Tuesday, December 24, 2013

တာဝန်ကျေပါတယ်


                     ဒီဇင်ဘာလ ၁၈ ရက်နေ့က မယ်တော်ကြီးမွေးနေ့။ ထိုနေ့က ကျောင်းမှာ ထမင်းဆီဆမ်းနဲ့ ကြက်ကြော်ကပ်တယ်။ ဆွမ်းပဒေသာပင်နဲ့ သံဃိက အတွက်လည်း နဝကမ္မတွေ လှူဖြစ်တယ်။ ငယ်စဉ်ကတည်းကနေ ခု ယနေ့တိုင်ထိ အသိဉာဏ် ရော အတွေ့အကြုံတွေရော ရအောင် စောင့်ရှောက် ပဲ့ပြင်ပေးခဲ့သော မွေးမေမေ။ ကျေးဇူးတရားက များပြားတာကြောင့် ဆပ်တယ်ဆိုတဲ့ စကားလုံးနဲ့ မမျှအောင်ပါပဲ။ ကျေးဇူးတွေကို တွေးလိုက်တိုင်း တာဝန်ကျေခဲ့ပါတယ်လို့ အထပ်ထပ် ပြောချင်နေမိတယ်။
                     တာဝန်ဆိုတာကို ဘယ်လို သဘောပေါက်ကြ သလဲတော့ မသိဘူး။ တာဝန်ဆိုတာ သိသူအတွက်ကတော့ လုပ်ကို လုပ်ရမယ်၊ မသိသူ အတွက်ကတော့ ကိုယ်မလုပ်လဲ အခြားသူတွေ လုပ်မှာပဲလို့ တွေးကောင်း တွေးလိမ့်မယ်။ ဘယ်လိုပဲ တွေးတွေးပါ သူတာဝန်ကျေခဲ့တယ်။ ဘာတာဝန်လဲ မိသားစု တာဝန်တွေ ဘယ်လောက်ထိကျေခဲ့လဲ လိုနေသေးတယ်လို့ မပြောရလောက် အောင်ပါပဲ။ 
                     ဘဝဇာတ်ခုံရဲ့အပြောင်းအလဲတွေကြား မညီမျှမှုတွေရဲ့ အလယ်မှာ အတိုးအလျှော့ကို ဟန်ချက်ညီအောင် ထိန်းခဲ့တယ်။ မှတ်မိသေးတယ်။ ကိုရင် ဝတ်ခါစ ပရိတ်ကြီးတွေ မယ်တော်ကြီးဆီ လက်ပိုက်ပြန်ခဲ့ ရသေး။ အော် ပညာရေးအတွက် တနယ်တကျေးကို ရောက်နေတဲ့ သားတော်မောင်ဆီ အမြဲ စာရေးတယ် ။ မှတ်မှတ်ရရ ရေးပို့တဲ့ စာလေးတွေထဲက တစ်စောင်ကို တစ်နေ့က ပြန်ဖတ်ရင်း တာဝန်ကျေခဲ့ပါတယ်လို့ ထပ်ပြောမိတယ်။
                    စာထဲမှာက ဒီလိုရေးထားတာပါ။ ကိုရင် မေတ္တာသုတ်ထဲ ပါတဲ့ ကျင့်ဖွယ်ရာတွေကို မမေ့နဲ့နော်။ ကိုရင်ရေ မေတ္တာသုတ်မှာ ဘုရားရှင်က မွေးမြူ လွယ်ရမယ်လို့ မိန့်တယ်နော် တပည့်တော် နားလည် သလောက်ဆိုရင် ရဟန်း ဆိုတာ ဒကာ ဒကာမတွေက ကိုယ့်ကြောင့် ဝန်မဖြစ်ရဘူး။ ကိုယ့်ကို လှူဒါန်းနေသော ဒကာ ဒကာမတွေကို ကိုယ့်အတွက်ကြောင့် မပင်ပမ်းစေရဘူးနော် ။ ဒါကြောင့်ကိုရင်လေး ဘယ်ဒကာ ဒကာမကိုမှ အပူလည်းမပေးနဲ့ အပူလည်း မကပ်နဲ့နော်။ ကိုယ့် သီလ သမာဓိ ပညာ ကိုသာ ဖြည့်ကျင့်ပါ။ ဝိနည်း စည်းကမ်းတွေကိုလည်း စောင့်ထိန်းပါ။ ဒါမှ ကိုရင့်ကို တပည့်တော်တို့ သင်္ကန်း ဝတ်ပေးထားရကျိုးနပ်မှာ ကိုရင် သိပြီးသားတွေ ဆိုပေမယ့် မေ့နေမှာစိုးလို့ တပည့်တော် ထပ်ရေးလိုက်တာပါ။ တဲ့ အော် မိခင်တစ်ယောက်ရဲ့ တာဝန်ဆိုတာကို နားလည်ခဲ့ သလို ကျေအောင်လည်း ဆပ်နေတယ်။
                         ဘယ်လိုနေရာမှာ ရောက်နေနေ အမေက အမြဲ ဆုံးမစကား အားပေး စကားတွေပြောပေးတယ်။ ကိုယ့်အတွက်လည်း အမြဲ ဂုဏ်ယူနေတတ်ပြန်တယ်။ မယ်တော်ကြီးဆိုပြီး အမြဲ ပြုံးပြုံး ပြီးနေတတ်တာ။ သားရဟန်းရဲ့ တရားသံကို နာလိုတယ် ကြားလိုတယ် ။ ဒါဟာ မယ်တော်တိုင်းရဲ့ ရင်ထဲက ဆန္ဒရယ် ။ ငယ်စဉ်ကတည်းက ကြီးလာရင် ဘုန်းကြီးဖြစ်မှာ ဆိုပြီး မိန်းမတွေ လုပ်ရတဲ့ အလုပ်တွေဆို မခိုင်းဘူး။ ထိုင်ခုံအောက် ကုတင်အောင်တွေ မဝင်ခိုင်းဘူး။ ပြောနေကျ စကားလေး တစ်ခွန်းရှိတယ်။ ငါ့သား ရာဇာ့ ဣနြေ္ဒနဲ့နေ ရှင်ဘုရင်လို ဣနြေ္ဒရှိရှိနေ ခိုင်းခဲ့တာ။ အဲ့လောက်တောင် မျှော်လင့်ချက် ကြီးခဲ့တယ်။ 
                       ခုဆို မယ်တော်ကြီး ၆၂ နှစ်ပြည့်ခဲ့ပြီ ။ တာဝန်ကျေခဲ့ပါတယ်။ ထိုနေ့က စဉ်းစားတယ် ငါဟာ ဘယ်သူ့အပေါ်မှာများ ဝန်ဖြစ်နေသေးလဲ လို့ ။ အော် အမေဆုံးမ တဲ့ စကားနားထောင်လို့ တစ်နည်းပြောရရင် ဘုရား စကားနားထောင်လို့ နောက်ဆုံး ကြီးကြီး ကျယ်ကျယ်ပြောရရင် ကိုယ့်တရား ကိုယ်အားထုတ်တာ ဟာ ဘယ်သူ့ကိုမှ အပူမပေး ကိုယ့်ကြောင့် ဘယ်သူမှ ဝန်မဖြစ်တာပါပဲ။ မွေးမြူလွယ်သောသူ ဖြစ်အောင် အားထုတ်နေသရွေ့ကိုယ့်တရား ကိုယ်အားထုတ်နေတာပါလား လို့ တွေးရင်း တာဝန်ကျေဖို့ အရေးကြီးကြောင်း ကိုယ့်ကိုယ်ကိုသာ သတိပေးလိုက်တော့၏။

မောင်ပညာ ( ကေတုမတီ )
မယ်တော်ကြီး ၆၂ နှစ်ပြည့် birthday အထိန်းအမှတ်

Read more...

Wednesday, October 23, 2013

ဖိတ်စာ

               အိတ်မပါတဲ့ ဖိတ်စာ တစ်စောင်ရောက်လာတယ်။ ရန်ကုန်ကြွဖို့ နဲ့ တရားချီးမြှင့်ပေးဖို့ လျှောက် ထားတဲ့ ဖိတ်စာပေါ့။ ဖိတ်စာက အမျိုးမျိုးရှိတယ်။ ဒါကို ဖိတ်စာလုပ်ဖူးသူတိုင်း သိကြမှာပါ။ ရေမွှေး ဖိတ်စာ၊ စက္ကူအကောင်းစား အညံ့စားပေါ်မူတည်ပြီးတော့လည်း ဖိတ်စာ တွေကွာသွား တတ်တယ်။ ဖိတ်တဲ့သူ၊ အဖိတ်ခံရသူပေါ် မူတည်ပြီးလည်း ဖိတ်စာ အမျိုးမျိုး ကွာခြားသွားတတ်တယ်ပေါ့။ ဒါက ဖိတ်စာ နဲ့ ပတ်သက်ပြီး သိသလောက် စဉ်းစားကြည့်တာပါ။ 
                 တကယ်တော့ ဖိတ်စာ အဖိတ်ခံရတယ်ဆိုတာ ပျော်စရာလား လို့ တွေးကြည့်တယ်။ တကူးတက အဖိတ်ခံရတဲ့ အခါမျိုးရှိသလို မကောင်းတတ်လို့ အဖိတ်ခံရတာမျိုးလည်း ရှိတယ်ပေါ့။ ဘယ်လို အဖိတ်ခံရရင် ကောင်းမလဲလို့ အဖိတ်ခံရတိုင်း တွေးမိတယ်။ ဖိတ်သူနဲ့ အဖိတ်ခံရသူ တွေကို ဖိတ်စာက တန်ဖိုး ဖြတ်ပေးတာလား။ ဒါကလည်း တွေးဖို့ အချက်တစ်ခုပေါ့။ 
                ဖိတ်စာကောင်းရင် ကောင်းသလို အဖိတ်ခံရသူ ဖိတ်သူတွေ ဂုဏ်တတ်တယ်လို့ လူအများ ထင်တတ်ကြတယ်။ ဒါဆို ဖိတ်စာ မပါတဲ့ ပါးစပ် ဖိတ်ခြင်းမျိုးဆို ဂုဏ် မရှိတော့သလိုပေါ့။ ကျေးလက် ရွာ ဒေသတွေမှာတော့ ပါးစပ်ဖိတ်စာနဲ့ တစ်အိမ်လုံး ဖိတ်လေ့ရှိတယ်။ ဂုဏ်ဆိုတာကို ပဓာန မလုပ်ပဲ အလှူ ရဲ့ ပြယုဂ်ကိုသာ ထင်ရှားအောင် ပြကြတယ်။ တန်ဖိုးရှိတာကို တန်ဖိုးသိသူသာ တန်ဖိုးထားတတ်တယ်။ 
                   အနှစ်သာရ ရှိတဲ့ တန်ဖိုးကို သိပြီး အနှစ်ကို ပြတဲ့ အလှူဆိုတာ ဖိတ်စာပေါ်မူမတည်ပါဘူး။ တကယ်တမ်း မိမိအလှူကို လာသူတွေ ထဲမှာ တန်ဖိုးရှိ သိက္ခာရှိတဲ့သူတွေပါရင် အလှူဆိုတာ မင်္ဂလာရှိသွား တာပါပဲ။ ဘုရားရှင် လက်ထက်တော်အခါက မင်္ဂလာဆောင် အလှူပွဲတွေမှာ ဖိတ်လေ့ ရှိတဲ့ ဒကာမကြီး တစ်ယောက်ရှိတယ်။ 
                  သူ့ကို ဘာကြောင့် ဖိတ်ကြတာလဲ၊ ဘာကြောင့် အရေးပါရတာလဲလို့ ခဏတိုင်း ခဏတိုင်းမှာ တွေးစဉ်းစားမိတယ်။ သူမ မပါတဲ့ အလှူ မင်္ဂလာပွဲဟာ မင်္ဂလာမဖြစ်ဘူးလို့ကို ထင်ရလောက်အောင် အရေးပါ အရာရောက်တယ်ပေါ့။ သူမလာပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးလိုက်တဲ့ မင်္ဂလာပွဲတွေဟာ မင်္ဂလာ ရှိသွားတာချည်းပါပဲ။ အော် အဲ့လို အဖိတ်ခံ ရသူဟာ ဘယ်သူများလဲ........
                  ၀ိသာခါ ဆိုတဲ့ ကျောင်းအမကြီးပါ။ ပုဗ္ဖာရုံ ကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းထားတဲ့ ၀ိသာခါ ကျောင်းအစ်မကြီးကို အလှူရှင်တိုင်းက သူတို့ အလှူကို လာစေချင်တယ်။ ဘာဖြစ်လို့ ထိုကဲ့သို့ အရေးပါရတာလဲ။ ဒါလေးက စိတ်ဝင်စားစရာကောင်းတာပါ။ ၀ိသာခါ ကျောင်းအစ်မကြီးဟာ ပွဲတော်တိုင်း အဖိတ်ခံရရုံတင်မကပါဘူး အလှူမှာ ရဟန်းတော်များကို ဆွမ်းကပ်ပြီးလျှင် သူမ ကို အဦး အမြတ်ထား စားစေပါတယ်။ 
                    ထိုခေတ် ထိုအခါက အလွန်တရာ အရေးပါ အရာရောက်သော ကျောင်းအစ်မကြီးပေါ့။ ဘာဖြစ်လို့များ ကျောင်းအစ်မကြီးကို အဲ့သလောက် အရေးပေးရသလဲဆိုတော့ ကျောင်းအစ်မကြီးဟာ အသက်ရှည်ခြင်း အဆင်းလှခြင်း စတဲ့ ဂုဏ်တွေရှိပါတယ်။ တစ်ဖက်က ဘုရားနဲ့ ရဟန်းတော်တွေကို ပြုစု လုပ်ကျွေးနေတဲ့ ကုသိုလ်တွေ စိတ်ဓာတ်ကောင်းတွေကလည်း ရှိနေပါတယ်။ 
                    ဒါကြောင့် သတို့သားဘက်က အမိအဘ သတို့သမီး ဘက်က အမိအဖတွေဟာ ၀ိသာခါ ကျောင်းအစ်မကြီးကို ပင့်ဖိတ်ပြီး စားဦး စားဖွယ်တွေကို စားစေတယ်။ ဒါ့ပြင် ဆုတောင်း ကြတယ် ယ္ခု သတို့သား သတို့သမီး တို့သည်လည်း ၀ိသာခါ ကျောင်းအစ်မကြီးလို အသက်ရှည် အဆင်းလှ အမျိုးဘာသာ သာသနာကို ချီးမြှောက် ထောက်ပံ့နိုင်တဲ့ အမျိုးကောင်းသား အမျိုးကောင်း သမီးလေးတွေ ဖြစ်ပါစေ ဆိုပြီး ဆုတောင်းကြသတဲ့။ 
                        ဒါဟာ ပါဠိတော် ထဲတွင် ပါသော အဖိတ်ခံရတဲ့ ၀ိသာခါကျောင်းအမကြီး အကြောင်းပေါ့ ဒါနဲ့ ကိုယ့်ဖာသာ စဉ်းစားတယ်။ ကိုယ်လည်း ယခု အဖိတ်ခံရတဲ့ နေရာရောက်လာပြီ။ အဖိတ်ခံရသူဟာ အဖိတ်ခံရတဲ့ ဖိတ်စာ ရပြီဆိုလျှင် စဉ်းစားပြီ ဘာလေး လက်ဖွဲ့ ရင်ကောင်းမလဲပေါ့။ ၀ိသာခါ ကျောင်းအစ်မ ကြီးကတော့ စိတ်ဓာတ်ကောင်းတွေ နဲ့ ထုံမွှမ်းထားတဲ့ မေတ္တာတွေ လက်ဖွဲ့ တယ်။ သူ့လို ဖြစ်ချင်သူတွေကို သူ့ကို အတုယူကြတဲ့ လူငယ်တွေကို စိတ်ထားကောင်းဖို့ နဲ့ မေတ္တာရှိပြီး သစ္စာ သိဖို့ တိုက်တွန်းမှာပါ။
                      အော် ဒါကြောင့် ဖိတ်စာ တစ်စောင် အဖိတ်ခံရပြီ ဆိုရင် လုပ်စရာ တွေဟာ အဖိတ်ခံရသူ ဘက်ကရော ဖိတ်သောသူ ဘက်ကပါ အများကြီးရယ် ။ နောက်ပြီး မိမိဟာ မကောင်းတတ်လို့ အဖိတ်ခံ ရသူလား၊ ၀ိသာခါ လို မပါမဖြစ် အရေးပါလို့ အဖိတ်ခံရတာလား ဆိုတာ စဉ်းစားရင်း မပါမဖြစ် အရေးပါသော မိမိထံမှာ သူတစ်ပါး အတုယူစရာ လေးစားစရာ စိတ်ဓာတ်ကောင်းတွေ ရှိပြီးလားလို့ တွေးရင်း ဖိတ်စာကို စာအုပ်ကြား ညှပ်ထားလိုက်မိတော့တယ်။

လေးစားစရာ အတုယူစရာ ချီးမွမ်းထိုက်သော ဂုဏ်များရှိအောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း 

မောင်ပညာ ( ကေတုမတီ )

Read more...

Friday, July 26, 2013

စိတ်ဓါတ်နှင့် လုပ်ရပ်

                  ဒီနေ့ ၂၄ နှစ်ပြည့်မွေးနေ့မှာ စိတ်ထဲ ပေါ်လာတဲ့အကြောင်းလေးကို
ရေးမယ်လို့ စဉ်းစားရင်း လက်တွေကို iPad ပေါ် တင်လိုက်တယ်။ ဖြည်းဖြည်းချင်း
တွေးထားတဲ့ အကြောင်းလေးကို ဖြည်းဖြည်းပဲ ရေးနေမိတယ်။ 
                  ဘာလေးတွေးမိလဲဆိုတော့ လူတွေအားလုံး စိတ်ဓါတ်တွေ ရင့်ကျက်
ပြီး၊ လုပ်ရပ်တွေ မြင့်မြတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့။ လုပ်ရပ်နဲ့ စိတ်
ဓါတ် တစ်ထပ်တည်း ဖြစ်ပြီး၊ အများအတွက် ကိုယ့်ကိစ္စ ကိုယ်လုပ်ကြရင် အားလုံး 
တိုးတက် ကြီးပွားကြမှာပဲလို့။ 
                  ပုထုဇဉ် အမည်တပ်ထားတဲ့ ကျွန်ုပ်တို့တွေဟာ အမှားဆိုတာတွေလုပ်
မိကြမှာပါ။ ဒါပေမယ့်လို့ တရားဓမ္မနဲ့ ထိတွေ့ခွင့် ရချိန်မှာ စိတ်ဓါတ်တွေ ကောင်း
လာသလို လုပ်ရပ်တွေလည်း ပြောင်းလာသင့်ပါတယ်။ တရား မသိလို့ သံသရာတ
လျှောက် ပြေးကာ လွှားကာနဲ့ နေခဲ့ရတာ ခု တရားဓမ္မဆိုတာ လောကမှာ အထင်အ
ရှား ပေါ်ပေါက်နေလေပြီ။ တရား ရတနာကို ရတနာမှန်း သိခွင့် ရပြီဆို တန်ဖိုးထား
ထိန်းသိမ်း ပြီး ကိုယ့်မှာ တည်လာအောင်ကို ကျင့်ရတော့မှာ။ 
                   စိတ်ထားနဲ့ လုပ်အားကို အချိုးကျကျ ထားမှ ဘဝမှာ ကောင်းကျိုးတွေ
ရလာမှာပါ။ တရားသိသူဆိုတာ တခြားမဟုတ်ပါဘူး။ စိတ်ထားကောင်းလာသလို
လုပ်အားကလည်း ပြောင်းလာပါတယ်။ စိတ်ထားက ဘယ်လိုကောင်းပြီး လုပ်အား
က ဘယ်လိုပြောင်း လာသလဲ ဆိုတော့ စီးပွားရေးလုပ်ပြီး ရလာတဲ့ အကျိုးစီးပွားနဲ့
ကုသိုလ်ကောင်းမှုတွေ ပြုနေသူဟာ စိတ်ထား ကောင်းရှိလို့ပါပဲ။ ကောင်းတဲ့ စိတ်
ဓါတ်တွေ ရှိလို့ပါ။ 
               သို့သော်လည်း စီးပွားရေးလုပ်တဲ့နေရာမှာ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်
တွေအပေါ် အမြတ်ကြီးစား တစ်ကွက်ကျော်ရိုက်တာတွေ မတရား နည်းလမ်းနဲ့
စီပွားရှာတာ တွေကတော့ လုပ်အား မပြောင်းသေးဘူးလို့ ဆိုရမှာပါပဲ။ စိတ်ဓါတ်
က ရင့်ကျက်သလို လုပ်ရပ်ကလည်း သူတော်ကောင်းတွေ မကဲ့ရဲ့အောင်ကို မြင့်
မြတ်လာရမယ်ပေါ့။ 
              လုပ်အားနဲ့ စိတ်ထား အချိုးညီညီ ပြောင်းလဲလာနိုင်ရင် အကောင်းဆုံး
ပါပဲ။ စိတ်ထားကောင်းအောင် တရားများများနာပြီး သုတမယဉာဏ် ရအောင်
လုပ်ရပါမယ်။ လုပ်အား ပြောင်းအောင်ကျတော့ စဉ်းစားဆင်ခြင်တဲ့ စိန္တာမယဉာဏ်
နဲ့ ပွားများတဲ့ ဘာဝနာမယဉာဏ်တွေက အလွန်တရာ အရေးပါတာပေါ့။ 
                ပရဟိတပဲ ဖြစ်ဖြစ် အတ္တဟိတ ပဲဖြစ်ဖြစ် စိတ်ထား နဲ့ လုပိအားကို အမြဲ
ချိန်ညှိ နေရမှာပါ။ စိတ်ဓါတ်က မှေးမှိန်လာတာနဲ့ အမျှ လုပ်ရပ်တွေလည်း သေးသိမ်
လာမှာပါ။ လောကအကျိုးပဲ ဖြစ်ဖြစ် မိသားစု အကျိုးပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပြီးတိုင်း
စိတ်ထားကောင်းတွေ တိုးပွားပါစေ။ လုပ်အားကောင်းတွေ များများလာပါစေ။
             ဘာ အကြောင်းနဲ့မှ စိတ်ဓါတ်ကို မမှေးမှိန်ပါစေနဲ့။ စားဝတ်နေရေး အကြောင်း
ပြပြီး လုပ်ရပ်တွေ မသေ သိမ်လိုက်ပါနဲ့။ ကုသိုလ် လုပ်ဖို့ ဆိုရင် ပိုတောင် သတိထား
ရအုံးမှာ။ ဒါကြောင့် ဒီမွေးနေ့မှာ စောစောစီးစီး ဆွမ်းခံကြွရင်း သပိတ်ပေါ် တင်လောင်း
လှူလိုက်တဲ့ သွားတိုက်ဆေးဘူးကို ချက်ချင်းပဲ တွေ့တဲ့ ဘုန်းကြီးအိုကြီး သပိတ်ပေါ်
ပြန်လောင်းလှူ ရင်း ဆုတောင်းမိတယ်။ အမြဲတမ်းလိုချင်တောင့်တနေတဲ့သူ မဖြစ်ရ
ပါလို၏ လို့ ဆုတောင်းလိုက်တယ်။ 
               လိုချင်တောင့်တသူမှာ ဘယ်သောအခါမှ ပြည့်စုံတယ်ဆိုတာ မရှိဘူး။ မရ
သေးတာတွေ တောင့်တတယ်။ ရပြီးတာတွေ တိုးပွားချင်နေတတ်တယ်။ တောင့်တ
နေရတဲ့ ဘဝဆိုတာ ပူမှန်းသိမှ တောင့်တမဲ့ ဘဝရဲ့ အေးချမ်းမှုကို မြင်မှာပါ။ စိတ်ဓါတ်
ကောင်းသမျှ လုပ်ရပ်ပြောင်းလဲလာရင် ပုထုဇဉ် အပိန်းဘဝကနေ သပ္ပုရိသ အဆင့်ကို
ရောက်ရှိလာမှာပါ။ ဒါကြောင့် ဘဝရဲ့ တစ်ခဏတာ အချိန်တိုလေးအတွင်း စိတ်ဓါတ်
တွေ ပုထုဇဉ် ဘဝကနေ အရိယာ အဆင့်ထိ ရင့်ကျက်လာပြီး လုပ်ရပ်တွေလည်း တစ်
နေ့ထက်တစ်နေ့ မြင့်မြတ်လာအောင် ပြောင်းလဲ ကြပါလို့ တိုက်တွန်းရင်း..............။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘဝနောက်နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )

Read more...

Monday, June 17, 2013

သဘောပေါက်သွားပါပီ

သဘောပေါက်သွားပါပြီ

မွန်ပြည်နယ်ရဲ့ စာပြန်ပွဲလေးတစ်ခုက ကိုရင်ကြီးတစ်ပါးရဲ့ တရားလေးတစ်ပုဒ်ပေါ့။ မိမိရဲ့ ဆရာဖြစ်သူက ဒီအကြောင်းလေး ခဏခဏ ပြောပြီး တပည့်တွေကို ဆုံးမဖူးတာကြောင့် ရေးဖြစ်သွားတာပါ။
မွန်ပြည်နယ်မှာက စာပြန်ပွဲတွေ များတယ်။ ဒကာဒကာမတွေကလည်း လိုလေသေးမရှိအောင်ကို ထောက်ပံ့ လှူဒါန်းကြတယ်။ 
အနယ်နယ်အရပ်ရပ်က စာသင်သား ရဟန်းငယ်တွေ ကိုရင်တွေဟာ စာပြန်ပွဲချိန်ရောက်ရင် မွန်ပြည်နယ်မှာ ဆုံတွေ့ ကြတာပေါ့။ 
ဒီလိုနဲ့ တစ်ခုသော စာပြန်ပွဲမှာ မိမိရဲ့ဆရာဖြစ်သူဟာ ထိုစာပြန်ပွဲ ကြီးကြပ်သူအဖြစ် တာဝန်ယူရတယ်။ စာပြန်ပွဲ ချိန်ဟာ နေ့လည်မှာ ဖြေကြရပြီး နံနက်မှာ မြို့အတွင်းသို့ ဆွမ်းတော်ကြီးလောင်း ကြွကြရတယ်။ မြို့သူမြို့သား များ သဒ္ဓါဖွေးဖြူတဲ့မွန်တိုင်းရင်းသူ လေးများဟာ မိမိတို့ အိမ်ရှေ့မှနေပြီး ဆွမ်း၊ သစ်သီး စတာတွေလောင်းကြတယ်။ 
ဒီလိုနဲ့ စာမေးပွဲတွင်း တစ်ညမှာ ဆရာက အညောင်းပြေ အညာပြေ ဆင်းပြီး လမ်းလျှောက်တယ်။ ထိုအချိန်မှာ အသားကျောင်းလေး တစ်ခု အတွင်းမှာ မီးမပိတ်သေးဘဲ စကားပြောနေသံကြားတာနဲ့ စာအကြောင်းတွေ ပြောနေတာလား သိချင်တာနဲ့ ဆရာဟာ အနားကပ်သွားတယ်။ 
အထဲက ကိုရင်ကြီးနှစ်ပါးပြောနေတာက
“အရှင်ဘုရားရယ် တပည့်တော် မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူး၊ ဟ ဘာဖြစ်လို့လဲ စာတွေစဉ်းစားနေလို့လား၊ မဟုတ်ပါဘူး ဘုရား တပည့်တော် မနေ့ မနက်က မြို့ထဲ ဆွမ်းတော်ကြီးကြွတုန်းက တွေ့ခဲ့လို့ ဘုရား၊ ဘယ်သူမှတော့ လျှောက်မပြောနဲ့ဘုရား၊ဟာ ဒါဆို ငါ့ရှင် စာမေးပွဲ လည်း ဘယ်ဖြေနိုင်မလဲ၊ 
စာမေးပွဲတော့ ဖြေနိုင်ပါတယ်ဘုရား၊ စောစောက အိပ်မပျော်ဘူးဆို၊ မှန်ပါ့ နောက်တော့ အိပ်ပျော် သွားပါတယ်၊ ဘယ်လိုဖြစ်ပြန်တာတုန်း၊ တပည့်တော် သဘောပေါက်သွားလို့ပါဘုရား၊ ဟ လုပ်ပါအုံး ဘယ်လိုသဘောပေါက်သွားတာလဲ?
“ အော် ငါကသာ စဉ်းစားနေတာ သူကသိမှာ မဟုတ်ပါဘူး” လို့ သဘောပေါက်သွားတာဘုရား၊ အဲ့လို သဘောပေါက်တော့ တပည့်တော်လည်း တစ်ရေးပဲ အိပ်ပျော် သွားတော့တာပဲ။ 
ဒါလေးကြားတော့ ဆရာက ပြုံးပြီးနောက် ပြန်ဆုတ်လာ ခဲ့တယ်။ 
အော် ဟုတ်လိုက်တာ ကိုယ်သာ သူ့အကြောင်း စဉ်းစားပြီး အိပ်မပျော်ဖြစ်နေပေမယ့် သူကတော့ အိပ်ယာထဲ သိုးရင်သိုးနေမှာ ။ ကိုယ်ကသာ သူ့ကို ဒေါသတွေထွက်ပြီး ကြိတ်မနိုင် ခဲမရ အံတကြိတ်ကြိတ်ဖြစ်နေတာ သူက သိမှမသိပဲနော်။ အော် သတိရလို့ပဲ ဖြစ်ဖြစ် ဒေါသထွက်လို့ပဲ ဖြစ်ဖြစ် ကိုရင်ကြီး သဘောပေါက်သလိုသာ ပေါက်လိုက်စမ်းပါ။ 
ကိုယ်ကသာ စဉ်းစားနေတာ သူက သိမှာ မဟုတ်ပါဘူး လေ။ သက်ရှိ သက်မဲ့ အားလုံး ကိုယ် သူတို့ အကြောင်းစဉ်းစားနေတာမသိပါဘူး။
သဘောမပေါက်သရွေ့တော့ အိပ်မပျော်ညတွေ တာရှည်နေအုံးမှာပါ
သံသရာ တစ်လျှောက်သဘောမပေါက်လို့ ပြေးလွှားနေခဲ့ရ၊ အိပ်ပျက်ခဲ့ ရတာတွေကို ခုသဘောပေါက်လိုက်
ကြပါတော့။ လောဘကြောင့် အိပ်မပျော်၊ ဒေါသကြောင့် အိပ်မပျော်နဲ့ အော် ဘာတွေကြောင့် ကိုယ့် ကိုယ်ကို
နှိပ်စက်နေအုံးမှာလဲ? ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ သမျှသည်လည်း သဘောမပေါက်လို့၊ ပျော်မဆုံးဆုံး တပြုံးပြုံးနဲ့
စားမြှုပ်ပြန် နေတာလည်း သဘောမပေါက်လို့နော်။ သက်ရှိသက်မဲ့ ကိုယ်စိတ်ဝင်စားသမျှဟာ တဒင်္ဂ ခဏပဲ
သာယာစရာ ထင်နေရင် ကိုယ်ပဲ ခံစားနေရမှာ။ ဒါကို သဘောပေါက်စေချင်ပါတယ်။ 
အော် ဘဝမှာ သဘောပေါက်သွားပြီး လောဘနဲ့ မထိ၊ ဒေါသနဲ့ မငြိပဲ အေးချမ်း သာယာ အပြစ်ကင်းစွာ 
ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း..................

ကဲအားလုံးအတွက် လက်ဆောင်

ဖြစ်ပြီးအဟောင်း
တိတ်ဇာတ်ကြောင်းကို
ပြန်ပြောင်းစဉ်းစား
မငြီးတွားနဲ့။

မောင်ပညာ ( ကေတုမတီ )


Read more...

Friday, June 14, 2013

တရားဟောနည်း


မိမိတို့ မှော်ဘီ ဓမ္မဒူတကျောင်းနေစဉ်က အမြဲတမ်းလိုလို အလှည့်ကျ တရားဟော ကြရတယ် ။ 
အောက်မှာ နာယက စာချများက ထိုင်နေပြီး အလှည့်ကျတဲ့ ကိုရင် ဦးဇင်းက ပလ္လင်ပေါ်တက်ပြီး တရားဟော ကြရတယ်ပေါ့။ 
ဒီလိုနဲ့ တဖြည်းဖြည်း မိမိအလှည့်သို့ ရောက်လာပါလေရော မိမိလည်း ဟောဖို့ စာကြည့်ရတာ တစ်မျိုး အပေါ်ရောက်ရင် ဖြစ်ပါ့မလား ဆိုပြီး တစ်မျိုး စဉ်းစားရင်း ရင်ဘတ်ထဲတော့ ကုလားဘုရားပွဲ လှည့်နေသလိုပါပဲ။ 
ဒီလိုနဲ့ ညနေ ဘုရားဝတ်တက်ခါနီးမှာ မိမိအခန်းထဲ ကိုရင်လေးတစ်ပါး ဝင်လာတယ်။ 
ဦးဇင်း ဟော အလှည့်လား လို့ သူကမေးတယ်။ 
အေးကွာ တို့လည်း တရားမဟောဖူးတော့ ဘယ်လို ဟောလို့ ဟောရမလဲတောင် မသိပါဘူးကွာ လို့ ဒါနဲ့ အရှင်ဘုရား တရားဟောနည်းယူမလား တဲ့ ဟ ကိုရင်ရ သိရင် လုပ်ပါအုံး ဘုရားဝတ်ပြု ပြီးရင် တက်ရတော့မှာ ဆိုတော့ 
အရှင်ဘုရားရယ် တရားဟောတာများ မခက်ပါဘူး 
ဦးဇင်း ပလ္လင်ပေါ်ရောက်ရင် ဖြည်းဖြည်း ဖြည်းဖြည်းပဲ ဟော နားနား ပြီး ဟောပါ၊ တိုးတိုး တိုးတိုးပဲ ဟော အားလုံးလည်း ကြားပါတယ်တဲ့ 
အောင်မယ် အဟုတ်ထင်လို့ ဟဲ့ ကိုရင် အဲ့ဒါ မျိုးကြီးသီချင်း မဟုတ်ဘူးလားဟ 
အရှင်ဘုရားကလည်းနော် တပည့်တော် ပြောတဲ့ နည်းအတိုင်းသာဟော အားလုံး အိုကေသွားမယ်။ လင်းစမ်းပါအုံး ဘယ်လို အိုကေမှာလဲ ဟဆိုတော့ 
ကိုရင်က ဆက်ပြောတယ် စကားပဲ ပြောပြော တရားပဲ ဟော ဟော ဖြည်းဖြည်း ပြောတာ ကောင်းတာပါ့ 
တရားဟော ရင်ပိုတောင် အရေးကြီး သေးတယ် နော် သူတို့က နားမလည်လို့ မသိလို့ တရားလာ နာပါတယ် ဆိုမှ မြန်မြန် ဟောရင် ဘယ်သဘောပေါက်တော့ မလဲ။ 
ဒါကြောင့် ဖြည်းဖြည်းဟောပါ။ နားနားပြီး ဟောတော့ ဦးဇင်းလည်းမမော တော့ဘူးလေတဲ့။ အံ့မယ် ဒီလိုဆိုတော့ ကိုရင့် နည်းက မဆိုးပါလားလို့
ဒါနဲ့ နေပါအုံး တိုးတိုးက ဘာဖြစ်လို့ ဟောခိုင်းရတာလဲ
အော် ဦးဇင်းရယ် ပိန်းပါ့ ကိုကြီးပိန်းလို့တောင် ဦးဇင်းကို နာမည်ပေးလိုက်ချင်တယ်
အောင်မလေး ပြောမယ့်အရေး ငါ့ကို ရင်က ဈေးကိုင်နေသေး
တိုးတိုးဟောတော့ မကြားရဘူးဟဲ့ ဆိုပြီး သေချာ အာရုံစိုက် လိုက်နာတော့ အိပ်မငိုက်တော့ဘူးပေါ့ 
ဒီလိုဗျ တရားဆိုတာက လူတွေနဲ့ အတော်လေးဝေးတယ်လေ ဦးဇင်းရ လူတွေက တစ်နေ့ တစ်နေ့ အလုပ်လုပ်ရတာနဲ့ ပင်ပန်းလာကြတာ။ ဟော မယ်မှ မလုပ်ရသေးဘူး သူတို့က မျက်လုံး စင်းပြီး အိပ်ငိုက်ကြတာ လေ
တပည့်တော် တစ်ချို့ တရားပွဲတွေ အကဲခပ်ကြည့်တယ် ဘုန်းကြီးက အသံ ကောင်းကောင်းနဲ့ လွှတ်ဟဲတော့ သူတို့ကိုများ ချော့သိပ်တယ် ထင်ကြလားပဲ 
အိပ်ငိုက်လိုက်ကြတာ ဦးဇင်းရယ် ဒါကြောင့ ဦးဇင်းကို ပြောတာ တိုးတိုးနော်လို့ အံ့မယ်သူက ချုပ်သွားသေးတာ
ကိုယ့်ဦးဇင်းမိုလို့ နည်းစနစ် တွေ ပေးလိုက်တာနော် အောက်ကနေ နားထောင်နေမယ်တဲ့ 
ထိုနေ့က မိမိဟာ ပလ္လင်ပေါ်မှာ တရားလေးတစ်ပုဒ်ကို ဖြည်းဖြည်းနဲ့ တိုးတိုးလေး ဟောခဲ့ တယ်လေ။ ဒီနေ့ ထိလည်း တရားဟောစရာ ကြုံလာတိုင်း ကိုရင်လေးရဲ့ ဖြည်းဖြည်း နဲ့ တိုးတိုး လေးက နားထဲက မထွက်ဘူး
ဒါက ဦးဇင်းတို့မှ မဟုတ်ဘူး အလုပ်လုပ်နေသူတွေလည်း နည်းယူရမှာ သူများနဲ့ယှဉ်လို့ ကိုယ့်စကား အရာရောက်ချင်ပါတယ် ဆိုရင် ဖြည်းဖြည်းနဲ့ တိုးတိုးနော်......။

မောင်ပညာ ( ကေတုမီ )

Read more...

Friday, June 7, 2013

နှစ်ဖြာရေစက်



ဖုန်းတစ်ခု ဝင်လာတယ်။ state ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ဆီက အရေးတကြီး နဲ့ အရှင်ဘုရား ဖုန်းနံပါတ်မနည်းကို လိုက်ရှာလိုက်ရတာပဲလို့ အားရဝမ်းသာ ပြောရှာတယ်။ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖူးသူတိုင်း ခံစားဖူးမှာပါ။ 
ဒါနဲ့ အကူအညီတစ်ခု ပေးပါအုံး။ ထိုသူငယ်ချင်းနဲ့ ပက်သတ်ပြီး မိမိသည် အကူအညီပေါင်းများစွာကို ပေးဖူးခဲ့၏ ကူညီခဲ့၏။ ယခုလည်းအကူအညီ လိုလို့တဲ့။ 
ဒါနဲ့ သူကဆက်ပြောတယ်။ အရှင်ဘုရား တပည့်တော်ကို ကျောင်းတုန်းက ရေးပေးဖူးတဲ့ ရီးစားစာ ကိုမှတ်မိလားတဲ့။ 
ဟိုက် မိမိသည် စာစီစာကုံးရေးသားရခြင်းကို ဝါသနာပါသလောက် သူငယ်ချင်းတွေအကျိုး သူတို့ရီးစားစာများကို ရေးပေးခဲ့ရဖူး၏။ ကိုယ်သာ မစွံ့သာ သူတို့အားရေးပေးလိုက်သည်များမှာ များသောအားဖြင့် အဆင်ပြေသွားတတ်၏။ 
ခုတော့ ရဟန်းဘောင်ရောက်နေတာတောင် အလွတ်မပေးတော့ဘူးလားလို့ မေးလိုက်မိတယ်။ 
အဲ့လို မဟုတ်ပါတဲ့ ကျောင်းတုန်းက ကူညီရေးပေးလိုက်သော စာထဲက စာကြောင်းလေး တစ်ချို့ မှတ်မိသေးလားတဲ့။ 
ခု သူ့ကောင်မလေးနဲ့ လက်ထပ်တော့မယ့် အချိန်မှာ ထိုကလေးမက ပြောသတဲ့ နင် ပထမဆုံးပေးတဲ့ စာထဲမှာပါတဲ့ စာကြောင်းလေးတွေကြောင့် နင့်ကို လက်ခံခဲ့တာ ခု လက်ထပ်ခွင့်တောင်းတဲ့ အချိန်မှာလည်း ထိုစာသားလေးတွေ ပြန်ပြောပြီး တောင်းပါလို့ ဆိုသတဲ့။ 
စာထဲမှာ ဘာတွေရေးပေးလိုက်တာလဲ ဆိုတာ ပြန်စဉ်းစားပေးပါအုံးတဲ့။ 
ကိုယ့်ဖာသာနေသည်ကို အမှုက လာပတ်ဖြစ်အောင် လာပတ်သေးတယ်။ ဒါနဲ့ master brain ကို CPU နှစ်လုံးတပ်ပြီး ပြန်မောင်းရတာပေါ့ မှတ်မိပြီ ဘယ်စာကြောင်းလေးတွေလည်းဆိုတာကို တကယ်တော့ ထိုစာကြောင်းလေးများသည်လည်း မိမိစာသား မဟုတ် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်သုံးဖူးတဲ့ စကားလုံးလေးတွေ 
“ ဘဝါဘဝေ အဆက်ဆက်က နှစ်ဖြာရေစက် ပြုသမျှတွေလျှင် ပါလေချက် သမုဒယ နယ် တစ်ခွင် ဗျာဒိတ်တော်ကြားသကဲ့သို့ ချစ်စကားကြားလိုလှသည် နှမငယ် မဟေသီ" စသည်ဖြင့်ပေါ့။ 
ကျေးဇူးအရှင်ဘုရားတဲ့ မင်္ဂလာဦးဆွမ်းကျွေးပင့်မယ်တဲ့ တော်တော်ပါကွာ လို့ မင်းတို့ စုံတွဲတော့ တော်တော်လန့်သွားပြီလို့ တော်ကြာ နောက်ဆယ်နှစ်နေမှ မင်္ဂလာဦးဆွမ်းကျွေးမှာဟောသွား တဲ့ တရာထဲက စကားလုံးလေးတွေ ပြန်မေးနေရင်နောက်ထပ် ပြဿနာလို့ ပြောရင်း ဒင်းက ထပ်မေးတယ် အရှင်ဘုရားမှာကော သျှင်မဟာရဋ္ဌသာရလို နှမလက်လျှော့နေလေတော့လေး ဘာလေး မရှိဘူးလားတဲ့။ အံ့မယ် ဒါမျိုးတော့ငြိမ်ခံလို့ ဘယ်ဖြစ်မလဲ ပြန်ပြောလိုက်တယ် ဟေ့ တို့က လောကီဇာတ်ကြော ဓါတ်သဘောတွေကို ခပ်ပေါပေါလို့ မှတ်ထင်တာလို့ ခပ်ပေါပေါ အလုပ်တွေလုပ်သူတွေကိုလည်း ခပ်ကြောင်ကြောင်တွေလို့ပဲ မြင်တယ်လို့ မေးမိတာမှားပါတယ် ဆိုပြီးဖုန်းချသွားလေရဲ့။ 
ဖုန်းသာကျသွားတယ် အတွေးတွေက မတင်မကျ နဲ့ ဒါနဲ့ ဝင်းဦးရွတ်ခဲ့သော ကဗျာလေးတစ်ပုဒ်ကို တိုးတိုးညီးတွားမိတယ်။
သူ့ကိုလေ 
ဝေဒနာ သစ်သစ်နဲ့ 
လနှစ်များစွာ
ချစ်ခဲ့ပါလည်း
မေတ္တာဘုံမှာ
ဖူးစာမကြုံလို့
မဆုံခဲ့ရဘူး
တစ်ဘဝမှာတစ်ခါ
တစ်သက်မှာတစ်ယောက်
မေ့ပျောက်ဖို့ဝေး
ရင်မှာနွေး
အတွေးမျက်ဝန်း
ဝေဒနာမွှန်းစဲ
ရင်ထဲစူးနစ်
မေတ္တာစစ်မို့
အချစ်ဆုံးသူ့ကို
မမေ့နိုင်ပါ..........
တစ်စစီဖြစ်နေတဲ့အတွေးတွေကို ဖြတ်တောက်ဖို့ အားယူရင်း အရင်ကဇာတ်လမ်းလေးကို တဒင်္ဂမှတ်တမ်းရေးဖို့ ကီးဘုတ်ပေါ်ပြေးလွှားနေသော လက်ချောင်းများကို ထိန်းချုပ်ဖို့ပြင်ဆင်ရင်း 

စာဝါတုံးခေါက်လေပြီ............

မောင်ပညာ ( ကေတုမတီ )

Read more...

Thursday, June 6, 2013

အတ္တချင်းပြိုင် ဘယ်သူနိုင်

အတ္တချင်းပြိုင် ဘယ်သူနိုင်

ဒီပိုစ်ကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ အချိန်မရတာလည်း တစ်ကြောင်း စာမရိုက်ချင်တာ တစ်ကြောင်း ဘယ်လိုအကြောင်းပြချက်တွေပေးပေး ပျင်းတာဟာ ပေါ်တာပါပဲ။ 
            လူတွေတစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်ကြတယ်။ ကဲ ဘာတွေပြိုင်ကြသလဲ? 
တစ်နေ့ တစ်နေ့ မိမိလည်းပြိုင်မိတာပါပဲ။ မပြိုင်ရဘူးလို့လည်း မပြောပါဘူး။ ယှဉ်ပြိုင်တယ် ဆိုကတည်းက နိုင်ချင်ကြတာချည်းပါပဲ။ 
တို့ပါတီ၊ တို့အသင်း တို့လူမျိုး စသည်ဖြင့်ပေါ့လေ ယှဉ်ပြိုင်ကြတယ်
ယှဉ်ပြိုင်တဲ့ နေရာမှာ ကိုယ်ဆိုတဲ့ အတ္တစွဲလေး ပါနေတော့ တစ်ပါးသူ ဘာဖြစ်သွားမလဲ ဆိုတာ မမြင်နိုင်တော့ဘူး။ 
ကိုယ်အနိုင်ရဖို့ တစ်ခုတည်း ကြည့်ကြတော့တယ်။ 
ဒါကြောင့် ပြောတာ ယှဉ်ပြိုင်ခြင်းကို မမြင်နိုင်ခြင်းက ဖုံး ထားတယ်။ ဒါလေးက စိတ်ကူးထဲပေါ်လာတာလေးပါ။ စာရေးသူက တောင်ငူပြန်ရောက်တိုင်း ကိုးတန်း၊ ဆယ်တန်း ကလေးတွေနဲ့ တွေ့တွေ့ပြီး စကား ပြောတယ် ဆုံးမတယ် 
ဒီတစ်ခေါက်ပြန်တုန်းက သူတို့ကို ဒီစကားလေး ပြောပြမိတယ်။ 
ယှဉ်ပြိုင်တဲ့ အခါ မမြင်နိုင်တော့ဘူးလို့ ဘာကို မမြင်နိုင်တာလည်းဆိုတော့ ကိုယ်ကိုယ်ကို မမြင်နိုင်တော့တာ။ တကယ်တော့ ကိုယ်နဲ့ ကိုယ်သာ ပြိုင်စရာပါ။ ကိုယ်ဟာ ကျောင်းသားဆိုလည်း မနေ့ ကထက် ဒီနေ့ စာဘယ်လောက်ပိုရသလဲ၊ အလုပ်လုပ်သူဆိုလဲ မနေ့ကထက် မနှစ်ကထက် ဒီနေ့ ဒီနှစ် တိုးတက်လာသလား ကိုယ်ဘယ်လောက် အရင်ကထက် ပိုလာသလဲ။ ပြည်သူတွေရဲ့ ခေါင်းဆောင်ဆိုလည်း အရင်ကထက် အခု တိုင်ပြည်အပေါ် ပြည်သူပြည်သား အပေါ် ဘယ်လောက် အကျိုးပြုသလဲ ထိုကဲ့သို့ ကိုယ့်ကိုယ်ကို မြင်ရမှာပါ။ 
ကိုယ့်ကိုယ်ကို မမြင်ဘဲ အတ္တနဲ့ပြိုင်နေသရွေ့ ဘယ်သူနိုင်သွားမလဲဆိုရင် အနတ္တကပဲ နိုင်သွားမှာ ဘယ်သူမှမနိုင်ပါဘူး 
အနတ္တ ထင်ရှားနေပါလျက် အတ္တက နိုင်ချင်တယ်ဆိုရင် ကိုယ်နဲ့ လောကဓမ္မတွေနဲ့ တစ်ခုခုတော့လွဲနေပြီနော် 
သတိကပ်ပြီး ကြည့်ကြပါ အထက်တန်းကျောင်းသားလေးတွေတောင် နားလည်သဘေညပေါက် သေးတာပဲ 
ကိုယ်မနေ့ကထက်ဒီနေ့ ကုသိုလ်တွေတိုး လာပြီလား နိဗ္ဗာန်နဲ့ပိုနီးပြီလားဆို ဆန်းစစ်ရင်း 
လောကီ လောကုတ် နှစ်ဖြာ ပြည့်စုံနိုင်ကြပါစေ
မောင်ပညာ ( ကေတုမတီ )

Read more...

ကောင်းအောင်နေ

ဆရာတော့် စကား

တပည့်တော်ကို နေတတ်ထိုင်တတ်အောင် စကားတစ်ခွန်းတည်းနဲ့ ဆုံးမခဲ့တာ ဘုရားတပည့်တော် ထိုစကားတစ်ခွန်း ရဲ့ အဓိပ္ပါယ်ကို ကြာရှည်စွာ စဉ်းစားခဲ့ရတယ်။ ခုတော့ နေတတ်ခဲ့ပါပြီ ပြောတတ်ခဲ့ပါပြီ  စိတ်ကူးတတ်ခဲ့ပါပြီ 
“ မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ ကွာ” လို့ ဆရာတော်မိန့်ခဲ့စဉ်က တပည့်တော် သဘောပေါက်ခဲ့တာက မကောင်းတဲ့သူတွေနဲ့ ကင်းအောင်နေပါ့ ဒီလိုထင်ခဲ့တာ 
တစ်ခါတစ်လေ ကိုယ့်မိသားစုဝင်တွေ တစ်အိမ်တည်း အတူနေရတာ မကောင်းတာတွေနဲ့ တွေ့တော့ ကင်းအောင်နေချင်ပေမယ့် မကင်းနိုင်တဲ့ အခြေအနေပါ ဒါဆိုဘယ်လိုလုပ်ရပါ့လို့ 
မကင်းမှတော့ ကောင်းအောင်နေရတော့မှာပေါ့ တကယ်တမ်းဆရာတော် ဆိုလိုလိုက်သော အဓိပ္ပါယ်မှာ မိတ်ဆွေ အပေါင်းအသင်း မိသားစုဆိုတာတွေသည် မကင်းနိုင်သော အရာများမဟုတ်ပါလား သူတိုကောင်း ကောင်း မကောင်းကောင်း ကင်းလို့မရတော့ ကိုယ်ကကောင်းအောင်နေရမှာပေါ့ 
ကိုယ့်သဏ္ဍာန်ထဲရှိနေတဲ့ လောဘ ဒေါသ ကိလေသာများကျတော့ တကယ့်ကို ကင်းအာင်နေသင့်သော မကောင်းတဲ့ တရားတွေပဲလို့ သဘောပေါက်ပြီး ကင်းအောင်နေရမှာ လောဘနဲ့ ကင်း အလောဘ နဲ့နေ ဒေါသနဲ့ကင်း အဒေါသနဲ့ နေ 
ဘုရားတပည့်တော် မကောင်းတာကိုလည်း ကင်းအောင်ကြိုးစားပါမည် မကင်းတာကိုလည်း ကောင်းအောင် ကြိုးစားပါ့မည် ဘုရား။

ဥပဇ္ဈယ်ဆရာတော်ဖြစ်တဲ့ မှော်ဘီဓမ္မဒူတဆရာတော်အား ရှိခိုးပူဇော်ရင်း 
မစိုးရိမ်မြေမှ မောင်ပညာ 

Read more...

Saturday, June 1, 2013

ဘယ်လိုလူလဲ

                     အဘိဓမ္မာ ပိဋကတ်တော်ထဲက ပုဂ္ဂလပညတ် ပါဠိတော်ထဲတွင် မြတ်စွာဘုရားရှင် ဟောကြားခဲ့သော လူလေးမျိုးအကြောင်းကို မှတ်သားဖူးတယ်။ ဘုရားရှင်က လူတွေအကြောင်းကို အမျိုးမျိုး သရုပ်ခွဲပြရင်း ဒီနေရာမှာ လောကထဲရှိတတ်တဲ့ လူလေးမျိုးအကြောင်းကို အကျယ်တဝက့် မိန့်ခဲ့ပါတယ်။ 
                    လောကမှာ လူလေးမျိုးရှိပါသတဲ့
ပထမလူက သူယုတ်မာ 
ဒုတိယလူက သူယုတ်မာထက် ပိုယုတ်မာသူ
တတိယလူက သူတော်ကောင်း
စတုတ္ထလူကတော့ သူတော်ကောင်းထက် ပိုကောင်းတဲ့သူ
                    ဒါကို ဘုရားရှင်က ထပ်ဖွင့်ပါတယ်။ သူယုတ်မာဆိုတာ မိမိကိုယ်တိုင်က ပါနာတိပါတာ အစရှိသည်ကို လွန်ကျူးတဲ့သူပါတဲ့။ ငါးပါးသီလကို အနည်းငယ်မျှ စောင့်ထိန်းခြင်းမရှိသူပေါ့။
နောက် ဒုတိယလူကတော့ ကိုယ်ကိုယ်တိုင်ကလည်း ငါးပါးသီလ မလုံခြုံ မစောင့်ထိန်းသလို သူတစ်ပါးတို့ကိုလည်း ငါးပါးသီလစသည်ကို လွန်ကျူးမိအောင် အားပေး၊ တိုက်တွန်း၊ အဖော်သဟဲပြုသူပေါ့ ။ ထိုသူမျိုးသည် သူယုတ်မာထက် ပိုမိုယုတ်မာသောသူပေါ့။
                     ထိုရှေ့နှစ်ယောက်သည် မကောင်းသော ယုတ်ညံ့သော သူတွေလို့ ဆိုရမှာပါ။ ဘုရားကဲ့ရဲ့ ချုံချတော် မူတဲ့သူတွေပေါ့။ 
                    နောက်တတိယလူကတော့ သူတော်ကောင်းပါ။ သူတော်ကောင်းဆိုတာကတော့ ငါးပါးသီလ စသည်ကိုစောင့်ထိန်းသူပေါ့။ တခြားသောသူတွေ မစောင့်ထိန်းလို့ ကိုယ်လည်းမစောင့်ထိန်းဘူး ဆိုပြီးနေတာသည် သူတော်ကောင်းစိတ်ဓါတ်မဟုတ်ဘူးပေါ့။ သူတော်ကောင်းဆိုတာ သူကတော်တော် မတော်တော် ကိုယ်ကတော်အောင် ကြိုးစားရမယ် သူကကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းအောင် ကြိုးစားရမယ်
                  နောက်ဆုံးစတုတ္ထလူကတော့ မိမိကိုယ်တိုင်လည်း ငါးပါးသီလ စသည်ကို ဖြည့်ကျင့်သလို သူတစ်ပါးကိုလည်းပဲ ဖြည့်ကျင့်ချင်အောင်၊ စောင့်ထိန်းချင်အောင် တိုက်တွန်းပြောကြား ဟောပေးတယ်ပေါ့ သူတော်လာအောင် ကိုယ်ကကောင်းပေးသူပေါ့ ဒါကတော့ သူတော်ကောင်းထက် တော်တဲ့ သူတော်ကောင်းလို့ ဆိုရမှာပေါ့။ ဒီလိုနောက် နှစ်ယောက်လိုလူမျိုးကို ဘုရားရှင်က ချီးကျူးတော်မူပါတယ်။ ဒါကြောင့် မိမိတို့ တတွေသည် ဘုရာရှင် ချီးကျူးသော သူတော်ကောင်း စာရင်းထဲ ပါဝင်ပြီလား ကိုယ်ဘယ်လိုလူလဲ ဆိုတာကို စိစစ် ဝေဖန် စဉ်းစားပြီး တော်သည်ထက်တော်အောင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
မောင်ပညာ ( ကေတုမတီ )

Read more...

Friday, February 22, 2013

ရှောင်ကြဉ်မှာလား ဆောင်ငင်မှာလား

                      လူ့လောက လူ့ဘောင်မှာ စီးပွားရှာရတာ တစ်ကယ်ကို မလွယ်ကူတဲ့ အရေးကိစ္စ
တစ်လုရယ်ပါ။ နေ့စဉ်နဲ့အမျှ စား၊ ဝတ်၊ နေ ရေးဆိုတဲ့ အရေးတွေကြောင့်ရှဖွေခြင်းလုပ်ငန်းကို 
လုပ်နေကြရတယ်။ ဒါကြောင့် ဒီအလုပ်နဲ့ ပက်သတ်ပြီး အပြစ်မဖြစ်ဖို့ အရေးကြီးပါတယ်။ အဲ့လို
မဟုတ်ရင် နေ့စဉ် အပြစ်တွေချည်းပဲ ဖြစ်နေနိုင်တယ်။ 
                       ကုသိုလ်ကောင်းမှုပြုတာနဲ့ ပတ်သက်ပြီး ဘုရားရှင်က အလုပ်နှစ်မျိုးနဲ့ အားထုတ်
ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရှောင်ကြဉ်စရာ အလုပ်နဲ့ ဆောင်ငင်စရာ အလုပ်ဆိုပြီး နှစ်မျိုးပါ။ ရောင်
စရာကို ရှောင်သောအားဖြင့် အားထုတ်တာရယ်၊ ဆောင်စရာကို ဆောင်သောအားဖြင့် အားထုတ်
တာရယ်လို့ နှစ်မျိုးပေါ့။ ဘာတွေက ရှောင်ပြီး၊ ဘာတွေကို ဆောင်ရမလဲ? 
                        ကောင်းမှုလိုလားတဲ့ သူတော်ကောင်းဖြစ်ဖို့ အကုသိုလ်အလုပ်တွေကို ရှောင်ကြဉ်
ရပါမယ်။ အကုသိုလ်အပြောတွေ မပြောမိအောင်လည်း ရှောင်ကြဉ်ပါ။ အကုသိုလ်ဆို စိတ်ကူးထဲ
ကို ထည့်ပြီး မစဉ်းစားမိအောင် နေသင့်တာ ရှောက်သင့်တာပါ။ ဒါဟာ ရှောင်တာနဲ့ ပတ်သက်ပြီး
ကျင့်တာပါ။ 
                       ရှောင်ကြဉ်ရင်း ကျင့်လို့ရသလို ဆောင်ငင်ရင်းလည်း ကျင့်လို့ရပါတယ်။ ကုသိုလ်
ကောင်းမှုတွေ ပြုသောအားဖြင့် ဆောင်မယ်။ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ ဝေယျာဝေစ္စ
တွေပြုပြီး ကောင်းတဲ့တရားတွေ ဆောင်ငင်၊ တရားအကြောင်းတွေပြောဆိုပြီး တရားတဲ့ အပြော
တွေ ပြောမယ်။ နာထား အားထုတ်ထားတဲ့ တရားအကြောင်းများကို ပြန်လည်စဉ်းစား စိတ်ကူး
ပြီး ဓမ္မပီတိနဲ့ နေမယ် ဒါဟာ ဆောင်စရာတွေကို ဆောင်နေတာပါ။


Read more...

Saturday, January 26, 2013

နှလုံးသားထဲက အမေ

               အမေ
               ဒီနေ့ကို ပြန်လည်ရောက်ရှိလာပြန်ပြီနော်။ ဒီနေ့ ရောက်မှ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှပါ
အမေအကြောင်းတွေးမိတိုင်း အမေနဲ့ ပက်သတ်သမျှ စဉ်းစားမိတိုင်း အမေဟာ အမေပါပဲဆိုတာ
ပိုနားလည်ခဲ့တယ်။ အမေ့အကြောင်း စဉ်းစားလိုက်ရင် မောလာတယ်၊ လှိုက်လာတယ်။ ၀မ်းနည်း
လာတယ်။ အမေ ကိုသတိရလို့ ၀မ်းနည်းတာမဟုတ်ပါဘူး။ အမေပင်ပန်းခဲ့ရတာ။ အမေခံစားခဲ့ရ
တာ။ ဒါတွေကို အမေ့လောက်မသိ နားမလည်ခဲ့ပေမယ့် သားနားလည်သလောက်တော့ အမေ
ဟာ မိသားစုအတွက်၊ သားသမီးတွေ အတွက် အမေ့အတွက် အို အားလုံးအတွက်ကို စွန့်လွှတ်
အနစ်နာခံခဲ့တာပါ။ ဒါတွေကြောင့် အမေ့အကြောင်းတွေးလိုက်တိုင်း အမေနားလည်သလို မဟုတ်
ပေမယ့်၊ သားတစ်ယောက်အနေနဲ့တော့ အမေ့အကြောင်း အမေ့လောက် ဘယ်သိပါ့မလဲအမေ။
             အမေဟာ သား သမီးတွေကို ဘယ်လိုသွန်သင်ရမလဲ။ ဘယ်လို ပျိုးထောင်ပေးရမလဲ
ဆိုတာ သိနေခဲ့တယ်။ ဘယ်တော့မှ ကိုယ့်အတွက်ကိုယ် မစဉ်းစားဘူး၊ သမီးဘာကြိုက်တတ်လဲ
သားဘာကြိုက်တတ်လဲ ဒါတွေကိုပဲ အမေတွေးခဲ့တယ်။ အမေဟာ အဖေပေးတဲ့ လစာနဲ့ ဘယ်
လိုလောက်အောင် စားသောက်ရမလဲ၊ သား သမီးတွေ မျက်နှာမငယ်အောင် ဘယ်လို ထားရ
မလဲ။ ဒါတွေနဲ့ အမေ့ဘ၀ဟာ လုံးလည် ရှာလည် လိုက်နေခဲ့ရတယ်။ ဒါပေမယ့် အမေဟာ အမေ
ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လိုက်အောင် နေခဲ့ပါတယ်။
             မြန်မာလို အ မေ တဲ့။ မြန်မာစာလုံး အလုံးတိုင်း အလုံးတိုင်းမှာ အဓိပ္ပါယ်ရှိကြတာပါပဲ။
ခုလည်း အ မေ ဆိုတဲ့ စာလုံး ၂ လုံးထဲက အ ဆိုတဲ့ အဓိပ္ပါယ်ဟာ အမေဟာ မ အပေမယ့် အ
သလိုပဲ နေခဲ့တယ်။ သားသမီး တွေက ကိုယ့်အမေကို အ တယ်လို့ ထင်ရလောက်အောင် အမေ
အချင်ယောင်ဆောင်နေပေးခဲ့တယ်။ သားသမီးတွေ မျက်နှာရိပ် မျက်နှာကဲ အမြဲ ကြည့်ပြီး အ ချင်
ယောင်ဆောင်နေခဲ့တယ်နော်။ တကယ်တော့ အမေ တကယ်မ အ ပါဘူး။
           သဝေထိုး မ ရေ မေ တဲ့။ အမေဟာ သားသမီး တွေ စားဖို့ သောက်ဖို့ အရေး အဖေမရှိတဲ့
နောက်ပိုင်း ဘယ်မှ သဝေမထိုးရအောင် အမေက တစ်မိသားစုလုံးကို မ ထားခဲ့တယ်။ အမေသာ
မိုလို့သာပေါ့။ ဒီနေရာမှာ တခြားသူတစ်ယောက်ဆို။ ဒီနေ့ သားသမီးတွေ ဒီလိုအခြေအနေဖြစ်
အောင် အမေကပဲ အား အင်တွေ ပေးခဲ့တယ်လေ။ အမေ့ အကြောင်းကို ပြောမယ်ဆို ပြောမကုန်
ပါဘူး အမေ။
           သား သမီးတွေ အပေါ်မှာ အမေ့လောက်နားလည်တဲ့သူ မရှိတော့ပါဘူး။ အမေသာ နား
အလည်ဆုံးပါ။ ဒါပေမယ့်လေ အမေ့ကို ပြန်နားလည်ပေးတဲ့ သား၊ သမီး ကတော့ ရှားတယ်။
အမေနားလည်သလိုပေါ့။ အမေ ဟာ သား၊ သမီးက လိမ်ပြောရင်တောင် သိသိကြီးနဲ့ အဆင်
ပြေအောင် ပြောသွားတာပဲ။ ကောင်းစေချင်လို့ ပြောတာနေမှာဆိုပြီး နားလည်ပေးခဲ့တယ်။
အမေ့အပေါ်များ ဘယ်သားသမီးက အဲ့လောက် နားလည်ပေးမှာလဲ။
           သား သမီးတိုင်းဟာ အမေ့ကို အဖေ့ထက်ပိုချစ်ကြတယ်။ သားသမီး တွေက အဖေ့ကို
အပြစ်မြင်ရင် အမေပဲ ဖြေရှင်းပေးခဲ့ရတာပါ။ အဖေ နဲ့ သားသမီးတွေကြား ပဋိပက္ခတွေကို
ပြေလည်အောင် အမေ၀င်ဖြေရှင်းပေးခဲ့ရတာချည်းပါပဲ။ အမေ သားသမီးတွေ အတွက် အရေး
အကြီးဆုံး အခန်းက ပါဝင်နေတာ အမေပါပဲ။
            အိမ်မှာ ဆန်မရှိသော်လည်း အမေ ရှိရင် ပြည့်စုံပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အမေက
ပြည့်စုံအောင် လုပ်ပေးတယ်လေ။ အမေဟာ အားလုံးအတွက် မရှိမဖြစ်ပါ။ အမေဟာ သား
သမီး တွေ ပြည့်စုံအောင် လုပ်ပေးရသလို ယောက်ျားဖြစ်သူ အဖေ့အပေါ်မှာလည်း တာဝန်ကျေ
အောင် ဆောင်ရွက်ပေးရပါသေးတယ်။ အော် အမေ အမေ့အကြောင်း တွေးမိတော့ အမေဆိုတဲ့
ဂုဏ်ပုဒ်နဲ့ လိုက်အောင် နေသွားတဲ့ အမေ............။ အမေ့ကို နားလည်ပါတယ်။ အမေ့ကို လွမ်း
နေပါတယ်။ အမေ့လောက် မိသားစုအပေါ် နားမလည်ပေမယ့် အမေ့အပြော၊ အမေ့အပြု အမူ
တွေနဲ့ အတူ နားလည်လိုက်ရပါတယ်။ ဒါပေမယ့် နှလုံးသားထဲက အမေ့စိတ်ကူး၊ နှလုံးသားထဲ
က အမေ့ရဲ့ အမေ စိတ်ဓာတ်ကိုတော့ သား ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်ပါဘူး။
          အမေများနေ့မှာ အမေအားလုံးအတွက် ဒီစာလေးရေးပြီး အမေနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။
အမေချင်း မတူကြပေမယ့် အမေစိတ်ဓာတ်ချင်းတူတဲ့ အမေ
အမေချင်း မတူကြပေမယ့် အမေဂုဏ်ပုဒ်ချင်းတူကြတဲ့ အမေ
အမေဟာ အမေလိုနေပြပြီး သားအတွက် အမေတွေထားခဲ့ပေးပြီးပြီ.......။
အမေ ကိုယ်စိတ်နှလုံး ချမ်းသားစွာ နေထိုင်နိုင်ပါစေ............................။
မောင်ပညာ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner