည်းလေးတွေကို အမြဲတမ်း သိစေချင်တယ်၊ ပြောပေးချင်တယ်။ ဘ၀ခရီးကြမ်းကို အပူလမ်းက ဖြတ်သန်းမသွားစေချင်ဘူး။ အေးချမ်းတဲ့ လမ်းကသွားစေချင်တယ်။ အေးချမ်းစွာ နဲ့ပဲ သွားစေချင်တယ်။ 
                            ခရီးက ကြမ်း၊ လမ်းပြက မရှိ၊ အန္တရာယ်က များလိုက်ပါဘိနှင့်။ အော် ဘ၀ဆိုတာ အဲ့ဒါလား။ မိဘရယ်လို့ ဖြစ်လာတာနဲ့ ကိုယ့်ဖို့သာမက သားသ္မီး အတွက်ပါ ရှာဖွေလိုက်ကြရတာ။ ခုရေးသာမက နောင်ရေး အတွက်ပါ ရှာလိုက်၊ ဖွေလိုက်ရတာ။ ကြမ်းတမ်းတဲ့ လမ်းလျှောက်နေမှန်းလည်းမသိ၊ အပြစ်ရှိမှန်း သိလျက်နဲ့ လည်း ဇွတ်လုပ် နေကြတာတွေ မြင်ရတော့........။ သိစေချင်တယ်။ ပြင်စေချင်တယ်။ မြင်စေချင်တယ်။ ဒီ စိတ် လေးတွေက ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ လက်ချောင်းတွေကို ပြေးလွှားစေခဲ့တယ်။  
                          ငယ်စဉ်ကတည်းက အဆုံးအမကို လိုလားသူ ကလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့တဲ့ စာရေးသူဟာ ဘယ်နားက အဆုံးအမလေးတွေ ဖြစ်ဖြစ် ရေးမှတ်ထားတာ ရှိခဲ့သလို၊ ကျက်မှတ်ထားတာလေး များလည်း ရှိခဲ့ပါတယ်။ မိဘကောင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်းကောင်းနဲ့ တွေ့ ဆုံကြုံခဲ့ရလို့လည်း ဒီ လိုအဆုံးအမ များ ရရှိခဲ့တာပါ။ ဘယ်လိုပင် ရခဲ့၊ ရခဲ့ ခုတော့ ဒါလေးတွေက အပူလမ်းက ခရီးသည်များအတွက် ချမ်းမြေ့စရာ များပင် ဖြစ်လာစေခဲ့ပြီပေါ့။ မြန်မာလူမျိုးအများစုဟာ ကံကို ယုံကြတယ်။ ကောင်းတာလုပ် ကောင်းကျိုးရ၊ မကောင်းတာလုပ်က မကောင်းကျိုးရတယ်ဆိုတာ အားလုံးယုံကြည်ပြီးသားပါ။ သို့သော် ကောင်းတာကို ဘယ်လိုလုပ်ရမလဲ လို့မေးလာကြပြန်တယ်။ အော် ခက်ပေစွ။
                              ငယ်ငယ်က အဆုံးအမလေးတစ်ခု ရခဲ့ဖူးတယ်။ `ပစ္စုပ္ပန်မှာ ကောင်းအောင်သာ၊ သုံးဖြာကံပြုလုပ်၊ မပေးသလော၊ ပေးသလော စောကြောနေဖွယ် မဟုတ်။ ပထမဇော ဒလဟော သဘောသူ ဖွင့်ထုတ်´ တဲ့  မှတ်ထားမိတာတော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ စာအုပ်ထဲကလားပဲ ဒါလေးကို ဖတ်မိတုန်းက အရမ်းကို သဘောကျခဲ့တာ။ အဲ့တုန်းကတော့ ဇောတွေဘာတွေ နားမလည်ခဲ့ဘူး။ ဒါပေမယ့် ခုပြန်တွေးကြည့်ရင်း အဲ့အဆုံးအမလေး ရပြီး ပစ္စပ္ပန်မှာ ကောင်းအောင် နေခဲ့၊ ထိုင်ခဲ့တာ။ အတော် လည်း အကျိုးရှိခဲ့တယ်။ 
                              စာပိုဒ်လေးက ဘာဆိုလိုတာလဲ ဆိုတော့....။ ယခု မိမိရောက်ရှိနေတဲ့ တနည်းအားဖြင့် ခုလုပ်နေတဲ့ အလုပ်ထဲမှာ ကောင်းအောင်ပြုလုပ်ပါတဲ့။ ဘာအလုပ်ကိုပဲလုပ်လုပ် ကောင်းတဲ့ စိတ်ထားလေး နဲ့ကောင်းအောင်သာ ပြုလုပ်နေပါ။ ကောင်းအောင် ပြုလုပ်နေပါဆိုပေမယ့် ပြောနေတာလည်းပါတယ်။ စိတ်ကူးကြံစည်နေတာလည်း ပါတယ်ပေါ့။ ကောင်းအောင် ပြု၊ ပြော၊ ကြံနေရင် ဘာမှစိတ်မပူပါနဲ့တဲ့။ ကံ သုံးပါးလုံးကို သာ ကောင်းအောင် ထိန်း၊ ကောင်းကျိုးချမ်းသာ လာမလား၊ မလာဘူးလား မေးနေစရာမလိုပါ တဲ့။ 
                           တစ်ချို့ ကလည်း ကောင်းတာတော့ လုပ်နေပါတယ်။ ကောင်းကျိုးကမလာ၊ မလာနဲ့ မိုလို့ ဘယ်အချိန်မှ လာမလဲဆိုပြီး ဒေါသတောင်ထွက်ကြတယ်ဆိုပဲ။ အော် ကောင်းတာလုပ်၊ ပြော၊ ကြံ နေရတာ ကိုက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ မကောင်းတာတွေ လုပ်၊ ပြော၊ ကြံနေ ကြည့်ပါလား။ မကောင်းတဲ့စိတ်တွေ ဖြစ်လာရော။ အပူများတယ်။ စိတ်မချမ်းသာဘူးဆိုတာ အဲ့ဒါပဲ ။ ဒါပဲ စဉ်းစား၊ ဒါပဲ ပြော၊ ဒါပဲလုပ်နေ ဒါပဲ ဖြစ်မှာပေါ့ ဆိုသလိုပေါ့။ ကိုယ်က အပူပဲ စဉ်းစား၊ အပူပဲ ပြော၊ အပူသည်အလုပ် လုပ်နေတော့ အပူတွေပဲ လာမှာ။ ကိုယ့်အလုပ်လေး ကိုယ်ပြန်ကြည့်ပါ။ 
                          သားသ္မီးအတွက်ရှာဟာ ရှာတာပဲ။ ကိုယ်အပူမလောင်စေနဲ့။ နောင်ရေးအတွက်ဆိုပြီး ခု အပူတွေ မလောင်စေနဲ့။ ခု အေးချမ်းအောင် နေတတ်မှနော်။ နောက်မှ ကုသိုလ်ကောင်းမှုပြုပြီး အပြစ်ကျေမယ် မထင်ပါနဲ့။ ခု ကတည်းက အပြစ်မဖြစ်အောင် နေလိုက်ပါလား။ နောက်နောင် ကောင်းချင် ပါတယ်ဆိုရင် ခုကတည်းက ကောင်းအောင် နေပါ။ ဘုရားရှင် ဟောကြားခဲ့သမျှ တရားတွေဟာ ခုလည်း ကောင်း၊ နောင်လည်းကောင်းတာတွေ ချည်းပါပဲ။ ခု ကျင့်စဲမှာလည်း ကောင်းမွန်တယ်။ ကျင့်ပြီးနောက် သံသရာမှာလည်း ကောင်းတယ်။ 
                            အကောင်းရှာ လူသားတွေကြားမှာ အကောင်းတရားတွေကိုသာ ဟောမိန့်ခဲ့တာ။ ကောင်း တဲ့အကျိုးလိုလားတယ်၊ ရချင်တယ်ဆိုရင် ကောင်းတဲ့ တရားတွေကို ပြု၊ ပြော၊ ကြံ နေပေါ့။ ကောင်းတဲ့ တရားက ဈေးရောင်းရင်းလည်း ကျင့်လို့ရပါတယ်။ ချက်ပြုတ်ရင်းလည်း ကျင့်လို့ရပါတယ်။ ဈေးရောင်းရင်း ၀ယ်သူတွေ မေတ္တာပို့ ရနိုင်သားပဲ။ ရုံးသွားရင်း ရုံးကလူတွေ မေတ္တာထား။ ကျင့်စရာတွေက များပါတယ်။ ကျင့်ချင်စိတ်ရှိဖို့ပါပဲ။ တကယ်ကောင်းတဲ့ တရားတော်တွေ ကျင့်မယ်ဆိုရင် တကယ်ကောင်းတဲ့ အကျိုးပေး ပါတယ်။ 
                         ခုကောင်းမှ နောင်ကောင်းမည်။ နေစဉ်ကောင်းမှ သေရင်လည်းကောင်းပါမယ်။ နေစဉ်မှာ မကောင်းခဲ့သမျှ သေရင်တော့ ထပ်ပူရအုံးမှာပါ။ ကိုယ်ကတော့ သားသ္မီးကောင်းစားဖို့ ကောင်းတာရော၊ မကောင်းတာရော လုပ်ခဲ့တယ်။ ခံရတော့ ကောင်းတာလည်း ကိုယ်ပဲစံ၊ မကောင်းတာလည်း ကိုယ်ပဲခံရတာ ပါ။ ကောင်းစွာရှာဖွေထားတဲ့ ချမ်းသာဟာ ကောင်းစွာ အသုံးချမယ်ဆိုရင် တစ်မိသားစုလုံး စံစားရမှာပါ။ ရှာတော့ရှာခဲ့တယ် ဘယ်တော့များ ကိုယ့်အလှည့်ပြန်ရောက်မလဲ ၀ဋ်လည် အုံးမှာပါလားဆိုတဲ့ စိတ် ခံစား နေရမယ်ဆိုရင် အဲ့ဒီ စည်းစိမ်ဟာ စံစားရတာမဟုတ်ဘဲ၊ ခံစားရတာ ဖြစ်နေမှာပါ။ အခုလည်း မကောင်း၊ နောင်လည်း ကောင်းလာမည် မဟုတ်ပါ။ 
                         တရားအလုပ်ဆိုတာ တရားသောအလုပ်ပါပဲ။ ဒါအရိုးရှင်းဆုံး ပြောပြလိုက်တာပါ။ တရားအားထုတ်တယ် ဆိုသည်ကား တရားအားတွေကို ထုတ်သုံးခြင်းပါ။ ကိုယ့်မှာ ရှိသော သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စတဲ့ တရားအားတွေကို ထုတ်ကာသုံးခြင်းသည် တရားအားထုတ်ခြင်းပါပဲ။ ဒီ အားတွေ မိမိတို့ ဆီမှာ ရှိပါတယ်။ ထုတ်သုံးသူဟာ တရားအားထုတ်နေသူ ဖြစ်ပြီး၊ မထုတ်သုံးသူကတော့ အားမထုတ် သူ ဖြစ်နေမှာပါ။ ရှိသင့်တဲ့ တရားအားတွေနဲ့ အပြိုင် မရှိသင့်တဲ့ မတရားအားတွေကလည်း ရှိပါတယ်။ ဒါတွေကို အားထုတ်ရင်တော့ မတရားအားထုတ်သူ လို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။ ဒါတွေကတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ အဆိုးတရားတွေပါ။ ဒါတွေဟာ မရှိသင့်၊ မထုတ်သင့်တဲ့ တရားတွေပါ။ 
                                   ထိုအဆိုးတရားများ ထုတ်သုံးခဲ့မယ်ဆိုရင် ခုလည်းဆိုး၊ နောင်လည်းဆိုး နေမှာပါ။ ဒါ ကြောင့်သံသရာ လမ်းခရီးကနေ မြန်မကြာ လှမ်းထွက်ချင်ပါတယ်ဆိုရင်၊ ပစ္စုပ္ပန်မှာ ကောင်းအောင်သာ သုံးဖြာကံ ပြုလုပ်ပါ။ ပထဇော ဒလဟော သဘောသူဖွင့်ထုတ်ပါလိမ့်မယ်။ ပထဇောက ကောင်းရင် ကောင်း သလောက် ဒီဘ၀မှာတင် အကျိုးပေးပါတယ်လို့ ဆိုလိုက်တာပါ။ ကောင်းတာလုပ်လို့ ဘ၀ပျက် ဒုက္ခရောက် ရတယ်ဆိုတာ မရှိပါဘူး။ ကောင်းတာပြော၊ ကောင်းတာကြံ ဖို့လည်း အရေးကြီးပါတယ်။ ဒါမှ တရားအား ထုတ်သူ အစစ်ဖြစ်ပါမယ်။ ခုလည်းကောင်း နောင်လည်းကောင်း အောင် ကံ သုံးပါးလုံးကောင်းအောင်နေ ကြရင်း ဘ၀လမ်းခရီးကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။ 

မောင်ပညာ ( ကေတုမတီ )

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner