Tuesday, November 29, 2011
ဝေဒနာ မှတ်တမ်း-၁
၂၄ ရက်နေ့ အစာအိမ် ရောဂါပြသခဲ့တယ်။
၂၅ ရက်နေ့ နံနက်မှာ ဇီဝိတဒါနသံဃာ ဆေးရုံကြီးမှာ သွားဖုံးခွဲကာ
အံသွားနှုတ်ခဲ့တယ်။ အဲ့ဒီနေ့ ညနေက စတင်ပြီး ဝေဒနာကို အပြင်း
အထန် ခံစားရတယ်။ ညလည်း အိပ်မပျော်ဘူး။ ၁၂ နာရီထိုးနေပြီ
အိပ်မရဘူး။ ကိုက်တယ်၊ နာတယ်၊ ဘာလို့တရားတွေ မှတ်မရသလဲ?
တကယ်တမ်းကျတော့ ဝေဒနာဟာ ဒုက္ခချည်းပါပဲလေ။
သုခဆိုတာ ဘာကမျှ ရှာမရပါလားလို့................။
“သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧတ မဂ္ဂေါ ၀ိသုဒ္ဓိယာ။ ”
သင်္ခါရ တရားဟူသည်ကား ဖြစ်ပြီးသည့်နောက်တည်ထောင်
နိုင်စွမ်းမရှိဘဲလျက် မမြဲလုံးလုံး အသုံးမကျ ဒုက္ခချည်းပါတကား..........။
ထင်ရှားတာ ပေါ်တာကို ကြည့်တာဟာ ၀ိပဿနာ။ ဒီလောက်
ထင်ရှားနေတဲ့ ဝေဒနာ ဘာလို့ဝိပဿနာ မဆိုက်သလဲ ?
၂၆ ရက်နေ့
ဝေဒနာဟာ သက်သာသယောင် ရှိပေမယ့် မသက်သာပါ။
ဝေဒနာဟာ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှာကြည့်ပါတဲ့။ ဝေဒနာ
ဟာ ပဋိစ္စသမုပါဒ် ဒေသနာအရ ဖဿကြောင့်ဖြစ်တာပါ။ ဖဿဆိုတဲ့
တွေ့ဆုံကြုံကြိုက်မှုကြောင့် ဝေဒနာဖြစ်လာရတာ။ ဖဿကလည်း သူ့
အလိုလိုဖြစ်တာမဟုတ် သဠာယတန ကြောင့်ရယ်ပါ။
အာရုံနဲ့ ဒွါရ တိုက်ဆိုင်တဲ့အခါ ဖဿလေးကြောင့် ကြိုက်တယ်
မကြိုက်ဘူး ဆိုတဲ့ ဝေဒနာဖြစ်ပေါ်လာတာ။ ထိုဝေဒနာမှာ ဖြစ်ပေါ်လာရတဲ့
အကြောင်း ချုပ်ရင် အကျိုးဝေဒနာပါ ချုပ်မယ်။ ဝေဒနာကို ချုပ်အောင်လုပ်
ရမှာမဟုတ်။ ဝေဒနာဖြစ်ရခြင်းရဲ့ အကြောင်းကို ချုပ်အောင်လုပ်ရမှာပါ။
အရာအားလုံးဟာ သူ့ချည်းသက်သက်ဖြစ်လာကြတာ မဟုတ်။
ဖြစ်နိုင်စရာ အကြောင်းလေးတွေနဲ့ အတူတကွ ဖြစ်လာကြခြင်းပါ။ အကြောင်း
ခိုင်မာလျှင် ခိုင်မာသလောက် အကျိုးကလည်း ခိုင်မာကြသည်ချည်းပါပဲ။
အဲ့လိုပါပဲ......... သတ္တ၀ါအားလုံးဟာ ဘ၀လေးတွေ ကိုယ်စီပိုင်ဆိုင်
ထားကြပါတယ်။ အဲ ဘ၀ရရှိလာတယ်ဆိုကတည်းက ရရှိစေနိုင်တဲ့ အကြောင်း
ဘ၀သမုဒယ ပြုခဲ့ကြလို့ပါပဲ။
ဘ၀ရှိလျှင် ဘ၀ကင်းပြတ်တဲ့ ဘ၀နိရောဓ ဆိုတာလည်း ရှိပါတယ်။
ဘ၀တွေက ကင်းလွတ်တဲ့ ဘ၀နိရောဓ ဖြစ်ချင်ပါတယ်ဆိုလျှင်တော့ ဘဝ
နိရောဓဂါမိနိပဋိပဒါ လမ်းစဉ်ကျင့်ရပါမယ်။
သတ္တ၀ါတွေဟာ ဘာကြောင့်ဘ၀ထဲမှာ ပျော်ပြီး မလွတ်မြောက်ချင်
ကြသလဲ ဆိုတာ အဖြေရှာကြည့်တော့
“ဘ၀ဆိုတာဟာ ဒုက္ခမှန်း မသိကြလို့ပါ ။ ”
ဟုတ်ပါတယ်။ ဒုက္ခ ဆင်းရဲဆိုတာ မသိကြလို့ ပျော်ကြ ရွှင်ကြနဲ့
တစ်ချို့ကထင်ကြတယ်။ တစ်ချို့တင်မကပါဘူး စာရေးသူအပါအ၀င်
အန္ဓပုထုဇဉ်တွေဟာ ဘ၀ဟာပျော်စရာလို့ ဘယ်မှာ ဒုက္ခလဲလို့ ထင်
နေကြတာ။
ဘုရားမြတ်စွာက ဘ၀ဆိုတာ ဒုက္ခပဲတဲ့။ ဘ၀မှာ ပြည့်စုံတယ်
ဆိုတာ မရှိဘူး ဟိုဟာလို ဒီဟာလိုနဲ့ ပြီးပြည့်စုံ ချမ်းသာပါတယ် ဆိုတဲ့
ဘ၀ဟာ မရှိပါဘူး။ ထိုကဲ့သို့ လိုတာဖြည့်နေရတာကိုက ဒုက္ခပါပဲတဲ့။
ဘ၀ဆိုတာ ဒုက္ခလို့သိမှ ဘ၀ကို မလိုချင်စိတ်ဖြစ်မှာပါ။
ဘ၀ဟာ ချမ်းသာတယ်ထင်နေလျှင် ဘ၀အပေါ် တပ်မက်မှုနဲ့
ဘ၀ရအောင် ဘ၀မပျောက်အောင်ပဲ အားထုတ်နေမှာ.....။
ဘ၀ဆိုတာ တကယ့်ဆင်းရဲမှန်းသိတော့ “ဘ၀နိရောဓ” လို့
ခေါ်တဲ့ ဘ၀ကင်းပြတ်တာကို လိုချင်လာပါတယ်။ ဘ၀ကင်းပြတ်စေ
တဲ့နည်းက ဘယ်မှာလဲ။
ရှိပါတယ်။ “ဘ၀နိရောဓ ဂါမိနိပဋိပဒါ” ဆိုတဲ့ မဂ္ဂင် ရှစ်ပါး
အကျင့် တရားပါ။
ဘ၀ဆိုတာ ဒုက္ခပါလားလို့ မှန်မှန်ကန်ကန် သိမြင်ခြင်းဟာ
“သမ္မာဒိဋ္ဌိ” Right Understanding ပါ။
အဲ့ဒီလို မှန်ကန်တဲ့ အမြင်လေးရှိလာပြီဆိုလျှင် မှန်မှန်ကန်ကန်
တွေးခြင်းဆိုတဲ့ “သမ္မာသင်္ကပ” ရှိလာမှာပါ။
ထိုကဲ့သို့ မှန်ကန်စွာ မြင်တွေး လာလျှင် အပြောအဆိုတွေလည်း
မှန်ကန်လာမယ်။
အပြုအမူတွေလည်း မှန်ကန်လာမယ်။ အလုပ်အကိုင်တွေလည်း
မှန်ကန်လာပါမယ်။
ဒါတွေကို သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝဆိုပြီးခေါ်တာပါ။
နောက်တော့ ဒါတွေကို သိလေ သာမန်ထက်ပိုမို လွတ်မြောက်ချင်စိတ်နဲ့
ကြိုးစားကျင့်တယ်။ “သမ္မာဝါယာမ” ပေါ့။
လွဲမှားသော အကျင့်မဖြစ်အောင် “ သမ္မာသတိ” ဆိုတဲ့ သတိပဋ္ဌာန်
လေးပါးနဲ့လည်း ထိန်းလာပါတယ်။
နောက်တော့ စိတ်ကလေးဟာ တည်ငြိမ်ပြီး သဘာဝတရားတို့ရဲ့
တနည်းအားဖြင့် ဘ၀ရဲ့ဒုက္ခအမှန် ဆိုတာသိ...ဘ၀ရစေတဲ့ ဘ၀သမုဒယ
တွေ ဖြတ်နိုင်တဲ့ အဆင့် ထိုသို့ သိလည်းသိ ပယ်လည်းပယ်နိုင်တဲ့ သမာဓိ
မျိုးဟာ သမ္မာသမာဓိပါပဲ။
မဂ္ဂင် ရှစ်ဖော် ယာဉ်ပျံတော်နဲ့ ပြည့်စုံမှ ဘ၀ကနေကင်းလွတ်မှာပါ။
အော် နောက်ဆုံး အားလုံးသိကြတဲ့ “ သိ၊ ပယ်၊ ဆိုက်၊ ပွား” ဆိုတဲ့ ကိစ္စလေး
မျိုးဟာ တော်တော် အရေးပါသွားပါကလားလို့အောက်မေ့သတိရရင်း...
ဝေဒနာမှတ်တမ်း အပိုင်းတစ်အဖြစ် ဝေဒနာတွေ ခံစားရင်း စာမရေးလျှင်
မနေနိုင်သည့် လက်က ကီးဘုတ်ပေါ် ပြေးလွှားခဲ့ရတာပါပဲ...................။
တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏......။
မောင်ပညာ ( ကေတုမတီ )
No comments:
Post a Comment