Wednesday, November 25, 2009

စာချအကျော်ရဲ့ မာန

ပေါဋ္ဌိလဆိုတဲ့ မထေရ်တစ်ပါးရှိပါသေးတယ်။ စာချအကျော်အမော် မထေရ်မြတ်ပါ။ရှေးရှေးဘုရားရှင်တွေ သာသနာတော်မှာလည်း စာချဖြစ်ခဲ့ဖူးပါတယ်။ စာချ မထေရ်အဖြစ်နဲ့ပဲ ဂုဏ်ယူဝင့်ကားနေခဲ့တာပါ ၊ မဂ် ဖိုလ် ရရှိရေးကိစ္စ နည်းနည်းလေးမှ စိတ်ထဲမှာ မရှိပါဘူး၊ မြတ်စွာဘုရားက သံဝေဂရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပေါဋ္ဌိလကို တွေ့တော်မူတဲ့အခါတိုင်းမှာ “အလကား ပေါဋ္ဌိလ လာခဲ့ပါဦး” “အလကားပေါဋ္ဌိလ ရှိခိုးပါဦး ” “အလကားပေါဋ္ဌိလ ထိုင်ပါဦး” “အလကားပေါဋ္ဌိလ သွားပါဦး”လို့ သုံးနှုန်း မိန့်ကြားတော်မူလိုက်ပါတယ်။
ပေါဋ္ဌလမထေရ်က ဥာဏ်ကြီးရှင်ပဲ သဘော ပေါက်တာပေါ့ “မြတ်စွာဘုရားက ငါ့ကိုတွေ့တိုင်း အလ ကား ပေါဋ္ဌလလို့ခေါ်နေတယ်၊ဧကန္တ ငါက ဘာဝနာမလုပ် လို့ ခေါ်တာဖြစ်ရမယ်”လို့ သံဝေဂရပြီး နောက်နေ့မှာ တောဘက်ကို ပြန်ကြွကြမယ့် ရဟန်းတွေနဲ့အတူ လိုက်သွားတယ်၊တောကျောင်းရောက်တော့ ရဟန်း (၃၀) နေကြတယ်၊ ပေါဋ္ဌလမထေရ်က အကြီးဆုံးမထေရ်ကို လျှောက်တယ်၊“အရှင်ဘုရား တပည့်တော်ကို ညွှန်ကြား ပြသတော်မူပါဘုရား” ဆိုတော့ “ငါ့ရှင်က ဓမ္မကထိကပဲ ငါ့ရှင်ကပဲ ငါတို့ကို ပြောစရာရှိတာ ပြောရမှာပါ”တဲ့ ။
“အရှင်ဘုရား ဒီလိုမပြောပါနဲ့ဘုရား၊ တပည့်တော်ကိုသာ လိုအပ်တာတွေကို ညွှန်ကြားပေးတော်မူပါဘုရား”လို့ ထပ်လျှောက်တယ်။အဲဒီတောကျောင်းမှာ သီသုံးတော်မူကြ တဲ့ သံဃာအားလုံးဟာ ရဟန္တာတွေချည်းပဲဆိုတော့ ပေါဋ္ဌိလမှာ စာချမာန် စာတတ်မာန ရှိနေသေးတယ်-ဆိုတာကို သိပြီး နောက်မထေရ်ငယ်တစ်ပါးဆီကို လွှတ်လိုက်တယ်၊ အဲဒီမထေရ်ကလည်း နောက်တစ်ပါးဆီ ကို ထပ်လွှတ်ပြန်တယ်၊ တစ်ဆင့်တစ်ဆင့် လွှတ်ရင်းက နောက်ဆုံး အငယ်ဆုံးဖြစ်တဲ့ (၇)နှစ်သား သာမဏေဆီကို ရောက်သွားတယ်၊အဲဒီအခါ ပေါဋ္ဌိလမထေရ်မှာ မာနတွေ အတော်နည်းသွားပြီ၊ထောင်နေတဲ့မာနတွေ မရှိတော့ဘူး၊ လွင့်နေတဲ့မာနတွေ မရှိတော့ဘူး၊ အဲဒီတော့မှ ရဟန္တာ သာမဏေလေးက အထပ်ထပ်စမ်းသပ် စစ်ဆေးတယ်။ စစ်ဆေးပြီးတဲ့အခါမှ နည်းလမ်းကို ပြောပြတယ်။ နောက်ဆုံး မာနတံခွန်ကို ပြားပြားဝပ်ဖြစ်သွားအောင် ချနိုင် ပယ်နိုင်ခဲ့တယ်။

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner