Thursday, February 23, 2012

မလွမ်းလောက်ပါဘူး

                             ရဟန်းတွေမှာ လွမ်းစရာမရှိဘူးလို့ ပြောလာတဲ့ စကားလေးကြောင့် အတွေးစတွေက တစ်စ တစ်စနဲ့ လွမ်းစရာ အကြောင်းလေးတွေတောင် ပေါ်လာတယ်။ လွမ်းစရာမရှိဘူး ပြောကာမှ လွမ်းစရာတွေက တစ်ပုံတစ်ပင်ရယ်ပါ။ အော် လွမ်းတယ်ဆိုတာ သတိရတာ တစ်မျိုးပေပဲ။ သတိရစရာရှိတဲ့သူတိုင်း သတိရကြ မှာပါ။ အတိတ်ကို ပြန်သတိရတာကို လွမ်းတယ်ပြောတာလား၊ လွမ်းတာကို သတိရတယ်ပြောတာလားဆိုတာ ကိုတော့ လွမ်းဖူးသူတိုင်း ပြန်စဉ်းစာကြစေလိုပါတယ်။ လွမ်းတော့ လွမ်းလိုက်တာပဲ....။ ဒါပေမယ့် လွမ်းလို့ သတိရတာလား၊ သတိရလို့ လွမ်းတာလား။ အဲ့ဒါလေးကို ပြောချင်တာပါ။ 
                           ငယ်ငယ်က ကလေး၊ ခုတော့ နည်းနည်း အသက်ရလာတော့ လူကြီးဖြစ်ပြီ။ ကလေး ဘ၀ကို သတိရတာဟာ၊ ကလေးဘ၀ကို လွမ်းတာလား။ ကျောင်းသားဘ၀ကို ပြန်ပြောင်း သတိရနေတာဟာ လွမ်းနေ တာလား။ လွမ်းရုံလွမ်းပါ။ မဆွတ်ပါနဲ့တဲ့။ စာရေးဆရာတစ်ယောက် ကပြောဖူးတယ်။ ဟုတ်တယ်နော်။ သူပြော တာက သူ့ အဓိပ္ပါယ်နဲ့သူတော့ ရှိပေမယ့် ကိုယ်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် သဘောပေါက်လိုက်တာက။ အင်း အတိတ်က အကြောင်းတွေကို ပြန်ပြီးတော့ သတိရချင်ရပါ။ ဒါပေမယ့် ရာဂနဲ့ မဆွတ်လိုက်နဲ့၊ ဒေါသနဲ့ မဆွတ်လိုက်နဲ့၊ မောဟနဲ့ မဆွတ်လိုက်နဲ့၊ မာနနဲ့ မဆွတ်လိုက်နဲ့တဲ့။ အတိတ်က ရန်ဖြစ်ခဲ့တာတွေကို ခုသတိရ ရင်းနဲ့ ဒေါသဖြစ်နေရင်၊ ဒါဟာ ဒေါသနဲ့ ဆွတ်နေတာပေါ့။ လွမ်းဆွတ်တယ်ဆိုတာ ဒါပါလားလို့လည်း စိတ်ထဲမှာ တဒင်္ဂ ဖြစ်မိတယ်။ 
                             မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး လေးဆယ့်ငါးဝါကာယပတ်လုံး ဟောကြားခဲ့တဲ့ တရားတော်တွေထဲမှာ ဇာတက ဆိုတာပါပါတယ်။ လူတွေသိတဲ့ ဇာတ်တော်တွေပေါ့။ ဒါတွေဟာ အတိတ်က အဖြစ်အပျက်တွေ ပါရမီဖြည့်စဉ်က ကြုံတွေ့ ခဲ့ရတဲ့ ပြန်လည်ပြီး ဟောပြောပေးတာပေါ့။ ဒါဆိုဘုရားရှင်ဟာ အတိတ်ကို ပြန်သတိရ နေတာလား၊ ဟုတ်တယ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှာ အတိတ်က ဘ၀တွေကို ပြန် သတိရနိုင်တဲ့ ပုဗ္ဗေနိဝါသအနုဿတိဥာဏ်ဆိုတာ ရှိတယ်။ ဒီဥာဏ်တော်ကြီးနဲ့ အတိတ်မှာ ဘယ်သူက ဘာအမှားတွေလုပ်ခဲ့တယ်။ ဘယ်သူကတော့ အတိတ်တုန်းကလည်း ကောင်းခဲ့တယ်။ ဒါတွေကို ပစ္စုပ္ပန်အကြောင်းအရာလေးတွေနဲ့ ယှဉ်ပြီးတော့ ဟောပေးပြောပေးတာပါ။ 
                             ထိုကဲ့သို့ ဟောပေးလိုက်လို့ ကျွတ်တမ်းဝင်၊ တရားရ သွားကြသူတွေဟာလည်း ဒုနဲ့ဒေးပါ။ အတိတ်ကို သတိရတိုင်းလွမ်းနေတာလားဆိုတော့ မဟုတ်ပါဘူး။ ပစ္စုပ္ပန်မှာ လွမ်းစရာကောင်းတဲ့ အခြေနေ တွေ ကြုံတွေ့ ရရင်လဲ လွမ်းမိကြတာပါပဲ။ ဒါပေမယ့် ဘာနဲ့ မှ မဆွတ်မိစေနဲ့ပေါ့။ လွမ်းရုံလေးပေါ့။ လွမ်းစရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကို ငယ်ငယ်ကကြိုက်လွန်းလို့ ကျက်ထားခဲ့ဖူးတယ်။ မြန်မာနိုင်ငံရဲ့  ရာသီဥတုလေးအကြောင်း ရေးထားတာပါ။ တပေါင်းညှာကြင် တဲ့။ ရတဲ့သူလည်း ရကြမှာပါ။
ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်၊
သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာ ညွန့်ငယ်တို့
ဖူးပွင့်ကိုက်စီ။
ဘမရာ ရွှေပုတုန်းငယ်တို့
ခြွေသုံးကြ၀တ်ရည်။
ညွန်ကြည်ဖွဲ့  ဖော်ကွဲ
ယင်းသည့်နေ့ဆိုင်
ရသေ့ သူတော်တိုင်မှ
ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ်
ရာသီတွင် စာညီပြောပေပ
ကျော၍ သာမြဲ။
                           ဒီကဗျာလေးထဲမှာ ရသေ့သူတော်စင်များတောင်မှ ဒီရာသီဥတုရဲ့  အလှအပကို မြင်ရရင် ဥာဏ်မခိုင်၊ ဈာန်ယိုင်လျောတယ်လို့ ဆိုထားတယ်။ အော် လွမ်းမိသွားတယ်နဲ့ တူပါတယ်။ ဒါပေမယ့် သူက လွမ်းရုံမကဘူး ဆွတ်သွားခဲ့တာကိုး........။ ဥာဏ်မခိုင်တဲ့ အပြင်၊ လွမ်းလည်းလွမ်း ဆွတ်လည်းဆွတ်တော့ ရှိပေမယ်ပေါ့။ 
                           လူတွေဟာကိုယ်ဘာကို လွမ်းလို့ လွမ်းမှန်းကောသိကြရဲ့ လားလို့ မေးကြည့်ချင်တယ်။ လွမ်းပြီးတော့ကော လောဘဖြစ်သလား၊ ဒေါသဖြစ်သလား။ မာနဖြစ်သလား။ ဒါလေးတွေ ပြန်စဉ်းစားကြည့် ပါ။ လွမ်းတယ်။ အတိတ်ကို ဒါပေမယ့် သင်ခန်းစာယူဖို့။ အတိတ်ကမှားခဲ့တာတွေ၊ မလုပ်လိုက်ရတာတွေ ဒါတွေကို ခုကိုယ့်မှာ အသိဥာဏ်ရှိတုန်း သင်ခန်းစာယူတတ်ဖို့ပါ။ မြတ်စွာဘုရားရှင်နဲ့ တွေ့ လိုက်ရသူတွေ ကတော့ ယခုဘ၀အမှားတွေသာမက သံသရာက အမှားတွေကိုပါ ပြောပြပေးလို့ အသိတရားရ သွားကြတယ်။ အသိတရားရတယ်ဆိုတာ တရားအသိ ရှိသွားတာပါ။ 
                              တစ်ချို့ တွေများ အမှားပြင်ဖို့ နေနေသာသာ အတိတ်က ငယ်ရွယ်နုပျိုစဉ်က အကြောင်း များကို စဉ်းစားပြီး မာန်ယစ်နေကြသေးတယ်။ တကယ်တော့ လောဘနဲ့ စဉ်းစားရင် ဘာပဲဖြစ်ဖြစ် ပြန်လိုချင် စရာချည်းပါပဲ။ ဒေါသနဲ့ စဉ်းစားရင် ဘာအကြောင်းပဲ ဖြစ်ဖြစ် စိတ်ဆိုးစရာချည်းပါပဲ။ မာနနဲ့ စဉ်းစားရင် ဘာ အကြောင်းပဲ ဖြစ်ဖြစ် မာနတက်စရာချည်းပါပဲ။ ဒါလေး သဘောပေါက်ပြီး ဘာကိလေသာနဲ့မှ စိတ်ကို မဆွတ် မိစေပါနဲ့။ ကိုယ့်အကြောင်းကိုယ်လွမ်းပြီး အကုသိုလ်ဖြစ်တာရယ်၊ သူများကို လွမ်းပြီး အကုသိုလ်ဖြစ်နေတာ ရယ် ဘာက ပိုကောင်းလို့လဲ။ ဘာတစ်ခု မကောင်းပါဘူး။ 
                         စိတ်စင်ကြယ်ရင် အကုသိုလ်တွေ မကပ်ဝံ့ပါဘူး။ အိမ်မှာနေနေ၊ ရုံးမှာနေနေ။ ပစ္စုပ္ပန်မှာ ပဲနေနေ၊ အတိတ်ကိုပဲ သွားသွား စိတ်စင်ကြယ်အောင်သာထားပါ။ ဘာကိလေသာနဲ့မှ မဆွတ်လိုက်ပါနဲ့။ မလွမ်းရဘူးလို့ မပြောပါဘူး။ ကိုယ့်မိသားစုကို လွမ်းရင်လည်း လွမ်းနိုင်ပါတယ်။ ကိုယ့်မွေးရပ်မြေကိုလွမ်းရင် လည်း လွမ်းနိုင်ပါတယ်။ စာရေးသူ တောင်ငူ ( ကေတုမတီ ) နယ်ကနေ စပြီး ထွက်ခွာစဉ်က ညတိုင်းသတိရ လို့ မျက်ရည်ကျရတယ်။ ဘယ်သူကို သတိရတာလည်း ဆိုတော့လည်း လက်ညှိုးထိုးပြစရာက မရှိဘူး။ ဒါနဲ့ နောက်တော့ သတိရတိုင်း ကိုယ့်မိသားစု၊ ကိုယ့်ဆရာသမား၊ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ရပ်ဆွေ ရပ်မျိုးတွေက အစ အားလုံးကို မေတ္တာပို့တယ်။ ကိုယ့်စိတ်ကိုတော့ ကိလေသာနဲ့ အဆွတ်မခံဘူးလို့လည်း ဆုံးဖြတ်ထားလိုက်တယ်။ 
                             အသိတရားရှိရင် တရားအသိက လိုက်လာပါတယ်။ ဘာအသိတရားတွေလည်း ဆိုတော့ မကောင်းဘူး၊ ကောင်းတယ်။ မလုပ်သင့်ဘူး။ လုပ်သင့်တယ်။ မပြောသင့်ဘူး။ ပြောသင့်တယ်။ မစဉ်းစား မကြံစည်သင့်ဘူး။ စဉ်းစားကြံစည်ကောင်းတယ်။ ဒီအသိတရားမျိုးလေးတွေ ရှိသင့်တာပါ။ ဒီအသိတရားတွေ သိဖို့ တရားစာတွေဖတ်၊ တရားတွေနာ၊ တရားတွေစဉ်းစား ဒါမှပဲ တရားနဲ့ လွမ်းတတ်မှာပါ။ တရားနဲ့ ဆုံးဖြတ် တတ်မှာပါ။ ကိုယ်က တစ်စုံတစ်ယောက်ကို တရားနဲ့ သတိရနေရင်၊ ကိုယ်ကိုလည်း တစ်စုံတစ်ယောက်က တရားနဲ့ သတိရနေရင် သတိရသူအချင်းချင်းဘယ်လောက် အေးချမ်းလိုက်မလဲ။ မေတ္တာတရား၊ မုဒိတာ တရားတွေနဲ့ များ သတိရနေရင် ကောင်းသောလွမ်းခြင်းပါပဲ။ 
                            ကိလေသာဆွတ်ဆိုခြင်းမရှိတဲ့ တရားနဲ့ လွမ်းခြင်းဟာ လွမ်းလောက်ပါတယ်။ တရားနဲ့ သတိရတာဟာ အေးမြစေပါတယ်။ သတိရသူကော သတိရခြင်းခံရသူပါ စိတ်မပူပင်ကြောင့်ကြရတော့ပါ။ ဒါကြောင့် မိမိတို့ တစ်တွေလွမ်းတော့မယ်ဆိုရင် ဆွတ်ခြင်းပါနေလား၊ မပါဘူးလားဆိုတာလေးကို အရင် စဉ်းစားကြပါအုံး။ လွမ်းတာနဲ့ ဆွတ်တာကိုလည်း ခွဲခြားတတ်ကြပါစေ.....။ ကိုယ့်ဘ၀မှာ လွမ်းလည်းလွမ်း၊ ဆွတ်လည်းဆွတ်နေမယ်ဆိုရင်တော့ ဥာဏ်မခိုင်ရုံမက၊ ဥာဏ်မနိုင်တဲ့ ဘ၀အထိရောက်သွားကြမှာပါ။ ဒါကြောင့် ဆွတ်ခြင်းပါတဲ့ လွမ်းခြင်းမျိုးကတော့ ရဟန်းများသာမက လူသားအားလုံး အတွက်တော့ မလွမ်းလောက်ပါဘူး လို့ ပြောလိုက်ပါရစေ......................။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ......................။

မောင်ပညာ ( ကေတုမတီ )


Read more...

Saturday, February 18, 2012

let it be

               let it be ဆိုသော ဒီစကားလုံးလေးက အနောက်နိုင်ငံတွေမှာ စိတ်ဖြေဆေးအဖြစ် အသုံးပြုနေခဲ့ ကြတာကြာပါပြီ။ တစ်ခုခု ဖြစ်သွားတယ်ဆိုရင် သူတို့ ပြောလေ့ရှိတာက let it be တဲ့။ မြန်မာပြန်ရင်တော့ ရှိ ပါစေ တော့ပေါ့ ။ မြန်မာပြည်က ဗုဒ္ဓဘာသာဝင် သူတော်စင်များလည်း ပြောဆိုလေ့ ရှိပါတယ်။ ရှိပစေ သူ့ထိုက် နဲ့ သူ့ ကံ ဆိုပြီး တော့။ let it be ပေါ့။ ဒီစကားလုံးလေးကို သူတို့ နိုင်ငံမှာ let it be ဆိုပြီးတောင် သီချင်းလုပ်ဆို ထားကြသေး၏။
                     ခုလည်း let it be အကြောင်းလေး စဉ်းစားရင်း လက်များက ကီးဘုတ်ပေါ် အပြေးအလွှားရောက် သွားမိတယ်။ ကျွန်ုပ် အတွက်တော့ အတွေးနဲ့ အရေးတွေဟာ ထပ်တူဖြစ်ခဲ့တာ များပါတယ်။ တွေးတာကိုရေး လို့ ရေးထားတာလေးတွေကို ပြန်တွေးနေရတာ ပျော်တယ်။ ဒါလည်း let it be ပေါ့လေ။ ငယ်ငယ်က ကြားဖူး တာတစ်ခု ရှိတယ် ဖြေဆေးဆိုတာ ဖြေသင့်တဲ့ နေရာမှာသာ ဖြေရတာ။ မဖြေသင့်တဲ့ နေရာ သွားဖြေမိရင် တစ်ချို့  ဘေးထွက်ဆိုးကျိုးများတောင် ရှိသေးဆိုပဲ။ 
                     ဘာလို့ ဒီအကြောင်းပြောရတာလည်း ဆိုတော့ ခုတစ်လော ဖြစ်နေတာလေးတွေ ကြားရတယ်။ မိဘနဲ့ သားသ္မီးတွေ အကြား မပြေလည်မှုလေးတွေရယ်ပါ။ ပြေးကြည့်မှ ဒီသား အမိတွေပဲ ရှိတာ ဘာဖြစ်လို့   မပြေလည်ကြသလဲ။ ဒါကို let it be လုပ်ဖို့ စဉ်းစားတော့။ မဖြစ်ချေဘူး။ မိဘကလည်း သားသ္မီး အပေါ် let it be မလုပ်သင့် သလို၊ သားသ္မီးကလည်း မိဘအပေါ် let it be မလုပ်ထိုက်ဘူး။ သားသ္မီးက သားသ္မီးဖြစ်သလို မိဘကလည်း မိဘပါပဲ။ တစ်ခု ရှိတာက မိဘကတော့ သားသ္မီး ဘ၀ကို ဖြတ်သန်းခဲ့ဖူးတယ် မဟုတ်လား။
                       ကိုယ့်သားသ္မီး အပေါ် let it be၊ ရှိပါစေတော့ သူ့ထိုက်နဲ့ သူ့ကံပဲဆိုပြီး ထားလိုက်လျှင်၊ ကိုယ့်  တုန်းက ကိုယ့်မိဘက ကိုယ့်အပေါ် ဘယ်လိုထိန်းလို့ ခုလိုဘ၀ရောက်လာခဲ့သလဲ ဆိုတာလေး ပြန်တွေးစေ လိုပါတယ်။ ကိုယ့် ကလေး၊ ကိုယ့် သားသ္မီးကို မထိန်းနိုင်၊ နားမလည်နိုင်တာနဲ့ ကံအပေါ် ပုံချပြီး let it be လုပ် တာကတော့ တရားရှိတာလား၊ တာဝန်မဲ့ တာလား မိမိတို့ ဘာသာ စဉ်းစားကြစေလိုပါတယ်။ ခု ခေတ်ကလေးငယ်များကို မိမိတို့တုန်းကလို ထိန်းမရရင် ဘယ်လိုနည်းနဲ့ ထိန်းမလဲ။ ဒါ စဉ်းစားရမှာ။ 
                          ကိုယ့်ကလေးနဲ့ကိုယ် နားလည်မှုယူဖို့လိုပါတယ်။ သူ့ဘက်ကလည်း ကိုယ့်ကိုနားလည်မှုရှိ လာအောင်၊ ကိုယ်ကလည်း သူ့ကို နားလည်အောင် လုပ်သင့်ပါတယ်။ ခုတော့ ဆုံးမလို့ အဆင်မပြေ၊ ပြောလို့ ဆိုလို့ အဆင်မပြေတာနဲ့ ဥပေက္ခာပြုပြီးပဲ နေသလိုလို၊ သူ့ကံနဲ့သူ ဆိုပြီး တရားနှလုံးသွင်းပြီးပဲ နေသလိုလိုနဲ့ မိဘတွေရဲ့  ခေတ်သစ်တရားအားထုတ်နည်းလို့ပဲ ဆိုရမလိုပါပဲ။ ဥပေက္ခာပြုတယ်ဆိုတာကလည်း နှစ်မျိုး ရှိပါတယ်။ သင်္ခါရတရားတွေရဲ့  အကောင်း၊ အဆိုးတွေကို ဥပေက္ခာပြုတာရယ်။ သတ္တ၀ါတို့ရဲ့  အပြစ်ကို ဥပေက္ခာပြုတာရယ်ပါ။ ကိုယ်က ဘာကို ဥပေက္ခာပြုနေတာလဲ။ ဥပေက္ခာပြုတယ်လည်း ဆိုသေး ကိုယ်ပါချင် တာရှိတော့ ၀င်ပါတယ်။ ကိုယ်နဲ့ ဆိုင်တယ်ထင်ရင် ၀င်ဆိုင်လိုက်သေးတယ်။ 
                               The root of all problems is Miss Understanding. ပြဿနာအားလုံးရဲ့  အရင်းအမြစ်က နားလည်မှုလွဲမှားခြင်းရယ်ပါ။ ဟုတ်ပါတယ်။ သားသ္မီးနဲ့ မိဘ၊ ဆရာနဲ့ တပည့်၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ တွေဟာ နားလည်မှု လွဲတာကြောင့် ပြဿနာဖြစ်နေကြရတာ။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး သူ့ဘက် ကိုယ့်ဘက် နားလည်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ နားလည်မှုဟာ အရေးကြီးဆုံးသော တရားပါပဲ။ ဒီတရားသာရှိရင် အားလုံးနဲ့ အဆင်ပြေပြီ။ ပြဿနာ မဖြစ်အောင် နေတာထက် နားလည်မှုရှိပြီး နေတာက ပိုပြီးစိတ်ချမ်းသာပါတယ်။ 
                              ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ဆိုပြီး လိုက်နေရတာက ပင်ပန်း လိုက်တာ။ ကိုယ့်မှာ သူ့တို့အပေါ် နားလည်နိုင်မှု စွမ်းအား ဘယ်လောက်ရှိသလဲ။ စွမ်းအားရှိရင် ရှိသလောက် ချမ်းသာပါတယ်။ လုပ်ပြီးနေရတာထက် ရှိပြီးနေရတာက မပင်မပန်း အေးချမ်းပါတယ်။ လုပ်ပြီးနေတယ်ဆို တာ အဆင်ပြေအောင်လိုက်လုပ်နေရတာပါ။ ရှိပြီးနေတယ်ဆိုတာကတော့ နားလည်မှုလေး ရှိပြီး နေတာကို ဆိုတာပါ။ နေကြည့်စေချင်ပါတယ်။ let it be တော့ မဖြစ်စေချင်ဘူး။ တစ်ခုခုဆို let it be လုပ်လိုက်တာက တရားတကယ်ရှိတာလား၊ တရားရှိချင်ယောင်ဆောင်တာလား ဆိုတာကတော့ လုပ်ပြီး နေသူတိုင်းသိမှာပါ။
                                ဘ၀တစ်ခု ဆိုတာက ရခဲပါတယ်။ ရရှိလာတဲ့ ဘ၀မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစား ရပါမယ်။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းဆုံးပုံစံ တစ်ခုအနေနဲ့ ကိုယ်နေနိုင်ပြီလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ။ တစ်ခုခုဆိုလျှင် let it be ဆိုပြီး၊ ရှိပါစေ ရှိပါစေ လုပ်တာဟာ နားလည်မှုရှိတာ ဟုတ်မဟုတ် စဉ်းစားကြည့်စေလိုပါတယ်။ ပိုင်ဆိုင်ထားတဲ့ဘ၀မှာ အကောင်းတရားတွေကို ရရှိအောင်၊ ကုသိုလ်တရားတွေကို သိမ်းဆည်းထားနိုင်အောင် ကြိုးစားနေရမှာပါ။ ဒါဟာ ရရှိထားတဲ့ ဘ၀ကို မြတ်နိုး၊ တန်ဖိုးထားသူတိုင်း သိသင့်၊ ရှိသင့်တဲ့ ဘ၀အသိတရား၊ နားလည်မှု တရားရယ်ပါ။
                           လွယ်လွယ်ကူကူရလာတာ မဟုတ်တဲ့ ဘ၀ကြီးကို let it be လုပ်ပြီးထားလိုက်ရင်တော့ အရင်းအနှီး ရှုံးသူလိုပါပဲ။ အသိဥာဏ်ရှိသူက ရရှိလာတဲ့ အရင်းအနှီးနဲ့ အမြတ်တရားတွေကို ရှာပြီး ဘ၀ကောင်းအောင် ကြိုးစားနေချိန်မှာ ကိုယ်က ကိုယ့်ဘ၀ကို let it be ဆိုပြီး အရင်းအနှီးကို မမြှပ်နှံတတ်ရင် ကိုယ်လောက် မိုက်မဲသူ ရှိမှာမဟုတ်တော့ပါဘူး။ ထိုကဲ့သို့သော သူမျိုးကိုသာ let it be လုပ်ထားလိုက်သင့် တာပါပဲ။ 
                                 လူ့ဘ၀ ရရှိတယ်ဆိုတာ ဒုလ္လဘ တရား တစ်ပါးပါပဲ။ ခက်ခဲပါတယ်။ ဒါလေးကိုလည်း နားလည်ရပါမယ်။ ဒါကို နားမလည်ပဲ၊ ပျော်ပျော်နေ သေခဲဆိုပြီး ကိုယ်ပျော်ချင်တာကိုပဲ နားလည်နေလို့ ကတော့ ထိုသူ့ အတွက် လူ့ဘ၀ အရင်းအနှီးကောင်းကြီးဟာ ပျက်ဆီးဆုံးရှုံးသွားမှာပါ။ ကိုယ်ဘ၀တန်ဖိုးကို ကိုယ်နားလည်ပြီး ကြိုးစားသူတွေကတော့ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်လို့ ကိုယ်လိုချင်တဲ့ ဘ၀၊ 
ငြိမ်းချမ်းရာ နေရာကို ရောက်နိုင်သွားမှာပါ။ 
                               တစ်ဘ၀ နားလည်မှု လွဲခဲ့တယ် let it be လုပ်လိုက်တယ်။ နောက် တစ်ဘ၀လည်း let it be ပါပဲ ဆိုပြီး ရှိစေခဲ့တာ။ သံသရာမှာ ပြေးလွှားလာခဲ့တာ။ ဘုရား အဆူဆူနဲ့ let it be လုပ်လာတာ။ ခုလည်း လုပ်တုန်းပဲလား။ ကိုယ့် အသိဥာဏ်လေးရှိတုန်း နားလည်နိုင်မှု စွမ်းအားတွေကို မြှင့်ပါ။ သူများအပေါ်မှာတင် မက ကိုယ့်ခန္ဓာ၊ အာယတန၊ ဓာတ်တွေ အပေါ်မှာပါ နားလည်နိုင်အောင် သင်္ခါရလောကကြီးတစ်ခုလုံးကို နားလည်နိုင်သူဖြစ်အောင်၊ သုညတ သဘောတရားတွေကို နားလည်နိုင်အောင် ဒီလိုအချိန်မှ မကြိုးစား၊ ဘယ်တော့ ပင်ပန်းနေတာတွေက လွတ်မလဲ။ 
                          let it be ................. ရှိပါစေတော့......................။
မောင်ပညာ ( ကေတုမတီ ) 

Read more...

Tuesday, February 14, 2012

ခုကောင်းမှ နောင်ကောင်းမည်

                    ဘ၀ဆိုတာ အမြဲ ရှင်သန်၊ လှုပ်ရှားသွားလာနေရတာပါ။ နည်းနည်းလေးမှ အငြိမ်နေရတာ မဟုတ်။ လုပ်ရင်း၊ ကိုင်ရင်း၊ ရောင်းရင်း၊ ၀ယ်ရင်း နဲ့ ဘ၀ကိုဖြတ်သန်း နေကြရသူတွေ၊ ဘ၀နေထိုင်နည်းတွေ ထဲမှာ အကုသိုလ်အဖြစ်နည်းအောင် နေထိုင်နည်းလေးတွေကို အမြဲတမ်း သိစေချင်တယ်၊ ပြောပေးချင်တယ်။ ဘ၀ခရီးကြမ်းကို အပူလမ်းက ဖြတ်သန်းမသွားစေချင်ဘူး။ အေးချမ်းတဲ့ လမ်းကသွားစေချင်တယ်။ အေးချမ်းစွာ နဲ့ပဲ သွားစေချင်တယ်။ 
                            ခရီးက ကြမ်း၊ လမ်းပြက မရှိ၊ အန္တရာယ်က များလိုက်ပါဘိနှင့်။ အော် ဘ၀ဆိုတာ အဲ့ဒါလား။ မိဘရယ်လို့ ဖြစ်လာတာနဲ့ ကိုယ့်ဖို့သာမက သားသ္မီး အတွက်ပါ ရှာဖွေလိုက်ကြရတာ။ ခုရေးသာမက နောင်ရေး အတွက်ပါ ရှာလိုက်၊ ဖွေလိုက်ရတာ။ ကြမ်းတမ်းတဲ့ လမ်းလျှောက်နေမှန်းလည်းမသိ၊ အပြစ်ရှိမှန်း သိလျက်နဲ့ လည်း ဇွတ်လုပ် နေကြတာတွေ မြင်ရတော့........။ သိစေချင်တယ်။ ပြင်စေချင်တယ်။ မြင်စေချင်တယ်။ ဒီ စိတ် လေးတွေက ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ လက်ချောင်းတွေကို ပြေးလွှားစေခဲ့တယ်။  
                          ငယ်စဉ်ကတည်းက အဆုံးအမကို လိုလားသူ ကလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့တဲ့ စာရေးသူဟာ ဘယ်နားက အဆုံးအမလေးတွေ ဖြစ်ဖြစ် ရေးမှတ်ထားတာ ရှိခဲ့သလို၊ ကျက်မှတ်ထားတာလေး များလည်း ရှိခဲ့ပါတယ်။ မိဘကောင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်းကောင်းနဲ့ တွေ့ ဆုံကြုံခဲ့ရလို့လည်း ဒီ လိုအဆုံးအမ များ ရရှိခဲ့တာပါ။ ဘယ်လိုပင် ရခဲ့၊ ရခဲ့ ခုတော့ ဒါလေးတွေက အပူလမ်းက ခရီးသည်များအတွက် ချမ်းမြေ့စရာ များပင် ဖြစ်လာစေခဲ့ပြီပေါ့။ မြန်မာလူမျိုးအများစုဟာ ကံကို ယုံကြတယ်။ ကောင်းတာလုပ် ကောင်းကျိုးရ၊ မကောင်းတာလုပ်က မကောင်းကျိုးရတယ်ဆိုတာ အားလုံးယုံကြည်ပြီးသားပါ။ သို့သော် ကောင်းတာကို ဘယ်လိုလုပ်ရမလဲ လို့မေးလာကြပြန်တယ်။ အော် ခက်ပေစွ။
                              ငယ်ငယ်က အဆုံးအမလေးတစ်ခု ရခဲ့ဖူးတယ်။ `ပစ္စုပ္ပန်မှာ ကောင်းအောင်သာ၊ သုံးဖြာကံပြုလုပ်၊ မပေးသလော၊ ပေးသလော စောကြောနေဖွယ် မဟုတ်။ ပထမဇော ဒလဟော သဘောသူ ဖွင့်ထုတ်´ တဲ့  မှတ်ထားမိတာတော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ စာအုပ်ထဲကလားပဲ ဒါလေးကို ဖတ်မိတုန်းက အရမ်းကို သဘောကျခဲ့တာ။ အဲ့တုန်းကတော့ ဇောတွေဘာတွေ နားမလည်ခဲ့ဘူး။ ဒါပေမယ့် ခုပြန်တွေးကြည့်ရင်း အဲ့အဆုံးအမလေး ရပြီး ပစ္စပ္ပန်မှာ ကောင်းအောင် နေခဲ့၊ ထိုင်ခဲ့တာ။ အတော် လည်း အကျိုးရှိခဲ့တယ်။ 
                              စာပိုဒ်လေးက ဘာဆိုလိုတာလဲ ဆိုတော့....။ ယခု မိမိရောက်ရှိနေတဲ့ တနည်းအားဖြင့် ခုလုပ်နေတဲ့ အလုပ်ထဲမှာ ကောင်းအောင်ပြုလုပ်ပါတဲ့။ ဘာအလုပ်ကိုပဲလုပ်လုပ် ကောင်းတဲ့ စိတ်ထားလေး နဲ့ကောင်းအောင်သာ ပြုလုပ်နေပါ။ ကောင်းအောင် ပြုလုပ်နေပါဆိုပေမယ့် ပြောနေတာလည်းပါတယ်။ စိတ်ကူးကြံစည်နေတာလည်း ပါတယ်ပေါ့။ ကောင်းအောင် ပြု၊ ပြော၊ ကြံနေရင် ဘာမှစိတ်မပူပါနဲ့တဲ့။ ကံ သုံးပါးလုံးကို သာ ကောင်းအောင် ထိန်း၊ ကောင်းကျိုးချမ်းသာ လာမလား၊ မလာဘူးလား မေးနေစရာမလိုပါ တဲ့။ 
                           တစ်ချို့ ကလည်း ကောင်းတာတော့ လုပ်နေပါတယ်။ ကောင်းကျိုးကမလာ၊ မလာနဲ့ မိုလို့ ဘယ်အချိန်မှ လာမလဲဆိုပြီး ဒေါသတောင်ထွက်ကြတယ်ဆိုပဲ။ အော် ကောင်းတာလုပ်၊ ပြော၊ ကြံ နေရတာ ကိုက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ မကောင်းတာတွေ လုပ်၊ ပြော၊ ကြံနေ ကြည့်ပါလား။ မကောင်းတဲ့စိတ်တွေ ဖြစ်လာရော။ အပူများတယ်။ စိတ်မချမ်းသာဘူးဆိုတာ အဲ့ဒါပဲ ။ ဒါပဲ စဉ်းစား၊ ဒါပဲ ပြော၊ ဒါပဲလုပ်နေ ဒါပဲ ဖြစ်မှာပေါ့ ဆိုသလိုပေါ့။ ကိုယ်က အပူပဲ စဉ်းစား၊ အပူပဲ ပြော၊ အပူသည်အလုပ် လုပ်နေတော့ အပူတွေပဲ လာမှာ။ ကိုယ့်အလုပ်လေး ကိုယ်ပြန်ကြည့်ပါ။ 
                          သားသ္မီးအတွက်ရှာဟာ ရှာတာပဲ။ ကိုယ်အပူမလောင်စေနဲ့။ နောင်ရေးအတွက်ဆိုပြီး ခု အပူတွေ မလောင်စေနဲ့။ ခု အေးချမ်းအောင် နေတတ်မှနော်။ နောက်မှ ကုသိုလ်ကောင်းမှုပြုပြီး အပြစ်ကျေမယ် မထင်ပါနဲ့။ ခု ကတည်းက အပြစ်မဖြစ်အောင် နေလိုက်ပါလား။ နောက်နောင် ကောင်းချင် ပါတယ်ဆိုရင် ခုကတည်းက ကောင်းအောင် နေပါ။ ဘုရားရှင် ဟောကြားခဲ့သမျှ တရားတွေဟာ ခုလည်း ကောင်း၊ နောင်လည်းကောင်းတာတွေ ချည်းပါပဲ။ ခု ကျင့်စဲမှာလည်း ကောင်းမွန်တယ်။ ကျင့်ပြီးနောက် သံသရာမှာလည်း ကောင်းတယ်။ 
                            အကောင်းရှာ လူသားတွေကြားမှာ အကောင်းတရားတွေကိုသာ ဟောမိန့်ခဲ့တာ။ ကောင်း တဲ့အကျိုးလိုလားတယ်၊ ရချင်တယ်ဆိုရင် ကောင်းတဲ့ တရားတွေကို ပြု၊ ပြော၊ ကြံ နေပေါ့။ ကောင်းတဲ့ တရားက ဈေးရောင်းရင်းလည်း ကျင့်လို့ရပါတယ်။ ချက်ပြုတ်ရင်းလည်း ကျင့်လို့ရပါတယ်။ ဈေးရောင်းရင်း ၀ယ်သူတွေ မေတ္တာပို့ ရနိုင်သားပဲ။ ရုံးသွားရင်း ရုံးကလူတွေ မေတ္တာထား။ ကျင့်စရာတွေက များပါတယ်။ ကျင့်ချင်စိတ်ရှိဖို့ပါပဲ။ တကယ်ကောင်းတဲ့ တရားတော်တွေ ကျင့်မယ်ဆိုရင် တကယ်ကောင်းတဲ့ အကျိုးပေး ပါတယ်။ 
                         ခုကောင်းမှ နောင်ကောင်းမည်။ နေစဉ်ကောင်းမှ သေရင်လည်းကောင်းပါမယ်။ နေစဉ်မှာ မကောင်းခဲ့သမျှ သေရင်တော့ ထပ်ပူရအုံးမှာပါ။ ကိုယ်ကတော့ သားသ္မီးကောင်းစားဖို့ ကောင်းတာရော၊ မကောင်းတာရော လုပ်ခဲ့တယ်။ ခံရတော့ ကောင်းတာလည်း ကိုယ်ပဲစံ၊ မကောင်းတာလည်း ကိုယ်ပဲခံရတာ ပါ။ ကောင်းစွာရှာဖွေထားတဲ့ ချမ်းသာဟာ ကောင်းစွာ အသုံးချမယ်ဆိုရင် တစ်မိသားစုလုံး စံစားရမှာပါ။ ရှာတော့ရှာခဲ့တယ် ဘယ်တော့များ ကိုယ့်အလှည့်ပြန်ရောက်မလဲ ၀ဋ်လည် အုံးမှာပါလားဆိုတဲ့ စိတ် ခံစား နေရမယ်ဆိုရင် အဲ့ဒီ စည်းစိမ်ဟာ စံစားရတာမဟုတ်ဘဲ၊ ခံစားရတာ ဖြစ်နေမှာပါ။ အခုလည်း မကောင်း၊ နောင်လည်း ကောင်းလာမည် မဟုတ်ပါ။ 
                         တရားအလုပ်ဆိုတာ တရားသောအလုပ်ပါပဲ။ ဒါအရိုးရှင်းဆုံး ပြောပြလိုက်တာပါ။ တရားအားထုတ်တယ် ဆိုသည်ကား တရားအားတွေကို ထုတ်သုံးခြင်းပါ။ ကိုယ့်မှာ ရှိသော သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စတဲ့ တရားအားတွေကို ထုတ်ကာသုံးခြင်းသည် တရားအားထုတ်ခြင်းပါပဲ။ ဒီ အားတွေ မိမိတို့ ဆီမှာ ရှိပါတယ်။ ထုတ်သုံးသူဟာ တရားအားထုတ်နေသူ ဖြစ်ပြီး၊ မထုတ်သုံးသူကတော့ အားမထုတ် သူ ဖြစ်နေမှာပါ။ ရှိသင့်တဲ့ တရားအားတွေနဲ့ အပြိုင် မရှိသင့်တဲ့ မတရားအားတွေကလည်း ရှိပါတယ်။ ဒါတွေကို အားထုတ်ရင်တော့ မတရားအားထုတ်သူ လို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။ ဒါတွေကတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ အဆိုးတရားတွေပါ။ ဒါတွေဟာ မရှိသင့်၊ မထုတ်သင့်တဲ့ တရားတွေပါ။ 
                                   ထိုအဆိုးတရားများ ထုတ်သုံးခဲ့မယ်ဆိုရင် ခုလည်းဆိုး၊ နောင်လည်းဆိုး နေမှာပါ။ ဒါ ကြောင့်သံသရာ လမ်းခရီးကနေ မြန်မကြာ လှမ်းထွက်ချင်ပါတယ်ဆိုရင်၊ ပစ္စုပ္ပန်မှာ ကောင်းအောင်သာ သုံးဖြာကံ ပြုလုပ်ပါ။ ပထဇော ဒလဟော သဘောသူဖွင့်ထုတ်ပါလိမ့်မယ်။ ပထဇောက ကောင်းရင် ကောင်း သလောက် ဒီဘ၀မှာတင် အကျိုးပေးပါတယ်လို့ ဆိုလိုက်တာပါ။ ကောင်းတာလုပ်လို့ ဘ၀ပျက် ဒုက္ခရောက် ရတယ်ဆိုတာ မရှိပါဘူး။ ကောင်းတာပြော၊ ကောင်းတာကြံ ဖို့လည်း အရေးကြီးပါတယ်။ ဒါမှ တရားအား ထုတ်သူ အစစ်ဖြစ်ပါမယ်။ ခုလည်းကောင်း နောင်လည်းကောင်း အောင် ကံ သုံးပါးလုံးကောင်းအောင်နေ ကြရင်း ဘ၀လမ်းခရီးကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။ 

မောင်ပညာ ( ကေတုမတီ )

Read more...

ဘယ်သူ့ အချစ်ဆုံးလဲ

                         လောကကြီးထဲ တစ်ယောက်နဲ့တစ်ယောက် ချစ်သည်၊ မုန်းသည်နှင့် ပြောဆိုနေကြတာတွေ ကြားနေရတယ်။ တွေ့နေရတယ်။ ဒီကနေ့ဆိုရင် ချစ်သူများနေ့ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ချောက လက်တွေကျွေးကြ၊ လက်ဆောင်တွေပေးကြပြီး အချစ်ရဲ၏ သင်္ကေတဆိုပြီးပြောဆိုတတ်ကြသေးတယ်။ ဒါတွေကြားရတော့ အော် လောကလူတွေများ ဟိုလူ့ချစ်တယ်၊ ဒီလူ့ချစ်တယ်ဆိုပြီးပြောနေကြတယ်။ တကယ်တမ်း ဘယ်သူ့ အချစ်ဆုံးလဲ ဆိုတာ မေးကြည့်ချင်လိုက်တာလို့ စိတ်ထဲဖြစ်မိတယ်။ 
                       ပိဋကတ်စာပေသမိုင်းထဲမှာ အလွန်ထင်ရှားတယ် မင်းကြီးတစ်ပါးရှိတယ်။ ကောသလမင်းလို့ လူတိုင်း နီးပါးသိကြတဲ့ မင်းကြီးပေါ့။ တစ်ခါက မင်းကြီးကလည်း ဒီလို ချစ်သူများနေ့ တော့ မဟုတ်လောက်ဘူး သူ့ဖာသာ ဘာအကြံပေါက်ပြီး မေးလဲတော့မသိဘူး။ သူ့ မိဖုရားကြီး မလ္လိကာကို မေးတယ်။ တစ်လောကလုံးမှာ ဘယ်သူ့ အချစ်ဆုံးလဲ တဲ့။ မင်းကြီးကတော့ ကြည်ကြည်နူးနူး နဲ့ နှစ်ယောက်တည်း နန်းတော်ထက်မှာရှိခိုက် အရှင်မင်းကြီးကို အချစ်ဆုံးပါလို့ ဖြေစေချင်တယ်နဲ့ တူပါတယ်။ ဒါပေမယ့်လို့ မိဖုရားကြီး မလ္လိကာက ဖြေလိုက်ပုံ က တစ်လောကလုံး ကိုယ့်ကိုယ်ကို အချစ်ဆုံးပါတဲ့။ မင်းကြီးခမျာ ကြည်နူးနေတဲ့ စိတ်ကလေးတွေပင် ဘယ်ပျောက်လို့ ဘယ်ရောက်ကုန်သလဲ မသိတော့ပါဘူး။ တစ်ခါတည်း နန်းတော်ကဆင်းပြီး ဘုရားကျောင်း သွားတော့တာပါပဲ။
                           ဘုရင်ကြီးကတော့ ဘုရားရှင်ဆီရောက်တယ်ဆိုရင်ပဲ အိမ်တွင်းရေးကို တင်လျှောက်တော့ တာပါပဲ။ ဘုရားရှင်က ပြုံးပြီး ဘုရင်ကြီးရဲ့  အဖြစ်ကို အမှန်တရားလမ်းကြောင်းပေါ် ကနေပဲ ဖြေရှင်းပေး လိုက်ပါ တယ်။ ဟုတ်ပါတယ်တဲ့ မိဖုရားကြီး မလ္လိကာ ပြောသလိုပဲ သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါတဲ့။ ဘုရားရှင်ရဲ့  တရားတော်တွေ နာကြားလိုက်ရမှ မိဖုရားကြီးအပေါ်တင်းနေတဲ့ ဘုရင်ကြီး စိတ်တွေ ပြေလျော့ခဲ့ ပါတယ်။ သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကို အချစ်ကြဆုံးပါ။ ကိုယ့်အလို ဆန္ဒကို ပြည့်ဝစေဖို့သာ သူတစ်ပါးကို ချစ်တယ်ဟု ပြောဆိုနေကြခြင်း၊ တကယ်တော့ အရပ်ထဲမှာ ဆိုနေကြတဲ့ မေတ္တာဟူသည်ကား တဏှာကိုယ်စားလှယ်ပင်တည်း။
                            တကယ့်မေတ္တာအစစ်သည်ကား အကျိုးလိုလားခြင်းပါပဲ။ သူ့အပေါ်မေတ္တာရှိတယ်ဆိုလျှင် သူ့အကျိုးကို လိုလားရပါမယ်။ သတ္တ၀ါတွေအကျိုးလိုလားလို့ သတ္တ၀ါတွေ ချမ်းသာစေခြင်းငှာ ဆောင်ရွက်ပါ တယ်ဆိုလျှင် မေတ္တာတရားရှိတာပါ။ သူ့အကျိုးကို လိုလားပြီး သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေး လိုတာဟာလည်း မေတ္တာရဲ့ သဘောတရားပါပဲ။ ဒီလို မဟုတ်ဘူး ကိုယ်ရယူပိုင်ဆိုင်ချင်တာ သူက ကိုယ့်ကိုပဲ ဂရုစိုက်နေစေချင်တာတွေဟာ မေတ္တာယောင်ဆောင်တဲ့ တဏှာသဘောတွေပါ။ သူက ကိုယ့်ကို ဂရုမစိုက် တော့ရင် ကိုယ်စိတ်ထဲမကောင်းဖြစ်ရတာတွေဟာ မေတ္တာမစစ်ခဲ့လို့ပါ။ မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါတွေအပေါ် မေတ္တာထားရှိခဲ့တယ်။ အနှိုင်းမဲ့မေတ္တာပေါ့။ မြတ်စွာဘုရားရှင်က သတ္တ၀ါ တစ်ဦးတစ်ယောက် ပြန်ပြီး ဂရုစိုက်ပါစေဆိုတဲ့ အလိုဆန္ဒလည်း မထားခဲ့ဘူး။ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ ဘုရားရှင်ကတော့ မေတ္တာကွန်ရက်ကို ဖြန့်ကျက်ခဲ့ပါတယ်။ 
                            ခုတော့ လူသားတွေဟာ ကိုယ်သတိရတာလေးကို သိအောင် ပြောပြရသေးတယ်။ ကိုယ့်သတိရသလိုပဲ သူလည်း သတိရစေချင်တယ်။ ကိုယ်မေတ္တာပို့သလို သူလည်း မေတ္တာပို့ပါ့မလားဆိုပြီး တဏှာကို မေတ္တာနဲ့ ဖုံးလွှမ်းချင်နေကြတယ်။ ဒါကို မသိတော့ မေတ္တာပဲ ဆိုပြီး ပြောဆိုနေကြသေးတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုချစ်နေကြတာပါ။ ကိုယ့်ကိုယ်ကို ချစ်တာတောင် အချစ်စစ်နဲ့၊ အချစ်တု ဆိုပြီး နှစ်မျိုး ထပ်ခွဲ နိုင်သေးတယ်။ ဘယ်လို အချစ်စစ်လဲဆိုရင် ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါတယ်တဲ့။ 
                    အတ္တာနဉ္စေ ပိယံ ဇည၊ ရက္ခေယျ နံ သုရက္ခိတံ တဲ့ ကိုယ့်ကိုယ်ကို အမှန်တကယ်ချစ်ပါတယ် ဆိုလျှင် ကိုယ့်ရဲ့  ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးကို ကောင်းစွာစောင့်ရှောက်ပါ။ ထိုကဲ့သို့ မစောင့်ရှောက်ခဲ့ဘူးဆိုလျှင် ကိုယ့်ကိုယ်ကိုလည်း ချစ်ရာမရောက်ပါ။ ကိုယ့်ကိုယ်ကိုတောင် အချစ်စစ်နဲ့ မချစ်တတ်သေးသမျှ သူတစ်ပါးကို အချစ်စစ်၊ အချစ်မှန်နဲ့ ချစ်တယ်ဆိုတာဟာ ဖြစ်နိုင်ပါ့မလား။ ကိုယ်ကိုယ် တိုင် ချစ်တတ်ပြီးမှ သူတစ်ပါးကို မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တတ်မှာပါ။ 
                           ကိုယ့်ကိုယ်ကိုချစ်ပါရဲ့ ဆိုပြီး အကုသိုလ်တောမှာ ကံသုံးပါးနဲ့ပျော်မွေ့နေတယ်၊ မထိန်းသိမ်း မစောင့်ရှောက်နိုင်ဘူးဆိုလျှင် အချစ်တုပါ။ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်ပျော်တတ်ပါတယ်။ ဒါကို ကိုယ့်ကိုယ်ကိုချစ်သူများက သိပြီး ကောင်းမှုဘက်ရောက်အောင် စောင့်ရှောက်ရမှာပါ။ ကောင်းသောအမှုနဲ့ မပျော်တတ်သေးသမျှ မချစ်တတ်သေးပါဘူး။ ကိုယ်ကိုယ်တိုင် မကောင်းမှုမှာပျော်နေတဲ့သူဟာ ကိုယ်ချစ်ပါ တယ်ဆိုတဲ့ သူတွေကိုလည်း မကောင်းမှုဘက်ကိုရောက်အောင် တွန်းပို့မှာ မလွဲပါပဲ။ ဒါကြောင့် မကောင်းမှု လုပ်နေသူရဲ့  ချစ်စကားဟာ အပါယ်ငရဲ လက်မှတ် ၀ယ်မလားလို့ မေးနေတာနဲ့ တူပါတယ်။ 
                          စိတ်အလိုလိုက်တိုင်း ချစ်တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုချစ်လို့ ကိုယ့်စိတ်အလိုလိုက်ပြီး။ စားချင်သလိုစား၊ သောက်ချင်သလိုသောက်ပြီး နေမယ်ဆိုရင်၊ ကိုယ့်ဘ၀ဟာလည်း ဖြစ်ချင်သလို ဖြစ်သွား မှာပါ။ ဖြစ်ချင်သလိုဆိုတာ ကိုယ်ဖြစ်ချင်သလိုမဟုတ်ဘဲ အကုသိုလ်အကျိုးပေးတဲ့ အတိုင်းဖြစ်သွားမှာကို ဆိုတာပါ။ ကိုယ့်စိတ်ကလေး ကိုယ်ပြန်မေးရမှာပါ။ မေတ္တာကို တဏှာနဲ့များ လှည့်စားမိနေခဲ့သလား။ တဏှာက မေတ္တာယောင်ဆောင်ပြီး ကိုယ့်ကိုလှည့်စားခဲ့လို့ ကိုယ်ပူလောင်ခဲ့ရတာများပြီ။ မေတ္တာရဲ့ သဘော သည်ကား အေးငြိမ်းသော သဘောပါ။ တဏှာဆိုတာ ပူလောင်တတ်ပါတယ်။ ဒါလေးတွေကို သိထားမှ ကိုယ်ပူလောင်နေရင် ဒါဟာ တဏှာ၊ သမုဒယကြောင့်ဖြစ်ရတာ ဆိုတာ သိမှာပါ။
                              အော် ဘယ်သူ့ အချစ်ဆုံးလဲ ဆိုတဲ့ မေးခွန်းလေးကို ဖြေဆို ကြည့်မယ်၊ တစ်ခါမက၊ တစ်ကြိမ်မက၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာသာ မက၊ နေ့စဉ်နေ့တိုင်း မေးကြည့်ဖြေကြည့်နေမယ်ဆိုရင် ကိုယ့် ကိုယ်ကို ချစ်တတ်လာမှာပါ။ ချစ်တဲ့နေရာမှာလည်းပဲ အချစ်စစ် နဲ့ ချစ်တတ်အောင် ချစ်ပါ။ ဒါမှ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်ရဲ့  ကုသိုလ်ဆွေမျိုးတွေကို မပူလောင်တဲ့ မေတ္တာချစ်တွေ မျှဝေနိုင် မှာပါ။ ပူလောင်မှုတွေများတဲ့ကြားမှာ မပူမလောင်အေးချမ်းစွာ နေထိုင်နိုင်သူဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဘယ်သူ့ အချစ်ဆုံးလဲ ဆိုတာ သိအောင်ကြိုးစားရင်း အချစ်ငတ်ခဲ့သမျှ အတိုးချ ချစ်တတ်ကြပါစေ လို့ ဆုတောင်းရင်း...................။

အချစ်စစ် အချစ်မှန် ပိုင်ဆိုင် နိုင်ပါစေ......................။

မောင်ပညာ ( ကေတုမတီ )

Read more...

Friday, February 10, 2012

ဘယ်တစ်ခုလဲ

                 ဈေးဆိုင်တို့ဘာတို့မှာ ပစ္စည်းတွေဘာတွေဝယ်တော့မယ်ဆိုလျှင် လက်ညှိုးလေးနဲ့ အဲ့ဒီပစ္စည်းလေး ယူပါရစေဆိုလျှင် ဆိုင်မှာ ကောင်တာထိုင်တဲ့သူက ဘယ်တစ်ခုလဲ ? လို့ ပြန်မေးဖူးတာကို ကြုံဖူးကြမှာပါ။ ခုလည်း မေးချင်တာလေး ဖြစ်ပေါ်လာတယ်။ ဘယ်တစ်ခုကို လိုချင်တာလဲ ? လို့ပေါ့။ လောကမှာ လိုချင်စရာ၊ ပိုင်ဆိုင်ချင်စရာတွေက များလိုက်ပါဘိသနှင့်နဲ့။ ပိုင်ဆိုင်ချင်စရာတွေ၊ လိုချင်စရာတွေ များနေသလို ပိုင်ဆိုင် ချင်စိတ်၊ လိုချင်စိတ်တွေကလည်း များလာတာဟာ အချိုးကျကျပါပဲ။ တစ်ဖက်က အကန့်အသတ်မရှိများလာ တာကို တစ်ဖက်က အထိန်းအကွပ်မထားပဲ လွှတ်ထားလိုက်မယ်ဆိုရင်...........။ 
                    တစ်ခါတစ်လေ ဘယ်တစ်ခုကို သဘောကျတာလဲလို့ မေးရင်း နှစ်ခုလုံးသဘောကနေတယ် ဘယ်ဟာယူကောင်းမလဲတွေးရတာတွေလဲ ကြုံဖူးကြမှာ။ တစ်ခါတစ်လေ ဈေးမတတ်နိုင်လို့၊ တစ်ခါတစ်ခါကျ ကိုယ်ကြိုက်တဲ့ဟာမှာက အပြစ်အနာအဆာလေးတွေ တွေ့လို့ အခြားကောင်းတာလေးတွေ ယူလိုက်ရတာလဲ ရှိမှာပါ။ ကြုံဖူးကြမယ်လို့လည်း ထင်ပါတယ်။ လိုချင်စရာပစ္စည်းတိုင်းမှာ သူ့အရည်အသွေးနဲ့သူပါ။ ကြိုက်စရာရှိ လို့လဲ ကြိုက်ကြတာပေါ့လို့ တွေးကောင်းတွေးမှာပါ။ ဟုတ်ပါတယ်။ လူတွေဟာ ကြိုက်စရာကိုပဲမြင်တယ် တစ်ဖက်က ကြောက်စရာကို မမြင်ကြဘူး။ 
                  ကောင်းတာလေးတွေ့ကြိုက်လိုက်ကြတယ်။ မကောင်းတာကြီးမြင် ကြောက်လိုက်ကြတယ်။ ဒါနဲ့ ဟိုတစ်ခု ဒီတစ်ခု ဆိုပြီးရွေးကြတယ်ပေါ့။ ကောင်းတာလေးမြင်လို့ ကြိုက်တာကလောဘ၊ မကောင်း တာ တွေ့လို့ ကြောက်တာက ဒေါသ၊ တစ်ချို့ ကထင်ကြတယ် မကောင်းတာကြီး မြင်ပြီးကြောက်တာ သံဝေဂ လိုလိုဘာလိုလိုပေါ့။ မဟုတ်ပါဘူး။ ကိုယ်မကြိုက်လို့ ကြောက်တာက ဒေါသပါ။ ကိုယ်ကကောင်းတယ်ထင်ပြီး ကြိုက်နေတဲ့ အရာလေးမှာ မကောင်းတဲ့သဘောတရားလေးမြင်လို့ ထိတ်လန့်သွားတာကမှ သံဝဂဥာဏ်ပါ။ ဒါလေးကိုတော့ ကွဲပြားစွာ သိစေချင်ပါတယ်။ တစ်ချို့ က မကောင်းတာမြင်တိုင်း သံဝေဂရမယ်ထင်ကြတာ။ သံဝေဂ ဆိုတာ ဥာဏ်ပါ။ သံဝေဂဖြစ်လို့ ကြောက်သွားတယ်ဆိုရင် သံဝေဂမစစ်လို့ပါ။ 
သံဝေဂဖြစ်တယ်ဆိုတာ သဘောတရား အဖြစ်အမှန်ကို တရားသဘောအသိဥာဏ်နဲ့ သိသွားခြင်းရယ်ပါ။ ဒါကိုပဲ သံဝေဂရလို့ ကြက်သေသေသွားတာလို့ ဘာမှ မလုပ်ချင်တော့ပဲ ဖြစ်သွားတာတို့ ဆိုတာတွေ ကြားနေရပါတယ်။ ဒါဟာ သံဝေဂမဟုတ်ပါ။ ဒေါသသာ ဖြစ်ပါတယ်။ ဒေါသက ကြောက်တာ။ သံဝေဂက လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချတာ။ သံဝေဂ ဆိုတာ ၀ိပဿနာ ဥာဏ်ရဲ့  အနီးကပ်ဆုံး အကြောင်းတရားပါ။
                  ကိုယ်ကကြိုက်နေတဲ့ အရာ၊ လိုချင်နေတဲ့အရာကို သေချာကြည့်ပါ။ ဘယ်နေရာလေးကို ကြိုက်တာလဲ၊ ဘာအရောင်လေးကို လိုချင်နေရတာလဲ။ တကယ်ကောင်းလို့ လိုချင်တာလား။  ဒါလေးတွေ စဉ်းစားကြည့်တော့ တကယ်မကောင်းတာလဲ ကောင်းတယ်ထင်ပြီး လိုချင်ခဲ့တယ်။ လိုချင်အောင်လည်းပဲ မသိမှုတွေ ဖုံးလွှမ်းခဲ့တယ်။ သိအောင်လည်း မကြိုးစားခဲ့ဘူး။ ကောင်းတယ်ထင်နေလို့ လောဘဖြစ်နေတာပါ၊ ကိုယ့်လက်ထဲရောက်မှ မကောင်းတာဖြစ်နေရင်...။ ပြောမယ်သာပြောရသာ မကောင်းမှန်းသိလည်း လိုချင်နေသူတွေက အပုံအပင်ပါ။ ဒီလူ့ဘ၀မှာရလာတာ အို၊ နာ၊ သေ မကောင်းမှန်းသိရက်နဲ့ ဒီသား၊ ဒီသ္မီး၊ ဒီမိသားစုနဲ့ ပြန်ဆုံတွေ့လိုပါ၏ ဟု ဆုတောင်းနေကြသည်မဟုတ်ပါလော။ 
                      ကိုယ်အရင်ကပြုခဲ့သည့် ကံ ( သင်္ခါရ ) တရားတွေကြောင့် ဒီပစ္စုပ္ပန် အကျိုးတရားတွေရလာပြီ ဒီတော့ ယခုကိုယ်ရထားတာတွေ တကယ်ကောင်းမကောင်း ဆန်းစစ်ဖို့သာလိုပါတော့တယ်။ ဒါပေမယ့် ခုလိုနေရတုန်းတာ မကောင်းတာ ဟိုလိုလေးနေရရင်တော့ ကောင်းမှာပဲ ဆိုပြီး အဲ့လိုလေး လိုက်လုပ်ပြန်၊ လိုက်လုပ်တော့ ထပ်ရပြန်တယ်။ လုပ်ကတည်းက လိုချင်တဲ့ ပုံစံကို ပုံဖော်ပြီး လုပ်နေကြတာကိုး......။ ပိုင်ဆိုင်ချင်စိတ်များလေ ဒုက္ခများလေပဲလို့ ဆရာတော်ကြီးတစ်ပါးက မိန့်ဖူးပါတယ်။ ဟုတ်တာပေါ့။ ပိုင်ဆိုင်ရရှိထားတာကြီးကိုက ဒုက္ခသစ္စာပါပဲလေ။ ဒါကို ထပ်ပိုင်ချင်ကြသေးတယ်ဆိုတာ တကယ်မသိမှန်း သိသာပါတယ်။ 
                        ကိုယ်လိုချင်လက်ညှိုးထိုးတဲ့ တစ်ခုကိုလည်း၊ တစ်ခုမကပါဘူး အားလုံးကို ပြန်ကြည့်ပါ။ အကောင်းဘာများပါသလဲဆိုတာ သေချာကြည့်ပါ။ ဘယ်တစ်ခုကများ ကောင်းတာရှိသလဲဆိုတာကို သဘောပေါက်အောင် ကြည့်ကြပါ။ လူတွေဟာ အမှိုက်ပုံကြီးထဲမှာ ဘယ်ဟာလေးများ ကောင်းရာကောင်းနိုး ပါမလဲလို့ လိုက်ရှာနေကြတာနဲ့ အလားတူပါတယ်။ ပညာရှိသူတော်ကောင်းတွေက မလိုချင်လို့ တံတွေးပမာ ထွေးအန်ခဲ့တာကို မိမိတို့တတွေက လိုက်ရှာပြီး ကောက်ယူနေကြတာ ဥာဏ်နည်းလို့လား၊ ဥာဏ်မရှိလို့လားဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ ပြန်မေးကြပါ။ 
                          ဘယ်တစ်ခုလဲ၊ ဘယ်တစ်ခုလဲလို့ လက်ညှိုးထိုးပြစေချင်တယ်။ ကောင်းတယ်လို့ ပြောတဲ့ အရာတွေထဲကပေါ့။ သူများပြောလို့ မလိုချင်တာမျိုး မဖြစ်စေချင်ပါဘူး။ ကိုယ့်ဥာဏ်ကိုယ် အားကိုးကြပါ။ မကောင်းဘူးပြောမလိုချင်၊ ကောင်းတယ်ပြောလိုချင်တယ်ဆိုတာကတော့ ကလေး နှပ်ချီးပေလေးတွေရတာ ပါ။ ကိုယ်က နှပ်ချီးပေ ကလေးအဆင့်လား၊ လက်ညှိုးထိုးရွေးထားတဲ့ ကိုယ်လိုချင်တာလေးတွေကို အပြစ် အနာအဆာရှိ၊ မရှိ ကိုယ်ကိုယ်တိုင်စစ်ဆေးကြည့်ပါ။ ကိုယ်တိုင်စစ်လို့ အပြစ်မြင်မှ နောက်ကို မလိုချင်မှာပေါ့။ ကိုယ့်ဘာသာ စစ်ကြည့်တော့ ဘယ်တစ်ခုလဲ ကောင်းတယ်ဆိုတာ၊ ကောင်းတဲ့သဘောဟာ ဘယ်မှာလဲ ? မရခင်ကလည်း လိုချင်လို့ ပူပန်ရတယ်။ ရပြီးတော့လည်း မပျက်စီးစေချင်လို့ ပူပန်နေရတယ်။ ပူပန်မှုမပါတဲ့ အရာကို လက်ညှိုးထိုးကြပါ။ 
                      ဥာဏ်အလုပ်ဆိုတာ ၀ိပဿနာအလုပ်ပါပဲ။ ကိုယ့်ဥာဏ်လေးကို များများအလုပ်ခိုင်းပါ။ အသက်ကြီးတာ၊ ငယ်တာတွေလုပ်နေဖို့ အချိန်မရှိပါဘူး။ ဘုရားရှင်လက်ထက်တော် အခါမှာတုန်းကလည်း ဥာဏ်ကိုအလုပ်ပေးရင်း တရားရသွားတာတွေ အများကြီးရယ်ပါ။ အားလျော့စရာဘာမှ မရှိပါဘူး။ သာသနာနဲ့ ကြုံတွေ့နေရတာကိုက အားတက်စရာပါ။ ဒါတွေကို သဘောကျမှ ဘယ်တစ်ခုဟာကိုယ့်အတွက် အရေးပါနေသလဲ ဆိုတာ သိမှာပါ။ ဒီအသက်၊ အရွယ်ရောက်လာပြီ ဘယ်တစ်ခုလဲ ရွေးနေရတုန်း ဆိုရင်တော့ ကိုယ့်ကိုယ်ကို သဘောပေါက်နားလည်လိုက်ပါ။ 
                           သဘောပေါက်စေချင်ပါတယ်။ နားလည်စေချင်ပါတယ်။ ဘယ်တစ်ခုလဲ ကောင်းတယ် ဆိုတာ၊ ဘယ်တစ်ခုလဲ ကိုယ်လိုချင်တာ၊ ဘယ်တစ်ခုလဲ ကိုယ်လုပ်သင့်တာ။ ဒါလေးတွေကို သိပြီးအရင်က ထက်ပိုပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်မယ်ဆိုရင် ဘယ်တစ်ခုလဲလို့ မေးရတဲ့သူ အမောပြေပါပြီ။ ဒါကြောင့် ဘယ်တစ်ခုလဲ ကိုယ့်အတွက်ကောင်းတာလို့ အမြဲမေးနိုင်ကြသဖြင့် မိမိတို့ ပန်ဆင်ထားတဲ့ ဗောဓိ ဥာဏ်အသီးသီးနဲ့ အကောင်းတကာ့အကောင်းဆုံးတရားဖြစ်တဲ့ နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်ကြပါစေ.....။

သဘောတရား အရှိအမှန်ကို တရားသဘော အသိဥာဏ်ဖြင့် ဝေဖန်ပိုင်းခြား သိပါစေ။              ။

မောင်ပညာ ( ကေတုမတီ )

Read more...

Wednesday, February 8, 2012

နံနက်ခင်း တရား

                     မနက်အိပ်ယာထပြီဆိုတာနဲ့ စားဖို့၊ သောက်ဖို့ကနေ စပြီး တစ်နေ့တာအတွက် ပူပန်ရပါပြီ။ တစ်နေ့တာအတွက် စား၊ ၀တ်၊ နေရေး ဆိုတဲ့ အရေးတွေနဲ့ စတင်ပြီး၊ ဒီအရေးတွေ အပြီးဆုံးခင်ပဲ တစ်နေ့ ကွယ်ပြန်တယ်။ အော် အရေးပေါင်းများစွာကို ပြုနေကြတာ၊ သေတဲ့အထိ ဒီအရေးတွေက မပြီးဆုံးပဲနော်။ ဒီကနေ့ နံနက်တုံးခေါက်လို့ အိပ်ယာက နိုးနိုးချင်းဒီအတွေးလေးစိတ်ထဲပေါ်မိတယ်။ 
                        မနက်နေထွက်လာတာနဲ့ သေမယ်ဆိုတာ ဘယ်သူမှမတွေးဘူး၊ နေမယ်ဆိုတာနဲ့ပဲ တွေးကြ တယ်။ တစ်နေ့တာဘာတွေ လုပ်စရာ ရှိတယ်ဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ကြတယ်။ အဲ့ဒီ တစ်နေ့တာအတွင်း ကုသိုလ်တရား၊ အကုသိုလ်တရားတွေ ပြု၊ ပြော၊ ကြံ ပြီးအသက်ရှင်နေကြတယ်။ သာယာစ ရာတွေရော၊ ငြီးငွေ့ စရာတွေကော တွေ့ကြုံနေကြရတယ်။ သာယာစရာ နဲ့တွေ့တော့ ပျော်လိုက်ကြ၊ ငြီးငွေ့ စရာ နဲ့တွေ့တော့ စိတ်ဆိုးလိုက်ကြ၊ အော် တစ်နေ့တာတိုင်း၊ တစ်နေ့တာတိုင်းကို ဒီလိုချည်း ဖြတ်သန်းနေရင်တော့ ခက်ရချည်ရဲ့။  
                         လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ဆိုတာရှိကြစမြဲ။ ဘာဖြစ်ချင်တယ်၊ ဘယ်ရောက်ချင်တယ် ဆိုတာတွေပေါ့။ ဖြစ်ချင်တာတွေဖြစ်ပြီးတော့ရော ဘာများထူးခြား လာသလဲဆိုတာ မေးကြည့်ချင်တယ်။ တစ်နေ့ တစ်နေ့ ဖြစ်ချင်တာတွေကို ဦးစားပေး လို့ ဖြစ်သင့်တာတွေ ဖြစ်နိုင်တာတွေ ဆုံးရှုံးနေကြရတယ်။ တစ်နေ့တာလုံးမှာ ကုသိုလ်နဲ့ အသက်ရှင်ဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ အာရုံအမျိုးမျိုးတွေ ကြားမှာ အယောနိသောမနသိကာရ နဲ့ နေမိလို့ လောဘ၊ ဒေါသတွေ ဖြစ်လိုက်ကြရတာ။ ဒါပေမယ့် ပြောကြတယ်။ ပုထုဇဉ်ပဲ အဲ့လောက်တော့ရှိမှာပေါ့ တဲ့ ။ ပုထုဇဉ်ဆိုတာနဲ့ ကိုင်ပေါက်လိုက်ကြပြန်တယ်။
                            ကိုယ်ကိုယ်တိုင်က ပုထုဇဉ်ဘ၀ကို ခုံမင်တွယ်တာနေရင် ပုထုဇဉ်ဘ၀က လွတ်ပါ့မလား။ အရိယာတွေကို အားကျပြီး အရိယာစိတ်မွေးမှသာလျှင် အရိယာဘ၀ ရောက်နိုင်မှာပေါ့။ ပုထုဇဉ်မိုလို့ တစ်သံသရာလုံး မိုက်ခဲ့၊ ဆိုးခဲ့တာ ခုလည်းပဲ မိုက်တုန်း၊ ဆိုးတုန်းပဲလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ မိုက်လို့ ကောင်း၊ ဆိုးလို့ကောင်းနေကြတာ။ ဒေါသဖြစ်မပေါ့ ပုထုဇဉ်ပဲ၊ သောကရောက်မပေါ့ ပုထုဇဉ်ပဲ ဘယ်တုန်းကများ အရိယာလို လောဘ၊ ဒေါသ၊ သောက မဖြစ်ပဲ နေချင်လိုက်တာလို့ ဖြစ်ခဲ့ဖူးလဲ ? ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်ကြပါ။ ထစ်ခနဲဆို ဖြစ်လိုက်တာပဲ၊ ထစ်ခနဲဆို ဆိုးလိုက်တာပဲ။ အော် ပုထုဇဉ် အမြင်များနော်။ ကြောက်စရာကောင်းလိုက်သည့် ဖြစ်ခြင်း။
                           မြတ်စွာဘုရားရှင် ရှေ့ တော်မှောက်မှာ တရားလေးတစ်ပုဒ်လောက်ဟောတာနဲ့ တရားရ သွားတဲ့သူတွေဟာ ဟိုး သံသရာအဆက်ဆက်က ဒီတရားဓမ္မတွေကို နှစ်ပေါင်း သောင်းနဲ့ချီပြီး အားထုတ်ခဲ့ လို့ပါ။ ခုမှ မြတ်စွာဘုရားကဘက်လိုက်ပြီး သူတို့ချည်းဟောပေးတာမဟုတ်ပါဘူး။ သူ့မှာကိုက တရားရဖို့ သံသရာ အဆက်ဆက်က အရိယာဖြစ်ချင်စိတ်၊ အရိယာလိုစိတ်ဓာတ်မျိုးမွေးခဲ့လို့ပါ။ ကိုယ်ကခုမှ ပုထုဇဉ် စိတ်မွေးတုန်းရှိသေးတယ်။ တော်သေးတယ်လို့ ပြောစရာကတစ်ခုပဲ ရှိတော့တယ်။ ကိုယ့်မှာ အရိယာနဲ့တူတဲ့ စိတ်ထားကောင်းလေး တစ်ခုပဲရှိတော့တယ်။
                             စိတ်ကောင်းလေးရှိ နိဗ္ဗာန်ရောက်ပါတယ်တဲ့။ ဘာဖြစ်လို့လဲ စိတ်ကောင်းရှိမှ ဒါန၊ သီလ၊ ဘာဝနာ အစရှိတဲ့ ကုသိုလ်အလုပ်တွေလုပ်ဖြစ်မှာပါ။ စိတ်ကောင်းမရှိသူကတော့ အကုသိုလ်နဲ့ ပျော်လို့ကို မ၀နိုင်သေး။ ခုခေတ် ဘုံဆွမ်းလောင်းတွေ၊ အဘိဓမ္မာသင်တန်းတွေဆိုတာ စိတ်ကောင်းရှိသူတွေ ရှိလို့ လုပ်ဖြစ်ကြတာပါ။ စိတ်ကောင်းသာမရှိရင် မနက်စောစော ထပြီး ဘယ်သူက ဆွမ်းလောင်းမလဲ ? ဒါကြောင့် အရိယာ နဲ့တူတာ စိတ်ကောင်းလေးပဲရှိတော့တယ်။ 
           ဒီတော့ အရိယာတွေမှာ ရှိတဲ့ စိတ်ကောင်းလောက်တော့ ကိုယ့် စိတ်ကောင်းက အားကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် ပုထုဇဉ် အကန်းတွေထက်ပိုတာကတော့ ကိုယ်ဟာ အရေးပေါင်း များစွာထဲမှာ စိတ်ကောင်းလေးနဲ့ ရှင်သန်နေနိုင်တယ်ဆိုတာပဲ။ ဒေါသဖြစ်မယ်ကြံတာနဲ့ ကိုယ့်စိတ်ကောင်း ကိုယ်ပြန်သတိရ၊ သောကဖြစ်မယ်ဆိုတာနဲ့ ကိုယ့်စိတ်ကောင်းလေး ကိုယ်ပြန်သတိရ၊ ဒါဆို ဖြစ်မယ့် အကုသလဓမ္မတွေဟာ စိတ်ကောင်းလေးကြောင့် ဖြစ်ချင်ပါလျက် မဖြစ်နိုင်တော့ဘူးပေါ့။ 
                    လူတွေဘာလို့ ငါ့ဟာ၊ ငါ၊ ဆိုပြီး ငါတကောကောနေရတလဲဆိုတာ ဆန်းစစ်ကြည့်တော့ သေဖို့ သတိမရကြလို့ပါ။ ကိုယ်သေမှာ ကိုယ်သတိမရတော့ ရှင်နေစဉ်မှာ ဘာမှ အနှစ်သာရမရှိတဲ့ တရားတွေနဲ့ အချိန်ကုန်ပြီး ကိုယ့်အတွက်ကိုယ် ဘာကမျှမလုပ်ကြတာရယ်ပါ။ ဒါတွေဟာ သတိမထားမိသူအတွက်တော့ ဘာမှ မထင်ရပေမယ့် သတိထားကြည့်သူအတွက်တော့ သံဝေဂရစရာပါ။ ယူတတ်ရင် တရား၊ မယူတတ်ရင်တော့ အလကားဆိုသလိုပေါ့။ ယူတတ်လို့ ကောလိတနဲ့ ဥပတိဿ တို့ ဇာတ်ပွဲထဲကနေ တရားသဘောနားလည်ခဲ့ကြတာပေါ့။
                       အော် မနက်ခင်းလေးမှာ ဒါလေးတွေတွေးမိတော့ လူတွေကိုလည်း မနက်ခင်းတိုင်းတွေးစေ ချင်မိတယ်။ တစ်နေထွက်သေဘက်ကို မေ့လျော့ကာ နေဖို့မထင်ကြပါနဲ့။ နေကွယ်ကာတစ်ကြိမ် သွားလျှင်ဖြင့်သေနယ်ရွယ် တစ်ခါသွားရမယ်။ တားမရဘူး တဲ့ ။ တားလို့ မရတဲ့ခြေလှမ်းတွေနဲ့ သွားနေကြတာ။ ဒါကြောင့် တိပိဋက ယော ဆရာတော်ဘုရားကြီးကမိန့်ပါတယ်။ သွားနေပါလျှက် မရောက် နိုင်သေးတာက နိဗ္ဗာန်၊ မသွားချင်ဘဲ ရောက်ရောက်သွားရတာ သုဿန် တဲ့။ လူတိုင်းမရောက်ချင် ကြတဲ့ နေရာ၊ ထိုနေရာက မရောက်ချင်ပေမယ့် ရောက်ရမှာပါလားလို့ တွေးထားရင်။ ငါတစ်ယောက်တည်း မဟုတ်ဘူး အားလုံးရောက်ရမှာပါလားလို့ တွေးထားရင် အရေးပေါင်းများစွာထဲမှာစိတ်ကောင်လေးနဲ့နေ လို့ဖြစ်သွားပါပြီ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )


Read more...

Tuesday, February 7, 2012

လပြည့်ညရဲ့ သြ၀ါဒ

                 သြ၀ဒေယျာ နုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
                သတံ ဟိ သော ပိယော ဟောတိ၊
          အသတံ ဟောတိ အပ္ပိယော။ တဲ့ အကြောင်းကိစ္စပေါ်လာရင်လည်း ဆုံးမတတ်ရမယ်။ အကြောင်းကိစ္စ မပေါ်ခင် မှာလည်းပဲ သွန်သင်တတ်ရပါမယ်။ သြ၀ါဒ သြ၀ါဒ နဲ့ လူတွေက တောင်းခံကြတယ်။ သြ၀ါဒဆိုတာ မျက်မှောက်မှာလည်း ဆုံးမရမယ်။ မျက်ကွယ်ကနေလည်း သွန်သင်ရမယ်။ တစ်ကြိမ်တစ်ခါလည်း ဆုံးမတတ် ရမယ် အကြိမ်ကြိမ်အခါခါလည်း သွန်သင်တတ်ရပါမယ်။ မကောင်းမှုအကုသိုလ်တွေ မလုပ်အောင်လည်းပဲ တားမြစ်တတ်ရမယ်။ ကောင်းမှုကုသိုလ်တွေ လုပ်အောင်လည်းပဲ တိုက်တွန်းတတ်ရပါမယ်။ အဲ့ဒီလို ဆုံးမသွန်သင်တတ်သူကို ပညာရှိသူတော်ကောင်းတွေ သိပ်ကို ချစ်မြတ်နိုးကြပါသတဲ့။ ပညာမရှိသေးသူတွေ ကတော့ လုံးဝကို သဘောမကျကြဘူး။ ဒါဟာ အထက်က ဓမ္မပဒ ပါဠိတော်မှာလာတဲ့ ဂါထာလေးရဲ့ အဓိပ္ပါယ်ပါ။ 
                ဒီဂါထာလေး တွေ့ပြီး စာသားလေးတွေကို ဖတ်မိတော့ သြ၀ါဒအကြောင်းလည်း သဘောပေါက်နား လည်မိသလို မြတ်စွာဘုရားပေးခဲ့သော သြ၀ါဒလေးတွေကိုလည်း သတိရမိတယ်။ ဘုရားရှင်ဟာ ဘုရားအဖြစ် သို့ရောက်တော်မူပြီး ပထမဆုံး သံဃာတော်တွေကို သြ၀ါဒပေးတာကတော့ အခုလို တပို့တွဲလပြည့်နေ့ည မှာပေါ့။ ဘာလေးကို သြ၀ါဒပေးလည်းဆိုတော့ `သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ၊ သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။ ´ 
                   ဒါအားလုံးရတဲ့ စာသားလေးပါ။ ပါဠိလိုရေးထားတော့ ဘာမှန်းမသိဖြစ်နေကြမယ်။ အားလုံးသိတဲ့ စာနဲ့ပြောရရင် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဒါလေးပါ။ ဒီလိုပြောလိုက်တော့ အားလုံးကြားဖူး၊ နာဖူး မှတ်သားဖူးကြပါတယ်။ ဒါမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတိုင်း ပေးတဲ့သြ၀ါဒလေးပါ။ ဒီအဆုံးအမလေးပေးလိုက်တယ်ဆိုရင်ပဲ တကယ့်ကို သြ၀ါဒလိုလားတဲ့ ပညာရှိသူတော်ကောင်းတွေဟာ မကောင်းမှုတွေကို မပြုမလုပ်တော့ ဘဲ  ရှောင်ကြတယ်။ ကောင်းမှုကုသိုလ်တရားတွေကို အရင်ကထက်ပိုပြီးပြုလုပ်ကြတယ်ပေါ့။ 
                             တစ်ချို့ကလာလာပြောကြတယ်။ တပည့်တော်တို့က အိမ်ရှင်မတွေ တရားအားထုတ်ဖို့ အချိန်မရှိပါဘုရား။ အိမ်မှုကိစ္စအ၀၀ကိုဆောင်ရွက်နေရသဖြင့် တရားနှင့်ဝေးပြီလို့ ထင်ကြတယ်။ အော် ဒါနဲ့ ဖတ်ထားမိတဲ့ အိမ်ရှင်မ အကြောင်းလေးကိုပြန်ပြောပြမိတယ်။ အိမ်ရှင်မဆိုတာ အိမ် ကို ရှင် အောင် မ ရတဲ့ သူပါ။ အိမ်မှာ မေတ္တာတရားတွေ ရှင်အောင်မရတဲ့သူ။ အိမ်မှာ ကုသိုလ်တရားတွေ ရှင် သန်နေအောင် မ ရ တဲ့သူ။ အိမ်မှာ ပျော်ရွှင်မှု၊ အေးချမ်းမှုတွေ ရှင် သန်နေအောင် မ ရတဲ့သူကို အိမ်ရှင်မ လို့ခေါ်ပါတယ်။
                                အိမ်မှာ အကောင်းတရား၊ အမြတ်တရား၊ အငြိမ်းဓာတ်တရားတွေ ရှင် သန်နေအောင် မ နိုင်တဲ့ အိမ်ရှင်မ ဖြစ်မှလည်း အိမ်ရဲ့ အရှင်သခင် မ ဆိုတဲ့ အိမ်ရှင်မ အဓိပ္ပါယ်နဲ့ ထိုက်တန်တဲ့ အိမ်ရှင်မဖြစ် နိုင်ပါတယ်။ နာမည်နဲ့ လိုက်တဲ့ အိမ်ရှင်မ စစ်စ် ဖြစ်ဖို့ဆိုတာကတော့ တကယ်ကို မလွယ်ပါဘူး။  ဖြစ်အောင် ကြိုးစားနိုင်မယ်ဆိုရင်တော့ အိမ်ရှင်မဘ၀ဟာ ကိုယ်တိုင်လည်း ကုသိုလ်ပါရမီတွေ အများကြီးဖြည့်ဆည်းနိုင်သလို၊ ကိုယ့်ခင်ပွန်းသည် မိသားစုတွေကိုလည်း ကုသိုလ်တရား တွေပေးစွမ်းနိုင်တဲ့ ပြည့်စေနိုင်တဲ့သူ ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သော နည်းနဲ့ပဲ ယသော်ဓရာ ဟာဘုရားအလောင်းတော်ရဲ့ ပါရမီ ဖြည့်ဖက်လုပ်ခဲ့တာပါ။
                                 ဒီလိုဆိုတော့ မြတ်စွာဘုရားပေးတဲ့ သြ၀ါဒကိုလည်း ကျင့်ကြံပြီးသားဖြစ်တယ် အိမ်မှာ ချက်ပြုတ်လုပ်ကိုင်ရင်း မကောင်းတွေရှောင်လို့ရတာပဲ။ ကိုယ်ချက်ပြုတ်ကျွေးမွေးနေတာဟာ အကုသိုလ် အလုပ်မှ မဟုတ်တာပဲ။ ဒါဟာ ကောင်းမှုပဲ သူများစားရတာအဆင်ပြေမယ် ဆိုရင် ကိုယ်ချက်ပြုတ်တာ လည်းပဲ ကုသိုလ်ကောင်းမှုပဲပေါ့။ အဲ ချက်ရင်း ပြုတ်ရင်း ကိလေသာမ၀င်အောင်တော့ သတိထားရမယ်။ ဘယ်လိုကိလေသာလဲ ကိုယ်ချက်တာ ကောင်းလို့ သူများချီးကျူးရင် လောဘ၀င်တယ်၊ ကဲ့ရဲ့တော့ ဒေါသ ၀င်မယ်၊ ဒါဟာ ချက်ရင်းနဲ့ အကုသိုလ်ဖြစ်တာပေါ့။ ကိုယ်ချက်ပြုတ်ထားတာလေး အိမ်ကဘုရားကို ဆွမ်းလေးကပ်လိုက်တော့ ကောင်းမှုတွေစုဆောင်းပြီးသားဖြစ်ပြန်ရော....။ အော် အိမ်ရှင်မ ဘ၀ဆိုတာ ယူတတ်ရင် ကုသိုလ်တွေပြည့်နေတာပါပဲ။
                                နှစ်ဖက်မိသားစုတွေကြားမှာ နေရတဲ့အိမ်ရှင်မ ဘ၀ဟာ မေတ္တာနဲ့ ခန္တီကို လက်ကိုင် ထားပြီး နေမှ အဆင်ပြေမှာပါ။ ဒီလို မေတ္တာတရားနဲ့ ခန္တီတရရားကို ဖြည့်ကျင့်နေတာကိုက ဖြူအောင် စိတ်ကို ထားနေတာပါပဲ။ ဒါဟာ ဘုရားရှင်တို့ပေးတဲ့ သြ၀ါဒနဲ့ ကိုက်ညီလို့ ကျင့်ကြံနေတာပဲဆိုတာ သဘော ပေါက်ရင် ဘုရားရှင်ရဲ့ သြ၀ါဒဟာ ပေးရကျိုးနပ်ပါတယ်။ ဒီလို လပြည့်နေ့ကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပေးခဲ့တဲ့ သြ၀ါဒလေးကို တွေးရင်း လပြည့်ည သြ၀ါဒအဖြစ် ဖွင့်ချပြသ လိုက်ရပါတယ်။ အားလုံးသော တရားချစ်ခင်တဲ့ သူတော်စင်တွေသည်၊ သြ၀ါဒလိုလားတဲ့ သူတော်ကောင်းတွေသည် မြတ်စွာဘုရားရဲ့ သြ၀ါဒ ကထာကိုနာကြားမှတ်သားပြီး အိမ် မှာ ကုသိုလ်တရား တွေအစဉ်အမြဲ ရှင်သန်နေအောင် မ ထားနိုင်တဲ့ အိမ်ရဲ့ အရှင်သခင်၊ အရှင်သခင်မ တွေ  ဖြစ်ကြပါစေလို့ လသာတဲ့ ကောင်းကင်အောက်က ဆုတောင်းလိုက်ပါတယ်။

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား၊ ဗုဒ္ဓ တိုင်းသာ ဟောမိန့်တာ သုံးဖြာသည်စကား။
မောင်ပညာ ( ကေတုမတီ ) 

Read more...

Monday, February 6, 2012

ရှင်ရာဟုလာလိုနေမယ်

               သာသနာတော်မှာ ထင်ရှားကျော်ကြားတဲ့မထေရ်မြတ်တွေ အကြောင်းပြောရင် ရှင်ရာဟုလာ အကြောင်းဟာ မပါမဖြစ်ပါမြဲပါ။ အရှင်ရာဟုလာ မထေရ်ဟာ မြတ်စွာဘုရားရှင်ရဲ့ သားတော် အဖြစ်သာသနာတော်မှာ ထင်ရှားတော်မူပါတယ်။ ဘုရားဖြစ်ပြီး ကပိလ၀တ်နေပြည်တော်ကို ပြန်တဲ့ အချိန်မှာ အမွေတောင်းတဲ့ ရာဟုလာလေးကို မြတ်စွာဘုရားရှင်ဟာ သာသနာ့အမွေကိုပဲ ပေးခဲ့ပါတယ်။ ဒါဟာလည်း အလွန်ကို မှတ်သားဖွယ်ကောင်း လိုက်နာဖွယ်ကောင်းတဲ့ အလေ့လေးတစ်ခု အဖြစ်မြတ်စွာဘုရားရှင် ပြုပေးခဲ့ တာပါ။ ဒါကြောင်းလည်း ယနေ့မိဘတွေဟာ မိမိတို့ရဲ့ ရင်သွေးလေးတွေကို မြတ်စွာဘုရားရှင်ထုံးနှလုံးမူလျက် သာသနာ့အမွေခံ ရှင်၊ ရဟန်းအဖြစ်ကို သားယောက်ျားလေး မွေးတိုင်း ပြုပေးလေ့ရှိပါတယ်။
                         ရှင်ရာဟုလာလို့ အမည်ရလာတာကလည်း မြတ်စွာဘုရားရှင် တောထွက်မည့်ညမှာ ပေးခဲ့ သည့်နာမည်ပါပဲ။ ရှင်ရာဟုလာလေးဟာ မြတ်စွာဘုရားသားတော်အဖြစ် သာသနာတော်တွင်းရောက်လာ ခဲ့သော်လည်း ဘုရားသား ဆိုပြီး မာန်မာနဆိုတာ မရှိပါဘူး။ ရဟန်းတော်တွေနဲ့ ဒကာဒကာမတွေက ချစ်ခင်မြတ်နိုးခြင်းကို ခံရတဲ့ အရှင်မြတ်ဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတိုင်းကို ဦးထိပ်ပန်ဆင်ကာ သူများအမှားကို မကြည့် မိမိရဲ့ လိုအပ်ချက်တွေကိုသာ အစဉ်အမြဲဖြည့်ဆည်းခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က လည်းပဲ ရှင်ရာဟုလာ အရွယ်နဲ့လိုက်တဲ့တရား လေးတွေကို အမြဲဟော ကြားပေးရင်း စောင့်ရှောက်ခဲ့ပါတယ်။ 
                              တစ်ခါက ရှင်ရာဟုလာဟာ ဆွမ်းခံထွက်ရင်း စဉ်းစားတယ်။ အော် ငါ့ရဲ့ခမည်းတော် ဘုရား ဟာအလွန်ကို ကြည်ညိုစရာကောင်းတဲ့ အဆင်းနဲ့ပြည့်စုံတာပါလား။ ဒီလို ဘုရားရဲ့သားတော်ဖြစ်ရတာကို ကျေ နပ်အားရပြီး ဖြစ်တာကို မြတ်စွာဘုရားက သိလိုက်တယ်။ ဒါကြောင့်မြတ်စွာဘုရားက ချက်ခြင်းကို ဆွမ်းခံကြွ တာကိုရပ်ပြီး ရှင်ရာဟုလာကို ဆုံးမတယ်။ ကလေးသဘာဝဖြစ်တတ်တာလေးတွေကို မြတ်စွာဘုရားက သိလို့ ကလေးနဲ့လိုက်တဲ့ အဆုံးအမလေးတွေပဲ ပေးခဲ့တာများပါတယ်။ 
                             ကလေးဆိုတာ လိမ်တာညာတာကို သဘောကျတတ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက မလိမ်မညာဖို့ ရှင်ရာဟုလေးကို ဆုံးမတယ်။ ဒါဟာလည်း မှတ်သားစရာကောင်းတာပေါ့။ နည်းနည်းပါးပါးပဲ ကလေးသဘာဝပဲ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အတွေးတွေ ယနေ့ လူကြီးတွေ ကျင့်သုံးနေကြတယ်။ ဟုတ်တယ် နည်းနည်းပါးပါးဆိုတာကတော့ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် နည်းနည်းပဲကွာ ဆိုတဲ့ စိတ်ဓာတ်ကြီးက အမြဲပါသွားရင် နည်းနည်းပါးပါးလုပ်တာပဲ ဆိုတာကြီး တစ်ဘ၀လုံးပါသွားမှာ။ ဒါကြောင့် နည်းနည်းလေးတောင် မလုပ်သင့်တာပါ။ ကောင်းတာဆိုရင်တော့ နည်းနည်းလေးက စပြီး အများကြီးထိလုပ်သင့် လုပ်ထိုက်တာပါ။
                            ရှင်ရာဟုလာလေးဟာ ရောင့်ရဲတယ်။ ပြောဆိုဆုံးမရလွယ်ကူတယ်။ ဒါဟာ အရှင်မြတ်ရဲ့ ဂုဏ်တွေပါ။ တစ်ချို့ရဟန်းတွေက ရှင်ရာဟုလာကိုစမ်းသပ်ကြတယ်။ ရာဟုလာလာမယ့်လမ်းမှာ အမှိုက်တွေချထားပြီး ရှင်ရာဟုလာသွားပြီး မကြားတကြားနေရာအရောက်မှာ ဟာဒီအမှိုက်တွေ ဘယ်သူ ချသွားသလဲ လို့မေးကြတယ်။ အင်း ဒီလမ်းကတော့ ရှင်ရာဟုလာ လာသွားတယ်လို့ပြောကြတယ်။ ဒါကို ရှင်ရာဟုလာကြားတော့ ပြေးလာပြီး အမှိုက်တွေကို သိမ်းတယ် ပြီးတော့ လက်အုပ်ချီပြီး နောက်လည်း ဆုံးမ ပါလို့ လျှောက်ထားတယ်။ ဒါတွေဟာ အရှင်ရာဟုလာရဲ့ ကြည်ညိုစရာဂုဏ်တွေပါ။ 
                              ယနေ့ခေတ်လူငယ်လေးတွေ အိမ်မှာ မောင်နှမတွေ တစ်ခုခုဖြစ်ရင် သူလုပ်တာငါလုပ် တာနဲ့ သူများအပြစ်ကို ယူဖို့နေနေသာသာကိုယ့်အပြစ်တောင် သူများပုံချကြတာ။ ရှင်ရာဟုလာလေးလို ကျင့်နိုင်အောင် ကျင့်ချင်အောင် မိဘလူကြီးတွေက ပြောပြသင့်တယ်။ နောက်တစ်ချက်က ရှင်ရာဟုလာလေးဟာ မနက်မိုးလင်းတာနဲ့ သဲတစ်ဆုပ်ကို ကောက်ဆုပ်လိုက်ပြီး ဒီနေ့တစ်နေ့လုံး ဒီလက်ထဲ ကသဲပမာဏလောက် အဆုံးအမပေးတဲ့သူတွေ ပေးကြပါစေလို့ ဆုတောင်းတယ်။ 
                                 ရှင်ရာဟုလာရဲ့ ဂုဏ်တွေပြောပါဆိုရင် ပြောမကုန်နိုင်ပါဘူး။ မြတ်စွာဘုရားကလည်း ရှင်ရာဟုလာရဲ့ စိတ်ဓာတ်ကို သိလို့ အဆုံးအမတွေအမြဲပေးခဲ့ပါတယ်။ မြတ်စွာဘုရားပေးခဲ့တဲ့ မှန်လိုကျင့် ရမယ်ဆိုတဲ့ အဆုံးအမလေးကိုတော့ စာရေးသူ အကြိုက်ဆုံးပါပဲ။ ဘာလုပ်လုပ်၊ ဘာပြောပြော၊ ဘာကြံကြံ မှန်လို ကျင့်ပါတဲ့။ မှန်ဆိုတာ ကြည့်သူက အဆင်ပြေမပြေ ကြည့်သလို၊ ကိုယ်လုပ်တဲ့ အလုပ်ဟာလည်း အပြစ်ဖြစ်မလား မဖြစ်ဖူးလားဆိုတာ မလုပ်ခင်က ကြိုတင်ဆင်ခြင်ကြည့်ပြီးမှ လုပ်ရင် အမှားနည်းသော အလုပ်ဖြစ်မှာပါလား ဆိုတာ လူတိုင်းတွေးဆ ဆင်ခြင်နိုင်ပြီး ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ စတာတွေကို မှန်ကြည့်ပြီး လုပ်နိုင်ကြပါစေလို့ ဆုတောင်းရင်း.......................။

ဘာပဲလုပ်လုပ် သတိထားပြီးလုပ်။

မောင်ပညာ ( ကေတုမတီ )

Read more...

Friday, February 3, 2012

ရွှေအဆုံးအမ

               ရှင်ချောင် သေကြပ်၊ ရှင်ကြပ် သေချောင်။
               စားသမျှ မစင်၊ ထားသမျှ မသေခင်။
               ယခုကာလာ ဘ၀ကောင်းတွင်
               စားလည်းစား၊ ထားလည်းထား
               ပြုလည်းပြုကြမှ တော်မည်ထင်။
                                                 ဒီပဲယင်းဆရာတော်ဘုရားကြီး။
               ရွှေအဆုံးအမလို့ အမည်ပေးပြီး ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့တော်မူသော
ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးများ၏ အဆုံးအမလေးများကို  သိရသလောက် ရေးသား
ခြင်းပါ။ ကိုယ်သိသလို တခြားသောသူတွေသည်လည်း သိကြပါစေဆိုတဲ့ စိတ်ထားနဲ့ မအားမလပ်သည့်
ကြားကရေးသားလိုက်တာပါ။ သာသနာပိုင် မြောင်းမြဆရာတော်ကြီးကလည်းပဲ အနေရိုးစေ၊ အသိဆန်း
စေလို့ ဆုံးမ ခဲ့ပါတယ်။ ဒါကြောင့် အသိအလိမ္မာ ဥာဏ်ပညာထက်မြက်ဖို့ အသိဥာဏ်ရစေတဲ့ စာပေ
ဗဟုသုတ တရားဓမ္မတွေကို အမြဲရှာဖွေ နေရပါမယ်။
               ခုလည်းဒီစာပိုဒ်လေးကို ရွှေကျင် အဆုံးအမတွေထဲကနေ သဘောကျလွန်းလို့ မှတ်သားထား
ခဲ့တာ။ ဆရာတော်ကြီးက မေတ္တာတရားလွန်စွာအားကြီးလို့ တိုတိုနဲ့လိုရင်း ဆုံးမခဲ့တာပါ။ တကယ်အ
လုပ်လုပ်နေသော ဆရာတော် သံဃာတော်တွေဟာ စကားထက်တရားကို ပိုတန်ဖိုးထားကြတယ်။
စကားပြောပြီး အလုပ်မပြီးမှာစိုးရိမ်တော်မူကြပါတယ်။ ခုလည်းရွှေကျင်ဆရာတော်ဘုရားကြီး တပါး
ဖြစ်တဲ့ ဒီပဲယင်းဆရာတော်ကြီးက ရှင်ချောင် သေကြပ်တဲ့...........။ အသက်ရှင်နေစဉ်မှာ ခပ်ချောင်
ချောင်နေခဲ့မယ်ဆိုရင် သေတဲ့အခါ ကြပ်ကြပ်တည်းတည်း နဲ့ သေရပမါ။
              ဘယ်လိုကြပ်တာလဲဆိုတော့ သေခါနီးမှာ မသေခင်တုန်းက လုပ်ခွင့်ရခဲ့တဲ့ ကုသိုလ်အခွင့်
အရေးတွေကို လုပ်နိုင်ပါရဲ့သားနဲ့မလုပ်ခဲ့မိပါလားလို့ ရင်ထဲမှာမွန်းကြပ်ပြီး ကုသိုလ်မရှိခြင်းအပေါ်မှာ
နောင်တတရားနဲ့ မွန်းကြပ်နေတာပါ။ ဒါဟာလည်း အလွန်ကို မှတ်သားစရာကောင်းပါတယ်။ လူတွေ
ဟာ ခုလို သာသနာတော်နဲ့ကြုံတွေ့ရတာ ကံကောင်းလို့ပါလားလို့ မှတ်ယူသူ အလွန်ကို နည်းပါပါတယ်။
ကိုယ်ရဲ့အကောင်းကံကို အလုပ်ကံနဲ့ ထိုက်တန်စွာ လုပ်မှ ပိုမိုကောင်းမွန်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။
ဒီလိုမဟုတ်ဘဲ ဆရာတော်ကြီး ဆုံးမသလို အသက်ရှင်နေစဉ်အနေချောင်နေခဲ့ရင်တော့  ကံကောင်း
ပြီး အလုပ်မကောင်းတဲ့ သူဖြစ်ပြီး လက်ဝယ်ရရှိထားတဲ့ အခြေအနေကောင်းလေးတွေကနေ ဆုတ်ယုတ်
သွားမှာပါ။
                ဒါကိုကြိုမြင်သိတဲ့ ဆရာတော်ဘုရားကြီးက စားသမျှဟာ မစင်ပါ ထားသမျှ ဟာ မသေခင်
မှာပါ တဲ့ .....။ ဟုတ်ပါတယ် ဘယ်လောက်ကောင်းတဲ့ အစားအစာတွေပဲဖြစ်ဖြစ် စားလိုက်သမျှ မစင်
ဖြစ်သွားတာချည်းပါပဲ။ လူတွေဟာ ဒီသဘောတရားကို သိပေမယ့် တရားသဘောကိုကျတော့ မတွေး
မဆင်ခြင်ကြဘူး။ မစားခင်မှာ အကောင်းဆုံးအစားအစာတွေပဲ စားပြီး ပြန်စွန့်တော့ ဘယ်သူမှ မလို
ချင်တဲ့ မစင် အပုပ်တွေဖြစ်သွားပါလား။ ဒီအချိန်လေးအတွင်းမှာ ဒီအစားအစာနဲ့ပက်သတ်ပြီး ဘာ
များ လောဘ၊ ဒေါသ၊ မာန်မာန တက်စရာလိုမလဲ ........။
               မသေခင်မှာ ပိုင်ဆိုင်ထားသမျှဟာလည်း မသေခင်သာ ကိုယ်နဲ့ဆိုင်သလိုနဲ့ သေတော့
အားလုံးထားခဲ့ရတာချည်းပဲ။ ဒါဆို သေပြီးကိုယ့်နောက်မပါတဲ့ ပစ္စည်းဥစ္စာ အတွက်နဲ့များ လောဘ
ဒေါသ၊ မာန်မာန တွေဖြစ်နေကြတာ တန်ရဲ့လားလို့ မေးချင်တယ်။ သေပြီး ကိုယ့်နောက်ပါမှာက
ကိုယ်ပြုသမျှ ကောင်းကံ ၊ ဆိုးကံတွေပဲလေ။ ကောင်းလည်း ကိုယ်စံ မကောင်းလည်းကိုယ်ခံလို့
အများသူငါ ပြောဆိုနေကြတဲ့အတိုင်းပါပဲ။ ဒါပေမယ့် ကောင်းတာကိုလည်း ကိုယ်ပဲပြုနိုင်တာ ၊
မကောင်းတာကိုလည်း ကိုယ်ပဲ လုပ်တာ။ ဘယ်သူကမှ တိုက်တွန်းလို့ လုပ်ရတာမဟုတ်ဘူး။
              အသိချင်းတူပြီး ဘာကွာသွားသလဲဆိုတော့ မကောင်းမှန်းသိလို့ ဆက်မလုပ်တော့တဲ့သူ၊
ကောင်းမှန်းသိလို့ ပိုလုပ်တဲ့သူ ဒါကွာသွားတာ။ သိတာချင်းတူကြပေမယ့် လုပ်တာချင်းကွာရင်
လည်းပဲ ရောက်ရာချင်းကမတူနိုင်ပါဘူး။ ယခုကာလာ ဘ၀ကောင်းတွင်တဲ့ ဆရာတော်ကြီးက
ယခုရောက်နေတာ ရရှိနေတာ ဘ၀ကောင်းပါတဲ့...။ ဟုတ်ပါတယ်။ ဗုဒ္ဓသာသနာဝင်သူတော်စင်
တွေရရှိထားတဲ့ ဘ၀တွေဟာ အလွန်ကိုကောင်းမွန်တဲ့ ဘ၀ကောင်းတွေပါ။ သာသနာတွင်းကုသိုလ်
တွေပြုနိုင်တဲ့ အခြေအနေကောင်းတွေပါ။ ဒါတွေကို သိ၊ နားလည်၊ သဘောပေါက်ပြီး သိတဲ့အတိုင်း
ပြု၊ ပြော၊ ကြံမှသာလျှင် သာသနာ့ အမွေကို ရရှိကြမှာ။
            သာသနာ့အမွေဆိုတာ ဘာလဲ ?  မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန် ဆိုတာတွေပါ။ မြတ်စွာဘုရားပေး
ခဲ့သော သာသနာဟာ ကျင့်ကြံလိုက်နာ အားထုတ်သူတို့ အတွက်တော့ မပင်ပန်းတဲ့ ဘ၀ခရီးလမ်း
တွေဖြစ်မှာပါ။ ဆရာတော်ကြီးကလည်းပဲ ဆုံးမခဲ့တယ်မဟုတ်လော စားလည်းစား ထားလည်းထား
စားပါ ဘေးမဖြစ်အောင်၊ ထားပါဆိုတာကတော့ ယောနိသောမနသိကရော ...ဆိုတဲ့ နှလုံးသွင်း
အမှန်ကို၊ ပစ္စည်းဥစ္စာရှာဖွေရာမှာ နှလုံးသွင်းအမှန်မရှိလျှင် မတော်လောဘတွေနှင့် ဘယ်သူသေသေ
ငတေမာလျှင် ပြီးရောဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ထားကောင်းလေး ထားပါတဲ့။
            ပြုလည်းပြုကြပါ.........။ ကုသိုလ်ကောင်းမှုတွေ ပြုကြရမှာပါ။ ကုသိုလ်ကောင်းမှုဆိုတာ ပြုတဲ့
သူအတွက် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းဆိုတဲ့ တရားပါ။ ပြုနေတဲ့ အချိန်မှာလည်း
အပြစ်မရှိဘူးတဲ့။ စဉ်းစားကြည့်လေ......။ အရုဏ်ဆွမ်းလောင်းဖို့ မနက်အစောထကတည်းက ကုသိုလ်
စိတ်နဲ့ နောက် ချက်ကြပြုတ်ကြ တော့လည်း ကိုယ်စားဖို့ ချက်ပြုတ်တာထာက် လောဘ၊ ဒေါသ မရှိ။
ကုသိုလ်ပြုဖို့ စဉ်းစားကြံစည်လိုက်ကတည်းက ကုသိုလ်ရေအလျဉ်ကြီး ဖြစ်ပေါ်လာတာ။ ဆွမ်းလောင်း
စဉ်မှုာလည်း ကြည်နူးဝမ်းသာ စိတ်ချမ်းသာရသေးတယ်။ လောင်းပြီးပြန်တော့ ပြန်စဉ်းစားတိုင်းလည်း
ပဲ အော် အပြစ်မရှိတဲ့ အလုပ်ပါလားလို့ စိတ်အေးချမ်းတယ်။ ဒါက ဆွမ်းလောင်းတာနဲ့ ပက်သတ်ပြီး
ပြောပြတာပါ။
                ဘုရားသောက်တော်ရေကပ်တာ၊ ပန်း၊ ဆီမီး လှူတ တရားနာတာ ၊ တရားစာဖတ်တာတွေ
ကအစ အားလုံးထည့်ပြီး စဉ်းစားလိုက်ရင် ကုသိုလ်ပြုဖို့ စိတ်ကူးကြံလိုက်ကတည်းက အပြစ်မရှိဘဲ
ကောင်းကျိုးချမ်းသာတွေ ဖြစ်ဖို့ပဲဖြစ်နေတာ။ ဒါလေးတွေသိရတော့ အော်ငါတို့ ပြုသမျှ ကုသလတွေ
ဟာ ငါတို့ အတွက်တော့ အားကိုးရာပါလား ဒါကြောင့် မသေခင်မှာ အနေချောင် နဲ့ မနေပဲ ကုသိုလ်
တရားတွေကို ကြပ်ကြပ်မတ်မတ်လုပ်မယ်ဟဲ့လို့ ကြုံးဝါးပြီး လုပ်လိုက်မယ်ဆိုရင် ဘယ်အချိန်ချိန်သေ
သေ ကြပ်မှာကြောက်ဖို့လည်းမလို၊ ဘယ်ကို ရောက်မှာလည်း မကြောက်ရတော့ပါဘူး။ ဒါကြောင့်
မိမိတို့ တတွေ ရရှိထားတဲ့ အခြေအနေကောင်းလေးတွေကို စိတ်ထားကောင်းလေးတွေနဲ့ အသုံးချ
ပြီး နေစဉ်မှာ ကုသိုလ်တရားနဲ့ ကြပ်မတ်တည့်ပြီး ဘ၀ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း
တောင်းရင်း ရွှေ အဆုံးအမများထဲက အဆုံးအမလေး တစ်ခုကို လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်။

 သူ့ဘက်ကိုယ့်ဘက် ရှုမြင်တတ်ကြပါစေ........................။

မောင်ပညာ ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner