Wednesday, November 25, 2009

ဘ၀မေ့တဲ့ မာန

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးဟာ နန်းတွင်းမှာ ဈေးလာရောင်းတဲ့ ဆီးသီးသည်မလေးကို တစ်ခါထဲတွေ့မြင်ရုံနဲ့ စွဲလန်းသွားပါတယ်။ “အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဆီးသီးများ သုံးဆောင်ကြပါဦးလားရှင်”လို့ ဈေးဝယ်ကိုခေါ်လိုက်တဲ့ အသံလေးကလည်း နားထဲက မထွက်နိုင်အောင် ရှိနေပါတယ်။ဆီးသီးသည်မလေးရဲ့ နာမည်က “သုဇာတာ”ပါ၊ ဒါနဲ့ ဗြဟ္မဒတ်မင်းက ဆီးသီး သည်မလေးဟာ အိမ်ထောင် ရှိ မရှိ စုံစမ်းပါတယ်။ မရှိမှန်း သိတဲ့အခါ ထိမ်းမြားလက်ထပ်ပြီး မိဖုရားကြီးအရာမှာ ထားလိုက်ပါတယ်။သုဇာတာရဲ့ ဘ၀ဟာ နေ့ချင်းညချင်း ပြောင်းလဲသွားပါတယ်။ တစ်နေ့မှာတော့ ဗြဟ္မဒတ်မင်းကြီးဟာ ဆီးသီး တွေကို ရွှေခွက်မှာထည့်ပြီး သုံးဆောင်နေပါတယ်။အဲဒီ အချိန်မှာ သုဇာတာမိဖုရားရောက်လာပြီး “အရှင်မင်းကြီး ဘာတွေများ နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်တော်မူနေပါ သလဲ”လို့ ဆီးသီးတွေကိုသုံးဆောင်နေမှန်း သိပါလျက် မသိချင်ဟန်ဆောင်ပြီး မေးလိုက်ပါတယ်။ဗြဟ္မဒတ်မင်းကြီး စိတ်ဆိုးသွားပါတယ်။ ဆီးသီးရောင်းခဲ့ဖူးသူ ဆီးသီးသည် က ဆီးသီးတွေကို “ဘာသီးတွေလဲ”လို့ မေးတာ စိတ်ဆိုး စရာမကောင်းဘူးလား။ တစ်ခါမှ မမြင်ဖူးတဲ့ အသီးမို့ “ဘာသီးလဲ”လို့မေးတာဟာ သဘာဝကျပေမယ်လို့ မာန အငွေ့တွေနဲ့ ဘ၀မေ့ပြီး မေးတာမှန်းသိလို့ မင်းကြီးစိတ်ဆိုး တာပါ။ စိတ်ဆိုးပြီးတော့ “မိဖုရား သင်ဟာ ရှေးတုန်းက ဆံပင် ဖရိုဖရဲ၊ အ၀တ်အစား နွမ်းဖတ်ဖတ်နံ့ လမ်းတကာ လှည့်ပြီး ဆီးသီးတွေရောင်းခဲ့ရတယ်။အခု ငါစားနေတဲ့ ဆီးသီးတွေဟာ သင့်အမျိုးတွေက ဆက်သလိုက်တဲ့ ဆီးသီးတွေပဲ}}လို့ပြောလိုက်တယ်။ ထပ်ပြီးတော့-
“သင့်လို မာနအရှိန်တက်ပြီး ဘ၀မေ့တတ်တဲ့ သူအတွက် နန်းတော်နဲ့ မလျော်ဘူး၊ ဒါကြောင့် အိမ်ပြန်ပြီး ဆီးသီးသည်ပဲ ပြန်လုပ်ပေတော့”ဆိုပြီး နနိးတွင်းကနေ နှင်ထုတ်တယ်။ အဲဒီအခါကျမှ အမတ်ကြီး(ဘုရားလောင်း) တစ်ဦးက ကြားဝင်ဖျန်ဖြေ ပေးလိုက်ရတယ်။

Read more...

မလ္လိကာ ရဲ့ မာန

အခြေအနေဟာပြောင်းလဲတတ်သလို မာနရဲ့ အနေအထားကလည်း ပြောင်းလဲတတ်ပါတယ်။ ချမ်းသာ ကြွယ်ဝနေတုန်း ဖြစ်တဲ့မာနနဲ့ ဆင်းရဲသွားတဲ့အခါ ဖြစ်တဲ့ မာနတို့ဟာ အနေအထားမတူတော့ပါဘူး။တစ်ချို့ကျတော့ လည်း မာနမဟုတ်ပဲ သံဝေဂဖြစ်တတ်ပါတယ်။ ဆင်းရဲ နေတုန်းက ဖြစ်တဲ့မာနနဲ့ ချမ်းသာသွားတဲ့အခါ ဖြစ်တဲ့မာန တို့ဟာလည်း မတူပါဘူး။အောက်ခြေလွတ်တယ်လို့ ပြောကြ ပါတယ်။ဒါပေမယ့် ဘ၀မမေ့ကြတဲ့လူတွေလည်း ရှိပါတယ်။ချမ်းသာတိုင်း မာနအထောင်တတ်သလို ဆင်းရဲတိုင်းလည်း မာန မကျတတ်ပါဘူး။
သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလမင်းရဲ့ မိဖုရား မလ’ိကာဒေ၀ီဟာ မာနကြီးသူပါ။ ဘုရား တရား သံဃာ ရတနာသုံးပါးကိုကြည်ညို၊ဒါနကို ရက်ရက် ရောရော ပြုပေမယ့် မာနကိုတော့မချပါဘူး၊အထူးသဖြင့် ကောသလမင်းကြီးအပေါ် ပိုပြီးမာနထားပါတယ်။ ကျက် သရေနဲ့ပတ်သက်ပြီး ဘုရင်နဲ့ မိဖုရား ငြင်းခုံကြတယ်။ဘယ်သူကမှ အလျှော့မပေးဘူး၊နောက်ဆုံး မခေါ်မပြောတဲ့ အထိဖြစ်သွားကြတယ်။ မြတ်စွာဘုရား နန်းတွင်း ဆွမ်းခံကြွတဲ့အခါ ကောသလမင်းက ဆွမ်းခဲဘွယ် ဘောဇဉ်တွေ ပြင်ဆင်ပြီး သပိတ်တော်ထဲကိုလောင်းလှူ မယ် လုပ်တဲ့အခါ မြတ်စွာဘုရားက လက်တော်နဲ့ သပိတ်ကို ပိတ်ထားပြီး“မင်းကြီး မလ’ိကာမိဖုရား ဘယ်မှာလဲ”လို့ မေးတော်မူတဲ့အခါမှာ ကောသလမင်းက “အရှင်ဘုရား စည်းစိမ်ယစ်ပြီး မာနကြီးနေတဲ့မိန်းမ ခေါ်မနေပါနဲ့ဘုရား၊” လို့ပြန်လျှောက်တော့ “သင်ကပဲ မြှောက်စားထားတာ မဟုတ်ဘူးလား၊ မင်းကြီး သည်းခံ လိုက်ပါ၊သည်းခံခြင်းလက်နက်ထက်ကောင်းတဲ့ လက်နက် ဆိုတာ မရှိပါဘူး”ဆိုပြီး သည်းခံခိုင်းတဲ့အတွက် ဘုရင်နဲ့ မိဖုရား ပြန်ပြီးပြေလည်သွားကြတယ်။
ဒါပေမယ့် မလ’ိကာဟာ သေတဲ့အထိ မာန်မချ ပါဘူး၊တကယ်ဆို ရတနာသုံးပါးကိုယုံကြည်၊ ဒါနတွေ အမြဲ ပြုလုပ်နေတဲ့ မလ’ိကာဟာ သေပြီးတဲ့နောက် အပါယ်ကို မရောက်သင့်ပါဘူး၊ဒါပေမယ့် ကောသလမင်းကို မဟုတ် မမှန် စွပ်စွဲပြောဆိုခဲ့ဖူးတဲ့အပြစ်ကို မာနခံပြီး မတောင်းပန် မိတဲ့အတွက် (၇)ရက် အပါယ်လားရပါတယ်။ဒါကြောင့်မာနတံခွန်ဟာ ထောင်သင့် လွှင့်တင်သင့်တဲ့ တံခွန်မဟုတ်ပဲ မတင်သင့်တဲ့ တင်မိရင် ချသင့်တဲ့ ကျအောင်ကြိုးစားသင့်တဲ့ တံခွန်မျိုးဖြစ်ပါတယ်။

Read more...

စာချအကျော်ရဲ့ မာန

ပေါဋ္ဌိလဆိုတဲ့ မထေရ်တစ်ပါးရှိပါသေးတယ်။ စာချအကျော်အမော် မထေရ်မြတ်ပါ။ရှေးရှေးဘုရားရှင်တွေ သာသနာတော်မှာလည်း စာချဖြစ်ခဲ့ဖူးပါတယ်။ စာချ မထေရ်အဖြစ်နဲ့ပဲ ဂုဏ်ယူဝင့်ကားနေခဲ့တာပါ ၊ မဂ် ဖိုလ် ရရှိရေးကိစ္စ နည်းနည်းလေးမှ စိတ်ထဲမှာ မရှိပါဘူး၊ မြတ်စွာဘုရားက သံဝေဂရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပေါဋ္ဌိလကို တွေ့တော်မူတဲ့အခါတိုင်းမှာ “အလကား ပေါဋ္ဌိလ လာခဲ့ပါဦး” “အလကားပေါဋ္ဌိလ ရှိခိုးပါဦး ” “အလကားပေါဋ္ဌိလ ထိုင်ပါဦး” “အလကားပေါဋ္ဌိလ သွားပါဦး”လို့ သုံးနှုန်း မိန့်ကြားတော်မူလိုက်ပါတယ်။
ပေါဋ္ဌလမထေရ်က ဥာဏ်ကြီးရှင်ပဲ သဘော ပေါက်တာပေါ့ “မြတ်စွာဘုရားက ငါ့ကိုတွေ့တိုင်း အလ ကား ပေါဋ္ဌလလို့ခေါ်နေတယ်၊ဧကန္တ ငါက ဘာဝနာမလုပ် လို့ ခေါ်တာဖြစ်ရမယ်”လို့ သံဝေဂရပြီး နောက်နေ့မှာ တောဘက်ကို ပြန်ကြွကြမယ့် ရဟန်းတွေနဲ့အတူ လိုက်သွားတယ်၊တောကျောင်းရောက်တော့ ရဟန်း (၃၀) နေကြတယ်၊ ပေါဋ္ဌလမထေရ်က အကြီးဆုံးမထေရ်ကို လျှောက်တယ်၊“အရှင်ဘုရား တပည့်တော်ကို ညွှန်ကြား ပြသတော်မူပါဘုရား” ဆိုတော့ “ငါ့ရှင်က ဓမ္မကထိကပဲ ငါ့ရှင်ကပဲ ငါတို့ကို ပြောစရာရှိတာ ပြောရမှာပါ”တဲ့ ။
“အရှင်ဘုရား ဒီလိုမပြောပါနဲ့ဘုရား၊ တပည့်တော်ကိုသာ လိုအပ်တာတွေကို ညွှန်ကြားပေးတော်မူပါဘုရား”လို့ ထပ်လျှောက်တယ်။အဲဒီတောကျောင်းမှာ သီသုံးတော်မူကြ တဲ့ သံဃာအားလုံးဟာ ရဟန္တာတွေချည်းပဲဆိုတော့ ပေါဋ္ဌိလမှာ စာချမာန် စာတတ်မာန ရှိနေသေးတယ်-ဆိုတာကို သိပြီး နောက်မထေရ်ငယ်တစ်ပါးဆီကို လွှတ်လိုက်တယ်၊ အဲဒီမထေရ်ကလည်း နောက်တစ်ပါးဆီ ကို ထပ်လွှတ်ပြန်တယ်၊ တစ်ဆင့်တစ်ဆင့် လွှတ်ရင်းက နောက်ဆုံး အငယ်ဆုံးဖြစ်တဲ့ (၇)နှစ်သား သာမဏေဆီကို ရောက်သွားတယ်၊အဲဒီအခါ ပေါဋ္ဌိလမထေရ်မှာ မာနတွေ အတော်နည်းသွားပြီ၊ထောင်နေတဲ့မာနတွေ မရှိတော့ဘူး၊ လွင့်နေတဲ့မာနတွေ မရှိတော့ဘူး၊ အဲဒီတော့မှ ရဟန္တာ သာမဏေလေးက အထပ်ထပ်စမ်းသပ် စစ်ဆေးတယ်။ စစ်ဆေးပြီးတဲ့အခါမှ နည်းလမ်းကို ပြောပြတယ်။ နောက်ဆုံး မာနတံခွန်ကို ပြားပြားဝပ်ဖြစ်သွားအောင် ချနိုင် ပယ်နိုင်ခဲ့တယ်။

Read more...

Tuesday, November 24, 2009

မာန တံခွန်

ဘယ်သူကတော့ နိမ့်နိမ့်ပဲလွှင့်တင်ထားတယ်၊ဘယ်သူက တင်သင့်လို့တင်ထားတာ ဘယ်သူကတော့ မတင်သင့်ပဲ တင်ထားတာ ဆိုပြီး သုံးသပ်နိုင်ပါတယ်။
ဒီနေရာမှာ တံခွန်အမျိုးမျိုးတွေရှိတဲ့အနက်က အရှင်ဝိမလကောဏ္ဍညမထေရ် အမိန့်ရှိသွားတဲ့ မာန အကြောင်းကို လေ့လာသင့်ပါတယ်။
မာနဆိုတာ စိတ်ကတက်မှုတစ်မျိုးပါ။
အဘိဓမ္မာဆိုင်ရာစာပေမှာတော့ မိမိကိုယ်ကို ငါသာလျှင်မြတ်၏ဟူ၍ မှန်ကင်းကဲ့သို့ ထောင်လွှားခြင်း လက္ခဏာရှိသော မာနစေတသိက် လို့ ပြန်ဆိုထားပါ တယ်။ တကယ်မြတ်တာ မမြတ်တာ၊တကယ်ရှိတာ မရှိတာနဲ့ မဆိုင်ပါဘူး။ထောင်လွှားတဲ့စိတ်၊ကမြောက်တဲ့ စိတ်၊ မောက်မာတဲ့စိတ် ဖြစ်ပေါ်ရင် မာနဖြစ်တာပါပဲ။ ငါတို့ကတော့ မာနမ၇ှိဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုနိုင်ဖို့ သိပ်ကို ခဲယဉ်းပါတယ်။ လောလောဆယ် ဆယ် ဖြစ်ပေါ်မနေပေမယ့် မရှိတာတော့ မဟုတ်ပါဘူး။
လူတစ်ယောက်ရှိပါတယ် ငါ့ကို ဘယ်သူမှ လာမြှောက်လို့ မရဘူး၊ငါက မြှောက်တိုင်း မြောက်တတ်တဲ့ လူ မဟုတ်ဘူးလို့ ကြွေးကြော်နေတဲ့သူပါ။ လူတော် မိမိသည် မောက်မာ ထောင်လွှားတတ်သည့် မာနတံခွန်ကို အပြီးတိုင် ချပြီး ရုပ်သိမ်းပြီး ဖြစ်ပါသည်
အမှုမဲ့ အမှတ်မဲ့ မနေပဲ ပတ်ဝန်းကျင်ကို သတိထားကြည့်မယ်ဆိုရင် မာနတံခွန်တွေ တလူလူလွင့် နေတာကိုလည်း တွေ့နိုင်ပါတယ်။ လောဘတံခွန်တွေ တဖျပ်ဖျပ်ခတ်ပြီး လွင့်နေတာကိုလည်း တွေ့နိုင်ပါတယ်။ ဒေါသတံခွန်တွေ တထောင်ထောင်တက်ပြီး လွင့်နေတာကို လည်း တွေ့နိုင်ပါတယ်။
တင်သင့်လို့ တင်ထားတဲ့ တံခွန်တွေရော မတင် သင့်ပဲ တင်ထားတဲ့ တံခွန်တွေကိုရော တွေ့နိုင်ပါတယ်။
မြင့်မြင့်လွှင့်တင်ထားတဲ့ တံခွန်တွေကိုရော နိမ့်နိမ့် လွှင့်တင်ထားတဲ့ တံခွန်တွေကိုရော တွေ့နိုင်ပါတယ်။
ဒါ့အပြင် တင်ထားတဲ့တံခွန်တွေကို ကြည့်ပြီး တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်လေ့လာ အကဲခတ်နိုင်ပါသေး တယ်။ ဘယ်သူက တံခွန်ကို မြင့်မြင့်လွှင့်တင်ထားပြီး တော်များများ သွားပြီး မြှောက်ကြည့်ကြပါတယ်။ မရ ပါဘူး။“မင်းတို့ အပိုတွေ လာပြောမနေနဲ့ သွား သွား”လို့ နှင်ထုတ်ခံရတဲ့လူတွေပဲ များပါတယ်။တစ်နေ့မှာ လူ တစ်ယောက်ရောက်လာပါတယ်။ရောက်လာပြီး အဲဒီ အမြှောက် မကြိုက်ပါဘူးဆိုတဲ့ လူကို ပြောပါတယ် “ကျွန်တော်ကတော့ အရပ်တကာ လှည့်ပြီး လူတွေကို မြှောက်စားနေတဲ့လူပါ၊ ဆရာကြီးသတင်းကိုကြားလို့ လာခဲ့တာ၊“အမြှောက်မကြိုက်တဲ့လူဆိုတာမရှိဘူး၊ငါရအောင် မြှောက်မယ်”ဆိုပြီး ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လာခဲ့ မိတာဖြစ်ပါတယ်။ဒါပေမယ့် ဆရာကြီးကိုလည်းတွေ့ရော “ဆရာကြီးရဲ့ ရုပ်ရည်ဟာ အမြှောက်ကြိုက်တဲ့ ရုပ်ရည် မဟုတ်ဘူး။ ငါ တစ်နေကုန်ထိုင်မြှောက်နေလည်း မောရုံ အချိန်ကုန်ရုံပဲ ရှိလိမ့်မယ်၊ ဆရာကြီးကတော့ မြောက်မှာ မဟုတ်ဘူး” ဆိုတာ သိလိုက်ရပါတယ်”လို့လည်း ပြော လိုက်ရော-
“အေး မင်းကမှ အမှန်အတိုင်းသိပြီး အချိန်ကုန် မခံဘူး ၊ လူတွေက မင်းလို မသိကြဘူးကွ”လို့ ၀မ်းသာ အားရ ပြန်ပြောလိုက်တယ်။အဲဒီတော့ လာမြောက်တဲ့လူက “ကျွန်တော့ကို ရေလေးတစ်ခွက်လောက် တိုက်ပါခင်ဗျာ” လို့ပြောတော့ “ဟုတ်သားပဲ ငါ မေ့နေလိုက်တာ ဧည့်သည်ကို ဘာမှ ဧည့်မခံရသေးဘူး”ဆိုပြီး ရှိသမျှ မုန့်တွေချကျွေးတော့တာပဲ။အဲဒီတော့ လာမြှောက်တဲ့လူက ချကျွေးတဲ့မုန့်တွေကို တ၀တပြဲစားနေရင်း စိတ်ထဲက မှတ်ချက်ပြုလိုက်ပါတော့တယ် “ဒါလား အမြှောက် မကြိုက်တဲ့လူ”
တစ်ချို့မာနဟာ သိသာပေမယ့် တစ်ချို့မာနကျ တော့ အသိသာပါဘူး။
မာန (၉)မျိုးရှိပါတယ်။
ထိပ်တန်းပုဂ္ဂိုလ်တွေမှာဖြစ်တဲ့ မာန (၃)မျိုး
လူလတ်တန်းစားတွေမှာဖြစ်တဲ့ မာန (၃)မျိုး
အောက်ခြေလူတန်းစားတွေမှာဖြစ်တဲ့ မာန (၃)မျိုး တွေဖြစ်ပါတယ်။
ထိပ်တန်းပုဂ္ဂိုလ်တွေဆိုတာ ရဟန်းတော်များနဲ့ ရှင်ဘုရင်(မင်း)များလို့ စာမှာဆိုထားပါတယ်။
ရဟန်းတော်တွေမှာဆိုရင် “ငါ့လို သီလရှိတဲ့ ရဟန်းဘယ်မှာရှိမလဲ ၊ ငါ့လို ဘုန်းကြီးတဲ့ရဟန်းဘယ်မှာ ရှိမလဲ ၊ ငါ့လို စာတတ်တဲ့ရဟန်း ဘယ်မှာရှိမလဲ ၊ ရဟန်း ချင်းတူပေမယ့် ငါက တခြားရဟန်းတွေထက်သာတယ်”လို့ ဖစ်တဲ့ မာနဟာ အထက်မာနဖြစ်ပါတယ်။
ရှင်ဘုရင်(မင်း)တွေမှာ “ဘုရင်ချင်းတူရင် ငါက သာတယ် ၊ ငါက ဘုရင်မျိုးရိုးက ဆင်းသက်လာတာ၊ တိုင်းပြည်အနေအထား ဘဏ္ဍာငွေအနေအထား စားနပ် ရိက္ခာအနေအထား ဘယ်ဘုရင်မှ ငါ့ကို မယှဉ်နိုင်ဘူး၊ ငါဟာ ဘုရင်ထက်က ဘုရင်ပဲ”လို့ ဖြစ်တဲ့ မာနဟာ အထက်မာန ဖြစ်ပါတယ်။
ဒါတွေက အထက်လူတွေရဲ့ အထက်မာနတွေ ဖြစ်ပါတယ်။
အဲဒီလို ထိပ်တန်းပုဂ္ဂိုလ်တွေမှာပဲ “သူလည်း ရဟန်း၊ငါလည်း ရဟန်းပဲ၊သူလည်း ဒကာတွေလှူတဲ့ ဆွမ်းကိုစားနေသလို ငါလည်း ဒကာတွေလှူတဲ့ ဆွမ်းကို စားနေတာပဲ၊ သူလည်း သိမ်ဝင်ပြီး ကမ္မ၀ါဖတ်လို့ ရဟန်း ဖြစ်လာရသလို ၊ ငါလည်း သိမ်ဝင်ပြီး ကမ္မ၀ါဖတ်ခဲ့လို့ ရဟန်း ဖြစ်လာတာပဲ၊ သူလည်း မြတ်စွာဘုရား တပည့် ဖြစ်သလို ငါလည်း မြတ်စွာဘုရားတပည့်ပဲ၊ ဘာမှ မထူးပဲ ထူးအောင် လျှောက်လုပ်နေတယ်၊”လို့ ဖြစ်တဲ့ ရဟန်းတွေရဲ့ မာနဟာ အလတ်(အတူ)မာနဖြစ်ပါတယ်။
“သူလည်း ဘုရင် ç ငါလည်း ဘုရင် ၊ သူလည်း သူ့နိုင်ငံမှာ အာဏာရှိသလို ငါလည်း ငါ့နိုင်ငံမှာ အာဏာရှိ တာပဲ၊ သူလည်း သူ့နန်းတော်မှာ နေ၊ ငါလည်း ငါ့နန်းတော် မှာ နေ ၊ ဘာထူးလဲ ဘာမှ မထူးဘူး”ဆိုပြီး ဖြစ်တတ်တဲ့ ဘုရင်တွေရဲ့ မာနဟာလည်း အလတ်(အတူ)မာန ဖြစ်ပါ တယ်။
ဒါတွေဟာ အထက်လူတွေရဲ့ အလတ်မာနတွေပါ

အဲဒီလို ထိပ်တန်းပုဂ္ဂိုလ်တွေမှာပဲ “သူ့လောက် ဘုန်းမကြီးပေမယ့် ငါလည်းရဟန်းပါပဲ၊ သူ့လောက် ဒကာ ဒကာမ မတောင့်ပေမယ့် ငါလည်း ရဟန်းပါပဲ၊ သူ့လို ဘွဲ့တွေ ဘာတွေ မရပေမယ့် ရဟန်းဟာ ရဟန်းပါပဲ၊ သူ့လောက် ကျောင်းကောင်းကောင်းမှာ မနေရပေမယ့် ငါ့မှာ ရဟန်းဆိုတဲ့ သိက္ခာတော့ရှိပါသေးတယ်။”ဆိုပြီး ရဟန်းတော်တွေမှာ ဖြစ်တတ်တဲ့မာနဟာ အထက်တန်း စားပုဂ္ဂိုလ်တွေရဲ့ အောက်ခြေမာနဖြစ်ပါတယ်။
“ဘုရင်ချင်းယှဉ်လိုက်ရင် ငါက ငမွဲဘုရင်ပဲ၊ တိုင်းပြည် အကျယ်အ၀န်းရော၊ဘဏ္ဍာငွေကြေးရော၊ လုပ်ငန်းကိုင်ငန်း အခွင့်အလမ်းရော အစစအရာရာ မယှဉ် သာဘူး၊ဘာပဲဖြစ်ဖြစ် ဘုရင်ဆိုတဲ့ ဂုဏ်ဟိတ်ကတော့ အပြည့်အ၀ ငါ့မှာရှိတာပဲ”ဆိုပြီး ဘုရင်တွေမှာ ဖြစ်တတ် တဲ့ မာနဟာ အထက်တန်းစား ပုဂ္ဂိုလ်တွေရဲ့ အောက်ခြေ မာနဖြစ်ပါတယ်။
ဒါတွေဟာ အထက်တန်းလူတွေရဲ့ အောက်ခြေ မာနတွေဖြစ်ပါတယ်။
ဒါကြောင့် အထက်တန်းစားလူတွေမှာ
၁။ အထက်တန်းမာန
၂။ အလတ်တန်း(တန်းတူ)မာန
၃။ အောက်တန်းမာန
လို့ သုံးမျိုးခွဲခြားလိုက်တာဖြစ်ပါတယ်။

နောက်တစ်မျိုးက လူလတ်တန်းစားတွေမှာ ဖြစ်တတ်တဲ့မာနတွေပါ။
လူလတ်တန်းစားဆိုတာ များပြားပါတယ်။ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အောက်တန်းလူတွေကလွဲရင် အလတ်တန်းစားလို့ သတ်မှတ်ရမှာပါ။ပြောရမယ်ဆိုရင် မှူးကြီး မတ်ကြီးတွေ၊ သူဌေးသူကြွ“မှူးမတ်ချင်းတူပေမယ့် ငါကသာတယ်၊ ငါနဲ့ တူတယ်ဆိုတဲ့ မှူးမတ်မရှိဘူး၊ ငါက အတွေးအခေါ်ကောင်း တယ်၊ငါက ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ဆုံးဖြတ်တတ် တယ်၊ ဒါကြောင့် အခက်အခဲကြုံတိုင်း ဘုရင်က ငါနဲ့ပဲ တိုင်ပင်တယ်၊ ငါ့ကို ဘုရင်က အထူးအရေးပေးတယ်၊ငါက သိပ်တော်တဲ့ အမတ်ပေါ့။”လို့ဖြစ်တဲ့ မှူးမတ်တွေဖြစ်တတ် တဲ့ မာန-
“ရာထူးချင်းတူတဲ့အထဲမှာတော့ ငါနဲ့ ယှဉ်နိုင်တဲ့ လူမရှိဘူး၊သူတို့က အကပ်ကောင်းလို့ ရာထူးရတာ၊ တကယ်တော့ ဒီရာထူးနဲ့ တန်တာမဟုတ်ဘူး၊ငါကတော့ ပင်ကိုယ်အစွမ်းအစနဲ့တက်လာရတာ၊ဒါကြောင့်ငါ့ကို မယှဉ်ရဲကြတာပေါ့၊အထက်ကလည်း ငါတင်ပြတာဆိုရင် ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားဘူး၊ ဒါဟာ ငါတော်လို့ပေါ့။”လို့ဖြစ်တဲ့ အရာရှိတွေဖြစ်တတ်တဲ့မာန-
“လုပ်ငန်းရှင်တွေထဲမှာတော့ ငါက သူတို့ထက် လုပ်ငန်းကိစ္စအတွေ့အကြုံရှိတယ်၊ အရင်းအနှီးလည်း ပိုများ တယ်၊လုပ်ငန်းလည်း ပိုပြီး ကြီးကျယ်တယ်၊ဒါကြောင့် ငါက လက်မထောင်နိုင်တာပေါ့။”လို့ ဖြစ်တဲ့ လုပ်ငန်းရှင်တွေ ဖြစ်တတ်တဲ့မာန တွေဟာ အလတ်တန်းစားထဲက အထက်တန်းမာနတွေဖြစ်ပါတယ်။
အဲဒီလိုပါပဲ အလတ်တန်းစား လူအမျိုးမျိုးတွေက သူလိုအတန်းအစားထဲမှာတော့ သူသာလျင်တော်တယ်၊ သူသာလျင် အကွက်မြင်တယ်၊သူသာလျင် ထောင့်စေ့တယ် သူသာလျင် ပါးရည်နပ်ရည်ရှိတယ်-လို့ ထားတဲ့ မာနအမျိုး အစားတွေဟာ အလတ်တန်းစားထဲက အထက်တန်းမာန တွေပဲဖြစ်ပါတယ်။

“သူလည်း အမတ် ငါလည်းအမတ်၊ သူရတဲ့ လခရိက္ခာ ငါရတဲ့လခရိက္ခာ အတူတူပဲ၊သူ့ကိုပေးထားတဲ့ အဆောင်အယောင် ငါ့ကိုပေးထားတဲ့ အဆောင်အယောင် လည်း အတူတူပဲ၊အတူတူနဲ့ အနူနူ ငါ့ကို လာကျောလို့ ဘယ်ရမလဲ”လို့ မှူးမတ်တွေမှာ ဖြစ်တတ်တဲ့မာန-
“သူလည်း ညွှန်ချုပ်၊ငါလည်း ညွှန်ချုပ်၊သူလည်း သူ့ဌာနမှာ အကြီးအကဲ၊ ငါလည်း ငါ့ဌာနမှာ အကြီးအကဲ၊ သူလည်း နိုင်ငံတော်ကပေးတဲ့ လစာ၊တိုက်တာ၊ကား တွေကို ရထားသလို ငါလည်း ရထားတာပဲ၊သူလက်မ ထောင်နိုင်သလို ငါလည်း လက်မထောင်နိုင်တာပဲ”လို့ ဌာနအကြီးအကဲတွေမှာ ဖြစ်တတ်တဲ့ မာန-“သူလည်း ကုမ္ပဏီဥက္ကဋ္ဌ၊ငါလည်း ကုမ္ပဏီ ဥက္ကဋ္ဌ၊ သူလည်း သူ့ကုမ္ပဏီမှာ သြဇာရှိသလို ငါလည်း ငါ့ကုမ္ပဏီမှာ သြဇာရှိတာပဲ၊ သူ့မှာ ကိုယ်ပိုင်ကားရှိသလို ငါ့မှာလည်း ကိုယ်ပိုင်ကားရှိတာပဲ၊ဘာထူးလဲ ဒါများ ငါက သူ့ကို လေးစားနေရမှာလား”လို့ ဥက္ကဋ္ဌတွေမှာ ဖြစ်တတ် တဲ့ မာန-
“ကိုယ့်ခြေထောက်ပေါ် ရပ်တာချင်းအတူတူပဲ ဘာမှ လာကြွားစရာမလိုဘူး၊သူစားသလို ငါလည်း စားနိုင် တာပဲ၊သူသုံးသလို ငါလည်း သုံးနိုင်တာပဲ”လို့ အလွှာအသီး သီးက လူတွေမှာ ဖြစ်တတ်တဲ့ မာန ၊ ဒီမာနတွေဟာ အလတ်တန်းစား အလတ်တန်း(တန်းတူ)မာနတွေဖြစ် ပါတယ်။

“အမတ်ချင်းယှဉ်လိုက်ရင် ငါကနောက်ကေါက် ပဲ၊အဆောင်အယောင်ချင်း တူတာတောင်မှ ငါရတဲ့ အဆောင်အယောင်တွေက ခပ်နွမ်းနွမ်း ခပ်ညံ့ညံ့တွေ ဖြစ်နေတယ်၊ နေရာရပြန်တော့လည်း အစွန်အဖျားမှာပဲ ရတယ်၊ဒါပေမယ့် ငါမှာလည်း အမတ်ဆိုတဲ့ အရှိန်အ၀ါ တော့ရှိပါတယ်။”လို့ အမတ်တွေမှာ ဖြစ်တတ်တဲ့မာန-
“ကုန်သည်ချင်းတူပေမယ့် ငါက အရင်းအနှီး နည်းတယ်၊ဖောက်သည်လည်း နည်းတယ်၊ ငွေလည်ပတ်မှု က သိပ်အဆင်မပြေဘူး၊ကုန်ဝယ်တော့လည်း အများကြီး မ၀ယ်နိုင်ဘူး၊ဒါပေမယ့် အရောင်းအ၀ယ်လုပ်တတ်လို့ ငါလည်း ကုန်သည်စာရင်းထဲမှာ ပါသေးတယ်”လို့ ကုန်သည်တစ်ယောက်မှာ ဖြစ်တတ်တဲ့ မာန-
“သူများကုမ္ပဏီလို မကြီးကျယ်ပေမယ့် ငါ့ကုမ္ပဏီမှာတော့ ငါက ဥက္ကဋ္ဌပဲ၊ ငါ့ကုမ္ပဏီက အကြွေးပဲ ထူထူ၊ အမြတ်ငွေပဲ နည်းနည်း၊ လုပ်ငန်းတွေပဲ ရပ်ရပ်၊ ငါ့မှာ ကုမ္ပဏီဥက္ကဋ္ဌဆိုတဲ့ ရာထူးကရှိနေတာပဲ၊ဥက္ကဋ္ဌဆိုတဲ့ ရာထူးဆိုတာ နည်းတာမှတ်လို့”ဆိုပြီး ဥက္ကဋ္ဌတွေမှာ ဖြစ်တတ်တဲ့ မာန၊ ဒီမာနတွေဟာ အလတ်တန်းစားတွေထဲ က အောက်တန်း(အညံ့စား)မာနတွေဖြစ်ပါတယ်။
ဒါကြောင့် အလတ်တန်းစားလူတွေမှာ
၁။ အထက်တန်းမာန
၂။ အလတ်တန်း(တန်းတူ)မာန
၃။ အောက်တန်းမာန
လို့ သုံးမျိုးကွဲသွားတာဖြစ်ပါတယ်။
နောက်တစ်မျိုးက အောက်ခြေလူတန်းစားတွေ မှာ ဖြစ်တတ်တဲ့မာနတွေပါ။
အောက်ခြေလူတန်းစားအုပ်စုခွဲတဲ့အခါမှာ အခိုင်း အစေကျွန်တွေ၊နေ့စား အလုပ်သမားတွေ၊တောင်းရမ်း စားသောက်တဲ့သူတွေ၊အများမလုပ်ချင်တဲ့ အလုပ်တွေကို လုပ်နေရတဲ့လူတွေ၊အာဏာပါးကွက်သားတွေ၊နွားသတ် ၀က်သတ်သမားတွေကို ထည့်ရမှာပါ။
“ငါတို့က ကျွန်ဆိုပေမယ့် ပေါက်ကရကျွန် မဟုတ်ဘူး၊ မျိုးနဲ့ ရိုးနဲ့ ဖြစ်လာခဲ့တဲ့ကျွန်တွေ၊ ငါတို့ကို ဒိပြင်ကျွန်တွေနဲ့ လာမနှိုင်းနဲ့၊လုံးဝ လက်မခံဘူး”လို့ ကျွန်တွေမှာ ဖြစ်တတ်တဲ့ မာန-
“နေ့စားအလုပ်သမားဆိုပြီး လာမနှိမ်နဲ့၊မရဘူး၊ ကိုယ်က သူ့လိုအပ်ချက်ကို လုပ်ကိုင်ပေးလို့ သူကလည်း ကိုယ့်ကို ၀န်ဆောင်ခ ပြန်ပေးတာ၊ငါတို့ကလည်း ပြီးပြီးရော လုပ်တာမဟုတ်ဘူး၊ပေးရတဲ့ငွေနဲ့ ထိုက်တန်အောင် လုပ်ပေးတယ်၊တခြားနေ့စားအလုပ်သမားတွေနဲ့ ယှဉ်ပြီး မပြောနဲ့၊အတူဘူး၊မတန်ဘူးထင်ရင် မပေးနဲ့၊ခပ်ပြတ်ပြတ်ပဲ” လို့ နေ့စားအလုပ်သမားတွေမှာ ဖြစ်တတ်တဲ့ မာန
“တောင်းစားတယ်ဆိုပြီး အထင်မသေးပါနဲ့၊မရှိလို့ တောင်းစားတာမဟုတ်ပါဘူး၊မျိုးရိုးရှိလို့ တောင်းစား ရတာပါ၊ အမျိုးဂုဏ်ကို စောင့်ရှောက်တဲ့သဘော ဖြစ်ပါ တယ်၊တခြားတောင်းစားတဲ့သူတွေနဲ့ ယှဉ်ပြီး မပြောပါနဲ့၊ မပေးချင်နေ ရပါတယ်၊တောင်းစားတဲ့သူမှာလည်း မာနရှိ ပါတယ်၊”လို့ တောင်းစားသူတွေမှာ ဖြစ်တတ်တဲ့မာန အဲဒီ လိုမာနမျိုးတွေဟာ အောက်ခြေလူတန်းစားရဲ့ အထက်မာန တွေဖြစ်ပါတယ်။

“ကျွန်ဆိုမှတော့ ကျွန်ပဲပေါ့ ၊ မျိုးရိုးတွေဘာတွေ လာပြောမနေနဲ့၊လက်ရှိအခြေအနေက သူလည်းကျွန်၊ ကိုယ်လည်းကျွန်၊ဘာမှမထူးဘူး၊ဘိန်းရှူတာချင်းအတူတူ တစ်လုံးပိုရှူချင်လို့ ဘယ်ဖြစ်မလဲ”လို့ ကျွန်တွေမှာ ဖြစ်တတ်တဲ့ မာန
“သူလည်း တစ်နေ့လုပ်မှ တစ်နေ့စား၊ကိုယ် လည်း တစ်နေ့လုပ်မှ တစ်နေ့စားရတာ၊သူက ငါ့ထက် ဘာတွေများ သာနေလို့လဲ၊ငါးပိရည် စားရတာချင်းအတူတူ သူစားတဲ့ငါးပိရည်က ဘယ်ကလာတဲ့ငါးပိရည်မို့လဲ၊ ပါးစပ်ကတော့ ငါလည်း ပြောတတ်တာပေါ့” လို့ နေ့စား အလုပ်သမားတွေမှာ ဖြစ်တတ်တဲ့ မာန
“တောင်းစားသူအချင်းချင်း ခွက်စောင်းခုတ် တယ်ဆိုတာ တကယ်တော့ မကောင်းဘူး၊ တောင်းစားတဲ့ သူအချင်းချင်း သူကပဲ သာသလေး ဘာလေးနဲ့၊မခံချင် စရာကောင်းလိုက်တာ၊ဘာ့ကြောင့်ပဲတောင်းစားတောင်းစား အတူတူပဲပေါ့”လို့ တောင်းစားသူတွေမှာ ဖြစ်တတ်တဲ့ မာန အဲဒီလို မာနမျိုးတွေဟာ အောက်ခြေလူများရဲ့ အလတ် (အတူ)မာနတွေဖြစ်ပါတယ်။

“ကျွန်ဆိုတာ ကိုယ့်ကိုယ်ကို ပိုင်တာမဟုတ်ဘူး ကိုယ့်ဆန္ဒနဲ့ ဘာမှ လုပ်လို့မရဘူး၊ကျွန်ချင်းတူတာတောင်မှ ငါတို့မှာ တခြားကျွန်တွေလောက် အခွင့်မရေးမရဘူး၊ အိပ်တော့လည်း အိပ်ရေးဝအောင် မအိပ်ရ၊ စားတော့ လည်း ၀အောင်မစားရ၊ကျွန်အချင်းချင်းတောင် နှိမ်ချင်ကြ တယ်၊ဒါပေမယ့် မြေကြီးထဲ ၀င်သွားပါစေ မာနတော့ ရှိတယ်၊”လို့ ကျွန်တွေမှာ ဖြစ်တတ်တဲ့မာန
“တစ်နေ့လုပ်မှ တစ်နေ့စားရတယ်ဆိုတာ ဟုတ်ပါတယ်၊ဘာ နာစရာရှိလဲ၊ မနာပါဘူး၊အမှန်ပဲဟာ၊ နပ်မှန်အောင် မနည်းကြိုးစားနေရတာပါ၊ ဟင်းကောင်း ကောင်းဘယ်စားနိုင်မှာလဲ၊ အလုပ်ပြတ်ရင် ထမင်းငတ်မှာ စိုးတော့ အလုပ်ရှင်ကို မျက်နှာချိုသွေးနေရတာပါ။ကိုယ့်ဘ၀ကိုနားလည်တယ်၊ကိုယ့်အခြေအနေကိုသိတယ်၊ ဒါပေမယ့် အကြောင်းမဲ့သက်သက်တော့ လာမထိနဲ့၊မရဘူး၊ စားစရာမရှိပေမယ့် မာနတော့ရှိတယ်”လို့ နေ့စားအလုပ် သမားတွေမှာ ဖြစ်တတ်တဲ့ မာန
“မရှိလို့ တောင်းစားတာ ဘာဖြစ်လဲ၊ခိုးမစား ပြီးတာပဲ၊လုစားတာလဲမဟုတ်၊ခိုးစားတာလဲမဟုတ်ဘူး၊ ပေးချင်မှ ပေး၊ မပေးချင်လည်း ရတယ်၊တောင်းတယ် ဆိုတာလည်း အကြွင်းအကျန်လေးတွေကို တောင်းတာပါ၊ လွှင့်ပစ်ရမယ့်အတူတူ ပေးလိုက်ရတော့ ကုသိုလ်တောင် ရသေးတယ်၊ သဘောပြောတာပါ၊ မရှိခိုးနိုးလို့တော့ မထင်ပါနဲ့၊ မှိုချိုး မျှစ်ချိုးလည်း ပြောစရာမလိုပါဘူး၊”လို့ တောင်းစားသူတွေမှာ ဖြစ်တတ်တဲ့မာန အဲဒီလို မာနမျိုး တွေဟာ အောက်ခြေလူများရဲ့ အောက်တန်းမာနတွေ ဖြစ်ပါတယ်။
ဒါကြောင့် မာနတွေဟာ
၁။အထက်တန်းစားလူ အထက်တန်းမာန
၂။ ။ အလတ်တန်းမာန
၃။ ။ အောက်တန်းမာန
၎။အလတ်တန်းစားလူ အထက်တန်းမာန
၅။ ။ အလတ်တန်းမာန
၆။ ။ အောက်တန်းမာန
၇။အောက်ခြေတန်းလူ အထက်တန်းမာန
၈။ ။ အလတ်တန်းမာန
၉။ ။ အောက်ခြေမာန
လို့ (၉)မျိုးရှိလာရတာပါ။
အဲဒီ(၉)မျိုးထဲက--
၁။အထက်တန်းလူရဲ့ အထက်တန်းမာန
၂။အလတ်တန်းလူရဲ့ အလတ်တန်းမာန
၃။အောက်ခြေတန်းရဲ့ အောက်ခြေတန်းမာန (၃)မျိုးကို အမှန်အကန်မာန၊ မလွဲမာန၊ယာထာဝမာနလို့ ခေါ်ပါတယ်။ မာနထားတာမှန်တယ်၊ ဟုတ်တယ်၊ ထားရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊အခြေအနေအမှန်အတိုင်း ဖြစ်ပေါ်တဲ့ မာနလို့ ဆိုလိုတာပါ။ ဒီမာနမျိုးတွေဟာ တော်တော်နဲ့ မပျောက်ပါဘူး၊ သောတာပန် သကဒါဂါမ် အနာဂါမ် အရိယာတွေမှာတောင်ရှိသေးတာဆိုတော့ ပုထုဇဉ်ဆိုရင် ပြောစရာတောင် မလိုပါဘူး၊ အဲဒီ မာနသုံးမျိုးဟာ အရဟတ္တမဂ်နဲ့သတ်လိုက်မှသာ လုံးဝ ပြတ်သွားတာပါ။
ကျန်တဲ့မာနခြောက်မျိုးကိုတော့ မမှန်မကန်မာန၊ အလွဲမာန၊အယာထာဝမာနလို့ ခေါ်ပါတယ်၊အဲဒီမာနတွေက သောတာပန်အရိယာဖြစ်တာနဲ့တင် မရှိတော့ မဖြစ်တော့ ပါဘူး၊သောတာပတ္တိမဂ်က အသေသတ်လိုက်လို့ပါ။
တခြားမာနဖြစ်ပုံ အမျိုးမျိုးလည်း ရှိပါသေးတယ်၊ အဲဒါတွေကတော့-
“သူလည်း လူ၊ ကိုယ်လည်း လူ၊ ဘာမှ အောက်ကျို့စရာမလိုဘူး၊”လို့ ဇာတ်ကိုအကြောင်းပြုပြီး တော့လည်း မာနဖြစ်တတ်ပါတယ်။ (ဇာတိ)
“အမျိုးချင်း လာမယှဉ်နဲ့၊တို့က ဆွေကြီးမျိုးကြီး တွေ၊အဖေဘက် အမေဘက် အပြစ်တစ်စက်မှမရှိတဲ့ အမျိုးကွ နားလည်းလား”လို့ အမျိုးအနွယ်ကို အကြောင်း ပြုပြီးတော့လည်း မာနဖြစ်တတ်ပါတယ်။ (ဂေါတ္တ)
“ငါတို့က သန့်သန့်လေးနေတာ၊ကိုယ့်သိက္ခာနဲ့ကိုယ်နေတာ၊သူများကို စော်ကားဖို့နေနေသာသာ စိတ်နဲ့ တောင် ပြစ်မှားတာမရှိဘူး၊သူများနဲ့ယှဉ်မပြောနဲ့၊ မကြိုက် ဘူး”လို့ ကောင်းမွန်တဲ့ အနေအထားကို အကြောင်း ပြုပြီးတော့လည်း မာနဖြစ်တတ်ပါတယ်။ (ကောလပုတ္တိယ)
“အနူလက်နဲ့ ရွှေခွက်ကိုမှ မှန်းချင်ကြတယ်၊ ရုပ်ရည်ချင်းဒီလောက်ကွာခြားနေတာ၊အမဲရိုးနှယ် ဟင်းအိုးမှ အားမနာဘူး”လို့ အဆင်းလှပတာကို အကြောင်းပြုပြီး တော့လည်း မာနဖြစ်တတ်ပါတယ်။(၀ဏ္ဏပေါက္ခရတာ)
“ရုပ်လှတာ ထမင်းဝတာမဟုတ်ဘူး၊ပစ္စည်း ဥစ္စာချမ်းသာမှ လိုချင်တာရမှာ၊ငါတို့က ချမ်းသာတာဆို တော့ ရုပ်လှတာလိုချင်လား ရတယ်၊ပညာတတ်တာ လိုချင်လား ရတယ်၊” ဥစ္စာဓနကို အကြောင်းပြုပြီးတော့ လည်း မာနဖြစ်တတ်ပါတယ်။ (ဓန)
“ငါတို့က ပါးစပ်ကို တန်ဖိုးရှိရှိ အသုံးချတယ်၊ အကျိုးမရှိတဲ့စကားတွေကို အချိန်ကုန်ခံ လေကုန်ခံပြီး ပြောမနေဘူး၊ဆဲတာဆိုတာ လိမ်တာညာတာတွေကို ပြောဆိုဖို့ ဆိုတာ အဝေးကြီး၊အချိန်ရတိုင်း ရွတ်ဖတ် သရဇ္ဈာယ်နေတာ၊ဂုဏ်တော်တွေကို ရွတ်တယ်၊ ပရိတ် တွေကို ရွတ်တယ်၊ ပဌာန်းတွေကို ရွတ်တယ်၊ ဒါ ကြောင့် မင်းတို့ထက် ငါတို့က အများကြီးသာတယ်၊” လို့ ရွတ်ဖတ်သရဇ္ဈာယ်မှုကို အကြေင်းပြုပြီးတော့လည်း မာနဖြစ်တတ်ပါတယ်။ (အဇ္ဈေန)
“ငါတို့ အခုလို နေထိုင်စားသောက်နေရတာ ကံကောင်းလို့ကွ၊ရှေးရှေးဘ၀က မင်းတို့ထက် ငါတို့က ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တယ်၊ဒါကြောင့် မင်းတို့က ငါတို့ကို မယှဉ်နိုင်တာ၊ကံ ကံ၊ဒီကံကြောင့် ငါတို့ လက်မ ထောင်နိုင်တာ”လို့ ကံကို အကြောင်းပြုပြီးတော့လည်း မာနဖြစ်တတ်ပါတယ်။ (ကမ္မာယတန)
“ငါတို့က ဘယ်ရောက်ရောက် ထမင်း မငတ် ဘူးကွ၊ဘာဖြစ်လို့လဲဆိုတော့ ငါတို့က ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်တတ်တယ်၊လက်သမားဆိုလည်း ရတယ်၊ပန်းရံ ဆိုလည်း ရတယ်၊အကြော် အလှော် အချက် အပြုပ် အကုန် ရတယ်၊ဒါကြောင့် ငါတို့က ပစ်တိုင်းထောင်ကွ” လို့ သက်မွေးဝမ်းကျောင်းအတတ်ကို အကြောင်းပြုပြီးတော့ လည်း မာနဖြစ်တတ်ပါတယ်။ (သိပ္ပါယတန)
“ငါတို့က ဥထ်သမိ့ ညငလနမျငအပ မှာ ပညာသင်ခဲ့ တာ၊ ငါတို့က ဗာရာဏသီမှာ ပညာသင်ခဲ့တာ၊ဘာထင်လို့ လဲ”လို့ ပညာသင်ရာဌာနကို အကြောင်းပြုပြီးတော့လည်း မာနဖြစ်တတ်ပါတယ်။ (၀ိဇ္ဇာဌာန)
“ငါတို့က မျက်စိဖွင့် နားစွင့်ပြီး လေ့လာမှတ် သားတယ်၊စာဖတ်တယ်၊ဆွေးနွေးတယ်၊မေးမြန်းတယ်၊ အဲဒီတော့ ဗဟုသုတကြွယ်တာပေါ့ ၊ဘာအကြေင်းအရာ ဖြစ်ဖြစ် ငါမသိတာမရှိဘူး၊အကုန်သိတယ်”လို့ ဗဟုသုတ ရှိတာကို အကြောင်းပြုပြီးတော့လည်း မာနဖြစ်တတ်ပါ တယ်။ (သုတ)
“ငါတို့က ချက်ဆို နားခွက်က မီးတောက်တယ်၊ အရပ်ပြရင် အကောင်ထင်တယ်၊ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာကိုသိတယ်၊ ငါ့ကို ငတုံးလို့ မထင်နဲ့၊ ငါတို့ ဥာဏ်က လှစ်လှစ်ကလေး၊မှတ်ထား”လို့ ဥာဏ်ပညာကို အကြောင်းပြုပြီးတော့လည်း မာနဖြစ်တတ် ပါတယ်။ (ပဋိဘာန)
“ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ၊စားချင် ရာစား၊ဘာမှ မဖြစ်ဘူး၊သွေးတိုးမရှိလို့ အငန်လည်း ရှောင်စရာမလိုဘူး၊ဆီးချိုမရှိလို့ အချိုလည်း ရှောင်စရာ မလိုဘူး၊အညောင်းအညာမရှိလို့ တက်စာလည်း ရှောင် စရာမလိုဘူး၊အဆင်ကို ပြေနေတာပဲ”လို့ ကျန်းမာရေး ကောင်းတာကို အကြောင်းပြုပြီးတော့လည်း မာနဖြစ်တတ် ပါတယ်။ (အာရောဂျ)
“ငါက သူငယ်နှပ်စားအရွယ် မဟုတ်တော့ဘူး၊ ဘာမှ လာမဆုံးမနဲ့” “မင်းတို့က ငါ့ကို အဖိုးကြီးဆိုပြီး အထင်သေးတာပေါ့ ဟုတ်လား၊နွားပျိုသန် နွားအိုပေါင်ကျိုး ဆိုတာ မကြားဖူးဘူးလား” လို့ အရွယ်ကိုအကြောင်းပြု
ပြီးတော့လည်း မာနဖြစ်တတ်ပါတယ်။(ယောဗ္ဗန)
“ဟေ့ ငါ မသေသေးဘူး၊ဘယ်သူမှ အမွေ စကားလာမပြောနဲ့၊ ငါသေမှ မင်းတို့ လုပ်ချင်သလိုလုပ်၊ ငါအသက်ရှင်နေသမျှတော့ ဘာတစ်မှ စိတ်မကူးနဲ့”လို့ အသက်ရှင်နေတာကို အကြောင်းပြုပြီးတော့လည်း မာန ဖြစ်တတ်ပါတယ်။ (ဇီဝိတ)
ဒိပြင် အကြောင်းတစ်မျိုးမျိုး (အစားကောင်း ကောင်း စားနေရတဲ့အခါ ၊ အ၀တ်ကောင်းကောင်း ၀တ်နေ ရတဲ့အခါ ၊ လိုင်းကားစီးရာကနေ အငှားကားစီးသွားရတဲ့ အခါ ၊ အငှားကားစီးသွားရာကနေ ကိုယ်ပိုင်ကားစီးပြီး သွားရတဲ့အခါ ၊ အဆင့်တစ်နဲ့ စာမေးပွဲအောင်တဲ့အခါ ) ကြောင့်လည်း မာနဖြစ်တတ်ပါတယ်။ (အညတရညတရ)
ဒါကြောင့် လူအမျိုးမျိုးမှာ မာနဖြစ်နိုင်ပါတယ်။အခြေအနေအမျိုးမျိုးမှာ မာနဖြစ်နိုင်ပါတယ်။နေရာမရွေး မာနဖြစ်နိုင်ပါတယ်။အချိန်မရွေး မာနဖြစ်နိုင်ပါတယ်။အရွယ် မရွေး မာနဖြစ်နိုင်ပါတယ်။

Read more...

လူ့ တံခွန်

အမေဟာ အမေဖြစ်သလို အဖေဟာ အဖေပါပဲ။
အရှင်ဝိမလကောဏ္ဍညမထေရ်ရဲ့ ခမည်းတော် (ဖခင်)ဟာ ဗိမ္ဗိသာရမင်းပါ။ ဒါကို မထေရ်က အ၀တ် ဖြူကို တံခွန်တင်ထားသော လူ့တံခွန် လူ့ထိပ် အဘိသိက်ခံ မင်းသည် မိမိ၏ ခမည်းတော်ဖြစ်သည်။လို့ မိန့်ကြား တော်မူထားပါတယ်။
ရှေးခေတ် မင်းမြှောက်တန်ဆာဖြစ်တဲ့-
၁။ သန်လျက်
၂။ ထီးဖြူ
၃။ သင်းကျစ်
၎။ ရွှေခြေနင်း
၅။ သားမြီးယပ်
ငါးမျိုးထဲမှာ ထီးဖြူပါပါတယ်။
ဘုရား တရား သံဃာကလွဲရင် လူသားထဲမှာ ထီးဖြူဆောင်းခွင့်ရှိတာ ရှင်ဘုရင်(မင်း)ဖြစ်ပါတယ်။ဒါကြောင့် ဘုရင်ကို တံခွန်ဖြူလွှင့်တင်ထားတဲ့လူသား လို့ ခေါ်တာပါ။ လူ သန်းပေါင်းများစွာရှိတဲ့အထဲကမှ တစ်ယောက်သာ ဆောင်းခွင့်ရှိတယ်ဆိုတော့ သိပ်ကို ထူးခြားတာပေါ့။ မျက်မှောက်ခေတ်အနေအထားအရ ထီးဖြူဆောင်းတဲ့ ဘုရင်ပဲဖြစ်ဖြစ်၊ ထီးဖြူမဆောင်းတဲ့ မင်းပဲ ဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံရဲ့ အာဏာအရှိဆုံးပုဂ္ဂိုလ်ဆိုတာ တစ်ယောက်ပဲရှိတာပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာလည်း ဥပစာ သဘောအရ ထီးဖြူဆောင်းသူပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံရဲ့ လူသားထဲမှာတော့ ထိပ်ဆုံးက ရပ်တည်နေရတဲ့သူပါ။ ဒါကြောင့် လူတံခွန်လို့ သညာ တပ်လိုက်တာပါ။ဒါ့အပြင် နိုင်ငံကို အစိုးရသူ ၊ ပြည်ပိုင် အစိုးရမင်း ၊ ရေ မြေကို အစိုးရသူ ၊ လူတို့၏ အကြီးအကဲ၊ ရေ မြေကို စောင့်ရှောက်သူ လို့ နာမည်အမျိုးမျိုးနဲ့ ခေါ်တွင်ခဲ့ပါတယ်။
လူသားချင်းတူပေမယ့် အများနဲ့ မတူတာ ဘုရင်(မင်း)ပါ။နေရာထိုင်ရာမှာလည်း ကြီးကျယ်ခန်းနားလှ တဲ့ နန်းတော် အဆောက်အအုံတွေနဲ့ နေထိုင်တာပါ။ အစောင့်အရှောက်တွေ အထပ်ထပ်၊ ပြုစု လုပ်ကျွေးသူတွေ အများအပြား၊ ခန်းမဆောင်တွေ အသွယ်သွယ်၊ ဘဏ္ဍာ ငွေကြေး အပြည့်အစုံနဲ့ နေရတာပါ။ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ ပြောရလောက်အောင် မိန့်ကြားသမျှတွေကို ဆောင်ရွက်ပေးမယ့် အဆင့်အတန်းအမျိုးမျိုးနဲ့ တာဝန်ပေး ထားတဲ့ ပုဂ္ဂိုလ်တွေကလည်း အဆင်သင့် ၀န်းရံပြီး နေရ တာပါ။ဒါကြောင့် ငါ့လိုလူ ဇမ္ဗူမှာရှား လို့ ၀င့်ကားနိုင် လောက်အောင် လူတွေရဲ့အပေါ်မှာ ရပ်တည်နိုင်တဲ့ ပုဂ္ဂိုလ် မျိုး ဖြစ်ပါတယ်။
ဘုရင်ကို မဆိုထားနဲ့ ဘုရင်နဲ့ ဆွေမျိုးတော်စပ် ရပ်ပဲဖြစ်ဖြစ်၊ ဘုရင်ရဲ့ အနီးနားမှာ တာဝန်ထမ်းဆောင်ခွင့် ရရင်ပဲဖြစ်ဖြစ်၊ ဘုရင်နဲ့ ရင်းနှီးကျွမ်းဝင်ရရင်ပဲဖြစ်ဖြစ် ဂုဏ်ယူဝင့်ကားကြပါတယ်။ တစ်ချို့ ဘုရင်နဲ့ ဆွေမျိုးတော် စပ်သူ အနီးကပ်တာဝန်ထမ်းသူ ပညာသင်ဘက် ရင်းနှီးသူ တွေဟာ ဘုရင်ထက်ပိုပြီး ဒါမှမဟုတ် ဘုရင်လောက်နီးနီး ဂုဏ်တွေမောက်ကြလို့ စိန်နားကပ်ရောင်နဲ့ ပါးပြောင် နေတဲ့သူတွေဆိုပြီး သမုတ်ခံကြရတယ်။ ပါးက ပြောင်ရုံပဲ ပြောင်တယ်ဆိုရင် တော်သေးတယ်။ ပါးပြောင်ရုံမကပဲ ပြောင်ရုံထက်ပိုပြီး ယောင်လာလို့ကတော့ ဘေးတွေ့ဖို့ နီးစပ်လာပြီ။
အရှင်ဝိမလကောဏ္ဍညမထေရ်ကတော့ ရှေးရှေးထဲက အဖေကို အဖေလို့ပဲ သဘောထားခဲ့တာပါ။ ကလေးအရွယ်မှာတော့ အဖေက ငါတို့နဲ့ ဘာဖြစ်လို့ အတူမနေတာလဲဆိုတဲ့ အတွေးမျိုး ၀င်မိနိုင်ပြီး စိတ်ဆိုး ချင်လည်း ဆိုးနိုင်ပါတယ်။ ငါတို့အဖေက ဘုရင်ကြီးကွ ဆိုပြီး မာနစိတ် ကြီးကြီးမားမား ၀င်မယ်ဆိုရင် ၀င်နိုင် ပါတယ်။ဒါပေမယ့် မိခင်ရဲ့ သွန်သင်မှု ၊ ပင်ကိုယ်ဗီဇရဲ့ ထက်မြက်မှုတွေကြောင့် နောက်ပိုင်းမှာ လွန်လွန်ကဲကဲ စိတ်ဆိုးတာ၊ လွန်လွန်ကဲကဲ မာနတက်တာမျိုးတွေ မဖြစ်ပေါ်လောက်ပါဘူး။
မာနဖြစ်သင့်တဲ့ အခြေအနေရှိလို့ မာနဖြစ်တာကို အများစုက အပြစ်လို့မမြင်ကြပါဘူး။ ပြောသမျှ ပြီးနေ တော့လည်း မာနကြီးမှာပေါ့လေဆိုပြီးခွင့်လွှတ် တတ်ကြ ပါတယ်။ အခြေအမြစ် မရှိ အခြောက်တိုက် မာန ဖြစ်နေ တာကိုတော့ ဒီလူက ဘာမို့လို့ မာနတွေ ဒီလောက် ကြီးနေရတာလည်းလို့ ကဲ့ရဲ့ကြပါတယ်။

Read more...

အမေဟာ အမေပါ

အရဟန္တဓာတ် ကိန်းဝပ်တော်မူသွားတဲ့ အရှင် ၀ိမလကောဏ္ဍညမထေရ်ဟာ သူ့ဘ၀ဖြစ်စဉ်အကျဉ်း လို့ပဲပြောပြော၊သူ့ရဲ့ဟောကြားချက်တရားလို့ပဲ ဆိုဆို၊ သူရဲ့ ရဲ၇ဲတောက် ဖွင့်ဟ၀န်ခံချက်လို့ပဲ သုံးသုံး ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း မိန့်ကြားသွားခဲ့တာပါ။

မိမိသည်သရက်ပင်ကို အစွဲပြု၍ ခေါ်ဝေါ်အပ်သော မိခင်၏ ၀မ်းတွင်း၌ သန္ဓေ တည် ဖွားမြင်ခဲ့သူ ဖြစ်ပါသည်။အ၀တ်ဖြူကို တံခွန်တင်ထားသော လူ့တံခွန် လူ့ထိပ် အဘိသိက်ခံ မင်းသည် မိမိ၏ ဖခမည်းတော် ဖြစ်ပါသည်။ယခုအချိန်၌ မိမိသည် မောက်မာ ထောင်လွှားတတ်သည့် မာနတံခွန်ကို အပြီးတိုင် ရုပ်သိမ်း ချထားပြီးဖြစ်ပါသည်။အရိယာတို့၏ ဥစ္စာဖြစ်သော ပညာတံခွန်ကို လွှင့်တင်လျက်သာ နေသူဖြစ်ပါသည်။ မဟာ ကေတုခေါ် ကိလေသာတံခွန်ကို အကင်းမဲ့ ချေဖျက်ပြီးဖြစ်ပါသည်။ ဤသည်မှာ မိမိ၏ ဘ၀အကြောင်း တစ်စိတ်တဒေသပင် ဖြစ်ပါတော့သည်။

အမေဟာ အမေပါ
အရှင်ဝိမလကောဏ္ဍည မထေရ်မြတ်ဟာ ပထမဆုံး မိခင်ရဲ့ မျိုးရိုးဇာတိကို ထုတ်ဖော်မိန့်ကြားလိုက် ပါတယ်။သရက်ပင်ခွကြား၌ ဖြစ်ပေါ်လာရသောကြောင့်သရက်ပင်ကို အစွဲပြု၍ အမ္ဗပါလီမည်သော မိခင်၏ ၀မ်းတွင်း၌ သန္ဓေတည်လျက် မွေးဖွားကြီးပြင်းလာရသူ ဖြစ်ပါသည် တဲ့။
လူတော်တော်များများဟာ အမျိုးဇာတ်ကို အရေးထားကြပါတယ်။အမျိုးဇာတ်နှင့် မာန်ဝင့်ကြပါတယ်။ အမျိုးဇာတ်ကို အမွှမ်းတင်ကြပါတယ်။ အမျိုးဇာတ် ညံ့တာ ကို ကဲ့ရဲ့ကြပါတယ်။ အမနာပပြောကြပါတယ်။ဒါကြောင့် တစ်ချို့ အမျိုးညံ့သူလို့ သတ်မှတ်ခံထားရသူများဟာ ကိုယ့် မျိုးရိုးကို လူကြားသူကြားထဲမှာ ထုတ်ဖော်မပြောရဲကြပါဘူး၊ လူအများသိသွားမှာကို မလိုလားကြပါဘူး။ထိတ်လန့် ကြောက်ရွံ့ ကြပါတယ်။
အရှင်ဝိမလကောဏ္ဍညမထေရ်ဟာ မိခင်ဖြစ်သူ ရဲ့ ဇာစ်မြစ်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်လိုက်ပါတယ်။ ရဟန္တာ ဖြစ်သွားလို့ ချီးမွမ်းမှု ကဲ့ရဲ့မှုတွေကို မတုန်လှုပ်တော့ တာလည်းတစ်ကြောင်းပါ၊ ဘယ်လိုအခြေအနေမျိုးပဲရှိရှိ ကိုယ့်မိခင်ရဲ့ အမည်နာမ မျိုးရိုးဇာတိတွေကို ဂုဏ်ယူ ၀င့်ကားစွာ ထုတ်ဖော်ပေးကြပါလို့ နမူနာ စံပြဖြစ်စေချင် တာလည်းတစ်ကြောင်း ပါနိုင်ပါတယ်။
အရှင်ဝိမလကောဏ္ဍညမထေရ်ရယ်လို့ မဖြစ်ခင် ၀ိမလမင်းသားဘ၀မှာထဲက မိခင်ကို လေးစားမြတ်နိုးခဲ့ တာပါ။ချစ်ခင်အားကိုးခဲ့တာပါ။မောပန်းနွမ်းနယ်လာရင် မှေးစက်ခိုနားရာအဖြစ်၊ဆာလောင်မွပ်သိပ်လာရင် ဆာလောင်မှုကို ဖြေဖျောက်ပေးသူအဖြစ်၊မကျန်းမမာ ဖြစ်လာရင် ဆေးကုပေးသူအဖြစ်၊ပြဿနာတစ်ခုဖြစ်လာရင် ဖြေရှင်းပေးသူအဖြစ်၊နားမလည်လို့ မေးမြန်းလာရင် ဗဟု သုတပေးသူအဖြစ် အစစအရာရာ ဖြည့်ဆည်းပေးခဲ့လို့ လည်း ကျေးဇူးရှင်အစစ်လို့ မှတ်ယူထားခဲ့တာပါ။
ဘယ်သူပဲဖြစ်ဖြစ် အမေ(အဖေ)နဲ့ သား (သမီး) ကားမှာ ဘာဂုဏ်ဒြပ်မှ မခြားသင့်ပါဘူး။
တခြားသူတွေအတွက် မျိုးရိုးညံ့သူ ဖြစ်ပါစေ သား(သမီး)အတွက်တော့ အမေဟာ အမေပါပဲ။
အလုပ်ရှင်အတွက် အလုပ်သမဖြစ်ပါစေ သား (သမီး)အတွက်တော့ အမေဟာ အမေပါပဲ။
ဧည့်သည်အတွက် ပြည့်တန်ဆာဖြစ်ပါစေ သား (သမီး)အတွက်တော့ အမေဟာ အမေပါပဲ။
တရားရုံးအတွက် တရားခံဖြစ်ပါစေ သား(သမီး) အတွက်တော့ အမေဟာ အမေပါပဲ။
လင်ယောက်ျားမရှိ ကွယ်လွန်^ကွဲကွာနေလို့ မုဆိုးမ^တစ်ခုလပ်ဖြစ်ပါစေ သား(သမီး)အတွက်တော့ အမေဟာ အမေပါပဲ။
တိုင်းပြည်အုပ်ချုပ်ရတဲ့ သမ္မတ ၀န်ကြီးချုပ် ဖြစ်ပါစေ သား(သမီး)အတွက်တော့ အမေဟာ အမေပါပဲ။
သား(သမီး)ဟာ အမေကို အမျိုးညံ့သူ(ဖြစ်ဦး တော့) မမြင်ရပါဘူး။
သား(သမီး)ဟာ အမေကို ပြည့်တန်ဆာလို့ (ဖြစ် ဦးတော့) မမြင်ရပါဘူး။
သား(သမီး)ဟာ အမေကို တရားခံလို့ (ဖြစ်ဦးတော့) မမြင်ရပါဘူး။
သား(သမီး)ဟာ အမေကို မုဆိုးမတစ်ခုလပ်လို့ (ဖြစ်ဦးတော့) မမြင်ရပါဘူး။
သား(သမီး)ဟာ အမေကို သမ္မတ ၀န်ကြီးချုပ် လို့ (ဖြစ်ဦးတော့) မမြင်ရပါဘူး။
သားက အမေကိုအမေလို့မြင်ရသလို အမေ ကလည်း သားကို သားလို့ပဲ မြင်ရမှာပါ။
ငါ့သားက သူဌေးဟဲ့၊ ငါ့သားကတော့ ငမွဲပဲ၊ ငါ့သားက ပညာတတ်ဟဲ့၊ ငါ့သားကတော့ ပညာမဲ့ပဲ၊ ငါ့သားက အရာရှိကြီးဟဲ့၊ ငါ့သားကတော့ ခိုင်းဖတ်ပဲ၊ ဆိုတဲ့ အမြင်မျိုးတွေတစ်ခုမှ မမြင်ရပါဘူး။
ဒါဆိုရင် သားနဲ့ အမေကြားမှာ အဆီးအတား အားလုံး ပျောက်ကွယ်သွားပြီး တစ်စိတ်တစ်ဝမ်းထဲ ဖြစ်သွားပါတယ်။ အမ္ဗပါလီနဲ့ ၀ိမလမင်းသားတို့ သားအမိ ဟာ အဲဒီလို သားအမိဖြစ်ပါတယ်။
ဒါက သားနဲ့အမေအဖြစ် တည်ရှိစဉ်အခါက အပြန်အလှန်စိတ်ဓာတ်ဖြစ်ပါတယ်။
ဝိမလမင်းသား ရဟန်းဖြစ်သွားပြီးတဲ့ နောက် ပိုင်းမှာတော့ သားဟာ သားမဟုတ်တော့ပဲ ဘေးထွက် ဆိုးကျိုးမရှိတဲ့ အားဆေးတစ်မျိုးဖြစ်သွားပါတယ်။အမေဟာ အမေမဟုတ်တော့ပဲ ကျေးဇူးရှင်မယ်တော် ဖြစ်သွားပါတယ်။
အရှင်ဝိမလကောဏ္ဍညမထေရ်ဟာ ရှေးအခါ လူ့ဘ၀ရှိစဉ်ကာလကလည်း သူ့အမေ အမ္ဗပါလီကို အမေလို့ပဲ မြင်ခဲ့တဲ့သူပါ။သာသနာတော်ဝင်ရောက်ပြီး နောက်ပိုင်းမှာလည်း မယ်တော်အမ္ဗပါလီကို မယ်တော် လို့ပဲ မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ ခြားနားတာက လူ့ဘ၀ အမေလို့ပဲ မြင်စဉ်အခါက အချစ်ခေါ်တဲ့ တဏှာလောဘ စိတ်နဲ့ အမေလို့ မြင်ခဲ့တာပါ။ ရဟန်းဘ၀ရောက် ရဟန္တာဖြစ်ပြီးနောက်မှာတော့ အချစ်မပါ ကျေးဇူးရှင် အစစ်လို့သိတဲ့ ဥာဏ်ပညာနဲ့ပဲ မယ်တော်လို့မြင်ခဲ့တာပါ။ ဒါကြောင့် အမေဟာ အမေပါပဲ လို့ စံပြတစ်ခုအနေနဲ့ ဖွင့်ဟ မိန့်ကြားတော်မူလိုက်တာပါ။
သားသမီးတိုင်း အမေဆိုတာရှိကြပါတယ်။ ဒါပေ မယ့် အမေတွေဟာ အသက်မွေးဝမ်းကျောင်းပြုတာချင်း တော့ မတူကြပါဘူး၊ ဆင်းရဲချမ်းသာချင်းတော့ မတူကြပါ ဘူး၊ မျိုးရိုးဗီဇ မတူကြပါဘူး။အသိပညာ မတူကြပါဘူး၊ တူတာကတော့ သားသမီးတွေအပေါ်မှာ စူးစူးရှရှချစ်တာပါ ၊ မတူတာကို ဖယ်ထားပြီး တူတာကိုပဲ ယူလိုက် မယ်ဆိုရင် အမေဟာ အမေပါပဲဆိုတာ ပေါ်လွင်လှ ပါတယ်။
အမေကြောင့် သားမှာ ဂုဏ်ငယ်စရာ၊နိမ့်ကျ စရာ မရှိပါဘူး၊သားဖြစ်သူကလည်း အမေကြောင့် ငါ ဂုဏ်ငယ်ရတယ် အတွေးမျိုး လုံးဝမ၀င်ရပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမေဟာ အမေဖြစ်လို့ပါ
တကယ်တော့လည်း“ အမေဟာ အမေပါ ပဲလေ”

Read more...

Wednesday, November 18, 2009

အမေနဲ့ တူတဲ့အမေ

အမ္ဗပါလီဆိုတာ ဝေသာပြည်မှာတော့ ကျော် ကြားသူတစ်ယောက်ဖြစ်ပါတယ်။သက်မွေးဝမ်းကျောင်းက ပြည့်တန်ဆာပါ။ ပြည့်တန်ဆာဖြစ်နေလို့ ကျော်ကြားတာ မဟုတ်ပါဘူး။သရက်ပင်ခွကြားကနေ လူဖြစ်လာတာရယ်၊ ရုပ်ရည် ချောမော လှပတာရယ်၊ ယဉ်ကျေးသိမ်မွေ့ တာရယ်၊ ရတနာသုံးပါးကို ကိုင်းရှိုင်းတာရယ်တွေ ကြောင့်ပါ။ ရှေးဘ၀ တစ်ခုတုန်းက ရဟန္တာထေရီမ တစ်ပါးကို ပြည့်တန်ဆာမ လို့ ဆဲရေးခဲ့ဖူးတဲ့ အတိတ်ကံ ကြောင့်သာ ပြည့်တန်ဆာ ဖြစ်နေရပေမယ့် ကိုယ်အမူအရာ နှုတ်အမူအရာ မကြမ်း တမ်းပါဘူး။နေထိုင်တာလည်း ထည်ထည်ဝါ၀ါ ခံ့ခံ့ ညားညား နေထိုင်ပါတယ်။ဒါကြောင့်လည်း အမ္ဗပါလီဆီကို ရောက်တာတဲ့ ဧည့်သည် ဆိုတာ သာမန်ပုဂ္ဂိုလ်တွေ အလွန် နည်းပါးပါလိမ့်မယ်။ ရှင်ဘုရင်တွေ မှူးကြီး မတ်ကြီးတွေ သူဌေးသူကယ်တွေ အခါအားလျော်စွာ ရောက်လာတတ်ပါ တယ်။အမ္ဗပါလီဟာ မိခင်စိတ်ဓာတ်အပြည့်အ၀ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။မိခင်စိတ်ရှိလို့လည်း သားသမီးရချင် လိုချင်ပါတယ်။ သက်မွေးဝမ်းကျောင်းအရ သားသမီး မယူသင့်သော်လည်း မိခင်စိတ်ကို တားဆီးလို့ မရခဲ့ပါဘူး။ဒါကြောင့် သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ရအောင် ယူမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
သား သမီးယူမယ်ဆိုရင် ရင်သွေးရဲ့ ဖခင်ဖြစ် မယ့်သူကို ရွေးချယ်ရပါလိမ့်မယ်။ ကလေးရဲ့ ဖခင် ဘယ်သူ ဖြစ်သင့်လဲပေါ့။
ပြည့်တန်ဆာကမွေးတဲ့ သားသမီးဆိုရင် လူတွေက အထင်သေးကြမှာ၊မိခင်ဆိုတာ ကိုယ့်ကို ဘယ်လိုပြောပြော သည်းခံနိုင်ပေမယ့် သားသမီးကို ပြောဆိုထိပါးလာမယ်ဆိုရင် သည်းမခံနိုင်ကြပါဘူး။သားသမီးကို ချစ်တဲ့စိတ်ဓာတ်ဟာ သတ္တိအဖြစ်ပြောင်းလဲ သွားပြီး အရာရာကို ရင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်။ ဒါကြောင့် မိခင်ဘက်က ချွတ်ယွင်းချက် အားနည်းချက် နောက် အမ္ဗပါလီဆီကို ဗိမ္ဗိသာရမင်း အထူးဧည့်သည် အဖြစ်ရောက်လာတဲ့အခါမှာ အဗ္ဗပါလီဟာ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပါတယ်။ ငါ့ရင်သွေးရဲ့ ဖခင်ဟာ ဗိမ္ဗိသာရမင်း ဖြစ်စေရမယ်တဲ့။
အမ္ဗပါလီဟာ ရင်သွေးကိုချစ်တဲ့စိတ် ဘေးမသီ ရန်မခစေလိုတဲ့စိတ် ပြင်းပြင်းပြပြရှိခဲ့ပါတယ်။ဒါ့ကြောင့် ဘယ်လိုဧည့်သည်မျိုးပဲ ရောက်လာရောက်လာ လက်မခံ တော့ဘဲ ၀မ်းတွင်းမှာရှိနေတဲ့ ရင်သွေးကိုသာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါတယ်။ အသွားအလာ အနေအထိုင် အစား အသောက် အရာအားလုံးမှာ ရင်သွေးအတွက် အထောက်အကူဖြစ်မှာလား၊ အန္တရာယ်ဖြစ်မှာလားလို့ သုံးသပ်ပြီးမှသာ အန္တရာယ်ဖြစ်လိမ့်မယ်လို့ယူဆမိခဲ့ရင် ရှောင်ရှားလိုက်ပါတယ်။ အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆမိခဲ့ရင် ပြုလုပ်ပါတယ်။ ရင်သွေးနဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေကိုလည်း အတွေ့အကြုံရှိတဲ့သူ သိနားလည်သူတွေဆီကို သွားရောက်ပြီး မေးမြန်း မှတ်သားပါတယ်။
တစ်ချို့ကလည်း ဧည့်သည်အလာကျဲသွားမှာကို စိုးရိမ်လို့ ရင်သွေးမယူဖို့ တားမြစ်ကြပါတယ်။တစ်ချို့ကလည်း မွေးဖွားလာတဲ့ ကလေး မျက်နှာငယ်ရမှာကို စိုးရိမ်လို့ ရင်သွေးမယူဖို့ တားမြစ်ကြ ပါတယ်။
ဒါပေမယ့် အမ္ဗပါလီဟာ မိခင်စိတ်အပြည့်အ၀နဲ့ပဲ အခက်အခဲ အတားအဆီး အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ ပါတယ်။
သားယောက်ျားလေး ဖွားမြင်ပါတယ်။အနှောက် အယှက် ဘာတစ်ခုမျှ မရှိရလေအောင် ၀ိမလလို့ နာမည် ပေးလိုက်တာပါ။မောင်စင်ကြယ်လို့ ခေါ်နိုင် ပါတယ်။
အင်္ဂါပြည့်ပြည့်စုံစုံ အန္တရာယ်ကင်းကင်း ဖွားမြင် ပြီးပေမယ့် မိခင်တစ်ယောက်ရဲ့တာဝန် မပြီးဆုံးသေးပါဘူး။ နိဒါန်းပြီးလို့ စာကိုယ် စ့  ရုံရှိပါသေးတယ်။
သားလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများ မထိခိုက် မနာမကျင် ဖြစ်စေရေး၊ ဖွံ့ဖြိုး ကြီးထွားစေရေး တို့ဟာ သိပ်ကို များပြားလှပါတယ်။ အဓိကအားဖြင့်တော့ စိတ်အနာ မဖြစ်ပေါ်ရေး ဖြစ်ပါတယ်။ ရုပ်အနာဆို တာက မြင်သာပေမယ့် စိတ်အနာဆိုတာက မမြင်နိုင်ပါဘူး။ ဖြစ်နေလို့လည်း ဖြစ်နေမှန်း မသိသာပါဘူး။ ဖြစ်လာရင် လည်း ကုသရ ခက်ခဲပါတယ်။ ဒါကြောင့် မဖြစ်ပေါ်ခင်ထဲက စောင့်ရှောက်တာ အကောင်းဆုံးဖြစ်ပါတယ်။
သားသမီးတွေရဲ့ “စိတ်အနာ”တွေထဲမှာလည်း (အဖေမဲ့ အနာ) (အမေမဲ့ အနာ)(အဖေအမေမဲ့ အနာ) တွေဟာ အဆိုးဆုံး “စိတ်အနာ”တွေဖြစ်ပါတယ်။ အဲဒီအထဲ မှာလည်း မိဘနှစ်ပါး ကွဲနေလို့ (လက်ညှိုးထိုး ပြစရာရှိတဲ့) အဖေမဲ့အမေမဲ့အနာနဲ့ ဘယ်သူဘယ်ဝါပါလို့ (လက်ညှိုးထိုး ပြစရာမရှိတဲ့) အဖေမဲ့အမေမဲ့ အနာ-လို့ ရှိပြန်ပါတယ်။
လက်ညှိုးထိုးပြစရာရှိတဲ့ အဖေအမေမဲ့ အနာ မျိုးဆိုတာ အတူနေမိခင်^ဖခင်၊ အဘိုးအဘွား၊ဦးလေး အဒေါ်တွေက အထိန်းအကျောင်းကောင်းတယ်ဆိုရင် စိတ်အနာ မပေါ်လာတတ်ပါဘူး။ အထိန်းအကျောင်း မကောင်းရင်တော့ ပေါ်လာတတ်ပါတယ်။
လက်ညှိုးထိုးပြစရာ မရှိတဲ့ အဖေအမေမဲ့ အနာ မျိုးဆိုတာက အနာမဖြစ်ပေါ်အောင်လုပ်ဖို့ ခက်ခဲပါတယ်။ သက်သာအောင် အားတက်အောင်လောက်သာ လုပ်ပေး နိုင်တာပါ။
ဒီသဘောကို သိနေတဲ့ အမ္ဗပါလီ၊ ကြိုတင်ပြင်ဆင် ထားတဲ့ အမ္ဗပါလီဟာ သူ့သား ၀ိမလကို စိတ်အနာမဖြစ်စေရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ငါ့သား သားရဲ့ ဖခင်ဟာ မာဂဓတိုင်းကို အစိုးရ ပြီး ရာဇဂြိုဟ်နေပြည်တော်မှာ ထီးနန်းစံနေတဲ့ ဗိမ္ဗိသာရ မင်းကြီးပဲ၊ဒီတော့ သားဟာ တော်ဝင်သွေးတစ်ဝင်ပါတဲ့ သားပေါ့ ၊ သားမှာ အဖေရှိတယ် အမေရှိတယ်၊ဒါပေမယ့် အဖေနဲ့မှ အတူမနေရတာဆိုပြီး ဘာမှ အားငယ်စရာ မရှိဘူး၊ သားကို အမေကောင်းကောင်းကြီး ကြီးပြင်းအောင် ရင်အုပ်မကွာ ပြုစုစောင့်ရှောက်မယ်၊ တတ်သင့် တတ်အပ် တဲ့ ပညာရပ်တွေကိုလည်း ဆရာကောင်းတွေဆီမှာ အပ်နှံပြီး သင်ကြားပေးမယ်၊ အစစ အရာရာ သားမျက်နှာ မငယ်ရအောင် အမေထားပေးမယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သားကို ဖခင် ဘုရင်ကြီးက နန်းတွင်းမှာ လာနေဖို့ ခေါ်ရင် ခေါ်လိမ့်မယ်၊ အမေကတော့ လိုက်နေပါလို့ တိုက်တွန်းမှာ မဟုတ် သလို၊ မနေပါနဲ့လို့လည်း တားဆီး မှာ မဟုတ်ပါဘူး၊ သားသဘောကျ ဆုံးဖြတ်နိုင်တယ်နော် သား။ ဒါပေမယ့် သားမှာက တော်ဝင်သွေးတစ်ဝက်နဲ့ သာမန်သွေး တစ်ဝက် ရောနှောနေတာကိုတော့ မေ့ထားလို့ မရဘူး နော် ၊ နန်းတွင်းလို မြင့်မြတ်သူတွေ အသိုင်းအ၀ိုင်းမှာ သာမန်သွေး တစ်ဝက်ရောနေတဲ့ ငါ့သားအတွက် မျက်နှာငယ်စရာ ဖြစ်နိုင်တယ်၊ဖခင်ရဲ့ မျက်နှာ ဖခင်ရဲ့ အရှိန်အ၀ါ ဘယ်လိုပဲ ရှိရှိ အထေ့အငေါ့လေးတွေတော့ ရှိနိုင်တယ် ငါ့သား၊ ဒါတွေကို ကြိုတင်တွေးဆထားပြီး နေတတ်အောင် နေမယ် ဆိုရင် မဖြစ်နိုင်စရာတော့ မရှိပါဘူးသားရယ်။ အမေနဲ့ အတူ သာမန်ပြည်သူထဲမှာပဲ နေမယ်ဆိုရင်တော့ သာမန် ထဲမှာ တော်ဝင်သွေးတစ်ဝက် ပါနေတဲ့ ငါ့သားကို ကြီးကျယ် မြင့်မြတ်သူဆိုပြီး လေးစားကြမှာ အမှန်ပဲ ငါ့သား။
ငါ့သား ဘယ်မှာပဲနေနေ ရတနာသုံးပါးကို တော့ မေ့လို့မရဘူးနော်၊ အမြဲမပြတ် ကိုးကွယ် ဆည်းကပ် ရမယ်၊ ရတနာသုံးပါးဆိုတာ လူသားအားလုံးအတွက် ပေါ်ထွန်းလာရတာမဟုတ်လား၊ ရတနာသုံးပါးကို မျက်နှာ လွှဲလိုက်ရင် လူဖြစ်ရကျိုး မနပ်တော့ဘူးငါ့သား
ဘယ်အရပ်ကိုပဲ ရောက်ရောက် တွေ့တဲ့လူ တိုင်းကို လေးလေးစားစားဆက်ဆံရမယ်နော် သား၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အရမ်းကာရော အထင်ကြီးဖို့ မလိုအပ်သလို အရမ်းကာရော အထင်သေးဖို့လည်း မလိုအပ်ဘူးငါ့သား၊ လူကို လူလို့မြင်ပေါ့ ငါ့သားရယ်၊လူတိုင်းလူတိုင်းမှာ အားနည်းချက် အားသာ ချက်တစ်ခုခုဆိုတာ ရှိစမြဲပဲသားရဲ့၊အားလုံးပြည့်စုံတဲ့သူ ဆိုတာ သိပ်ရှားတာ၊ဒါ့ကြောင့် တစ်ဘက်သားရဲ့ အားနည်း ချက်ကို ပြက်ရယ်မပြုရဘူး၊တစ်ဘက်သားရဲ့အားသာချက် ကိုလည်း လျစ်လျူမရှုရဘူးနော်၊ အားနည်းချက်ကို ပြက်ရယ်ပြုရင် ရန်များတတ်တယ်၊ အားသာချက်ကို လျစ်လျူရှုရင်လည်း ကိုယ့်အတွက် မတိုးတက်ဘူး သားရဲ့၊ ဒါ့ကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေတတ်ရ မယ်နော် သား
ဝိမလမင်းသားဟာ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းခဲ့ရတယ်။ဖခင်နဲ့ ရင်အုပ်မကွာ မနေရ ပေမယ့် ငါ့မှာ အဖေရှိတယ်၊ ငါ့အဖေက ရှင်ဘုရင် ဆိုတဲ့ အသိနဲ့ပဲ အားတွေတက်ခဲ့ရတယ်။ မလိမ်မိုး မလိမ္မာ အရွယ်မှာတော့ အဖေရဲ့ နန်းတွင်းဆိုတဲ့ နေရာမှာ နေရရင် သိပ်ကောင်းမှာလို့ စိတ်ကူးနဲ့ မျှော်ကြည့်ဖူး ပေမယ့် တကယ့်လက်တွေ့မှာတော့ အမေနဲ့ မခွဲနိုင်ဘူး ဖြစ်နေတယ်။
တကယ်လို့ ၀ိမလမင်းသားဟာ နန်းတွင်းမှာ ကြီးပြင်းရမယ်ဆိုရင်လည်း သာမန်လူသားတွေလို ဖခင် ဖြစ်သူနဲ့ အတူအိပ် အတူစား နေထိုင်ရမှာ မဟုတ်ပါဘူး။ အထိန်းတော်တွေနဲ့သာ နေထိုင်ကြီးပြင်းရပါလိမ့်မယ်။
မိခင်ဖြစ်သူ အမ္ဗပါလီရဲ့ ဆုံးမသွန်သင်မှုကြောင့် ၀ိမလမင်းသားဟာ မာန်မာနမရှိသူ၊ယဉ်ကျေးသိမ်မွေ့သူ၊ ရတနာသုံးပါးကို ကိုင်းရှိုင်းသူ၊ကြီး မြတ်သူတွေကို ရိုသေ လေးစားတတ်သူ ဖြစ်လာခဲ့ရတယ်။
တစ်နေ့ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်း ဆီက- နှမ အမ္ဗပါလီ သားတော် ၀ိမလမင်းသားကို ရာဇဂြိုဟ် ပို့လိုက်ပါ ၊ ကောင်းမွန်စွာ ကျွေးမွေး ပြုစု စောင့်ရှောက်ပါမည် ဆိုတဲ့ အကြောင်းကြားစာ ရောက် လာပါတော့တယ်။
အမ္ဗပါလီနဲ့ ၀ိမလ သားအမိနှစ်ယောက် ခေါင်းချင်း ဆိုင်ကြတယ်။
ကဲ သား အမေတို့ စောင့်မျှော်နေတဲ့ နေ့ရက် ကိုတော့ ရောက်လာပြီ၊သားကို အမေ အစောကြီးထဲက ကြိုပြောထားတယ်နော် သား၊ အမေကတော့ သားရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆိုတာလေ၊ဒါပေမယ့် တကယ် တန်း ရင်ထဲက ဆန္ဒကို ပြောရမယ်ဆိုရင် အမေနဲ့ပဲ အတူ နေစေချင်တာပေါ့ သားရယ်၊ အမေဟာ သားမျက်နှာကို မင်နေရရင် အလိုလို အားတွေဖြစ်နေတာ၊ သားဟာ အမေရဲ့ ကမ္ဘာလေးပါ သားရယ်၊ တစ်ဘက်က ကြည့်ပြန် တော့လည်း ဖခင်အရင်းခေါက်ခေါက် ဖြစ်နေတယ်၊နောက် ပြီး တိုင်းပြည်ရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်လည်း ဖြစ်နေပြန် တယ်၊ သားပဲ သေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်ပါတော့ သားရယ်
ဝိမလမင်းသားက မိခင် အမ္ဗပါလီကို ပြန်ပြော ပါတယ်။
အမေရယ် သားရဲ့ တကယ့်ဆန္ဒကလည်း အမေနဲ့ပဲ အတူနေချင်တာပါ ၊အဖေရှိပါတယ်ဆိုတဲ့ နန်းတွင်းကို မသွားချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခု အမေနဲ့သား အတူတူနေရသလိုမျိုး အဖေနဲ့သား အတူတူ နေရမှာ မဟုတ်ဘူးအမေ၊ အဖေ့ကို တစ်နေ့တစ်ခါလောက် တောင် တွေ့ခွင့်ရချင်မှ ရမှာ၊ ပြီးတော့ ပတ်ဝန်းကျင်မှာ လည်း သားနဲ့ရင်းနှီးတဲ့လူ တစ်ယောက်မှ မရှိဘူးအမေ၊ အရေးအကြောင်းရှိရင် သား ဘယ်သူနဲ့ သွားပြီး တိုင်ပင် ရမှာလဲ၊ ၀မ်းသာစရာပဲဖြစ်ဖြစ် ၀မ်းနည်းစရာပဲဖြစ်ဖြစ် မျှဝေခံစားဖို့အတွက် ဘယ်သူ့ကို သွားပြောရမှာလဲ ၊ ဘယ်သူနဲ့ မျှဝေ ခံစားရမှာလဲ ၊ အချိုလေး အချဉ်လေး စားချင်ရင် ဘယ်သူ့ဆီ သွားတောင်းစားရမှာလဲ ၊နန်းတွင်း ဆိုတာ ဟိတ်တွေ ဟန်တွေအပြည့်နဲ့ နေကြရတာလို့ ကြားဖူးတယ်အမေ၊ သားက အဲဒီလို ဟိတ်တွေ ဟန်တွေနဲ့ မနေချင်ဘူး၊ နေလည်း မနေတတ်ဘူးအမေ၊ ဒါပေမယ့် သားမလာလို့ရှိရင် အမေက တားလို့ မလာတာပဲ}လို့ ထင်ပြီး အမေ့ကို မလိုမုန်းထားမှာကိုလည်း စိုးရိမ်တယ် အမေ၊ ကဲ သား ဘယ်လိုလုပ်ရမှာလဲ
သားအမိနှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြ သော်လည်း အဖြေကပေါ်မလာ၊ပေါ်လာတဲ့ အဖြေကိုလည်း လက်မခံချင်။
သား သတိရပြီ အမေ
ရုတ်တရက် ၀ိမလမင်းသား လက်ဖျောက်တီး ပြီး ထအော်လိုက်တယ် ၊ မိခင်ဖြစ်တဲ့ အမ္ဗပါလီ မျက်လုံး အ၀ိုင်းသားနဲ့ သားဖြစ်သူကို ငေးကြည့်နေမိတယ်။ ဘာဖြစ်သွားတာလဲပေါ့ ။
လန့်လိုက်တာ သားရယ်၊ ကဲ ပြောစမ်းပါဦး သားက ဘာကို သတိရတာလဲ
မနေ့က သားမြို့ထဲကိုရောက်သွားတော့ မြတ်စွာဘုရားနဲ့ သံဃတော်တွေ သားတို့ ဝေသာလီမြို့ကို ရောက် နေတယ်လို့ ကြားခဲ့တယ် အမေရဲ့
မြတ်စွာဘုရားရောက်လာတာနဲ့ သားကိစ္စနဲ့ ဘာဆိုင်လို့လဲ သားကလဲ
အမေကလည်း သားစကားကို ဆုံးအောင် နားထောင်ပါဦး
ကဲ ကဲ ပြောပါတော် ပြောပါတော်
သား အရင်ထဲက ကြံစည်ဖူးတယ်၊ မြတ်စွာ ဘုရား သာသနာတော်မှာ ရှင်ရဟန်းအဖြစ်နဲ့ ၀င်ရောက် နေထိုင်ရရင် ကောင်းမှာပဲလို့ ၊ အခုတော့ အဲဒီအကြံ အစည်ကို အကောင်အထည် ဖော်လိုက်တော့မယ် အမေ၊ အဲဒီလိုဆိုရင် သား နန်းတွင်းကိုလည်း လိုက်သွားစရာ မလိုတော့ဘူး၊ အမေ့ကိုလည်း အပြစ်မတင်နိုင်တော့ဘူး၊ အဖေကိုယ်တိုင်ကလည်း မြတ်စွာဘုရားကို ကြည်ညိုတဲ့သူ ဆိုတော့ ပိုလို့တောင် သဘောကျဦးမယ်၊ နောက်ပြီး သားဆန္ဒလည်း ပြည့်သွားတာပေါ့ ၊ မဟုတ်ဘူးလား အမေ၊ တစ်ချက်ခုတ် လေးချက်ကို ပြတ်သွားတာ
မိခင်ဖြစ်တဲ့ အမ္ဗပါလီရဲ့ မျက်နှာဟာ အရောင် တလက်လက်နဲ့ ၀င်းထိန်သွားတယ်။သားက တကယ်ဘဲ ရှင်ရဟန်းဖြစ်ချင်တာလား၊စိတ်ပါမှ ပြုပါသားရယ်၊ စိတ်မပါဘဲနဲ့ဆိုရင် ပိုပြီးအပြစ်ကြီးတယ် သားရဲ့ ။ နောက်ပြီးရဟန်းဘ၀ဆိုတာ လူ့ဘ၀နဲ့ ဘာမှ မဆိုင်ဘူးနော်၊ အစားအသောက်လည်း ကြေးမများရဘူး၊ ကြုံသလိုစားတတ်ရတယ်။ဝတ်တဲ့သင်္ကန်းဆိုလည်း ၀တ်ချင်တဲ့ အရောင်ကို ၀တ်လို့မရဘူး၊ကိုယ်ဝတ်ချင်တဲ့ ပုံစံကိုလည်း ချုပ်ဝတ်ခွင့်မရှိဘူး၊ သတ်မှတ်ထားတဲ့ ဘောင် အတွင်းမှာပဲ နေထိုင်တတ် စားသောက်တတ် သွားလာ တတ် ၀တ်ဆင်တတ်ရတယ်။ အနေအထိုင် အစား အသောက် အသွားအလာ အ၀တ်အဆင် မတတ်လို့ရှိရင် အပြစ်ဖြစ်တယ်၊ဒါကြောင့် သား တကယ်စိတ်ပါမှ ပြုပါနော် သား
ဟာ အမေကလဲ ၊ သားတကယ်ပြုချင်တာပါ။ အမေခွင့်ပြုမယ်မဟုတ်လား။
ဘာဖြစ်လို့ ခွင့်မပြုနိုင်ရမှာလဲ သားရယ်၊ ရဟန်းမယ်တော်ကြီးဆိုပြီး ဂုဏ်တောင်ပိုရှိသေးတယ်။သားသာ တကယ်ဆန္ဒပါတယ်ဆိုရင် အမေ ၀မ်းသား အားရစွာနဲ့ ခွင့်ပြုပါတယ် သားရယ်
ဒီလိုနဲ့ ၀ိမလမင်းသားဟာ မြတ်စွာဘုရားထံ မှောက် သွားရောက်ပြီး ရဟန်းအဖြစ်ကို ရယူလိုက်တယ်။ဝိမလကောဏ္ဍညဆိုတဲ့ ဘွဲ့အမည်ပါ ရရှိလိုက်တယ်။ ၀ိမလမင်းသား သာသနာ့ဘောင်ဝင်ရောက်သွားတာဟာ လူမှန် နေရာမှန် ရရှိသွားတာလို့လည်း ပြောနိုင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ရှင်ရဟန်းပြုပြီးလို့ မကြာခင် အချိန်တိုအတွင်းမှာပဲ အာသဝေါကင်းပြတ် ရဟန္တာ အရှင်မြတ် ဖြစ်သွားလို့ပါ။
မိခင်အမ္ဗပါလီဟာလည်း ရိုးရိုးရဟန်းမယ်တော် မဟုတ်တော့ပဲ ရဟန္တာမယ်တော်ဆိုတဲ့ ဂုဏ်ထူး ၀ိသေသကို လက်ဝယ်ပိုင်ပိုင် ရရှိလိုက်ပါတယ်။ဒါတင် မကသေးပဲ ကျောင်းဆောက်လှူဒါန်းလို့ ကျောင်းအမ အမ္ဗပါလီဆိုတဲ့ နာမည်ကိုလည်း ရခဲ့တယ်။နောက်ပိုင်းမှာ ကိုယ်တိုင် သာသနာ့ဘောင်ဝင်ရောက်ပြီး ဘိက္ခုနီမ ပြုလိုက်လို့ အမ္ဗပါလီထေရီဆိုတဲ့ ဘွဲ့နာမအပြင် အာသ ဝေါကင်းပြတ်အောင် အားထုတ်နိုင်တာမို့ ရဟန္တာမ အမ္ဗပါလီထေရီဆိုပြီး သာသနာ့သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ ရပါတယ်။ ကမ္ပည်းအထိုးခံခဲ့ရပါတယ်။

Read more...

သည်မထေရ်မြတ်

မတင်သင့်တဲ့ စိတ်တံခွန်တွေကို တင်ထားမိရင် လည်း ချနိုင်အောင် ကြိုးစားကြရမှာပါ။ စိတ်တံခွန်ကို ချဖို့ ကြိုးစားတဲ့အခါမှာလည်း တစ်ခါတည်းနဲ့ တိုင်ခြေရောက် အောင် ချနိုင်ဖို့ဆိုတာ သိပ်ကို ခဲယင်းပါတယ်။ဒါကြောင့် တဖြည်းဖြည်းချင်း ချယူရမှာပါ။ ချသင့်တယ်ဆိုတဲ့ အသိ၊ ချမယ်ဆိုတဲ့ ၀ီရိယရှိနေမယ်ဆိုရင် လွှင့်တင်မိ ထားတဲ့ မကောင်းတဲ့စိတ်တံခွန်တွေဟာ တဖြည်းဖြည်း ကျလာမှာ သေချာပါတယ်။

တံခွန်ချခြင်း၊ တံခွန်တင်ခြင်း-ဆိုတဲ့ စကားလုံးကို သုံးနှုန်းပြီး ဟောကြားသွားတဲ့ မထေရ်မြတ်တစ်ပါးရှိ ပါတယ်။
ဟောကြားတယ်ဆိုတဲ့ နေရာမှာလည်း မြတ်စွာ ဘုရား ဟောကြားချက်ကို ထပ်ဆင့် ဟောကြားတာလည်း မဟုတ်ပါဘူး။ ကိုယ်တိုင် စိတ်ကူး ကြံဆပြီး ဟောတာ လည်း မဟုတ်ပါဘူး။ ကိုယ်တွေ့အဖြစ်အပျက် ကိုယ်တွေ့ ခံစားချက်ကို ပြန်လည်ဟောကြားထားတာဖြစ်ပါတယ်။ မထေရ်မြတ်ရဲ့ ဘွဲ့အမည်က အရှင်ဝိမလကောဏ္ဍည မထေရ်ဖြစ်ပါတယ်။
မထေရ်ရဲ့ ထုတ်ဖော်ဟောကြားချက်က-
မိမိသည်သရက်ပင်ကို အစွဲပြု၍ ခေါ်ဝေါ်အပ်သော မိခင်၏ ၀မ်းတွင်း၌ သန္ဓေ တည် ဖွားမြင်ခဲ့သူ ဖြစ်ပါသည်။အ၀တ်ဖြူကို တံခွန်တင်ထားသော လူ့တံခွန် လူ့ထိပ် အဘိသိက်ခံ မင်းသည် မိမိ၏ ဖခမည်းတော် ဖြစ်ပါသည်။ယခုအချိန်၌ မိမိသည် မောက်မာ ထောင်လွှားတတ်သည့် မာနတံခွန်ကို အပြီးတိုင် ရုပ်သိမ်း ချထားပြီးဖြစ်ပါသည်။အရိယာတို့၏ ဥစ္စာဖြစ်သော ပညာတံခွန်ကို လွှင့်တင်လျက်သာ နေသူဖြစ်ပါသည်။ မဟာ ကေတုခေါ် ကိလေသာတံခွန်ကို အကင်းမဲ့ ချေဖျက်ပြီးဖြစ်ပါသည်။ ဤသည်မှာ မိမိ၏ ဘ၀အကြောင်း တစ်စိတ်တဒေသပင် ဖြစ်ပါ တော့သည်။
မထေရ်မြတ်ရဲ့ ဟောကြားချက်ထဲမှာ ကေတု= တံခွန် ဆိုတဲ့ စကားလုံးကို တွဲလုံးလေးလုံးနဲ့ ခွဲခြားပြီး သုံးနှုန်းဟောကြားထားပါတယ်။
၁။ ကေတုကြောင့် လူဖြစ်ခဲ့ရသည်။
၂။ ကေတုကို ချပြီး ပယ်ပြီးပြီ။
၃။ ကေတုတစ်ခုဖြင့်
၎။ ကေတုအများအပြားကို နှိမ်နင်းပြီးပြီ။
ဒီနေရာမှာ ခဏရပ်ပြီး ကေတု=တံခွန်နဲ့ ပတ်သက်တာကို အကျယ်မဆက်ခင် တံခွန်အကြောင်းကို ဟောကြားတဲ့ အရှင်ဝိမလကောဏ္ဍညမထေရ်ရဲ့ ဘ၀ ဇာတ်ကြောင်းကို လေ့လာကြည့်သင့်တယ်။
ဗိမ္ဗိသာရမင်းဆိုတာ မဂဓနိုင်ငံတော်ကို ရာဇဂြိုဟ် မြို့တော်ကနေ နေထိုင်အုပ်ချုပ်နေတဲ့ ထီးဖြူဆောင်း မင်းတစ်ပါး ဖြစ်ပါတယ်။ မြတ်စွာဘုရားကိုလည်း သိပ်ပြီး ကြည်ညိုတဲ့မင်းပါ။ရတနာသုံးပါးကို ယုံယုံကြည်ကြည် လေးလေးစားစား ဆည်းကပ် ကိုးကွယ် အားထုတ်လို့ လည်း သောတာပန်အရိယာ ဖြစ်သွားတဲ့ မင်းလည်းဖြစ်ပါတယ်။
ဆရာဒေ၀ဒတ်ရဲ့ ဒကာအဖြစ် သိမ်းသွင်း မွေးမြူ ခံရတဲ့ သားတော် အဇာတသတ်သတ်ကြောင့် နတ်ရွာ လားတော်မူရတဲ့ မင်းလည်း ဖြစ်ပါတယ်။
အဇာတသတ်ဟာ ဗိမ္ဗိသာရမင်းကြီးနဲ့ ဝေဒေဟီ မိဖုရားခေါင်ကြီးတို့က ဖွားမြင်တော်မူတဲ့ တော်ဝင်သွေး အစစ် ဖြစ်ပါတယ်။ သွေးသားက တော်ဝင်ပေမယ့် လုပ်ရပ်က တော်မ၀င်တဲ့အတွက် ကြီးမားတဲ့ အဖေသတ် ကံ အမည်းစက်ဟာ ဖျောက်ဖျက်လို့ မရအောင် စွန်းထင်း ခဲ့ရတယ်။
ဗိမ္ဗိသာရမင်းမှာ အဇာတသတ်မင်းသားအပြင် နောက်ထပ်သားတော်တွေ ရှိပါသေးတယ်။ သူတို့က-- အဘယမင်းသား၊သီလ၀မင်းသား၊၀ိမလမင်းသားတို့ပါ။ အဲဒီသားတော်တွေထဲက ၀ိမလမင်းသားဆိုတာ ၀ိမလ ကောဏ္ဍညမထေရ်ဖြစ်လာမယ့် သားတော်ဖြစ်ပါတယ်။ သူရဲ့ မိခင်က အမ္ဗပါလီ။

Read more...

စိတ်တံခွန်

စိတ် တံခွန်

တံခွန်တိုင်နဲ့တူတဲ့ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင် တံခွန် အလံတွေရှိကြပါတယ်။ အဲဒီတံခွန်အလံတွေမှာ လေးထောင့် သုံးထောင့်ဆိုတဲ့ ပုံစံမရှိပါဘူး။ ဖြူ နီ ၀ါ ပြာ ဆိုတဲ့ အရောင်းအသွေးလည်း မရှိပါဘူး။တိုင်မှာချည်လို့ ရတဲ့ အထည်ဒြပ်လည်း မရှိပါဘူး။ အဲဒီ တံခွန်အလံဆိုတာ စိတ် ပါပဲ။
တစ်ချို့က “စိတ်တံခွန် ”ကို လောဘအရောင် ဆိုးပြီး လွှင့်တင်ကြပါတယ်။
ချမ်းသာဖို့ အဓိကပဲ၊ငွေရှိရင် ဘာမဆိုလုပ်လို့ ရတယ်၊ဒါ့ကြောင့် ငွေရမယ်ဆိုရင် ဘာမဆိုလုပ်ရမှာပဲ၊ လောကမှာ ငွေဟာ ပထမ အလိုအပ်ဆုံးအရာပဲ ဆိုပြီး လောဘအရောင်တွေ ထူထူထဲထဲ ဆိုးပြီး တံခွန်ကို လွှင့်တင်ကြပါတယ်။
တစ်ချို့က စိတ်တံခွန် ကို ဒေါသတံဆိပ် ကပ်ပြီး လွှင့်တင်ကြပါတယ်။ဟုတ်တာလည်း ပြောစရာမလိုဘူး။မဟုတ် တာလည်း ပြောစရာမလိုဘူး။ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်လမ်း ကိုယ်သွား၊စေတနာနဲ့လည်း လာမပြောနဲ့၊ ဝေဒနာနဲ့လည်း လာမပြောနဲ့၊ ရိတိတိလည်း လာမလုပ်နဲ့၊ ပြီတီတီလည်း လာမလုပ်နဲ့၊ငါ့အကြောင်း သိသွားမယ် ဆိုပြီး အမြဲလိုလို ဒေါသဖြစ် စိတ်တိုနေတတ်တဲ့ သူတွေ လည်း ရှိပါတယ်။ ဘယ်သူ့ကိုမှ အကောင်းမထင်၊မြင်မြင် သမျှ ရန်သူလို သဘောထားနေတတ်တဲ့သူတွေ ဖြစ်ပါ တယ်။ သူတို့ဟာ ဒေါသတံခွန် တင်ထားတဲ့သူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့ စိတ်တံခွန်ကို မာနဆေး ခြယ်ပြီး လွှင့်တင်တတ်ကြပါတယ်။
ငါတို့ကတော့ ခပ်တင်းတင်းပဲ၊ဘယ်တော့မှ သူများအောက် မကြို့ဘူး၊သေတာတောင် လက်မçထောင် ပြီး သေသွားမယ်လို့ တငါထဲ ငါနေတဲ့သူတွေလည်း ရှိပါတယ်။ဗီဇကလည်း ပါလာတယ်၊ညွှန်ပြတဲ့ ဆရာသမား မိတ်ဆွေ အပေါင်းအသင်းကလည်း မရှိ၊ ရှိပြန် ညွှန်ကြားပြန်တော့လည်း မလိုက်နာ၊ ပြောတော့လည်း ငါ ပြောတာမှ အမှန်၊လုပ်တော့လည်း ငါလုပ်တာမှ အဟုတ်၊ သူများကိုတော့မင်း ဘာ နားလည်လို့လဲ နင် ဘာ သိလို့လဲလို့ ဆိုတတ် ပြောတတ်သူတွေကတော့ မာနတံခွန် တင်ထားသူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ဒိဋ္ဌိ ဆေးအုပ်ပြီး လွှင့်တင်ကြပါတယ်။
ငါယူတဲ့ အယူသာ အမှန်ဖြစ်တာ၊တစ်ခြား သူတွေရဲ့ အယူတွေဟာ အမှားတွေပဲ၊ကြည့်လေ လူတိုင်း လူတိုင်း မွေးလာပြီး နောက်ဆုံး သေရတာပဲ၊ သေပြီး ပြီးရော၊ဘာမှ မရှိတော့ဘူး၊ ဘယ်ကမှလည်း လာတာ မဟုတ်ဘူး၊ဘယ်ကိုမှလည်း သွားမှာ မဟုတ်ဘူး၊ဘာမှ မရှိတဲ့ နောက်ဘ၀အတွက် မျှော်မှန်းပြီး ကောင်းမှု ဆိုတာကို လုပ်စရာမလိုဘူး၊ လက်ရှိဘ၀ အဆင်ပြေဖို့ အရေးကြီးတယ်၊နောက်ဘ၀အကြောင်းပြပြီးချောက်လည်း မချောက်ပါနဲ့၊မြှောက်လည်း မမြှောက်ပါနဲ့လို့ ပြောတတ် ယူတတ်သူတွေကတော့ ဒိဋ္ဌိတံခွန်တင်ထားသူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို သဒ္ဓါ ဆေးသပြီး လွှင့်တင်ကြပါတယ်။
ငါတို့ကတော့ ရတနာသုံးပါး ကျေးဇူးတွေ၊ကံ ကံရဲ့အကျိုးဆိုတာတွေကို လေးလေးနက်နက်ယုံကြည် တယ်၊ယုံကြည်တဲ့အတိုင်းလည်း လုပ်ကိုင် ဆောင်ရွက် နေထိုင်တယ်၊ အောင်မြင်တော့လည်း ရတနာသုံးပါး ကျေးဇူးကြောင့် အောင်မြင်တာ အတိတ်ကံကောင်းလို့ အောင်မြင်တာ ဒီဘ၀ကြိုးစားလို့ အောင်မြင်တာလို့ ယုံကြည်တယ်။မအောင်မြင်ရင်လည်း ယုံကြည်ချက်ကို ဖယ်ထုတ်မပြစ်ဘူး၊ကြိုးစားပေမယ်လို့ အတိတ်က ကိုယ် ပြုလုပ်ထားခဲ့တဲ့ မကောင်းမှုကံရှိတော့လည်း ကြိုးစားသမျှ မအောင်မြင်ဘူးပေါ့၊ ဒါပေမယ့် ကြိုးစားမှုကိုတော့ လျှော့လို့ မဖြစ်ဘူး၊ ရတနာသုံးပါးကျေးဇူးကို မေ့လို့ မဖြစ်ဘူး၊မေ့ရင် ပိုဆိုးလိမ့်မယ်၊ ပိုပြီး ယုံကြည်ချက်ထားရမယ် ဆိုတဲ့ လူမျိုးတွေဟာ သဒ္ဓါတံခွန်တင်ထားသူတွေဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို မေတ္တာ ဆေးဖျန်းပြီး လွှင့်တင်ကြပါတယ်။ မေတ္တာလက်နက်ဟာ အထက်မြက်ဆုံး လက်
နက် ဖြစ်တယ်၊မြတ်စွာဘုရားရှင်ဟာ မာရ်နတ်ရဲ့ စစ်သည် အင်အားများစွာ လက်နက်စွမ်းအားများစွာတို့ကို မေတ္တာ လက်နက်နဲ့ပဲ အောင်ပွဲခံခဲ့တာ သက်သေပဲ၊မေတ္တာဆေးဝါး ဟာ အကောင်းဆုံးဆေးဝါးပဲ၊အလွန်အဆိပ်ပြင်းတဲ့ မြွေရဲ့ အကိုက်ခံရတာကိုတောင် မေတ္တာဆေးဝါးနဲ့ ပျောက်ကင်း အောင် ကုသနိုင်တယ်၊ မေတ္တာစောင်ခြုံမှ လုံတယ် မေတ္တာဖျန်းမှ လန်းတယ်မေတ္တာရိပ်မှ အေးတယ် ဆိုတာတွေဟာ မေတ္တာရဲ့ ဂုဏ်သတ္တိတွေပဲ ဆိုပြီး မေတ္တာ စိတ်နဲ့ ပြောဆိုတယ်၊မေတ္တာစိတ်နဲ့ အလုပ်လုပ်တယ်၊ မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းတယ်၊ ဒါကြောင့် အဲဒီ လူမျိုးတွေဟာ မေတ္တာတံခွန်တင်ထားသူတွေ ဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ကရုဏာ မုဒိတာလို့ ခေါ်တဲ့ အပ္ပမညာဆေး မှုန်းပြီး လွှင့်တင်ကြပါတယ်။
ကိုယ့်လောက် မပြည့်စုံသူ၊ကိုယ့်ထက်နိမ့်ကျသူ၊ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု တစ်ခုခုကို ခံစားနေရသူတွေ ကို ကြားသိ တွေ့မြင်ရတဲ့အခါမှာ သနားညှာတာစိတ်များ ထပ်ခါတလဲလဲ ဖြစ်တတ်ပါတယ်။ မမြင်ချင်ယောင် မသိချင် ယောင်ဆောင်ပြီး မျက်နှာလွှဲ မသွားဘဲနဲ့ ကရုဏာသက် တတ်ပါတယ်။တတ်နိုင်သလောက် ဖေးမ ကူညီတတ်ပါ တယ်၊ အားပေးစကား ပြောကြားတတ်ပါတယ်။ကိုယ့်ထက် ပြည့်စုံသူ၊ကိုယ့်ထက် ချမ်းသာသူ၊ ကိုယ်ချမ်းသာစိတ်ချမ်းသာ နေထိုင်စားသောက်နေရတာတွေကို ကြားသိ တွေ့မြင်တဲ့အခါမှာလည်း မနာလိုစိတ်မရှိပဲ ၀မ်းသားကြ ပါတယ်။မုဒိတာ ပွားကြပါတယ်။ သူတို့ဟာ အပ္ပမညာ တံခွန်တင်ထားကြသူတွေဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ၀ိရတီ ဆေးသုံးပြီး သုံးရောင်ခြယ်တံခွန်ကို လွှင့်တင်ကြပါတယ်။
သိက္ခာပျက်မယ့် အပြောကို ရှောင်ကြဉ်တဲ့ သမ္မာဝါစာဝိရတီ၊ သိက္ခာကျမယ့်အလုပ်ကို ရှောင်ကြဉ်တဲ့ သမ္မာကမ္မန္တ၀ိရတီ၊ဓမ္မဥပဒေ လောကဥပဒေငြိစွန်းတဲ့ စီပွား ဥစ္စာရရှိမှုကို ရှောင်ကြဉ်တဲ့ သမ္မာအာဇီ၀၀ိရတီတွေနဲ့ ညီအောင် နေနိုင်မှ သိက္ခာရှိမယ်၊ဂုဏ်ရှိမယ်၊ ကိုယ်ကျင့် သိက္ခာထက်အရေးကြီးတာ ဘာမှမရှိဘူး။ဆိုပြီး နေထိုင် ပါတယ်၊ပြောဆိုပါတယ်၊လုပ်ကိုင်ပါတယ်။ အဲဒီလိုလူတွေက တော့ ၀ိရတီတံခွန်တင်ထားကြသူတွေဖြစ်ပါတယ်။
တစ်ချို့ကျတော့လည်း စိတ်တံခွန်ကို ပညာ ဆေးသုတ်လိမ်းပြီး လွှင့်တင်ကြပါတယ်။ ဘာလုပ်လုပ် ဘာပြောပြော ပညာကို ရှေ့တန်း တင်ရမယ်၊ မှန်တယ်ဆိုပေမယ့်ပြောသင့်တဲ့လူ၊ပြောသင့်တဲ့အချိန်၊ပြောသင့်တဲ့အရပ်၊ပြောသင့်တဲ့စကားကိုသာ ပြောဆို ရမယ်၊လူတိုင်းကိုလည်း မပြောသင့်ဘူး၊အချိန်မကျသေးရင် လည်း မပြောသင့်ဘူး၊အရပ်မတော်ရင်လည်း မပြော သင့်ဘူး၊သိသမျှ စကားအကုန်ကိုလည်း မပြောသင့်ဘူး၊ ဒါမှ ပြောတဲ့လူ နားထောင်တဲ့လူ အကျိုးရှိမှာလို့ ဆင်ခြင်ပြီး ပြောဆိုတတ်ပါတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုပေမယ့် ကိုယ့်ခွန် ကိုယ့်အားနဲ့ နိုင်မနိုင်၊ မျှမမျှ၊ အလုပ်နဲ့ ရလာဒ် တန်မတန်၊အပြစ်ကင်းတဲ့ အလုပ် ဟုတ်မဟုတ်ဆိုတာတွေကို ဆင်ခြင် ချင့်ချိန်ပြီးမှ လုပ်ရမယ်။ မနိုင်မှန်းသိရက်နဲ့ မြှောက် ပေးလို့ပဲဖြစ်ဖြစ် ငွေကြေးပေးလို့ပဲဖြစ်ဖြစ် မလုပ်သင့်ဘူး၊ လုပ်ရမယ့် အလုပ်နဲ့ ပေးမယ့်လုပ်အားခ မတန်ရင်လည်း မလုပ်သင့်ဘူး၊တရားဥပဒေနဲ့ မလွတ်ကင်းတဲ့အလုပ် ကိုယ် ကျင့်သိက္ခာ ပျက်မယ့်အလုပ်ဆိုရင်လည်း မလုပ်သင့်ဘူး ဆိုပြီး လုပ်ကိုင်တတ်ပါတယ်။
အဲဒီလို ပြောဆိုတတ် လုပ်ကိုင်တတ်တဲ့လူတွေ ဟာ ပညာတံခွန်တင်ထားကြသူတွေ ဖြစ်ပါတယ်။
ဒါက ထင်ရှားတဲ့ စိတ်တံခွန်တွေကို ပြောတာပါ။ ဒိပြင်လည်း စိတ်တံခွန်တွေ အများအပြား ရှိပါသေးတ.ယ်။
စိတ်တံခွန်တွေ အများအပြားရှိပေတဲ့ လူဆိုတဲ့ တံခွန်တိုင်တစ်တိုင်မှာ တစ်ချိန်ထဲနဲ့ တံခွန်နှစ်ခုသုံးခု ပြိုင်ပြီး မတင်နိုင်ပါဘူး။တစ်ချိန်မှာ တံခွန်တစ်ခုကိုပဲ လွှင့်တင် နိုင်ပါတယ်။
အဲဒီလို တစ်ချိန်မှာ တံခွန်တစ်ခု လွှင့်တင်ရာမှာ လည်း တံခွန်တစ်မျိုးထဲကိုသာ တစ်စိုက်မတ်မတ် လွှင့်တင်ထားတဲ့သူက ရှားပါတယ်။
ဒီနေ့ လောဘတံခွန်တင်ထားတဲ့သူက နောက် တစ်နေ့မှာ မာနတံခွန်တင်သူ ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ မာနတံခွန်တင်ထားပေမယ့် မိဘ ဆရာ သမား မိတ်ဆွေတွေက ပြောဆိုဆုံးမ နားချကူညီလို့ပဲ ဖြစ်ဖြစ်၊တရားနာယူလို့ စာပေဖတ်ရှုလို့ပဲဖြစ်ဖြစ် နောက် တစ်နေ့မှာ ပညာတံခွန်တင်သူ ဖြစ်သွားတတ်ပါတယ်။
ဒီနေ့ ပညာတံခွန်တင်ထားပေမယ့် ပတ်ဝန်းကျင် က မြှောက် ထိုး ပင့် ကော် လုပ်လို့ပဲဖြစ်ဖြစ်၊ကိုယ် ကိုယ်တိုင်က အတွေးအမြင်မှားလို့ပဲဖြစ်ဖြစ် နောက်တစ်နေ့ မှာ ဒေါသတံခွန်တင်သူ ဖြစ်သွားတတ်ပါတယ်။
ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲ-ဆိုရင် စိတ်ထား မတည်ငြိမ် ပြောင်းလဲတတ်တဲ့ ပုထုဇဉ်တို့ရဲ့ ပင်ကိုယ်ဗီဇ သဘာဝကြောင့် ဖြစ်ရတာပါ။ ဒါဖြစ်ရင် ပုထုဇဉ်တိုင်း ဒီလိုပဲ မကြာခဏပြောင်းလဲတတ်သလား-ဆိုတော့ မဟုတ်ပါဘူး။နှစ်ပေါင်းကြာမြင့်စွာ မပြောင်းမလဲ စိတ်တံခွန်တစ်မျိုးထဲကို တင်ထားနိုင်တဲ့ ပုထုဇဉ်တွေလည်း ရှိပါတယ်။ အဲ အရိယာ ဖြစ်သွားရင်တော့ မပြောင်းလဲတော့ပါဘူး။
နောက်ပြီး တံခွန်တင်တဲ့ အနိမ့် အမြင့်ချင်းလည်း မတူတတ်ကြပါဘူး။ တစ်ချို့ကျတော့ တင်တယ်ဆိုရုံပဲ တင်ပြီး အမြင့်ကို မရောက်ပါဘူး။သူသူငါငါ မှီလောက်တဲ့ အနေအထားမှာပဲ တင်တတ်ပါတယ်။
တစ်ချို့ကျတော့ ခပ်မြင့်မြင့် တင်တတ်ပါတယ်။ လက်လှမ်းလို့ မှီလောက်တဲ့အမြင့်လည်း မဟုတ်ဘူး။ တစ်မျှော်တစ်ခေါ်ကြီး မော့ကြည့်ရလောက်အောင်လည်း မမြင့်ဘူး။ မနိမ့် မမြင့်ဆိုပါတော့။
တစ်ချို့ကျတော့ အတိုင်းအဆမရှိ အမြင့်ရောက် အောင် လွှင့်တင်တတ်ကြပါတယ်။
စိတ်တံခွန်ဆိုတာ မြင့်အောင် လွှင့်တင်နိုင်တိုင်း လည်း ကောင်းတာမဟုတ်ပါဘူး။ အမြင့်ရောက်လေ ရန်သူကို လက်ယပ်ခေါ်သလိုမျိုးလည်း ဖြစ်နေ တတ်ပါ တယ်။
မာနတော်တော်ကြီးတဲ့သူပဲ၊ သူ့မာနကို ရိုက်ချိုး ပစ်ဦးမယ်။
အဲဒီလူ သိပ်ဒေါသကြီးတာ၊သူ့ဒေါသနဲ့သူ ဒုက္ခ ရောက်သွားအောင် ဆွပေးလိုက်ဦးမယ်။
ဒါတွေဟာ မတင်သင့်တဲ့ စိတ်တံခွန်ကို မတင် သင့်တဲ့ အမြင့်ရောက်အောင် လွှင့်တင်မိတဲ့အတွက် ရန်သူရဲ့ တိုက်ခိုင်ခြင်းကို ခံရတာပါ။ ရန်သူရဲ့ တိုက်ခိုက်ခြင်းကို မခံရရင်လည်း ကိုယ်လွှင့်တင်ထားတဲ့တံခွန်ကို ကိုယ်တိုင် မထိန်းနိုင်ဖြစ်ပြီး တံခွန်ရဲ့ အရှိန်နဲ့ လှိမ့်နေအောင် ခံရတတ် ပါတယ်။
ဒါကြောင့် မတင်သင့်တဲ့ စိတ်တံခွန်တွေကို မတင်မိစေပဲ တင်သင့်တဲ့ စိတ်တံခွန်တွေကိုသာ လွှင့်တင်မိ စေဖို့ သတိထားပြီး ဆောင်ရွက်ကြရမှာပါ။

Read more...

အလံ တံခွန်

သတ္တ၀ါအားလုံးဟာ “အမြင့်”ကို လိုလားကြပါ တယ်။အမြင့်ရောက်အောင် ကြိုးစားကြပါတယ်။အမြင့်ကို တန်ဖိုးထားကြပါတယ်။အမြင့်ရောက်နေတဲ့သူကို အားကျ ကြပါတယ်။အမြင့်ရောက်နေတဲ့သူကို မော့ကြည့်တတ်ပြီး ကိုယ် ကိုယ်တိုင်လည်း သူများတွေရဲ့ မော့ကြည့်တာကို ခံယူချင်ကြပါတယ်။
ဘာတွေ မြင့်ချင်ကြပါသလဲ။
ဘွဲ့ ဒီဂရီတွေ အများကြီးရပြီး ပညာရေးမှာ မြင့်ချင်ကြပါတယ်။
ဓန ဥစ္စာတွေ အများကြီး ပိုင်ဆိုင်ပြီး စီးပွားရေး မှာ မြင့်ချင်ကြပါတယ်။
လုပ်ပိုင်ခွင့် အများကြီးရရှိပြီး ရာထူးဌာနန္တရမှာ မြင့်ချင်ကြပါတယ်။
အများထက် ပိုချော ပိုလှ ပိုခန့်ပြီး ရုပ်ဆင်း အင်္ဂါမှာ မြင့်ချင်ကြပါတယ်။
အနေအထိုင် အစားအသောက် အပြောအဆို အလုပ်အကိုင် အလှူအတန်း အပေးအကမ်း အရာရာ ယှဉ်လိုက်တိုင်းမှာ အနည်းဆုံး နှာတစ်ဖျားလောက်တော့ မြင့်ချင်ကြပါတယ်။
တံခွန် ဆိုတာ အမြင့်မှာ နေတဲ့အရာတစ်မျိုး ဖြစ်ပါတယ်။တံခွန်၊ကုက္ကား၊အလံတို့ဟာ အမြင့်မှာ လွင့်နေတဲ့ သဘာဝချင်း တူညီကြပါတယ်။တံခွန်၊ကုက္ကားတို့က ဘာသာရေးသက်သက်အရာများတွေ ဖြစ်ကြပြီး၊ အလံ ဆိုတာကတော့ အရေးအရာအားလုံးနဲ့ ဆက်နွယ်နေတဲ့ အရာဖြစ်ပါတယ်။
တံခွန် ဆိုတာ ဘုရားအနီး ကျောင်းအနီးတွေ မှာ မြင့်မြင့်လွှင့်ထူရတဲ့ အရာဖြစ်ပါတယ်။အဲဒီတံခွန်ကို အောက်ခံတိုင်စိုက်ပြီး လွှင့်ထူရတာပါ။
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက အတောင်ခြောက်ဆယ်မြင့်တဲ့အထိ ၀ါးတွေကို ဆက်ကာ ဆက်ကာ ထောင်ပြီးတဲ့အခါ တိုင်ထိပ်မှာ စန္ဒကူးသပိတ်ကို ချိပ်ဆွဲထားပြီး စွမ်းနိုင်သူယူရန် ရာဇဂြိုဟ်သဌေးကြီးက ကြေငြာမောင်းခတ်လိုက်တဲ့အခါ အရှင်ပိဏ္ဍောလမထေရ် က ဈာန်တံခိုးနဲ့ ပျံ<ကသွားပြီး ယူလိုက်ပါတယ်။အဲဒီအခါမှာအနေအထိုင် အစားအသောက် အပြောအဆို အလုပ်အကိုင် အလှူအတန်း အပေးအကမ်း ၀မ်းသားအားရ ကောင်းချီးပေးကြပါတယ်။အခြားဘာသာ ၀င်အားလုံးတို့ရဲ့အလယ်မှာ အစွမ်းပြ ယူဆောင်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်အဖြစ် တံခွန်တိုင်ကို စိုက်ထူထားတာလို့ ဆိုကြပါတယ်။ဒါကြောင့် တံခွန်၊ကုက္ကား၊ အလံတို့နဲ့ အဲဒါတွေလွှင့်တင်ဖို့ တိုင်တို့ဆိုတာ တစ်ခုနဲ့ တစ်ခု အမှီပြုနေကြတာပါ။ တံခွန်၊ကုက္ကား၊အလံတို့ဆိုတာ တိုင်မရှိရင် မလွှင့်နိုင်၊မ၀င့်နိုင်သလို တိုင်ဟာလည်း တံခွန်၊ ကုက္ကား၊အလံတို့ တင်မထားရင် ကြည့်ရတာ အဆင်မပြေ ပါဘူး။ဒါကြောင့် တံခွန် အလံတွေ တင်ချင်တယ် လွှင့်ချင် တယ်ဆိုရင် တံခွန်တိုင် အလံတိုင်တွေကို အရင်စိုက်ထူကြ ရပါတယ်။
အနိမ့် အမြင့် အမျိုးမျိုး၊အရွယ်အစား အမျိုးမျိုး၊ အနေအထား အမျိုးမျိုးတွေကို နေရာဒေသအမျိုးမျိုး၊အခြေ အနေအမျိုးမျိုးတွေအပေါ်မှာ မူတည်ပြီး တံခွန်တိုင် အလံတိုင်တွေကို စိုက်ထူကြပါတယ်။
စိုက်ထူပြီး တံခွန်တိုင် အလံတိုင်တွေမှာ အလုံး အပြား၊လေးထောင့်၊သုံးထောင့်၊ကြက်လျှာ ပုံစံအမျိုးမျိုး အပြင် အရောင် အသွေး ရုပ်ပုံ အမှတ်အသား အစားစား တွေကို ရွေးချယ်အသုံးပြုပြီး တံခွန် အလံတွေကို လွှင့်တင် အနေအထိုင် အစားအသောက် အပြောအဆို အလုပ်အကိုင် အလှူအတန်း အပေးအကမ်း ၀မ်းသားအားရ ကောင်းချီးပေးကြပါတယ်။အခြားဘာသာ ၀င်အားလုံးတို့ရဲ့အလယ်မှာ အစွမ်းပြ ယူဆောင်နိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ်အဖြစ် တံခွန်တိုင်ကို ကပါတယ်။
လွှင့်တင်တဲ့ နေရာမှာလည်း ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်။
စေတီ ပုထိုးတွေမှာ ပူဇော်လိုတဲ့ရည်ရွယ်ချက်နဲ့ လွှင့်တင်ကြပါတယ်။
ဘုရား ကျောင်း ကန် နယ်မြေတွေမှန်းသိရ အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း လွှင့်တင်ကြပါတယ်။
]]ဤနေရာ၌ ဘုရားရှိသည်၊ကျောင်းရှိသည်၊ စေတီရှိသည်၊ လာရောက် ဖူးမျှော် ကြည်ညိုနိုင်ပါသည်}}လို့ အသိပေးတဲ့ အနေနဲ့လည်း လွှင့်တင်ကြပါတယ်။
နိုင်ငံတော်အလံကို နိုင်ငံ၏ မြင့်မြတ်သော ဂုဏ်ဒြပ်တစ်ခုအဖြစ် အမှတ်အသားပြုတဲ့ အနေနဲ့ လွှင့်တင် ကြပါတယ်။
ဤနယ်မြေကို ပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း သက်သေပြုတဲ့အနေနဲ့လည်း လွှင့်တင်ကြပါတယ်။
ဒါ့အပြင် အထိမ်းအမှတ်အနေနဲ့၊ ညွှန်ပြရာအနေနဲ့ စည်းလုံးမှုအနေနဲ့၊ ပိုင်ဆိုင်မှုအနေနဲ့ လွှင့်တင်ကြတာတွေ အများကြီး ရှိပါတယ်။
အတင်ရှိရင် အချဆိုတာလည်း ရှိရတာ ဓမ္မတာပါပဲ။
တင်ထားတဲ့ တံခွန်တွေ အလံတွေဟာ နှစ်ကြာလို့ ဆွေးမြေ့တာကြောင့်ဖြစ်ဖြစ်၊ကြမ်းတမ်းတဲ့ လေဒဏ်မိုးဒဏ်ကြောင့်ဖြစ်ဖြစ် ကျတတ်ပါတယ်။
အမျိုးအစားတူ အသစ်ကို အစားထိုး လဲလှယ်ဖို့ အတွက်ကြောင့်လည်း ချတတ်ပါတယ်။
အမျိုးအစားမတူ အသစ်ကို အစားထိုးလဲလှယ် ဖို့အတွက်ကြောင့်လည်း ချတတ်ပါတယ်။
ပိုင်ဆိုင်တာကို စွန့်လွှတ်ရတာကြောင့်လည်း ချတတ်ပါတယ်။
သတ်မှတ်ထားတဲ့ အချိန်ရောက်လို့လည်း ချတတ်ပါတယ်။
လွှင့်တင်ထားတဲ့ တံခွန် အလံတွေဟာ မြင့်မား လေ မြင့်မားလေ ၀င့်<ကားလေ ၀င့်<ကားလေပါပဲ။အမြင့် ရောက်လေလေ အဝေးက တွေ့မြင်ရလေလေပါပဲ။
မြင့်မားတဲ့ တိုင်ထိပ်မှာ တံခွန်တွေ အလံတွေ တလူလူလွင့်နေတာကို မြင်ရရင် အဲဒီတံခွန် အလံနဲ့ သက်ဆိုင်တဲ့ ဘာသာဝင်တွေ နိုင်ငံသားတွေ အသင်းဝင် တွေဟာ သိပ်ကို ကြည်နူးရတယ်၊၀မ်းမြောက်ဂုဏ်ယူကြဓမ္မတာပါပဲ။
တင်ထားတဲ့ တံခွန်တွေ အလံတွေဟာ နှစ်ကြာလို့ ဆွေးမြေ့တာကြောင့်ဖြစ်ဖြစ်၊ကြမ်းတမ်းတဲ့ လေဒဏ်မိုးဒဏ်ကြောင့်ဖြစ်ဖြစ် ကျတတ်ပါတယ်။
ရတယ်။
တစ်ခါတရံကျတော့လည်း လွှင့်တင်ထားတဲ့ အလံကြောင့် ရန်သူတွေက နေရာဌာနကို သိရှိသွားကြပြီး ချဉ်းကပ်ထောက်လှမ်းတာ တိုက်ခိုက်ချေမှုန်းတာကိုလည်း ခံရတတ်ပါတယ်။
နိုင်ငံတိုင်းမှာ နိုင်ငံတော်အလံဆိုတာ ရှိပါတယ်။ အများအားဖြင့် ဥပဒေနဲ့ပြဌာန်းပြီး သတ်မှတ်ထားကြတာပါ။ ပြင်ဆင်ဖို့ ပုံစံအသစ်ပြောင်းလဲဖို့ လိုအပ်ရင်လည်း ဥပဒေနဲ့ ပဲ ပြင်ဆင် ပြောင်းလဲကြပါတယ်။
ပြည်နယ် တိုင်းအလံ၊ တပ်ရင်းတပ်ဖွဲ့အလံ၊ အထိမ်းအမှတ်အလံ၊အသင်းအဖွဲ့အလံ စတာတွေမှာလည်း အတူတူပါပဲ၊မပြောင်းလဲပဲ အမြဲတည်ရှိတဲ့ တံခွန်အလံ ဆိုတာ မရှိပါဘူး။အားလုံးဟာ ပြောင်းလဲနေကြပါတယ်။ တစ်ချို့တံခွန်အလံကို အပြောင်းအလဲ မကြာမကြာ လုပ်ပေမယ့် တစ်ချို့ တံခွန်အလံကိုတော့ နှစ်ပေါင်းကြာမြင့်မှ အပြောင်းအလဲ လုပ်တတ်ကြပါတယ်။

Read more...

Wednesday, January 21, 2009

ရန်သူလို မိတ်ဆွေ

ငါက ချစ်တဲ့သူ ငါ့ကိုချစ်တဲ့သူ
ငါမြတ်နိုးတဲ့သူ ငါတန်ဖိုးထားတဲ့သူတွေကို
သင်ခေါ်ဆောင်သွားခဲ့တာ မရေတွက်နိုင်တော့
ငါ့ကိုရော အခြားကျန်သူတွေကိုပါ
သင့်ပိုင်နက်ဆီကို ခေါ်ဆောင်ဖို့
အချိန်အတိုင်းတာ တစ်ခုပေးပြီး
သင်.............စောင့်နေပြီမဟုတ်လား
ငါချစ်တဲ့သူတွေကိုလည်း
သင်..............မသနား
ငါ မြတ်နိုးတဲ့ သူတွေကိုလည်း
သင်...............ကိုယ်ချင်းမစာ
ငါတန်ဖိုးထားတဲ့သူတွေကိုလည်း
သင်.................ဂရုမစိုက်
သင်.................သင်ဟာလေ
ကြင်နာမှု ခေါင်းပါးလှချည်လား........
စာနာမှု ကင်းမဲ့လှချည်လား.............
သင့်ကြောင့် ငါမြတ်နိုးတန်ဖိုးထားရတဲ့သူတွေ
လူးလှိမ့်ငိုကြွေးနေရင်
ငါသင့်ကို
အပြစ်မြင်ပေမယ့် အပြစ်မတင်
သင့်ကြောင့် ငါမြတ်နိုးတန်ဖိုးထားရတဲ့သူတွေ
လောက အမှန်တရားရဲ့
သဘောတွေကို သိသွားကြရင်
ငါသင့်ကို ကျေးဇူးတင်မိတယ်.................
သင်နဲ့ ဝေးရာ နေရာတစ်ခုကို
ကြိုးစားပြီးလျှောက်လှမ်းချင်သူ ငါလည်း
လမ်းလျှောက်ရင်း လမ်းပျောက်တဲ့ တစ်နေ့
သင့်ဆီ လာခဲ့အုံးမှာပါ.............။ ။

နေရဉ္စရာ

Read more...

ဘ၀စက်ဝိုင်းမှာ ခဏ half-time မရှိပါ

အိပ်လို့မ၀သေးတဲ့ ငါ့မနက်ခင်းလေးမှာ
ညတုန်းက ကင်းစောင့်တဲ့ လမင်းနဲ့ ကြယ်လေးတွေပြန်ပြီ
နိုးစက်မလိုဘဲ စောစီးစွာထတဲ့ ငှက်တွေက လောကကို လှုပ်နိုး
ဖိုးသူရိန်ကြီးကလည်း အလုပ်ခွင်ဝင်ဖို့ ပြင်နေ
စမ်းချောင်းလေးကလည်း မစီးဆင်းသလိုနဲ့ အမြဲစီးဆင်း
ငါတို့ နေထိုင်ရာ လောကထဲကို အသစ်လာတဲ့ သူတွေလည်း လာနေကြ
ငါ့ရဲ့ ခန္ဓာကိုယ်ဖြစ်စဉ်ကလဲ ငါ့ကို တစ်ရက် ကြီးရင့်ခြင်းသို့ ခေါ်ဆောင်
သံသရာခရီးကို ကြိုသွားနှင့်သူတွေက သွားကြပေါ့
နာရီချက်တိုင်းနဲ့အတူ ရာသီစက်ဝိုင်းက ပုံမှန်လည်ပတ်နေခဲ့ပြီ
ဒီဖြစ်စဉ်တွေဟာ တစ်နေ့ထဲမဟုတ်ဘဲ နေ့တိုင်းတွေ့မြဲပေါ့
သူတို့လည်း သူ့အလုပ်နဲ့ သူ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ်
လည်ပတ်နေကြတဲ့ ဘ၀ယန္တရားမှာ
အော်........ ခဏ လမ်းသလားဖို့ အချိန်တောင် မရှိပါလား.........

ဒီနှင်းနေ (TGI)


Read more...

ပန်းကြွေတဲ့ လမ်း

လေညင်းလေးရဲ့ အနမ်း
မခံနိုင်တဲ့ ပန်း.......ကြွေစမ်းပါစေ
လောကဓံ လေညင်း
ဒေါသမာန် ထန်ပြင်းရင်တော့
ပိုခက်ပြီပေါ့..........ပန်း။

သေခြင်းဝေးတဲ့ နန်း
စံနိုင်မယ့် လမ်း
ရှည်စမ်းပါစေ
လောက အမှန် သေခြင်း
သဘောမကျပြန်
ခံငြင်းချင်တော့
ကိုယ်ဆက်ပြီပေါ့ ...........လမ်း။ ။

ဒီနှင်းနေ (TGI)

Read more...

Friday, January 16, 2009

မြင့်မိုရ်ကျေးဇူး ရင်ခွင်ထူး

အမေ..........
သားလေ.............
ဟို.....ငယ်စဉ်က
အမေ့ရဲ့ ထွေးပိုက်မှု
အမေ့ရဲ့ ယုယပုံ
အမေ့ရဲ့ နို့တိုက်ပုံ
မေတ္တာ ကရုဏာကြီးမားပုံ
ဖေးမမှုအလုံးစုံကို
အမေနှင့်ဝေးကွာ
အနေကြာတော့မှ
အမေ့ကျေးဇူး
မြင့်မိုရ်ဦးဆိုတာ
အဝေးရောက်နေတဲ့
သားတစ်ယောက်
သိလိုက်ရပြီ အမေ..............။

ဘိက္ခုနွယ် (ကျောက်တံခါး)

Read more...

အောင် ပွဲ

မင်းအလို ငါ့အကြိုက်
သူ့စရိုက် မတူ၊
မင်းငါသူ အတူတွဲရင်ဖြင့်
ခိုင်မြဲဖို့ မလွယ်ကူ။
တကယ်မူ
စိတ်ဓာတ်ကောင်းရင်ဖြင့်
အကြောင်းဘယ်လိုဆုံပါ့
အဖုံဖုံ အခက်ခဲကိုကွယ်
လက်တွဲလို့နွဲ အောင်ပွဲ။ ။

Read more...

အို အို အေး `အိပ်ဆေး ´

သားငယ်ကလေး
အိပ်ဖို့အရေး
အိုအို အေးအေး
တေးဆိုပေး။
မေတ္တာပြည့်လျှံ
အမေ့တေးသံ
သံစဉ်မလို
နားဝင်ချို။
အမေ့ရဲ့တေး
သားအိပ်ဆေး
အမေဆိုတေး
အို-အို-အေး။

အရှင်ပညာသာမိ
(၀မ်းတွင်း)

Read more...

Wednesday, January 14, 2009

စွမ်းအား

ရနံ့လှိုင်လှိုင်
သင်းသင်းကြိုင်သည့်
စံပယ်၊ ခတ္တာ
ပန်းတကာလည်း
နေခြည်ဆမ်းလျှင်
နွမ်းနယ်ချင်၏ ။
ကမ်းပြည့်လျှံသာ
စီးဆင်းပါသည့်
အင်းအိုင်မြစ်ချောင်း
ရေအပေါင်းလည်း
နေခြည်ဆမ်းလျှင်
ခမ်းခြောက်ချင်၏ ။
မိဘမေတ္တာ
စေတနာကား
နေခြည်ဆမ်းလည်း
မနွမ်းနယ်ပါ
နေခြည်ဆမ်းလည်း
မခန်းခြောက်ပါ ။

Zero

Read more...

မနှိုင်းယှဉ်ရာ

အပြောလွန်ကျယ်
ငွေပင်လယ်ရယ်
သင်ကားနက်ရှိုင်း
မာန်မစိုင်းနှင့်။
မြင့်မိုရ်ရွှေတောင်
တောင်ထွဋ်ခေါင်ရယ်
သင်ကားမြင့်တိုင်း
မာန်မစိုင်းနှင့်။
အမေ့မေတ္တာ
ကမ္ဘာပေါ်မှာ
အရာရာထက်
နက်ရှိုင်းလျှက်။
အလုံးစုံထက်
မြင့်နေလျှက်။

ဘိက္ခုနွယ်
(ကျောက်တံခါး)

Read more...

Read more...

Sunday, January 4, 2009

အစွန့်ကောင်း

"တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင်ဆက်တိုင်းကောင်း၏..............."

ဒီစာသားလေးက ကိုယ်တိုင်ရေးထားတဲ့ ကိုယ်ပိုင်စာသားလေး မဟုတ်ပါဘူး။ မူရင်း စာသားပိုင်ရှင်ဘယ်
သူလဲဆိုတာလည်း မသိပါဘူး.......။စာသားလေးကို တစ်နေရာရာက တွေ့လို့ ကြိုက်နှစ်သက်တာနဲ့ အရကျက်ထားပြီး ခဏခဏ ဆိုမိနေတဲ့ စာသားလေးပါ...။ နှစ်အတော်ကြာပြီဆိုတော့ ဘယ်နေရာက ရထားမိတယ်ဆိုတာလည်း မမှတ်မိတော့ပါဘူး။ ပိုင်ရှင်ကို သိတယ်ဆိုရင်လည်း လက်တို့လိုက်ပါဦး။
တစ်စ တစ်စ ဆိုတာက အပိုင်းအစလေး တစ်ခု တစ်ခု၊ အသေးအဖွဲလေး တစ်ခု တစ်ခုလို့ ဆိုလိုတာပါ။
အကြီးအကျယ်ဆိုတာဟာ အသေးဖွဲတွေကို မစုမပေါင်းရင် အကြီးအကျယ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ကောင်းတာပဲ ဖြစ်ဖြစ် ညံ့တာပဲဖြစ်ဖြစ် အသေးအဖွဲတွေကို စုမိလို့ကတော့ ထုထည် ဖြစ်ကြရတာပဲ။ အကောင်းလေးတွေကို စုဆောင်းမိရင် အကောင်းကြီးဖြစ်လာတယ်။ အညံ့လေးတွေကို စုဆောင်းမိရင် အညံ့ကြီး ဖြစ်လာမယ်။

အကောင်း ကြီးကြီးမားမားဖြစ်ချင် လိုချင်ရင် အကောင်းသေးသေးလေးတွေကို မပစ်ပယ်ရဘူး။ မလေးမစားမလုပ်ရဘူး။ ဥပေက္ခာ မပြုရဘူး။ အကောင်းသေးသေးလေးတွေကို ဖြစ်နိုင်သမျှ ရှာရမယ်။ ရနိုင်သမျှ စုရမယ်။ ဒါမှ အကောင်းကြီးကြီးမားမားဖြစ်လာရလာမှာပေါ့။ အညံ့ကြီး အဆိုးကြီးတွေကို မရချင် မလိုချင်လည်း အညံ့အဆိုး သေးသေးလေးတွေကို ဖယ်ထုတ်ရမယ်။ တားဆီးရမယ်။ အညံ့အဆိုးသေးသေးလေးတွေကို ဖယ်ထုတ် တားဆီးနိုင်ပြီဆိုရင် အညံ့ကြီး အဆိုးကြီးတွေဖြစ်မ လာရမလာတော့ဘူးပေါ့။

ကြွက်သေတစ်ခု အရင်းပြု
ပျားတစ်စက်ကြောင့် ပြည်ပျက်သည်
စတဲ့ အဖြစ်အပျက် အခြေခံ စကားပုံတွေဟာ အသေးအဖွဲများကြောင့် ကြီးမားတဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ကို ဖော်ညွှန်း မီးမောင်းထိုးပြနေတဲ့ စကားပုံတွေပဲ၊

နီတိစကားတစ်ခု ရှိသေးတယ်။
ကဏသော ခဏသော စေဝ
ဝိဇ္ဇာ မတ္ထဉ္စ သာဓယေ။
ကဏစာဂေ ကုတော ဓနံ၊
ခဏစာဂေ ကုတော ၀ိဇ္ဇာ ။ တဲ့

မြန်မာလိုဆိုရင်တော့
ဆန်တစ်စေ့ ဆန်ကွဲတစ်စေ့ဟာ ဥစ္စာပြည့်စုံခြင်းအကျိုးကို ပြီးစေနိုင်တယ်။
တစ်မိနစ် အချိန်လေးဟာ အတတ်ပညာပြည့်စုံမှုကို ပြီးစေနိုင်တယ်။
ဆန်တစ်စေ့ ဆန်ကွဲတစ်စေ့ကို လွှင့်ပစ်လိုက်ရင် ဘယ်လိုလုပ် ဥစ္စာပြည့်စုံမှာလဲ။
တစ်မိနစ်အချိန်ကို အလဟဿ ဖြုန်းပစ်လိုက်ရင် ဘယ်လိုလုပ် ပညာတတ်မှာလဲ။
ချမ်းသာတဲ့ လူတွေ ဘယ်လိုစုခဲ့ ဆောင်းခဲ့ရသလဲ ၊အင်တာဗျူးလုပ်ကြည့်၊ ခေတ်ကာလရဲ့ အနိမ့်ဆုံးငွေ ကြေးက စပြီး တစ်စ တစ်စ စုခဲ့ ဆောင်းခဲ့ကြရတာဘဲ၊ ပဲ ပိုင်ခေတ်ကဆိုရင် ပဲ ပိုင်ကစပြီး စုခဲ့ကြရတာပဲ၊ ပြား မူး ခေတ်ကျတော့လည်း ပြားမူး ကစပြီး စုခဲ့ကြရတာပဲ၊ ကျပ်ခေတ်ရောက်ပြန်တော့လည်း ကျပ်က စပြီး စုခဲ့ကြရတာ မဟုတ်လား။ အနိမ့်ဆုံး ငွေကြေးလေးပဲဆိုပြီး မစုမဆောင်းဘဲ နေခဲ့ရင် ဘယ်လိုလုပ် ချမ်းသာမှာလဲ၊ ချမ်းသာသူ အများစုလောက်သာ အဲဒီနည်းနဲ့ စုခဲ့ကြရတာချည်းပဲ ၊ အနည်းစုလောက်သာ မစု မဆောင်းရဘဲ မိဘ ဘိုးဘွား တွေရဲ့ အမွေအနှစ်ဆိုပြီး ချမ်းသာကြတာ။ ဒါကလည်း ပြောမယ်ဆိုရင် ကံစုထားကြလို့ပဲ။ အနိမ့်ဆုံးငွေကြေးကနေစပြီး စုဆောင်းလာတဲ့ အခါ တစ်ချို့ကျတော့ နှစ်ပေါင်းများစွာ စုဆောင်းကြရတယ်။ တစ်ချို့ကျတော့ နှစ်အနည်းငယ်ပဲ စုဆောင်းကြရတယ်။ တစ်ချို့ကျတော့ လပိုင်းလောက် စုဆောင်းလိုက်ရုံနဲ့ပဲ လူချမ်းသာ စာရင်းထဲ ၀င်သွားကြတယ်။ အဲဒီလို စုဆောင်းတဲ့ အချိန်ကာလ ကွာခြားမှုတော့ ရှိချင်ရှိမယ်။ စုဆောင်းရတာချင်းကတော့ အတူတူပါပဲ။

အတတ်ပညာလည်း တစ်စ တစ်စ သင်ယူရတာပါပဲ။ ဘွဲ့ရလူတစ်ယောက်ဖြစ်ဖို့ နည်းဆုံးဆယ့်ငါးနှစ်ကြာမယ်။ ငါးနှစ်အရွယ် ကျောင်းစတက်၊ အသက်နှစ်ဆယ်မှာ ဘွဲ့ရ၊ ဒါဟာ အများစု အနေထားကို ပြောတာ။ တစ်ချို့ သုံးနှစ်အရွယ်ထဲက မူကြိုထားပြီး သင်ပေးနေပြီ၊ ထားပါတော့၊ ဆယ်ငါနှစ် သင်ယူပြီး ဘွဲ့ရတဲ့ လူတစ်ယောက်ဖြစ်လာတဲ့ အခါ ပြန်တွက်ကြည့်၊ ကကြီး ခကွေး ကစပြီးသင် ၊ အေဘီ စီကစပြီးသင် ၊ တစ်နှစ် သုံးကစပြီးသင် ၊ဒီလို သင်ကြရတာ ၊ကကြီး ခကွေး ကစပြီး မသင်ခဲ့ရင်၊ အေဘီ စီက စပြီး မသင်ခဲ့ရင်၊ တစ် နှစ် သုံးကစပြီး မသင်ခဲ့ရင် ဘယ်လိုလုပ်ဘွဲ့ရမှာလဲ။ သင်ယူခဲ့တဲ့ ဆယ့်ငါးနှစ်ကို ပြန်တွက်ကြည့်လ နဲ့ဆိုရင် လပေါင်း တစ်ရာ့နှစ်ဆယ်၊ ရက်နဲ့ ဆိုရင် ရက်ပေါင်း ငါးထောင်လေးရာ ခုနစ်ဆယ့်ငါးရက် ၊ အဲဒီလို တစ်စ တစ်စ သင်ယူလာလို့ဘွဲ့ရတာ။

Read more...

Saturday, January 3, 2009

သုံးဖြာ သရဏ

ဓမ္မ ရတနာ တည်ရှိပါ ၍
ဘဂ၀ါ ဗုဒ္ဓ ပွင့်ပေါ်လာ၏
ဗုဒ္ဓ ပွင့်ပေါ်
သားတော် သံဃာ ပေါ်ထွန်းလာ၏
သုံးဖြာ သရဏ တည်စေတည်း...................................

Read more...

မိတ်ဆက်

ဓမ္မ ထနောင်းရိပ်

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner