Wednesday, July 6, 2016

ဘုရားဂုဏ်တော် ပွားရခြင်းအကျိုး ၁၇ မျိုး။


၁။ ဂုဏ်တော်ပွားသောသူ၏ ခန္ဓာကိုယ်သည် စေတီကဲ့သို့ ပူဇော်ထိုက်သည်။

၂။ စိတ်ဓာတ်တည်ကြည် ခိုင်မာသည်။
    (လောကဓမ်ကို ခံနိုင်ရည်ရှိသည်)

၃။ သေလွန်သည့်နောက် နတ်ပြည်ရောက်ရသည်။

၎။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဖူးမြင်ရ၍ တရားနာကြားရသော် တရားရလွယ်သည်။

၅။ မြင့်မြတ်သော အမျိုးအနွယ်၌ လူဖြစ်ရသည်။

၆။ လူအများ၏ ရိုသေလေးမြတ်ခြင်းကို ခံရသည်။

၇။ ကိုယ်အင်္ဂါခြေလက် ပြည့်ဝစွာဖြင့် လူဖြစ်ရသည်။

၈။ အဆင်းရူပ လှပချောမောသည်။

၉။ ခန္ဓာကိုယ်တွင် ကြာညိုရနံ့ သင်းပျံ့သည်။

၁၀။ ခံတွင်း၌ ကြာညိုရနံ့သင်းပျံ့သည်။

၁၁။ ပညာဉာဏ်ကြီးမားသည်။

၁၂။ နက်နဲသော ပညာရှိသည်။

၁၃။ ထက်မြတ်သော ပညာရှိသည်။

၁၄။ ရွှင်လန်းသော ပညာရှိသည်။

၁၅။ လျင်မြန်သော ပညာရှိသည်။

၁၆။ ဆန်းကြယ်သော ပညာရှိသည်။

၁၇။ ကောင်းမွန်မြင့်မြတ်သော စကားကိုသာ ပြောဆိုနိုင်သည်။
     (အာဝဇ္ဇန်းရွှင်သည်)

ရွှင်လန်းချမ်းမြေ့ကြပါစေ.. .......။

Read more...

Tuesday, July 28, 2015

ယောက်ျားအဘိဓာန် -၁

ယောက်ျားအဘိဓာန် -၁ 
ယောက်ျားတစ်ယောက်မှာ ရေလျံဖို့လည်းမလိုဘူး ၊
လေကန်ဖို့လည်း မလိုဘူး၊ အနေမှန်ဖို့ပဲ လိုပါတယ်။
ဘာဖြစ်လို့ရေမလျံရင်ကောင်းတာလည်းလို့ဆိုတော့
ရေလျံလာရင် ယောက်ျားတွေဟာ ပျက်စီးတတ်တယ်။
ရေမလျံခင် ဘယ်လောက်ရိုးသား၊ ကြိုးစား၊ တိုးပွားပါစေ
ရေလျံလာတဲ့အခါ သောက်စား ပျော်ပါးချင်လာကြတယ်။
ဒါကြောင့် ယောက်ျားတစ်ယောက် ရေလျံတာဟာ ပျက်စီးနိုင်တယ်လို့ ဆိုချင်တာပါ
အားလုံးကိုမဆိုလိုပါဘူးနော်....။ ယေဘုယျ သဘောတရားပေါ့။
နောက်တခုက လေကန်တဲ့ ယောက်ျားတွေ ယောက်ျားတစ်ယောက်သည်
မဟုတ်တာတွေ လေကန်နေပြီဆို ကြောက်ဖို့ကောင်းလာပြီ။ သူဟာ ဘာကိုမှ 
အလေးထားမှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း အလေးဂရုပြုမှာ မဟုတ်ပါဘူး
ကျတော်တွေးတဲ့ ယောက်ျားတယောက် အရည်အချင်းသည်ကား စကားကောင်းကို
အပြောကောင်းနဲ့ ပြောတတ်ရမယ်။ စကားကလည်းကောင်းသလို အပြောကလည်းကောင်း
ရပါ့မယ်။ ကိုယ့်စကားက ဘယ်လောက်ကောင်းကောင်း အပြောမကောင်းရင် ဒါဟာ အသုံးမဝင်ဘူး
ဒါကြောင့် လေကန်တဲ့ ယောက်ျားတွေဟာ အပြောသက်သက် အလုပ်မဖက်သူတွေပါပဲ။
အဲ ရေလည်းမလျံပါဘူး ၊ လေလည်းမကန်ဘူး ၊ သို့သော် အနေမှန်ရပါ့မယ်။ 
ဘယ်လို အနေမှန်ရမလဲ ? ကိုယ်လိုရင် တမျိုး မလိုရင်တမျိုး ဆိုတာမျိုး မဖြစ်သင့်ပါဘူး
လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ပုံမှန်ဖြစ်နေမှ 
ကောင်းတာလုပ်ပေးရင် တမျိုး မကောင်းတာလုပ်ပေးရင် တမျိုး ဆခုတာလည်း မဖြစ်သင့်ပြန်ပါဘူး။
မည်သို့ပင် ဆိုစေကာမူ ယောက်ျားအဘိဓာန်မှာ ပြောချင်တာက ယောက်ျားဆိုတာ 
မှန်ကန်တိကျ ဖြောင့်မတ်သူ ဖြစ်သင့်ပါတယ်လို့......။

မောင်ပညာ ( ကေတုမတီ )

Read more...

Monday, September 1, 2014

ကိလေသာ ကင်းမဲ့ ဇုန်

                အရေးကြီးသော နေရာတွေကို သွားတဲ့အခါ ကင်းမဲ့ ဇုန်တွေကို တွေ့ရတတ်ပါတယ်။ ဟွန်းသံ ကင်းမဲ့ဇုန်၊ ဆေးလိပ်ကင်းမဲ့ဇုန် စသည်ဖြင့် ဇုန်တွေများကြီးကို နေရာမျိုးစုံမှာ တွေ့ရတတ်ပါသည်။ ဘာဇုန် ညာဇုန်နဲ့ တွေ့နေရတာတွေ များလာတော့ စိတ်ထဲ ဇုန်လေးတစ်ခုကို ဖန်တီး ချင်မိတယ်။ ထိုဇုန်လေး ထဲ နေရရင်လည်း အရမ်းကောင်းမှာပဲလို့ တွေးမိတယ်။ အဲ့ဒီဇုန်လေးထဲမှာ စိတ်ကူချင်းတူသူတွေကို ထည့်ထားချင်တယ်။ နေချင်ပါတယ် ဆိုလျှင်ပေါ့။ 
                   တစ်ချို့ဟွန်းသံ ကင်းမဲ့ဇုန်ဆိုသော နေရာများတွင် ဟွန်းတီးမိပါက ဒဏ်ကြေးငွေဆောင် ရတတ်ပါသည်။ ဘာမလုပ်ရ၊ ညာမလုပ်ရ လို့ ပြောထားသော နေရာများတွင် မလုပ်ရသည့် အလုပ်များကို လုပ်မိပါက အပြစ်ဖြစ်သွားတတ်ပါတယ်။ ထိုအခါ ထိုက်သင့်တဲ့ အပြစ်ကို အပြစ်ပေးခြင်းခံရတတ်ပါတယ်။ ထိုအပြစ်ကို မခံယူချင်ပါက အပြစ်ပေးနိုင်မည့် နေရာများကို မသွားရုံသာ ရှိတယ်ပေါ့။ တကယ်လို့များ အပြစ် ကိုလည်း လုပ်သေး အပြစ်ပေးတာလည်း မခံချင်သေးဆိုလျှင် လူမပီသသော လူသာ ဖြစ်မပေါ့။
                    အရေးကြီးသော ဇုန်များမှာ အရေးကြီးသော တားမြစ်ချက်တွေ ရှိပါတယ်။ ထိုဇုန်များတွင် သွားနေမည် ဆိုပါလျှင် အရေးကြီးသော တားမြစ်ချက်များကို လိုက်နာရပါမယ်။ နေထိုင်သူများ အဆင်ပြေဖို့ တားမြစ်ချက်ဆိုတာ ထုတ်ပြန်ထားရတာပါ။ ထိုနေရာဒေသ တွင်နေထိုင်သူတွေ အတွက်ပါပဲ။ ဒါကြောင့် ထိုနေရာမှာ နေထိုင်သူတွေဟာ ထိုဇုန်အတွက် အကောင်းဆုံး တားမြစ်ချက်ကို နားလည်မှုဖြင့် နေထိုင်ရ ပါမယ်။ ဒါမှလည်း နေထိုင်သူတွေ အားလုံးအဆင်ပြေ ကြမှာပါ။ 
                 ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆိုပြီး လုပ်ချင်ရာလုပ်ဖို့ လောကကြီးက ခွင့်မပြုထားပါဘူး။ ဘယ်လောက်ပဲ ဒီမိုကရေစီ ဆိုပြီး ပြောပြော ကိုယ်လုပ်ချင်တာ လုပ်နေသရွေ့တော့ သာယာ ငြိမ်းချမ်းမှု မရနိုင်သေးပါဘူး။ ကျွန်ုပ်တို့ ကိုယ်တိုင်ကော ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဒေသကို ဘယ်လို ဇုန်မျိုးဖြစ်အောင် လုပ်ချင်ကြပါသလဲ။ ကျွန်တော် ကတော့ ကျွန်တော်နေထိုင်သော အရပ်ကလေးကို ဇုန်ကလေး တစ်ခု ဖြစ်အောင် လုပ်ချင်မိခဲ့တယ်။ 
                   တစ်ခါတုန်းက မြစ်ကမ်း တစ်ခု နံဘေးမှာ ရသေ့ပေါင်း ၅၀၀ ဟာ ဇုန်ကလေး တစ်ခုကို တည်ထောင်ခဲ့ကြဖူးတယ်။ သူတို့ တည်ထောင်ခဲ့သော ဇုန်လေးဟာ ကာမဂုဏ် ကင်းမဲ့ဇုန်ပါတဲ့။ ကာမ ၀ိတက်ကို အဓိကထားပြီး ပယ်ကြတဲ့ သူတို့ရဲ့ ကျင့်စဉ်အတွက် ကာမဂုဏ်ကို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ရှောင်ကြဉ်ကြတယ်။ အကယ်၍ ဒီမြစ်ကမ်းနံဘေးနား နေစဉ် ကာမဂုဏ်နဲ့ ပက်သတ်ပြီး တွေးမိ ကြံမိ ပြောမိ ပြုမိမယ်ဆိုလျှင် မြစ်ထဲက သဲ ကို ထမ်းပိုးနဲ့ သယ်ပြီး ပုံရမယ်လို့ ဒဏ်ပေး စနစ်ကို ပြုလုပ်ထား ကြပါသတဲ့။ ဒီလိုနဲ့ ရသေ့ ၅၀၀ ရဲ့ ကာမဂုဏ် ကင်းမဲ့ဇုန်လေးမှာ ကာမဂုဏ်အကြောင်း တွေးမိ ကြတဲ့ အပြစ်ရှိ ရသေ့တွေဟာ ဒဏ်ကြေးအဖြစ်နဲ့ သဲတွေကို မြစ်ထဲကနေ ဆယ်ပြီး ပုံထားလိုက်တာ အပြစ်ဖြစ်သူ ဘယ်လောက်များသလဲတော့ မသိဘူး။ သဲပုံကြီးဟာ တောင်ကြီး တစ်တောင်စာလောက်ကြီး သွားပါသတဲ့။
