Tuesday, November 24, 2009

လူ့ တံခွန်

အမေဟာ အမေဖြစ်သလို အဖေဟာ အဖေပါပဲ။
အရှင်ဝိမလကောဏ္ဍညမထေရ်ရဲ့ ခမည်းတော် (ဖခင်)ဟာ ဗိမ္ဗိသာရမင်းပါ။ ဒါကို မထေရ်က အ၀တ် ဖြူကို တံခွန်တင်ထားသော လူ့တံခွန် လူ့ထိပ် အဘိသိက်ခံ မင်းသည် မိမိ၏ ခမည်းတော်ဖြစ်သည်။လို့ မိန့်ကြား တော်မူထားပါတယ်။
ရှေးခေတ် မင်းမြှောက်တန်ဆာဖြစ်တဲ့-
၁။ သန်လျက်
၂။ ထီးဖြူ
၃။ သင်းကျစ်
၎။ ရွှေခြေနင်း
၅။ သားမြီးယပ်
ငါးမျိုးထဲမှာ ထီးဖြူပါပါတယ်။
ဘုရား တရား သံဃာကလွဲရင် လူသားထဲမှာ ထီးဖြူဆောင်းခွင့်ရှိတာ ရှင်ဘုရင်(မင်း)ဖြစ်ပါတယ်။ဒါကြောင့် ဘုရင်ကို တံခွန်ဖြူလွှင့်တင်ထားတဲ့လူသား လို့ ခေါ်တာပါ။ လူ သန်းပေါင်းများစွာရှိတဲ့အထဲကမှ တစ်ယောက်သာ ဆောင်းခွင့်ရှိတယ်ဆိုတော့ သိပ်ကို ထူးခြားတာပေါ့။ မျက်မှောက်ခေတ်အနေအထားအရ ထီးဖြူဆောင်းတဲ့ ဘုရင်ပဲဖြစ်ဖြစ်၊ ထီးဖြူမဆောင်းတဲ့ မင်းပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်ဆိုတာ တစ်ယောက်ပဲရှိတာပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာလည်း ဥပစာ သဘောအရ ထီးဖြူဆောင်းသူပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ လူသားထဲမှာတော့ ထိပ်ဆုံးက ရပ်တည်နေရတဲ့သူပါ။ ဒါကြောင့် လူတံခွန်လို့ သညာ တပ်လိုက်တာပါ။ဒါ့အပြင် နိုင်ငံကို အစိုးရသူ ၊ ပြည်ပိုင် အစိုးရမင်း ၊ ရေ မြေကို အစိုးရသူ ၊ လူတို့၏ အကြီးအကဲ၊ ရေ မြေကို စောင့်ရှောက်သူ လို့ နာမည်အမျိုးမျိုးနဲ့ ခေါ်တွင်ခဲ့ပါတယ်။
လူသားချင်းတူပေမယ့် အများနဲ့ မတူတာ ဘုရင်(မင်း)ပါ။နေရာထိုင်ရာမှာလည်း ကြီးကျယ်ခန်းနားလှ တဲ့ နန်းတော် အဆောက်အအုံတွေနဲ့ နေထိုင်တာပါ။ အစောင့်အရှောက်တွေ အထပ်ထပ်၊ ပြုစု လုပ်ကျွေးသူတွေ အများအပြား၊ ခန်းမဆောင်တွေ အသွယ်သွယ်၊ ဘဏ္ဍာ ငွေကြေး အပြည့်အစုံနဲ့ နေရတာပါ။ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ ပြောရလောက်အောင် မိန့်ကြားသမျှတွေကို ဆောင်ရွက်ပေးမယ့် အဆင့်အတန်းအမျိုးမျိုးနဲ့ တာဝန်ပေး ထားတဲ့ ပုဂ္ဂိုလ်တွေကလည်း အဆင်သင့် ၀န်းရံပြီး နေရ တာပါ။ဒါကြောင့် ငါ့လိုလူ ဇမ္ဗူမှာရှား လို့ ၀င့်ကားနိုင် လောက်အောင် လူတွေရဲ့အပေါ်မှာ ရပ်တည်နိုင်တဲ့ ပုဂ္ဂိုလ် မျိုး ဖြစ်ပါတယ်။
ဘုရင်ကို မဆိုထားနဲ့ ဘုရင်နဲ့ ဆွေမျိုးတော်စပ် ရပ်ပဲဖြစ်ဖြစ်၊ ဘုရင်ရဲ့ အနီးနားမှာ တာဝန်ထမ်းဆောင်ခွင့် ရရင်ပဲဖြစ်ဖြစ်၊ ဘုရင်နဲ့ ရင်းနှီးကျွမ်းဝင်ရရင်ပဲဖြစ်ဖြစ် ဂုဏ်ယူဝင့်ကားကြပါတယ်။ တစ်ချို့ ဘုရင်နဲ့ ဆွေမျိုးတော် စပ်သူ အနီးကပ်တာဝန်ထမ်းသူ ပညာသင်ဘက် ရင်းနှီးသူ တွေဟာ ဘုရင်ထက်ပိုပြီး ဒါမှမဟုတ် ဘုရင်လောက်နီးနီး ဂုဏ်တွေမောက်ကြလို့ စိန်နားကပ်ရောင်နဲ့ ပါးပြောင် နေတဲ့သူတွေဆိုပြီး သမုတ်ခံကြရတယ်။ ပါးက ပြောင်ရုံပဲ ပြောင်တယ်ဆိုရင် တော်သေးတယ်။ ပါးပြောင်ရုံမကပဲ ပြောင်ရုံထက်ပိုပြီး ယောင်လာလို့ကတော့ ဘေးတွေ့ဖို့ နီးစပ်လာပြီ။
အရှင်ဝိမလကောဏ္ဍညမထေရ်ကတော့ ရှေးရှေးထဲက အဖေကို အဖေလို့ပဲ သဘောထားခဲ့တာပါ။ ကလေးအရွယ်မှာတော့ အဖေက ငါတို့နဲ့ ဘာဖြစ်လို့ အတူမနေတာလဲဆိုတဲ့ အတွေးမျိုး ၀င်မိနိုင်ပြီး စိတ်ဆိုး ချင်လည်း ဆိုးနိုင်ပါတယ်။ ငါတို့အဖေက ဘုရင်ကြီးကွ ဆိုပြီး မာနစိတ် ကြီးကြီးမားမား ၀င်မယ်ဆိုရင် ၀င်နိုင် ပါတယ်။ဒါပေမယ့် မိခင်ရဲ့ သွန်သင်မှု ၊ ပင်ကိုယ်ဗီဇရဲ့ ထက်မြက်မှုတွေကြောင့် နောက်ပိုင်းမှာ လွန်လွန်ကဲကဲ စိတ်ဆိုးတာ၊ လွန်လွန်ကဲကဲ မာနတက်တာမျိုးတွေ မဖြစ်ပေါ်လောက်ပါဘူး။
မာနဖြစ်သင့်တဲ့ အခြေအနေရှိလို့ မာနဖြစ်တာကို အများစုက အပြစ်လို့မမြင်ကြပါဘူး။ ပြောသမျှ ပြီးနေ တော့လည်း မာနကြီးမှာပေါ့လေဆိုပြီးခွင့်လွှတ် တတ်ကြ ပါတယ်။ အခြေအမြစ် မရှိ အခြောက်တိုက် မာန ဖြစ်နေ တာကိုတော့ ဒီလူက ဘာမို့လို့ မာနတွေ ဒီလောက် ကြီးနေရတာလည်းလို့ ကဲ့ရဲ့ကြပါတယ်။

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner