Wednesday, November 18, 2009
စိတ်တံခွန်
စိတ် တံခွန်
တံခွန်တိုင်နဲ့တူတဲ့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင် တံခွန် အလံတွေရှိကြပါတယ်။ အဲဒီတံခွန်အလံတွေမှာ လေးထောင့် သုံးထောင့်ဆိုတဲ့ ပုံစံမရှိပါဘူး။ ဖြူ နီ ၀ါ ပြာ ဆိုတဲ့ အရောင်းအသွေးလည်း မရှိပါဘူး။တိုင်မှာချည်လို့ ရတဲ့ အထည်ဒြပ်လည်း မရှိပါဘူး။ အဲဒီ တံခွန်အလံဆိုတာ စိတ် ပါပဲ။
တစ်ချို့က “စိတ်တံခွန် ”ကို လောဘအရောင် ဆိုးပြီး လွှင့်တင်ကြပါတယ်။
ချမ်းသာဖို့ အဓိကပဲ၊ငွေရှိရင် ဘာမဆိုလုပ်လို့ ရတယ်၊ဒါ့ကြောင့် ငွေရမယ်ဆိုရင် ဘာမဆိုလုပ်ရမှာပဲ၊ လောကမှာ ငွေဟာ ပထမ အလိုအပ်ဆုံးအရာပဲ ဆိုပြီး လောဘအရောင်တွေ ထူထူထဲထဲ ဆိုးပြီး တံခွန်ကို လွှင့်တင်ကြပါတယ်။
တစ်ချို့က စိတ်တံခွန် ကို ဒေါသတံဆိပ် ကပ်ပြီး လွှင့်တင်ကြပါတယ်။ဟုတ်တာလည်း ပြောစရာမလိုဘူး။မဟုတ် တာလည်း ပြောစရာမလိုဘူး။ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်လမ်း ကိုယ်သွား၊စေတနာနဲ့လည်း လာမပြောနဲ့၊ ဝေဒနာနဲ့လည်း လာမပြောနဲ့၊ ရိတိတိလည်း လာမလုပ်နဲ့၊ ပြီတီတီလည်း လာမလုပ်နဲ့၊ငါ့အကြောင်း သိသွားမယ် ဆိုပြီး အမြဲလိုလို ဒေါသဖြစ် စိတ်တိုနေတတ်တဲ့ သူတွေ လည်း ရှိပါတယ်။ ဘယ်သူ့ကိုမှ အကောင်းမထင်၊မြင်မြင် သမျှ ရန်သူလို သဘောထားနေတတ်တဲ့သူတွေ ဖြစ်ပါ တယ်။ သူတို့ဟာ ဒေါသတံခွန် တင်ထားတဲ့သူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့ စိတ်တံခွန်ကို မာနဆေး ခြယ်ပြီး လွှင့်တင်တတ်ကြပါတယ်။
ငါတို့ကတော့ ခပ်တင်းတင်းပဲ၊ဘယ်တော့မှ သူများအောက် မကြို့ဘူး၊သေတာတောင် လက်မçထောင် ပြီး သေသွားမယ်လို့ တငါထဲ ငါနေတဲ့သူတွေလည်း ရှိပါတယ်။ဗီဇကလည်း ပါလာတယ်၊ညွှန်ပြတဲ့ ဆရာသမား မိတ်ဆွေ အပေါင်းအသင်းကလည်း မရှိ၊ ရှိပြန် ညွှန်ကြားပြန်တော့လည်း မလိုက်နာ၊ ပြောတော့လည်း ငါ ပြောတာမှ အမှန်၊လုပ်တော့လည်း ငါလုပ်တာမှ အဟုတ်၊ သူများကိုတော့မင်း ဘာ နားလည်လို့လဲ နင် ဘာ သိလို့လဲလို့ ဆိုတတ် ပြောတတ်သူတွေကတော့ မာနတံခွန် တင်ထားသူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ဒိဋ္ဌိ ဆေးအုပ်ပြီး လွှင့်တင်ကြပါတယ်။
ငါယူတဲ့ အယူသာ အမှန်ဖြစ်တာ၊တစ်ခြား သူတွေရဲ့ အယူတွေဟာ အမှားတွေပဲ၊ကြည့်လေ လူတိုင်း လူတိုင်း မွေးလာပြီး နောက်ဆုံး သေရတာပဲ၊ သေပြီး ပြီးရော၊ဘာမှ မရှိတော့ဘူး၊ ဘယ်ကမှလည်း လာတာ မဟုတ်ဘူး၊ဘယ်ကိုမှလည်း သွားမှာ မဟုတ်ဘူး၊ဘာမှ မရှိတဲ့ နောက်ဘ၀အတွက် မျှော်မှန်းပြီး ကောင်းမှု ဆိုတာကို လုပ်စရာမလိုဘူး၊ လက်ရှိဘ၀ အဆင်ပြေဖို့ အရေးကြီးတယ်၊နောက်ဘ၀အကြောင်းပြပြီးချောက်လည်း မချောက်ပါနဲ့၊မြှောက်လည်း မမြှောက်ပါနဲ့လို့ ပြောတတ် ယူတတ်သူတွေကတော့ ဒိဋ္ဌိတံခွန်တင်ထားသူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို သဒ္ဓါ ဆေးသပြီး လွှင့်တင်ကြပါတယ်။
ငါတို့ကတော့ ရတနာသုံးပါး ကျေးဇူးတွေ၊ကံ ကံရဲ့အကျိုးဆိုတာတွေကို လေးလေးနက်နက်ယုံကြည် တယ်၊ယုံကြည်တဲ့အတိုင်းလည်း လုပ်ကိုင် ဆောင်ရွက် နေထိုင်တယ်၊ အောင်မြင်တော့လည်း ရတနာသုံးပါး ကျေးဇူးကြောင့် အောင်မြင်တာ အတိတ်ကံကောင်းလို့ အောင်မြင်တာ ဒီဘ၀ကြိုးစားလို့ အောင်မြင်တာလို့ ယုံကြည်တယ်။မအောင်မြင်ရင်လည်း ယုံကြည်ချက်ကို ဖယ်ထုတ်မပြစ်ဘူး၊ကြိုးစားပေမယ်လို့ အတိတ်က ကိုယ် ပြုလုပ်ထားခဲ့တဲ့ မကောင်းမှုကံရှိတော့လည်း ကြိုးစားသမျှ မအောင်မြင်ဘူးပေါ့၊ ဒါပေမယ့် ကြိုးစားမှုကိုတော့ လျှော့လို့ မဖြစ်ဘူး၊ ရတနာသုံးပါးကျေးဇူးကို မေ့လို့ မဖြစ်ဘူး၊မေ့ရင် ပိုဆိုးလိမ့်မယ်၊ ပိုပြီး ယုံကြည်ချက်ထားရမယ် ဆိုတဲ့ လူမျိုးတွေဟာ သဒ္ဓါတံခွန်တင်ထားသူတွေဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို မေတ္တာ ဆေးဖျန်းပြီး လွှင့်တင်ကြပါတယ်။ မေတ္တာလက်နက်ဟာ အထက်မြက်ဆုံး လက်
နက် ဖြစ်တယ်၊မြတ်စွာဘုရားရှင်ဟာ မာရ်နတ်ရဲ့ စစ်သည် အင်အားများစွာ လက်နက်စွမ်းအားများစွာတို့ကို မေတ္တာ လက်နက်နဲ့ပဲ အောင်ပွဲခံခဲ့တာ သက်သေပဲ၊မေတ္တာဆေးဝါး ဟာ အကောင်းဆုံးဆေးဝါးပဲ၊အလွန်အဆိပ်ပြင်းတဲ့ မြွေရဲ့ အကိုက်ခံရတာကိုတောင် မေတ္တာဆေးဝါးနဲ့ ပျောက်ကင်း အောင် ကုသနိုင်တယ်၊ မေတ္တာစောင်ခြုံမှ လုံတယ် မေတ္တာဖျန်းမှ လန်းတယ်မေတ္တာရိပ်မှ အေးတယ် ဆိုတာတွေဟာ မေတ္တာရဲ့ ဂုဏ်သတ္တိတွေပဲ ဆိုပြီး မေတ္တာ စိတ်နဲ့ ပြောဆိုတယ်၊မေတ္တာစိတ်နဲ့ အလုပ်လုပ်တယ်၊ မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းတယ်၊ ဒါကြောင့် အဲဒီ လူမျိုးတွေဟာ မေတ္တာတံခွန်တင်ထားသူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ကရုဏာ မုဒိတာလို့ ခေါ်တဲ့ အပ္ပမညာဆေး မှုန်းပြီး လွှင့်တင်ကြပါတယ်။
ကိုယ့်လောက် မပြည့်စုံသူ၊ကိုယ့်ထက်နိမ့်ကျသူ၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု တစ်ခုခုကို ခံစားနေရသူတွေ ကို ကြားသိ တွေ့မြင်ရတဲ့အခါမှာ သနားညှာတာစိတ်များ ထပ်ခါတလဲလဲ ဖြစ်တတ်ပါတယ်။ မမြင်ချင်ယောင် မသိချင် ယောင်ဆောင်ပြီး မျက်နှာလွှဲ မသွားဘဲနဲ့ ကရုဏာသက် တတ်ပါတယ်။တတ်နိုင်သလောက် ဖေးမ ကူညီတတ်ပါ တယ်၊ အားပေးစကား ပြောကြားတတ်ပါတယ်။ကိုယ့်ထက် ပြည့်စုံသူ၊ကိုယ့်ထက် ချမ်းသာသူ၊ ကိုယ်ချမ်းသာစိတ်ချမ်းသာ နေထိုင်စားသောက်နေရတာတွေကို ကြားသိ တွေ့မြင်တဲ့အခါမှာလည်း မနာလိုစိတ်မရှိပဲ ၀မ်းသားကြ ပါတယ်။မုဒိတာ ပွားကြပါတယ်။ သူတို့ဟာ အပ္ပမညာ တံခွန်တင်ထားကြသူတွေဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ၀ိရတီ ဆေးသုံးပြီး သုံးရောင်ခြယ်တံခွန်ကို လွှင့်တင်ကြပါတယ်။
သိက္ခာပျက်မယ့် အပြောကို ရှောင်ကြဉ်တဲ့ သမ္မာဝါစာဝိရတီ၊ သိက္ခာကျမယ့်အလုပ်ကို ရှောင်ကြဉ်တဲ့ သမ္မာကမ္မန္တ၀ိရတီ၊ဓမ္မဥပဒေ လောကဥပဒေငြိစွန်းတဲ့ စီပွား ဥစ္စာရရှိမှုကို ရှောင်ကြဉ်တဲ့ သမ္မာအာဇီ၀၀ိရတီတွေနဲ့ ညီအောင် နေနိုင်မှ သိက္ခာရှိမယ်၊ဂုဏ်ရှိမယ်၊ ကိုယ်ကျင့် သိက္ခာထက်အရေးကြီးတာ ဘာမှမရှိဘူး။ဆိုပြီး နေထိုင် ပါတယ်၊ပြောဆိုပါတယ်၊လုပ်ကိုင်ပါတယ်။ အဲဒီလိုလူတွေက တော့ ၀ိရတီတံခွန်တင်ထားကြသူတွေဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ပညာ ဆေးသုတ်လိမ်းပြီး လွှင့်တင်ကြပါတယ်။ ဘာလုပ်လုပ် ဘာပြောပြော ပညာကို ရှေ့တန်း တင်ရမယ်၊ မှန်တယ်ဆိုပေမယ့်ပြောသင့်တဲ့လူ၊ပြောသင့်တဲ့အချိန်၊ပြောသင့်တဲ့အရပ်၊ပြောသင့်တဲ့စကားကိုသာ ပြောဆို ရမယ်၊လူတိုင်းကိုလည်း မပြောသင့်ဘူး၊အချိန်မကျသေးရင် လည်း မပြောသင့်ဘူး၊အရပ်မတော်ရင်လည်း မပြော သင့်ဘူး၊သိသမျှ စကားအကုန်ကိုလည်း မပြောသင့်ဘူး၊ ဒါမှ ပြောတဲ့လူ နားထောင်တဲ့လူ အကျိုးရှိမှာလို့ ဆင်ခြင်ပြီး ပြောဆိုတတ်ပါတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုပေမယ့် ကိုယ့်ခွန် ကိုယ့်အားနဲ့ နိုင်မနိုင်၊ မျှမမျှ၊ အလုပ်နဲ့ ရလာဒ် တန်မတန်၊အပြစ်ကင်းတဲ့ အလုပ် ဟုတ်မဟုတ်ဆိုတာတွေကို ဆင်ခြင် ချင့်ချိန်ပြီးမှ လုပ်ရမယ်။ မနိုင်မှန်းသိရက်နဲ့ မြှောက် ပေးလို့ပဲဖြစ်ဖြစ် ငွေကြေးပေးလို့ပဲဖြစ်ဖြစ် မလုပ်သင့်ဘူး၊ လုပ်ရမယ့် အလုပ်နဲ့ ပေးမယ့်လုပ်အားခ မတန်ရင်လည်း မလုပ်သင့်ဘူး၊တရားဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ် ကိုယ် ကျင့်သိက္ခာ ပျက်မယ့်အလုပ်ဆိုရင်လည်း မလုပ်သင့်ဘူး ဆိုပြီး လုပ်ကိုင်တတ်ပါတယ်။
အဲဒီလို ပြောဆိုတတ် လုပ်ကိုင်တတ်တဲ့လူတွေ ဟာ ပညာတံခွန်တင်ထားကြသူတွေ ဖြစ်ပါတယ်။
ဒါက ထင်ရှားတဲ့ စိတ်တံခွန်တွေကို ပြောတာပါ။ ဒိပြင်လည်း စိတ်တံခွန်တွေ အများအပြား ရှိပါသေးတ.ယ်။
စိတ်တံခွန်တွေ အများအပြားရှိပေတဲ့ လူဆိုတဲ့ တံခွန်တိုင်တစ်တိုင်မှာ တစ်ချိန်ထဲနဲ့ တံခွန်နှစ်ခုသုံးခု ပြိုင်ပြီး မတင်နိုင်ပါဘူး။တစ်ချိန်မှာ တံခွန်တစ်ခုကိုပဲ လွှင့်တင် နိုင်ပါတယ်။
အဲဒီလို တစ်ချိန်မှာ တံခွန်တစ်ခု လွှင့်တင်ရာမှာ လည်း တံခွန်တစ်မျိုးထဲကိုသာ တစ်စိုက်မတ်မတ် လွှင့်တင်ထားတဲ့သူက ရှားပါတယ်။
ဒီနေ့ လောဘတံခွန်တင်ထားတဲ့သူက နောက် တစ်နေ့မှာ မာနတံခွန်တင်သူ ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ မာနတံခွန်တင်ထားပေမယ့် မိဘ ဆရာ သမား မိတ်ဆွေတွေက ပြောဆိုဆုံးမ နားချကူညီလို့ပဲ ဖြစ်ဖြစ်၊တရားနာယူလို့ စာပေဖတ်ရှုလို့ပဲဖြစ်ဖြစ် နောက် တစ်နေ့မှာ ပညာတံခွန်တင်သူ ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ ပညာတံခွန်တင်ထားပေမယ့် ပတ်ဝန်းကျင် က မြှောက် ထိုး ပင့် ကော် လုပ်လို့ပဲဖြစ်ဖြစ်၊ကိုယ် ကိုယ်တိုင်က အတွေးအမြင်မှားလို့ပဲဖြစ်ဖြစ် နောက်တစ်နေ့ မှာ ဒေါသတံခွန်တင်သူ ဖြစ်သွားတတ်ပါတယ်။
ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲ-ဆိုရင် စိတ်ထား မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ပုထုဇဉ်တို့ရဲ့ ပင်ကိုယ်ဗီဇ သဘာဝကြောင့် ဖြစ်ရတာပါ။ ဒါဖြစ်ရင် ပုထုဇဉ်တိုင်း ဒီလိုပဲ မကြာခဏပြောင်းလဲတတ်သလား-ဆိုတော့ မဟုတ်ပါဘူး။နှစ်ပေါင်းကြာမြင့်စွာ မပြောင်းမလဲ စိတ်တံခွန်တစ်မျိုးထဲကို တင်ထားနိုင်တဲ့ ပုထုဇဉ်တွေလည်း ရှိပါတယ်။ အဲ အရိယာ ဖြစ်သွားရင်တော့ မပြောင်းလဲတော့ပါဘူး။
နောက်ပြီး တံခွန်တင်တဲ့ အနိမ့် အမြင့်ချင်းလည်း မတူတတ်ကြပါဘူး။ တစ်ချို့ကျတော့ တင်တယ်ဆိုရုံပဲ တင်ပြီး အမြင့်ကို မရောက်ပါဘူး။သူသူငါငါ မှီလောက်တဲ့ အနေအထားမှာပဲ တင်တတ်ပါတယ်။
တစ်ချို့ကျတော့ ခပ်မြင့်မြင့် တင်တတ်ပါတယ်။ လက်လှမ်းလို့ မှီလောက်တဲ့အမြင့်လည်း မဟုတ်ဘူး။ တစ်မျှော်တစ်ခေါ်ကြီး မော့ကြည့်ရလောက်အောင်လည်း မမြင့်ဘူး။ မနိမ့် မမြင့်ဆိုပါတော့။
တစ်ချို့ကျတော့ အတိုင်းအဆမရှိ အမြင့်ရောက် အောင် လွှင့်တင်တတ်ကြပါတယ်။
စိတ်တံခွန်ဆိုတာ မြင့်အောင် လွှင့်တင်နိုင်တိုင်း လည်း ကောင်းတာမဟုတ်ပါဘူး။ အမြင့်ရောက်လေ ရန်သူကို လက်ယပ်ခေါ်သလိုမျိုးလည်း ဖြစ်နေ တတ်ပါ တယ်။
မာနတော်တော်ကြီးတဲ့သူပဲ၊ သူ့မာနကို ရိုက်ချိုး ပစ်ဦးမယ်။
အဲဒီလူ သိပ်ဒေါသကြီးတာ၊သူ့ဒေါသနဲ့သူ ဒုက္ခ ရောက်သွားအောင် ဆွပေးလိုက်ဦးမယ်။
ဒါတွေဟာ မတင်သင့်တဲ့ စိတ်တံခွန်ကို မတင် သင့်တဲ့ အမြင့်ရောက်အောင် လွှင့်တင်မိတဲ့အတွက် ရန်သူရဲ့ တိုက်ခိုင်ခြင်းကို ခံရတာပါ။ ရန်သူရဲ့ တိုက်ခိုက်ခြင်းကို မခံရရင်လည်း ကိုယ်လွှင့်တင်ထားတဲ့တံခွန်ကို ကိုယ်တိုင် မထိန်းနိုင်ဖြစ်ပြီး တံခွန်ရဲ့ အရှိန်နဲ့ လှိမ့်နေအောင် ခံရတတ် ပါတယ်။
ဒါကြောင့် မတင်သင့်တဲ့ စိတ်တံခွန်တွေကို မတင်မိစေပဲ တင်သင့်တဲ့ စိတ်တံခွန်တွေကိုသာ လွှင့်တင်မိ စေဖို့ သတိထားပြီး ဆောင်ရွက်ကြရမှာပါ။
No comments:
Post a Comment