                     ဒီပြစ်ဒဏ်ကို အားလုံးက သဘောညီတူ ကြည်ဖြူစွာ သတ်မှတ်ထားခဲ့ကြတာပါ။ ဒီလို တူညီခဲ့လို့ ကိုယ်အပြစ်လုပ်မိရင် ကိုယ်အပြစ်အတွက် သဲထမ်းပြီး ပုံကြတာပေါ့။ ကိုယ့် အပြစ်ဟာ ဒီဇုန် အတွက် ဘယ်လိုမှ မသင့်တော်ဘူးဆိုတာ သိနားလည် ကြတဲ့ ရသေ့ ၅၀၀ ဟာ ကာမဂုဏ်ကိုလည်း မစွန့် နိုင်သေးကြသလို၊ ဒီဇုန်မှာ နေသရွေ့လည်း ဒီပြစ်ဒဏ်ကို ပေးဆပ်ရမယ်ဆိုတာ သိနားလည် ကြတယ်။ ဒါကြောင့် ကျေကျေနပ်နပ်ပဲ သဲထမ်းကာ ကာမဂုဏ် ပြစ်ဒဏ်ကို ပေးဆပ်ကြပါတယ်။ 
                  ကျွန်တော်လည်း ဇုန်လေးတစ်ခု တည်ထောင်ချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နေချင် တာလေးကို ကိုယ်နဲ့ စိတ်ဓာတ်ချင်း ထပ်တူကျမယ့် သူတွေနဲ့ ဇုန်လေးတစ်ခု သတ်မှတ်ချင်တယ်။ လောဘ၊ ဒေါသ၊ မောဟ များတဲ့ လောကကြီးထဲ နေရတာ ကြာလာတာနဲ့ အမျှ ထိုလောဘ၊ ဒေါသ၊ မောဟ တွေကို စွန့်ပစ်ချင်စိတ်၊ ဖြစ်လာတယ်။ လောကကြီးက စိတ်ကုန်စရာ မဟုတ် ပေမယ့် လောဘ ကြောင့် လောကကြီး ညစ်နွမ်း၊ ဒေါသကြောင့် လောကကြီး ညစ်နွမ်းနေရတယ်။ ဒါကြောင့် လောဘ၊ ဒေါသ၊ မောဟ တွေကင်းမဲ့နေတဲ့ ဇုန်လေးတစ်ခု လောက် ဖြစ်စေချင်တယ်။ ကိလေသာ ကင်းမဲ့ဇုန်ဆိုပြီး ကျွန်တော့် ရဲ့ ဇုန်လေးကို အမည်ပေးပြီး ထိုဇုန်လေးထဲ နေချင်မိတယ်။ 
                    ကိလေသာ နည်းပါးပြီး နောက်ဆုံး ကိလေသာ ကင်းတဲ့ အဆင့်ရောက်အောင် မည်မျှ ကြာမည်မှန်းမသိပေမယ့်။ အခု ကိလေသာ ကင်းပြီး နေချင်တယ်ဆိုလျှင် ကိလေသာကို ချက်ချင်း ကင်းနိုင်အောင် ထိုဇုန်လေးထဲမှာ လုပ်ပေးမယ်၊ လုပ်နည်းတွေကို ပြောပြပေးမယ်။ ကိုယ်ကိုယ်တိုင်လည်း သတိထားမိနေအောင် သူတပါးကိုလည်း စောင့်ရှောက်မိအောင် ထိုဇုန်ကလေးကို လုပ်ပေးထားချင်ပါတယ်။ ကိလေသာ ကင်းမဲ့ဇုန်ဆိုပေမယ့် ကိလေသာ ကင်းမှ နေလို့ရမှာ မဟုတ်ပါဘူး။ ကိလေသာကင်းချင်သူ၊ ကိလေသာ လျော့နည်းချင်သူတွေ အတွက် ဒီဇုန်လေးက ကူညီပေးမှာ။ 
                      ဒီဇုန်လေး အတွင်းမှာနေထိုင်ကြတဲ့ သူတွေဟာ ကိလေသာကို လျော့အောင် နည်းအောင် ကင်းအောင်လုပ်ချင်သူတွေသာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ကိလေသာကို ၀င်လို့ မရအောင် ဒီဇုန်လေး အတွင်းမှာ လုပ်ပေးထားချင်တာ။ ကိလေသာ ကင်းချင်သူတွေသာ ဖြစ်ဖို့တော့လိုအပ်ပါတယ်။ ကိလေသာ ကင်းချင်သူတွေ ကြားမှာများ ကိလေသာ ထူပေါများသူ တစ်ယောက်လောက် ပါလာခဲ့ရင် ထိုဇုန်လေး ပျက်စီးသွားနိုင်လို့ပါ။ ထိုဇုန်လေးအထဲမှာ နေချင်သူတွေဟာ အသက်နဲ့ရင်းပြီး ကိလေသာ မဖြစ်အောင် နေမယ်လို့ အာသာပီ စိတ်ဓာတ်မျိုးရှိမှသာ နေခွင့်ရမှာပါ။ 
                  တကယ်လို့များ ဒီဇုန်ထဲမှာ နေပြီး ကိလေသာဖြစ်လာခဲ့ရင်ကော ဆိုရင် ဘယ်လိုဖြေရမလဲ။ ကိလေသာကို အပြီးသတ်ပယ်မယ်ဆိုပြီး စိတ်ကူးရှိခဲ့တယ် မဟုတ်လား။ ကိလေသာ မှ မပယ်နိုင်ဘူး။ မပယ်ချင်ဘူးဆိုလျှင် ထိုသူကို ထိုဇုန်ထဲက ထုတ်ပယ်ခြင်းကလွဲလို့ အခြားနည်းလမ်းမရှိပါလို့ပဲ ဖြေလိုက် ပါရစေဗျား။
မောင်ပညာ ( ကေတုမတီ )

Read more...

Tuesday, August 19, 2014

ဘ၀ဇာတ်ခုံအဖုံဖုံ




          ဘယ်လိုဘယ်ပုံ ကခုန်ရမည်ကို မသိပဲ မင်းသားလုပ်နေမိတာကတော့ လောကဇာတ်ခုံ ကြီးပါပဲ။ ထိုလောကဇာတ်ခုံကြီးပေါ်ဝယ် ပျော်ရွှင်မြူးတူးစွာ ကသူက ဆိုသူဆို အော်သူအော်နဲ့။ တကယ်တမ်း လောကဇာတ်ခုံပေါ်ကို ရောက်လာကတည်းက ဘာဇာတ်ရုပ်က ကိုယ်နဲ့လိုက်ဖက်မယ်ဆိုတာကို မသိကြဘူးလေ။ မသိကြလေတော့ လောကဇာတ်ခုံပေါ် ကတဲ့အခါ ဇာတ်ရုပ်နဲ့ မနိုင်တဲ့ ကကွက်တွေကို ကမိကြတယ်။
          ဘယ်သူတွေက ဘယ်လိုပြောပြော ကိုယ့်ကကြိုးကကွက်တွေကို ကိုယ်ကပဲ ဖန်တီးရတာပါ။ သူများတွေကို အသုံးတော်ခံဖို့ထက် ကိုယ့်ကိုယ်ကို ကကွက်မမှားမိစေဖို့ သတိထားနေရတာပါ။ ကကွက်မှားသူဟာ သူရဲ့ကကွက်အမှားကို ဆက်ကမလား ပြင်မလား ဆိုတာကို တစ်ချက်စမ်းစစ်ရမှာပါ။ ကကွက်အမှားကို မသိလို့ ဆက်ကသူရယ် သိသိကြီး ဆက်ပြီး အမှားအကွက်တွေကို အရူးအကွက် အဖြစ် ဆက်ကနေသူရယ်။ သိပြီးပြင်လိုက်ရင် ထိုသူအတွက် ကကွက်အမှန် ကကွက်အကောင်း လေးတွေဆိုတာ လာနိုင်ပါသေးတယ်။
          လောကဇာတ်ခုံပေါ်ဝယ် ကနေရင်း ကကွက်မှန်အောင် ဂရုစိုက်ဖို့ အရမ်းလိုအပ် ပါတယ်။ ဒါဟာ ဘယ်လောက် အရေးကြီးသလဲဆိုရင် ဒီဇာတ်ကြီး မပြီးမချင်း မှားသွားရင် ထို ဇာတ်ရုပ်တစ်ခုလုံးဟာ ဇာတ်အိမ်ပျက်တစ်ခု လိုဖြစ်သွားမှာပါ။
          လောဘကြောင့်ကနေတဲ့ ဇာတ်ရုပ်ဟာ လောဘဇာတ်ကွက်နဲ့ ကရင်းကရင်း မင်းသားဇာတ်ရုပ်ကလည်း လောဘအကွက်မှားတွေ ၀င်ဝင်လာမှာပါ။ ဒေါသ အကွက်နဲ့ ကနေသူဟာလည်း ဘာဇာတ်ကောင်ပဲ သရုပ်ဆောင်ဆောင် သူ့ဇာတ်ရုပ်ဟာ ဒေါသ အကွက်မှားတွေ အောက်မှာ ပြားပြားကို မှောက်နေတော့မှာလေ။ ကိုယ့်ဇာတ်ရုပ်လေး လှနေဖို့ ကိုယ်က ပြုပြင်ပေးရမှာပါ။
          ဘယ်လိုအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ဇာတ်ခုံပေါ်တက်လာပြီ ဆိုကတည်းက ဇာတ်ကွက်ကို နိုင်နင်းအောင်တော့ကနိုင်ရ တော့မယ်လေ။ ဇာတ်ကွက်မနိုင်မနင်းနဲ့ ဇာတ်ကွက်အမှားတွေနဲ့ ကနေရင် ဘာဇာတ်ရုပ်မှ ရုပ်လုံးပေါ်လာမှာ မဟုတ်သလို ကသမျှဟာလည်း လွဲမှားမှုတွေနဲ့ပဲ ဖြစ်နေမှာပါ။
          စိတ်ပျက်စရာကောင်းသလို တစ်ခါတစ်လေ ပျော်ရွှင်စရာ ကြည်နူးစရာလေး များကလည်း ရှိနေလေတော့ ဘ၀ဇာတ်ခုံကြီးဟာ ဘယ်တော့မှာ အဆုံးမသတ်ချင်တဲ့ ပြဇာတ်ကြီးတစ်ခုကို ကနေရသလိုပါပဲ။ အဆုံးမသတ်ချင်သလို အရှုံးလည်းမပေးချင်ဘူး သူများတွေတော့ မသိဘူး ကိုယ်ကတော့ ကိုယ့်ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကပြနေမိတယ်။
          ကိုယ့်ဇာတ်ရုပ်လေး အမှားကွက်တွေနဲ့ အရှုံးတွေနဲ့များ ဖြစ်နေမလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးရင်း ကိုယ့်အမှားများကို ပြင်ဆင်ရင်း အရှုံးတရားများကို ရင်မှာ ပိုက်လို့ ဇာတ်ခုံပေါ်မှာ အလှည့်ကျ မနွဲ့ကျစတမ်း ဆိုသလို ကနေမိပြီ။ ဇာတ်ဆရာ အလိုကျ ဖြစ်ဖို့ အမှားပေါ်အမှား မဆင့်မိစေဖို့ ကြိုးစားရင်းနဲ့ ဇာတ်ခုံပေါ်မှာ အဖုံဖုံသော ဇာတ်ကွက်တွေကို ကပြနေပါတယ်လို့ပဲ ပြောကြားရင်း။



Read more...

Sunday, July 20, 2014

သတ္တိ

             သားတို့ သမီးတို့ သတ္တိဆိုတာကို သိကြပါသလား။ သတ္တိဆိုတာ ကောင်းတဲ့ ဘက်မှာ သုံးတာလား မကောင်းတဲ့ ဘက်မှာ သုံးတာလား။ တောင်ငူမြို့ ရွှေဆံတော် မရမ်းကျောင်း ကြီး အလယ်ထပ်ဝယ် ဦးဇင်းပညာဇောတ သီလပေးရင်း ကလေးတွေကို သြ၀ဒစကား မိန့်ကြားနေခြင်းဖြစ်၏။ သတ္တိဆိုတာကို စာရေးသူ ကိုယ်တိုင် ခု တစ်လော စဉ်းစားနေဖြစ်သော အရာပါ။ သတ္တိဆိုတာ ကောင်းသလား ဆိုးသလား။ သတ္တိရှိတယ် သတ္တိရှိလိုက်တာလို့ ပြောနေကြတာတော့ ငယ်ငယ်ကတည်းက ကြားဖူးတယ်။ ပြောဖူးတယ်လေ။ ဘာကြောင့် သတ္တိရှိတာလဲ ဘယ်လို သတ္တိ ရှိတာလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် ငယ်စဉ်ကတည်းက သေချာ မစဉ်းစားမိခဲ့ဘူး။
                သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျ နေတာ သတ္တိ ရှိတာလား။ သူများ မလုပ်ရဲတာကို လုပ်လိုက်တာဟာ သတ္တိရှိတာလား။ စသည် စသည် ဖြင့် သတ္တိရဲ့ ဖွင့် ဆိုချက်တွေကို လိုက်လံ စဉ်းစားနေခဲ့တာ အတော်ကြာခဲ့ပြီ။
                ဒီကနေ့ တနင်္ဂနွေနေ့ စာရိတ္တ ဓမ္မ ကျောင်းတော်ကို လာရောက်ကြတဲ့ ကလေးသူငယ်လေးတွေကို ဦးဇင်း ပညာဇောတက သီလပေးရင်း သတ္တိအကြောင်း ရှင်းပြတော့ စိတ်ထဲ ၀မ်းသာမိတယ်။ ကလေးသူငယ်တို့ရဲ့ သံပြိုင်ဖြေဆိုမှု နောက်မှာ ဦးပဉ္ဗင်းလေးရဲ့ ရှင်းပြသံက လိုက်လာတယ်။
               သားတို့ သမီးတို့ သတ္တိ ဆိုတာကို ကြားဖူးကြမှာပါ။ သတ္တိဆိုတာ နှစ်မျိုး ရှိတယ်ကွဲ့။ ဘယ်နှမျိုးလဲ ။ ( ကလေးများက ) နှစ်မျိုးပါ ဘုန်းဘုန်း ။ အေးကွယ် သတ္တိ နှစ်မျိုးဆိုတာက
ပထမသတ္တိက ကောင်းတာတွေကို လုပ်ရဲ တဲ့ သတ္တိပါ။
သားသားတို့ မီးမီး တို့ ဆီမှာ ရှိလားမရှိဘူးလား အဲ့ဒီ သတ္တိ လေး
မရှိပါဘူး လို့ ကလေးတွေက ပြန်ဖြေတယ်။ ဒါကို ဦးဇင်းက သဘောမကျဟန်နဲ့
အိုး ဘာလို့ မရှိရမှာလဲ ကွယ် ကောင်းတာတွေ လုပ်ရဲ တဲ့  သတ္တိရှိလို့ ခုလို ဘုန်းကြီး ကျောင်းမှာ တရားစာတွေ လာသင်တယ်။ ဘုရားရှိခိုး သီလယူတာပေါ့။
ဒါဟာ ကောင်းတာတွေကို လုပ်ရဲတဲ့ သတ္တိရှိသူတွေသာ လုပ်နိုင်တာ လေ ။
သားတို့ အရွယ် သမီးတို့ အရွယ် တခြားသော ကလေးတွေ ခုချိန်မှာ တီဗီဂိမ်းဆိုင် ရောက်ရင်ရောက်နေမှာ သားတို့ သမီးတို့က ခု ကျောင်းမှာ တရားဓမ္မ တွေ သင်ကြား နာယူနေတာ သတ္တိရှိလို့ ပေါ့ ဟုတ်တယ်ဟုတ်လား။
တင်ပါ့ ဘုန်းဘုန်း ။ တစ်ချို့ ကလေးတွေက စာအုပ်ထဲ လိုက်ရေးနေကြတယ်။
စာရေးသူကတော့ ဒီ သတ္တိ ဖွင့်ဆိုချက်နဲ့ ပက်သက်ပြီး သိပ်ရင်မခုန်သလို ခပ်ဆွေဆွေ ပဲ လှမ်းကြည့်ရင်း ပြုံးနေလိုက်တယ်။ သိပြီးသားလိုလို ဘာလိုလိုပေါ့လေ။
အဲ နောက် သတ္တိ တစ်မျိုးကတော့ ကွယ်
မကောင်းတာတွေကို မလုပ်ရဲတဲ့ သတ္တိပါကွယ် ။ဘာတဲ့လဲ ကလေးတို့
မကောင်းတာတွေကို လုပ်ရဲတဲ့ သတ္တိပါ ဘုန်းဘုန်း။
မဟုတ်ဘူး ကွဲ့ မလုပ်ရဲတဲ့ သတ္တိပါ လုပ်ရဲတဲ့ သတ္တိမဟုတ်ဘူးနော်
ဦးပညာဇောတ ရဲ့ ဒီရှင်းပြချက်ကို ကလေးတွေ သဘောပေါက် မပေါက်တာထက်
စာရေးသူရဲ့ ဦးနှောက်ကို အရမ်းအလုပ်လုပ်စေတယ်။ ဒါနဲ့ ကလေးတွေကို သူ ဘယ်လို များဆက်ရှင်းအုံးမလဲလို့ ရင်ခုန်နှုန်းကို မြှင့်ပြီး လှမ်းကြည့်မိတယ်။
              ကလေးတွေရဲ့ မျက်လုံးတွေက အရောင်တဖျက်ဖျက်ပေါ့။ သားတို့ စဉ်းစား၊ သမီးတို့ စဉ်းစားပါ။ မကောင်းတာဆိုတာ လုပ်လို့ လွယ်တယ်လေ။ ကဲ စာမကျက်ဘဲ တီဗီဂိမ်းကစားဖို့ မလွယ်ဘူးလား။ စာမကျက်ဘဲ ကိုရီးယားကား ကြည့်ဖို့ ကောမလွယ် ဘူးလား။ အေး လွယ်တယ်။ မကောင်းတာကို လုပ်ဖို့ တယ်ပြီး လွယ်ကြတယ်။
မကောင်းတာကို မလုပ်ဘဲ နေနိုင်သူဟာ သတ္တိရှိလို့ လား သတ္တိမရှိလို့လား။
သတ္တိရှိလို့ပါဘုန်းဘုန်း။
အေး ဟုတ်တယ် ကလေးတို့ တစ်တွေ ဘုရားရှိ ခိုး တယ် ဝေယျာဝေစ္စလုပ်တယ်
ဒါတွေဟာ ကောင်းတာလုပ်ဖို့ သတ္တိရှိတာပဲ။ ဒီသတ္တိနဲ့တင် မလုံလောက်သေးဘူးကွယ်
နောက်ထပ် သတ္တိဖြစ်တဲ့ မကောင်းတာမလုပ်ဘဲလည်း သတ္တိရှိဖို့ လိုတယ်။
သားတွေက ကိုယ့်ဖာသာ တီဗီဂိမ်း နှိပ်ခါနီးရင် ဟာ ငါသတ္တိ မရှိပါလားလို့ စဉ်းစားနော်
သမီးတွေက ကိုရိးယားကား ကြည့်ခါနီးရင် ဟာ ငါသတ္တိ မရှိပါလားလို့ စဉ်းစားနော်
ဒါဆို သတ္တိဆိုတာကို ကလေးတို့ အရင်က နားလည်ထားတာထက် ပိုပြီး နားလည် သွားပြီနော်။ သတ္တိ ဆိုတာ ကောင်းတာကိုလည်း လုပ်ပြီးနေရဲတယ်၊ မကောင်းတာကို လည်း မလုပ်ဘဲ နေရဲတယ်နော်။
                အော် သတ္တိ သတ္တိ တကယ်တမ်းကျတော့ သတ္တိဆိုတာ ဂုဏ်တစ်မျိုးပါလား လို့ စာရေးသူ ကိုယ်တိုင် အဲ့နေရာမှာ သဘောပေါက်လိုက်တယ်။ ဦးဇင်းလေး ပညာဇောတ ရှင်းပြတာကို ကလေးငယ်တွေက စာအုပ်ထဲ လိုက်မှတ်နေသလို မိမိကလည်း သဘောကျလို့ မိမိရဲ့ ဘ၀စာမျက်နှာမှာ ဘယ်လို သတ္တိတွေ လိုအပ်နေ သေးသလဲ လို့ FB ဒိုင်ယာရီ ပေါ်ကို ကီးဘုတ်ကတစ်ဆင့် ရေးတင်လိုက်တယ်။
              သတ္တိဆိုတာကို နားလည်သလိုလိုနဲ့ နားလည်ခဲ့ပါတယ်။ ကျောင်းပေါ်က ပြန်အဆင်းမှာ ခြေလှမ်းတွေက ခပ်သွက်သွက်နဲ့ စိတ်က ခပ်ထက်ထက် ဖြစ်နေခဲ့တယ်။ သတ္တိရှိလာလို့လား၊ စိတ်ဓာတ်ခိုင်မာလာလို့ လားတော့ ဖြေးဖြေးချင်းစဉ်းစားယူရမယ်။
သားသား မီးမီး လေးများလည်း သတ္တိရှိတဲ့ ကလေးလေးတွေ ဖြစ်ကြပါစေလို့ ဦးဇင်းလေးရဲ့ ဆုတောင်းသံ အဆုံးမှာ ဘုန်းဘုန်းပေးတဲ့ ဆုနဲ့ ပြည့်ရပါလို၏ ဆိုပြီး သတ္တိရှိစွာ အော်လိုက်တဲ့ ကလေးလေးတွေရဲ့ အသံနဲ့ ကျောင်းခန်းမတစ်ခုလုံး လွှမ်းခြုံ ထားလျက်ပေါ့။

ဘုရားတပည့် တရားသိ သတ္တိရှိပါစေ။

မောင်ပညာ ( ကေတုမတီ )

စာရေးသူအနေနဲ့ ကိုယ်တိုင် ပြောတာလေးကို ကိုယ်တိုင် ပြန်နားထောင်နေဟန်လေး အဆန်းသဘောနဲ့ ရေးလိုက်တာ စာဖတ်သူအနေနဲ့ အဆင်မပြေတာများရှိရင်လည်း သည်းခံပေးကြပါ။

မေတ္တာများဖြင့် စာရေးသူ

Read more...

Tuesday, December 24, 2013

တာဝန်ကျေပါတယ်


                     ဒီဇင်ဘာလ ၁၈ ရက်နေ့က မယ်တော်ကြီးမွေးနေ့။ ထိုနေ့က ကျောင်းမှာ ထမင်းဆီဆမ်းနဲ့ ကြက်ကြော်ကပ်တယ်။ ဆွမ်းပဒေသာပင်နဲ့ သံဃိက အတွက်လည်း နဝကမ္မတွေ လှူဖြစ်တယ်။ ငယ်စဉ်ကတည်းကနေ ခု ယနေ့တိုင်ထိ အသိဉာဏ် ရော အတွေ့အကြုံတွေရော ရအောင် စောင့်ရှောက် ပဲ့ပြင်ပေးခဲ့သော မွေးမေမေ။ ကျေးဇူးတရားက များပြားတာကြောင့် ဆပ်တယ်ဆိုတဲ့ စကားလုံးနဲ့ မမျှအောင်ပါပဲ။ ကျေးဇူးတွေကို တွေးလိုက်တိုင်း တာဝန်ကျေခဲ့ပါတယ်လို့ အထပ်ထပ် ပြောချင်နေမိတယ်။
                     တာဝန်ဆိုတာကို ဘယ်လို သဘောပေါက်ကြ သလဲတော့ မသိဘူး။ တာဝန်ဆိုတာ သိသူအတွက်ကတော့ လုပ်ကို လုပ်ရမယ်၊ မသိသူ အတွက်ကတော့ ကိုယ်မလုပ်လဲ အခြားသူတွေ လုပ်မှာပဲလို့ တွေးကောင်း တွေးလိမ့်မယ်။ ဘယ်လိုပဲ တွေးတွေးပါ သူတာဝန်ကျေခဲ့တယ်။ ဘာတာဝန်လဲ မိသားစု တာဝန်တွေ ဘယ်လောက်ထိကျေခဲ့လဲ လိုနေသေးတယ်လို့ မပြောရလောက် အောင်ပါပဲ။ 
                     ဘဝဇာတ်ခုံရဲ့အပြောင်းအလဲတွေကြား မညီမျှမှုတွေရဲ့ အလယ်မှာ အတိုးအလျှော့ကို ဟန်ချက်ညီအောင် ထိန်းခဲ့တယ်။ မှတ်မိသေးတယ်။ ကိုရင် ဝတ်ခါစ ပရိတ်ကြီးတွေ မယ်တော်ကြီးဆီ လက်ပိုက်ပြန်ခဲ့ ရသေး။ အော် ပညာရေးအတွက် တနယ်တကျေးကို ရောက်နေတဲ့ သားတော်မောင်ဆီ အမြဲ စာရေးတယ် ။ မှတ်မှတ်ရရ ရေးပို့တဲ့ စာလေးတွေထဲက တစ်စောင်ကို တစ်နေ့က ပြန်ဖတ်ရင်း တာဝန်ကျေခဲ့ပါတယ်လို့ ထပ်ပြောမိတယ်။
                    စာထဲမှာက ဒီလိုရေးထားတာပါ။ ကိုရင် မေတ္တာသုတ်ထဲ ပါတဲ့ ကျင့်ဖွယ်ရာတွေကို မမေ့နဲ့နော်။ ကိုရင်ရေ မေတ္တာသုတ်မှာ ဘုရားရှင်က မွေးမြူ လွယ်ရမယ်လို့ မိန့်တယ်နော် တပည့်တော် နားလည် သလောက်ဆိုရင် ရဟန်း ဆိုတာ ဒကာ ဒကာမတွေက ကိုယ့်ကြောင့် ဝန်မဖြစ်ရဘူး။ ကိုယ့်ကို လှူဒါန်းနေသော ဒကာ ဒကာမတွေကို ကိုယ့်အတွက်ကြောင့် မပင်ပမ်းစေရဘူးနော် ။ ဒါကြောင့်ကိုရင်လေး ဘယ်ဒကာ ဒကာမကိုမှ အပူလည်းမပေးနဲ့ အပူလည်း မကပ်နဲ့နော်။ ကိုယ့် သီလ သမာဓိ ပညာ ကိုသာ ဖြည့်ကျင့်ပါ။ ဝိနည်း စည်းကမ်းတွေကိုလည်း စောင့်ထိန်းပါ။ ဒါမှ ကိုရင့်ကို တပည့်တော်တို့ သင်္ကန်း ဝတ်ပေးထားရကျိုးနပ်မှာ ကိုရင် သိပြီးသားတွေ ဆိုပေမယ့် မေ့နေမှာစိုးလို့ တပည့်တော် ထပ်ရေးလိုက်တာပါ။ တဲ့ အော် မိခင်တစ်ယောက်ရဲ့ တာဝန်ဆိုတာကို နားလည်ခဲ့ သလို ကျေအောင်လည်း ဆပ်နေတယ်။
                         ဘယ်လိုနေရာမှာ ရောက်နေနေ အမေက အမြဲ ဆုံးမစကား အားပေး စကားတွေပြောပေးတယ်။ ကိုယ့်အတွက်လည်း အမြဲ ဂုဏ်ယူနေတတ်ပြန်တယ်။ မယ်တော်ကြီးဆိုပြီး အမြဲ ပြုံးပြုံး ပြီးနေတတ်တာ။ သားရဟန်းရဲ့ တရားသံကို နာလိုတယ် ကြားလိုတယ် ။ ဒါဟာ မယ်တော်တိုင်းရဲ့ ရင်ထဲက ဆန္ဒရယ် ။ ငယ်စဉ်ကတည်းက ကြီးလာရင် ဘုန်းကြီးဖြစ်မှာ ဆိုပြီး မိန်းမတွေ လုပ်ရတဲ့ အလုပ်တွေဆို မခိုင်းဘူး။ ထိုင်ခုံအောက် ကုတင်အောင်တွေ မဝင်ခိုင်းဘူး။ ပြောနေကျ စကားလေး တစ်ခွန်းရှိတယ်။ ငါ့သား ရာဇာ့ ဣနြေ္ဒနဲ့နေ ရှင်ဘုရင်လို ဣနြေ္ဒရှိရှိနေ ခိုင်းခဲ့တာ။ အဲ့လောက်တောင် မျှော်လင့်ချက် ကြီးခဲ့တယ်။ 
                       ခုဆို မယ်တော်ကြီး ၆၂ နှစ်ပြည့်ခဲ့ပြီ ။ တာဝန်ကျေခဲ့ပါတယ်။ ထိုနေ့က စဉ်းစားတယ် ငါဟာ ဘယ်သူ့အပေါ်မှာများ ဝန်ဖြစ်နေသေးလဲ လို့ ။ အော် အမေဆုံးမ တဲ့ စကားနားထောင်လို့ တစ်နည်းပြောရရင် ဘုရား စကားနားထောင်လို့ နောက်ဆုံး ကြီးကြီး ကျယ်ကျယ်ပြောရရင် ကိုယ့်တရား ကိုယ်အားထုတ်တာ ဟာ ဘယ်သူ့ကိုမှ အပူမပေး ကိုယ့်ကြောင့် ဘယ်သူမှ ဝန်မဖြစ်တာပါပဲ။ မွေးမြူလွယ်သောသူ ဖြစ်အောင် အားထုတ်နေသရွေ့ကိုယ့်တရား ကိုယ်အားထုတ်နေတာပါလား လို့ တွေးရင်း တာဝန်ကျေဖို့ အရေးကြီးကြောင်း ကိုယ့်ကိုယ်ကိုသာ သတိပေးလိုက်တော့၏။

မောင်ပညာ ( ကေတုမတီ )
မယ်တော်ကြီး ၆၂ နှစ်ပြည့် birthday အထိန်းအမှတ်

Read more...

Wednesday, October 23, 2013

ဖိတ်စာ

               အိတ်မပါတဲ့ ဖိတ်စာ တစ်စောင်ရောက်လာတယ်။ ရန်ကုန်ကြွဖို့ နဲ့ တရားချီးမြှင့်ပေးဖို့ လျှောက် ထားတဲ့ ဖိတ်စာပေါ့။ ဖိတ်စာက အမျိုးမျိုးရှိတယ်။ ဒါကို ဖိတ်စာလုပ်ဖူးသူတိုင်း သိကြမှာပါ။ ရေမွှေး ဖိတ်စာ၊ စက္ကူအကောင်းစား အညံ့စားပေါ်မူတည်ပြီးတော့လည်း ဖိတ်စာ တွေကွာသွား တတ်တယ်။ ဖိတ်တဲ့သူ၊ အဖိတ်ခံရသူပေါ် မူတည်ပြီးလည်း ဖိတ်စာ အမျိုးမျိုး ကွာခြားသွားတတ်တယ်ပေါ့။ ဒါက ဖိတ်စာ နဲ့ ပတ်သက်ပြီး သိသလောက် စဉ်းစားကြည့်တာပါ။ 
                 တကယ်တော့ ဖိတ်စာ အဖိတ်ခံရတယ်ဆိုတာ ပျော်စရာလား လို့ တွေးကြည့်တယ်။ တကူးတက အဖိတ်ခံရတဲ့ အခါမျိုးရှိသလို မကောင်းတတ်လို့ အဖိတ်ခံရတာမျိုးလည်း ရှိတယ်ပေါ့။ ဘယ်လို အဖိတ်ခံရရင် ကောင်းမလဲလို့ အဖိတ်ခံရတိုင်း တွေးမိတယ်။ ဖိတ်သူနဲ့ အဖိတ်ခံရသူ တွေကို ဖိတ်စာက တန်ဖိုး ဖြတ်ပေးတာလား။ ဒါကလည်း တွေးဖို့ အချက်တစ်ခုပေါ့။ 
                ဖိတ်စာကောင်းရင် ကောင်းသလို အဖိတ်ခံရသူ ဖိတ်သူတွေ ဂုဏ်တတ်တယ်လို့ လူအများ ထင်တတ်ကြတယ်။ ဒါဆို ဖိတ်စာ မပါတဲ့ ပါးစပ် ဖိတ်ခြင်းမျိုးဆို ဂုဏ် မရှိတော့သလိုပေါ့။ ကျေးလက် ရွာ ဒေသတွေမှာတော့ ပါးစပ်ဖိတ်စာနဲ့ တစ်အိမ်လုံး ဖိတ်လေ့ရှိတယ်။ ဂုဏ်ဆိုတာကို ပဓာန မလုပ်ပဲ အလှူ ရဲ့ ပြယုဂ်ကိုသာ ထင်ရှားအောင် ပြကြတယ်။ တန်ဖိုးရှိတာကို တန်ဖိုးသိသူသာ တန်ဖိုးထားတတ်တယ်။ 
                   အနှစ်သာရ ရှိတဲ့ တန်ဖိုးကို သိပြီး အနှစ်ကို ပြတဲ့ အလှူဆိုတာ ဖိတ်စာပေါ်မူမတည်ပါဘူး။ တကယ်တမ်း မိမိအလှူကို လာသူတွေ ထဲမှာ တန်ဖိုးရှိ သိက္ခာရှိတဲ့သူတွေပါရင် အလှူဆိုတာ မင်္ဂလာရှိသွား တာပါပဲ။ ဘုရားရှင် လက်ထက်တော်အခါက မင်္ဂလာဆောင် အလှူပွဲတွေမှာ ဖိတ်လေ့ ရှိတဲ့ ဒကာမကြီး တစ်ယောက်ရှိတယ်။ 
                  သူ့ကို ဘာကြောင့် ဖိတ်ကြတာလဲ၊ ဘာကြောင့် အရေးပါရတာလဲလို့ ခဏတိုင်း ခဏတိုင်းမှာ တွေးစဉ်းစားမိတယ်။ သူမ မပါတဲ့ အလှူ မင်္ဂလာပွဲဟာ မင်္ဂလာမဖြစ်ဘူးလို့ကို ထင်ရလောက်အောင် အရေးပါ အရာရောက်တယ်ပေါ့။ သူမလာပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးလိုက်တဲ့ မင်္ဂလာပွဲတွေဟာ မင်္ဂလာ ရှိသွားတာချည်းပါပဲ။ အော် အဲ့လို အဖိတ်ခံ ရသူဟာ ဘယ်သူများလဲ........
                  ၀ိသာခါ ဆိုတဲ့ ကျောင်းအမကြီးပါ။ ပုဗ္ဖာရုံ ကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းထားတဲ့ ၀ိသာခါ ကျောင်းအစ်မကြီးကို အလှူရှင်တိုင်းက သူတို့ အလှူကို လာစေချင်တယ်။ ဘာဖြစ်လို့ ထိုကဲ့သို့ အရေးပါရတာလဲ။ ဒါလေးက စိတ်ဝင်စားစရာကောင်းတာပါ။ ၀ိသာခါ ကျောင်းအစ်မကြီးဟာ ပွဲတော်တိုင်း အဖိတ်ခံရရုံတင်မကပါဘူး အလှူမှာ ရဟန်းတော်များကို ဆွမ်းကပ်ပြီးလျှင် သူမ ကို အဦး အမြတ်ထား စားစေပါတယ်။ 
                    ထိုခေတ် ထိုအခါက အလွန်တရာ အရေးပါ အရာရောက်သော ကျောင်းအစ်မကြီးပေါ့။ ဘာဖြစ်လို့များ ကျောင်းအစ်မကြီးကို အဲ့သလောက် အရေးပေးရသလဲဆိုတော့ ကျောင်းအစ်မကြီးဟာ အသက်ရှည်ခြင်း အဆင်းလှခြင်း စတဲ့ ဂုဏ်တွေရှိပါတယ်။ တစ်ဖက်က ဘုရားနဲ့ ရဟန်းတော်တွေကို ပြုစု လုပ်ကျွေးနေတဲ့ ကုသိုလ်တွေ စိတ်ဓာတ်ကောင်းတွေကလည်း ရှိနေပါတယ်။ 
                    ဒါကြောင့် သတို့သားဘက်က အမိအဘ သတို့သမီး ဘက်က အမိအဖတွေဟာ ၀ိသာခါ ကျောင်းအစ်မကြီးကို ပင့်ဖိတ်ပြီး စားဦး စားဖွယ်တွေကို စားစေတယ်။ ဒါ့ပြင် ဆုတောင်း ကြတယ် ယ္ခု သတို့သား သတို့သမီး တို့သည်လည်း ၀ိသာခါ ကျောင်းအစ်မကြီးလို အသက်ရှည် အဆင်းလှ အမျိုးဘာသာ သာသနာကို ချီးမြှောက် ထောက်ပံ့နိုင်တဲ့ အမျိုးကောင်းသား အမျိုးကောင်း သမီးလေးတွေ ဖြစ်ပါစေ ဆိုပြီး ဆုတောင်းကြသတဲ့။ 
                        ဒါဟာ ပါဠိတော် ထဲတွင် ပါသော အဖိတ်ခံရတဲ့ ၀ိသာခါကျောင်းအမကြီး အကြောင်းပေါ့ ဒါနဲ့ ကိုယ့်ဖာသာ စဉ်းစားတယ်။ ကိုယ်လည်း ယခု အဖိတ်ခံရတဲ့ နေရာရောက်လာပြီ။ အဖိတ်ခံရသူဟာ အဖိတ်ခံရတဲ့ ဖိတ်စာ ရပြီဆိုလျှင် စဉ်းစားပြီ ဘာလေး လက်ဖွဲ့ ရင်ကောင်းမလဲပေါ့။ ၀ိသာခါ ကျောင်းအစ်မ ကြီးကတော့ စိတ်ဓာတ်ကောင်းတွေ နဲ့ ထုံမွှမ်းထားတဲ့ မေတ္တာတွေ လက်ဖွဲ့ တယ်။ သူ့လို ဖြစ်ချင်သူတွေကို သူ့ကို အတုယူကြတဲ့ လူငယ်တွေကို စိတ်ထားကောင်းဖို့ နဲ့ မေတ္တာရှိပြီး သစ္စာ သိဖို့ တိုက်တွန်းမှာပါ။
                      အော် ဒါကြောင့် ဖိတ်စာ တစ်စောင် အဖိတ်ခံရပြီ ဆိုရင် လုပ်စရာ တွေဟာ အဖိတ်ခံရသူ ဘက်ကရော ဖိတ်သောသူ ဘက်ကပါ အများကြီးရယ် ။ နောက်ပြီး မိမိဟာ မကောင်းတတ်လို့ အဖိတ်ခံ ရသူလား၊ ၀ိသာခါ လို မပါမဖြစ် အရေးပါလို့ အဖိတ်ခံရတာလား ဆိုတာ စဉ်းစားရင်း မပါမဖြစ် အရေးပါသော မိမိထံမှာ သူတစ်ပါး အတုယူစရာ လေးစားစရာ စိတ်ဓာတ်ကောင်းတွေ ရှိပြီးလားလို့ တွေးရင်း ဖိတ်စာကို စာအုပ်ကြား ညှပ်ထားလိုက်မိတော့တယ်။

လေးစားစရာ အတုယူစရာ ချီးမွမ်းထိုက်သော ဂုဏ်များရှိအောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း 

မောင်ပညာ ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner