Tuesday, November 29, 2011

ဝေဒနာ မှတ်တမ်း-၁

                     ၂၄ ရက်နေ့ အစာအိမ် ရောဂါပြသခဲ့တယ်။
၂၅ ရက်နေ့ နံနက်မှာ ဇီဝိတဒါနသံဃာ ဆေးရုံကြီးမှာ သွားဖုံးခွဲကာ
အံသွားနှုတ်ခဲ့တယ်။ အဲ့ဒီနေ့ ညနေက စတင်ပြီး ဝေဒနာကို အပြင်း
အထန် ခံစားရတယ်။ ညလည်း အိပ်မပျော်ဘူး။ ၁၂ နာရီထိုးနေပြီ
အိပ်မရဘူး။ ကိုက်တယ်၊ နာတယ်၊ ဘာလို့တရားတွေ မှတ်မရသလဲ?
                   တကယ်တမ်းကျတော့ ဝေဒနာဟာ ဒုက္ခချည်းပါပဲလေ။
သုခဆိုတာ ဘာကမျှ ရှာမရပါလားလို့................။
“သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ ယဒါ ပညာယ ပဿတိ။
 အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧတ မဂ္ဂေါ ၀ိသုဒ္ဓိယာ။ ”
                သင်္ခါရ တရားဟူသည်ကား ဖြစ်ပြီးသည့်နောက်တည်ထောင်
နိုင်စွမ်းမရှိဘဲလျက် မမြဲလုံးလုံး အသုံးမကျ ဒုက္ခချည်းပါတကား..........။
                 ထင်ရှားတာ ပေါ်တာကို ကြည့်တာဟာ ၀ိပဿနာ။ ဒီလောက်
ထင်ရှားနေတဲ့ ဝေဒနာ ဘာလို့ဝိပဿနာ မဆိုက်သလဲ ?
၂၆ ရက်နေ့
               ဝေဒနာဟာ သက်သာသယောင် ရှိပေမယ့် မသက်သာပါ။
ဝေဒနာဟာ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှာကြည့်ပါတဲ့။ ဝေဒနာ
ဟာ ပဋိစ္စသမုပါဒ် ဒေသနာအရ ဖဿကြောင့်ဖြစ်တာပါ။ ဖဿဆိုတဲ့
တွေ့ဆုံကြုံကြိုက်မှုကြောင့် ဝေဒနာဖြစ်လာရတာ။ ဖဿကလည်း သူ့
အလိုလိုဖြစ်တာမဟုတ် သဠာယတန ကြောင့်ရယ်ပါ။
              အာရုံနဲ့ ဒွါရ တိုက်ဆိုင်တဲ့အခါ ဖဿလေးကြောင့် ကြိုက်တယ်
မကြိုက်ဘူး ဆိုတဲ့ ဝေဒနာဖြစ်ပေါ်လာတာ။ ထိုဝေဒနာမှာ ဖြစ်ပေါ်လာရတဲ့
အကြောင်း ချုပ်ရင် အကျိုးဝေဒနာပါ ချုပ်မယ်။ ဝေဒနာကို ချုပ်အောင်လုပ်
ရမှာမဟုတ်။ ဝေဒနာဖြစ်ရခြင်းရဲ့ အကြောင်းကို ချုပ်အောင်လုပ်ရမှာပါ။
               အရာအားလုံးဟာ သူ့ချည်းသက်သက်ဖြစ်လာကြတာ မဟုတ်။
ဖြစ်နိုင်စရာ အကြောင်းလေးတွေနဲ့ အတူတကွ ဖြစ်လာကြခြင်းပါ။ အကြောင်း
ခိုင်မာလျှင် ခိုင်မာသလောက် အကျိုးကလည်း ခိုင်မာကြသည်ချည်းပါပဲ။
              အဲ့လိုပါပဲ......... သတ္တ၀ါအားလုံးဟာ ဘ၀လေးတွေ ကိုယ်စီပိုင်ဆိုင်
ထားကြပါတယ်။ အဲ ဘ၀ရရှိလာတယ်ဆိုကတည်းက ရရှိစေနိုင်တဲ့ အကြောင်း
ဘ၀သမုဒယ ပြုခဲ့ကြလို့ပါပဲ။
            ဘ၀ရှိလျှင် ဘ၀ကင်းပြတ်တဲ့ ဘ၀နိရောဓ ဆိုတာလည်း ရှိပါတယ်။
ဘ၀တွေက ကင်းလွတ်တဲ့ ဘ၀နိရောဓ ဖြစ်ချင်ပါတယ်ဆိုလျှင်တော့ ဘဝ
နိရောဓဂါမိနိပဋိပဒါ လမ်းစဉ်ကျင့်ရပါမယ်။
           သတ္တ၀ါတွေဟာ ဘာကြောင့်ဘ၀ထဲမှာ ပျော်ပြီး မလွတ်မြောက်ချင်
ကြသလဲ ဆိုတာ အဖြေရှာကြည့်တော့
         “ဘ၀ဆိုတာဟာ ဒုက္ခမှန်း မသိကြလို့ပါ ။ ”
          ဟုတ်ပါတယ်။ ဒုက္ခ ဆင်းရဲဆိုတာ မသိကြလို့ ပျော်ကြ ရွှင်ကြနဲ့
တစ်ချို့ကထင်ကြတယ်။ တစ်ချို့တင်မကပါဘူး စာရေးသူအပါအ၀င်
အန္ဓပုထုဇဉ်တွေဟာ ဘ၀ဟာပျော်စရာလို့ ဘယ်မှာ ဒုက္ခလဲလို့ ထင်
နေကြတာ။
           ဘုရားမြတ်စွာက ဘ၀ဆိုတာ ဒုက္ခပဲတဲ့။ ဘ၀မှာ ပြည့်စုံတယ်
ဆိုတာ မရှိဘူး ဟိုဟာလို ဒီဟာလိုနဲ့ ပြီးပြည့်စုံ ချမ်းသာပါတယ် ဆိုတဲ့
ဘ၀ဟာ မရှိပါဘူး။ ထိုကဲ့သို့ လိုတာဖြည့်နေရတာကိုက ဒုက္ခပါပဲတဲ့။
ဘ၀ဆိုတာ ဒုက္ခလို့သိမှ ဘ၀ကို မလိုချင်စိတ်ဖြစ်မှာပါ။
           ဘ၀ဟာ ချမ်းသာတယ်ထင်နေလျှင် ဘ၀အပေါ် တပ်မက်မှုနဲ့
ဘ၀ရအောင် ဘ၀မပျောက်အောင်ပဲ အားထုတ်နေမှာ.....။
          ဘ၀ဆိုတာ တကယ့်ဆင်းရဲမှန်းသိတော့ “ဘ၀နိရောဓ” လို့
ခေါ်တဲ့ ဘ၀ကင်းပြတ်တာကို လိုချင်လာပါတယ်။ ဘ၀ကင်းပြတ်စေ
တဲ့နည်းက ဘယ်မှာလဲ။
            ရှိပါတယ်။ “ဘ၀နိရောဓ ဂါမိနိပဋိပဒါ” ဆိုတဲ့ မဂ္ဂင် ရှစ်ပါး
အကျင့် တရားပါ။
           ဘ၀ဆိုတာ ဒုက္ခပါလားလို့ မှန်မှန်ကန်ကန် သိမြင်ခြင်းဟာ
“သမ္မာဒိဋ္ဌိ” Right Understanding ပါ။
          အဲ့ဒီလို မှန်ကန်တဲ့ အမြင်လေးရှိလာပြီဆိုလျှင် မှန်မှန်ကန်ကန်
တွေးခြင်းဆိုတဲ့ “သမ္မာသင်္ကပ” ရှိလာမှာပါ။
           ထိုကဲ့သို့ မှန်ကန်စွာ မြင်တွေး လာလျှင် အပြောအဆိုတွေလည်း
မှန်ကန်လာမယ်။
          အပြုအမူတွေလည်း မှန်ကန်လာမယ်။ အလုပ်အကိုင်တွေလည်း
မှန်ကန်လာပါမယ်။
          ဒါတွေကို သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝဆိုပြီးခေါ်တာပါ။
နောက်တော့ ဒါတွေကို သိလေ သာမန်ထက်ပိုမို လွတ်မြောက်ချင်စိတ်နဲ့
ကြိုးစားကျင့်တယ်။ “သမ္မာဝါယာမ” ပေါ့။
          လွဲမှားသော အကျင့်မဖြစ်အောင် “ သမ္မာသတိ” ဆိုတဲ့ သတိပဋ္ဌာန်
လေးပါးနဲ့လည်း ထိန်းလာပါတယ်။
          နောက်တော့ စိတ်ကလေးဟာ တည်ငြိမ်ပြီး သဘာဝတရားတို့ရဲ့
တနည်းအားဖြင့် ဘ၀ရဲ့ဒုက္ခအမှန် ဆိုတာသိ...ဘ၀ရစေတဲ့ ဘ၀သမုဒယ
တွေ ဖြတ်နိုင်တဲ့ အဆင့် ထိုသို့ သိလည်းသိ ပယ်လည်းပယ်နိုင်တဲ့ သမာဓိ
မျိုးဟာ သမ္မာသမာဓိပါပဲ။
          မဂ္ဂင် ရှစ်ဖော် ယာဉ်ပျံတော်နဲ့ ပြည့်စုံမှ ဘ၀ကနေကင်းလွတ်မှာပါ။
အော် နောက်ဆုံး အားလုံးသိကြတဲ့ “ သိ၊ ပယ်၊ ဆိုက်၊ ပွား” ဆိုတဲ့ ကိစ္စလေး
မျိုးဟာ တော်တော် အရေးပါသွားပါကလားလို့အောက်မေ့သတိရရင်း...
ဝေဒနာမှတ်တမ်း အပိုင်းတစ်အဖြစ် ဝေဒနာတွေ ခံစားရင်း စာမရေးလျှင်
မနေနိုင်သည့် လက်က ကီးဘုတ်ပေါ် ပြေးလွှားခဲ့ရတာပါပဲ...................။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏......။

မောင်ပညာ ( ကေတုမတီ )



Read more...

Friday, November 4, 2011

ကိုယ့်ဘ၀ကို မမေ့ပါနဲ့

           လူတွေဟာ ကိုယ်ကိုတိုင် ကလေးဘ၀ကနေ လူကြီးဘ၀ရောက်လာခဲ့ကြပီးမှ
ကလေးဘ၀ကို မေ့သွားတတ်ကြတယ်။ ကိုယ်ကိုတိုင် သားသမီးဘ၀ကနေ မိဘဘဝ
ရောက်လာကြပီး သားသမီးဘ၀ကိုမေ့သွားတတ်ကြတယ်။ တကယ်တော့ ဘ၀မေ့သွား
ကြခြင်းရယ်ပါ။ ကိုယ်ဘ၀ကိုယ် မေ့လျော့သွားသူဟာ သူများကိုလည်း ကိုယ်ချင်းစာစိတ်
ဆိုတာ ကင်းမဲ့တတ်ကြပါတယ်။ ဒါကို စာရေးဆရာ ဆရာကြေးမှုံရေးသားပြီး အကယ်ဒမီ
သုမောင်ဆိုထားတဲ့ ကမ္ဘာကြီးငြိမ်းချမ်းပါစေ...ဆိုတဲ့ သီချင်းလေးကြားပီး ရေးဖြစ်ခဲ့တာ။
           မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်းပဲ ဘ၀မေ့တဲ့သူဟာ တရားမတွေ့
ပါဘူးလို့ သုတ္တန်အထင်အရှားမိန့်မှာခဲ့ပါတယ်။ တစ်ခါက တောင်းစားနေရတဲ့ ကလေး
လေးတစ်ယောက်ကို အရှင်အာနန္ဒာက သနားကရုဏာဖြစ်လို့ ကျောင်းခေါ်လာပီး သင်္ကန်း
ဝတ်ပေးခဲ့တယ်။ ထိုကလေးလေးဟာ ကိုရင်ကလေးဖြစ်ခဲ့တယ်။ အရှင်အာနန္ဒာရဲ့တပည့်
ဖြစ်တာကြောင့် စားရသောက်ရ ဘုန်းကံမြင့်မားကာအသားအရည် စိုပြည်ဝင်းဝါလို့ ဖြစ်လာ
ခဲ့တယ်။ ဒါနဲ့ တစ်နေ့ကျတော့ ကိုရင်လေး လူထွက်ချင်လာတယ်။ ဒါနဲ့ သူက သူရဲ့ တောင်း
စားခဲ့တဲ့ ခွက်လေးကိုပြန်ကြည့်ပြီး ကိုယ့်ဘ၀ကို ပြန်သတိရသွားတယ်။ ဒါနဲ့ မထွက်ဖြစ်
တော့ဘူးပေါ့။ နောက်တစ်ခါလည်း အဲ့လိုထွက်ချင်လာတာနဲ့ ဒါလေးတွေပြန်ကြည့်ပြီး သံဝဂ
ရပြီး မထွက်ဖြစ်တော့ဘူး။ နောက်ဆုံးတော့ ကိုရင်လေး တရားရသွားခဲ့တယ်။ ရဟန္တာဖြစ်
သွားတယ်။ ဒါနဲ့ သူဘ၀ကို ပြန်သတိရစေတဲ့ ထိုခွက်ကလေးကို သူက ဆရာအဖြစ်တင်ထား
လိုက်တယ်။ သူ့ဆရာဟာ ဒီခွက်ကလေးတွေပဲလို့ သူကပြောခဲ့တယ်။ ဒါဟာသူ့ဘ၀ကို
သူမမေ့လို့ တရားရခဲ့တာ။ တရားအသိထူးရခဲ့တာပေါ့။ ဒါကြောင့် လူတိုင်းဟာကိုယ့်ဘ၀ကို
ကိုမေ့သင့်ဘူးပေါ့။ ကိုယ့်ဘ၀ကိုကို မေ့နေတယ်ဆိုတာ ကိုယ်အိုတာ ကိုယ်သတိမထားဘဲ
မေ့နေတာ ကိုယ်နာတာကိုယ် သတိမထားဘဲမေ့နေတာ ကိုယ့်အသေကို ကိုယ်မေ့နေတာ
ဒါဟာလည်း ကိုယ့်ဘ၀ကို ကိုယ်မေ့နေတာတွေဘဲပေါ့။ ဒါတွေဟာ မမေ့သင့်တဲ့ တရားတွေ
အမြဲ ဆင်ခြင်သင့်တဲ့ တရားသဘောအသိမှန်တွေပါ။ ဒါတွေကို အမြဲမပြတ်ဆင်ခြင်တွေး
တောနေခြင်းဖြင့် တရားအသိထူးတွေရရှိလာနိုင်တယ်ဆိုတာ ကိုယ်စီ ကိုယ်စီသဘောကျ
ပြီး မိမိတို့ဘ၀တွေကို မမေ့အောင် အမြဲမပြတ်ဆင်ခြင်သောအားဖြင့် တရားအသိဥာဏ်
ရင့်သန်နိုင်ကြပါစေ...............။

မောင်ပညာ ( ကေတုမတီ )

Read more...

Wednesday, November 2, 2011

လမ်းဆက်လျှောက်ပါ

              မြန်မာနိုင်ငံတွင် တိပိဋကဆရာတော်များ ပေါ်ထွန်းထွက်ပေါ်ခဲ့သည်မှာ ၁၂ ပါးပင်ရှိခဲ့ပါပီ။
ယခု ၁၂ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဓ ဆရာတော်သည်ကား စစ်ကိုင်းမြို့သုဗောဓာရုံ
ကျောင်းတိုက်မှ ဖြစ်ပါတယ်။ ထိုဆရာတော်ဘုရားအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို မှော်ဘီမြို့
အောက်ဝါးနက်ချောင်းကျေးရွာမှာ တည်ရှိတဲ့ ဓမ္မဒူတဇေတ၀န်တောရ ကျောင်းတိုက်ကြီးအတွင်းမှာ
ပြုလုပ်ခဲ့ပါတယ်။ ထိုအခါမှ ဆရာတော်က ကျောင်းရှိသံဃာတော်များကို သြ၀ါဒစကားလေးတစ်ပုဒ်
ချီးမြင့်ခဲ့ပါတယ်။
             အရှင်ဘုရားတို့ သာသနာတော်မှာ အကျိုးရှိစွာနေမယ်ထိုင်နိုင်ဖို့  တပည့်တော် စကားလေးတစ်ခွန်းလက်ဆောင်ပါးခဲ့ပါ့မယ်။ လမ်းဆက်လျှောက်ကြပါဘုရား။ မိမိတို့ လျှောက်
လှမ်းနေတဲ့ သာသနာတော်ကြီးအထဲမှာ ထိုင်မနေဘဲ ဘယ်အထိရောက်အောင်လျှောက်မယ်
ဆိုတဲ့ စိတ်ဓာတ်နဲ့ လမ်းဆက်လျှောက်ကြပါ။ လမ်းလျှောက်နေသူဟာ သူရောက်ချင်တဲ့ ပန်းတိုင်
ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရောက်မှာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူပါ့မလဲ
တစ်ချို့က ကံ၊ဥာဏ်၊၀ီရိယ အားလုံးသာတယ်။ တစ်ချို့က ကံပဲသာတယ်။ တစ်ချိုက ဥာဏ်ပဲသာ
တယ်။ ကျန်တာတွေ ကြိုးစားမှရတယ်။ အဲ တပည့်တော်တို့ဘာလုပ်ရမလဲဆိုရင် ငါဒီလောက်ဆို
တော်ပါပီဆိုပြီး ရပ်မနေဘဲ လမ်းဆက်လျှောက်ကြရမှာပါ။ ခု တပည့်တော်ဆို ဥာဏ်သိပ်ကောင်း
တာမဟုတ်ပါဘူး သာမာန်လောက်ပါပဲ။ တပည့်တော် လမ်းဆက်လျှောက်ခဲ့လို့ ခုလိုအောင်မြင်
ခဲ့တာ တပည့်တော်ရောက်ချင်တဲ့နေရာရောက်ရှိခဲ့တာပါ။ အာလုံးသော ညီတော် နောင်တော်
တွေလည်းပဲ လမ်းဆက်လျှောက်ကြပါ။ လျှောက်လှမ်းနေသူဟာ ခရီးဆုံးကို ရောက်ကြရမှာပါပဲ
တပည့်တော်လည်းပဲ ဆက်လျှောက်နေရအုံးမှာပါပဲ။ သာသနာမှာ လုပ်စရာတွေက အများကြီး
ရယ်ပါ။ ဘာမှ အားလျော့စရာမရှိပါဘူး။ ကိုယ်က တတ်နိုင်တဲ့နေရာ ထမ်းနိုင်တဲ့နေရာကနေ
ထမ်းဆောင်နေဖို့ပါပဲ။ ကိုယ်လုပ်နိုင်ရဲ့သားနဲ့ အားလျှော့တာမျိုး ဆက်မလျှောက်တော့တာမျိုး
မဖြစ်စေချင်ပါဘူး။ ကိုယ်က အမြဲလမ်းဆက်လျှောက်နေရင် လုပ်စရာဆိုတာ ရှိပြီးသားပါလို့
ပြောပြရင်းတပည့်တော်ရဲ့ သြ၀ါဒ ကထာကို နိဂုံးချုပ်ပါတယ် ဘုရား။
        သာဓု .......... သာဓု................သာဓု။
          ထိုနေ့က အဖျားတွေတက်နေတဲ့ စာရေးသူဟာ တိပိဋက ဆရာတော်ရဲ့ လမ်းဆက်
လျှောက်ပါကို နားထောင်ပြီး လမ်းလျှောက်ဖို့ အားအင်တွေပြည့်ဝခဲ့ပါတယ်။ လူတိုင်းမှာ ရည်
မှန်းချက်ပန်းတိုင်ဆိုတာ ရှိပြီးသားပါ။ ဒါပေမယ့် ထိုရည်မှန်းချက်ပန်းတိုင် ရောက်ပြီးရင် ထိုင်
နေတတ်ကြတယ်။ ရည်မှန်းထားတာတော့ရှိတာပေါ့။ ကိုယ်ရည်မှန်းထားတာသည် ဘ၀အတွက်
ပြီးပြည့်စုံသော ပန်းတိုင်မျိုးရောဖြစ်ရဲ့လား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး ပရိနိဗ္ဗာန်စံတော်မူတဲ့အထိ ၄၅၀ါ ကာလပတ်လုံး သာသနာတော်ကြီးကို စည်
ပင်တိုးတက်အောင် ဆောင်ရွက်တော်မူခဲ့ပါတယ်။ ကြောင့်ကြမဲ့ နေတော်မမူခဲ့ပါဘူး။ ထိုင်နေခဲ့
တာမျိုးမရှိခဲ့ပါဘူး။ ပန်းတိုင်ဆိုတဲ့ နိဗ္ဗာန်ကြီးကို ရရှိပြီးဖြစ်ပေမယ့်။ လမ်းဆက်လျှောက်နေခဲ့ပါ
တယ်။ အလုပ်လုပ်နေခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားတဲ့ သူတွေရော ရှင်၊
ရဟန်းတွေပါ အားကျစရာ အတုယူရမှာပါ။ ခုတော့ သာသနာ့ဝန်ထမ်းရှင်၊ ရဟန်းတွေ ဘက်
ကလည်း တော်ပြီ ဓမ္မစရိယ အောင်၊ လူတွေဘက်ကလည်း တော်ပီ သောတာပန်လောက်ဆို
အော် သောတာပန် ဖြစ်တော်ပြီ ဆိုတဲ့ စိတ်ဓာတ်ဟာ အထက်အထက် မဂ်၊ ဥာဏ် တွေနဲ့
ကိုယ်နဲ့ မဆိုင်တော့သလိုဖြစ်သွားတယ်။ တကယ့် နိဗ္ဗာန်ကြီးနဲ့ ကိုယ်နဲ့ မဆိုင်သလိုမျိုးဖြစ်
သွားပါတယ်။ ကိုယ်လုပ်ရမှာကို ကြိုးစားမှုမရှိတော့ဘဲ ဘာဖြစ်ရင်တော့ တော်ပါပီ ဆိုတဲ့
စိတ်ဓာတ်ဟာ ဘုရားရှင်ရဲ့ တပည့်လို့ ပြောရမှာတောင် မပြောဝံ့ပါဘူး။ ဖျားနေပေမယ့်
ဒီစာလေးရေးမိခဲ့တယ် အဲ့ဒီနေ့ကပေါ့...........။
              အော် လမ်းဆက်လျှောက်ဖို့ တိုက်တွန်းရမှာ လက်ဆက်လျှောက်ဖို့ တွဲခေါ်ရမှာ
လမ်းဆက်လျှောက်ဖို့ ဆွဲခေါ်ရမှာပါလားလို့ အတွေးလေးလည်း ၀င်မိတယ်။ ဒါကြောင့်
ဒီစာလေးကို ဖတ်မိတဲ့ သူတော်ကောင်း အပေါင်းတို့ ရဟန္တာဖြစ်လောက်တဲ့ ကံတွေပါ
လာပါသားနဲ့ သောတာပန်လောက်တော်ပါပီဆိုတဲ့စိတ်ဓာတ်မျိုးမထားရှိပဲ လမ်းဆက်
လျှောက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးသား ထားရှိကြပါလို့တိုက်တွန်းလိုက်ရပါတယ်။

မောင်ပညာ ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner