Saturday, December 24, 2011
အထားမှားသော စိတ်
             တစ်နေ့က ဒကာမတွေလာရင်း တရားစကားမေးကြ မြန်းကြရင်း စိတ်ထဲဖြစ်မိတာလေး
ကို စာအဖြစ်ပြောင်းလိုက်တာရယ်ပါ။ တစ်ယောက်ကမေးတယ် မြတ်စွာဘုရားရှင်က အရှင်ဒေ၀ဒတ်
ကို တရားရအောင် ဘာဖြစ်လို့များ တရားမဟောရတာလဲတဲ့။ ဒေ၀ဒတ် ငရဲကျမှာ သိလျက်နဲ့ မ
ကယ်ဘဲ ထားသလို ဖြစ်မနေဘူးလားဆိုပြီး မေးပါတယ်။ ဒါနဲ့ သူသဘောကျ ကျေနပ်အောင် ပြန်
ဖြေပေးလိုက်တယ်။ အဲ့နေ့က မပြောလိုက်မိတဲ့ ဥပမာလေးကို ခုစာထဲမှာတော့ ထည့်ပြီးရေးဖြေ
လိုက်ပါတယ်။
               တစ်ခါက မြတ်စွာဘုရားရှင်ဆီကို ပုဏ္ဏားကြီးတစ်ယောက်လာပြီး မေးခွန်းတစ်ခု မေးပါ
တယ်။ ဘုရားဂေါတမဟာ တရားဟော အလွန်တရာကို ကျွမ်းကျင်တယ်လို့ သူကြားပါတယ်တဲ့
ထိုသို့ ကျွမ်းကျင်တာကြောင့် ဘုရားဟောသမျှလူတွေသည် ကျွတ်တမ်းဝင်သွားကြသလား၊
ကောင်းသောဘုံဌာနတွေဆီ ရောက်ကြပါသလားလို့ မေးပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်က
မေးခွန်းလေးတစ်ခု ပြန်မေးတယ်။ ပုဏ္ဏားကြီး သာဝတ္ထိမြို့ဆိုတာလည်း ရှိတယ် သာဝတ္ထိမြို့ကို
သွားတဲ့ လမ်းဆိုတာလည်းပဲ ရှိတယ်။ ပုဏ္ဏားကြီးကို လူတစ်ယောက်က သာဝတ္ထိမြို့ကိုဘယ်လမ်း
ကသွားရပါသလဲဆိုလျှင် ပုဏ္ဏားကြီးဟာလမ်းသိတော့ ဒီလမ်းကသွားရင် သာဝတ္ထိကိုရောက်မယ်
ဒီလမ်းကသွားပါဆိုပြီး လမ်းညွှန်လိုက်တယ်။ အဲ့ဒီလူက ထိုညွှန်ပြတဲ့လမ်းကို မသွားဘဲ တခြားသော
လမ်းကို သွားမယ်ဆိုလျှင် သာဝတ္ထိမြို့ရောက်ပါ့မလားတဲ့။
                အရှင်ဘုရားရယ် လမ်းညွှန်တဲ့သူက ဒီလမ်းကသွားရောက်ပါတယ်လို့ ညွှန်တာတောင်
တခြားလမ်းကိုသွားတာ ဘယ်လိုလုပ်ပြီး သာဝတ္ထိမြို့ကိုရောက်ပါ့မလဲ။
                ဟုတ်တယ်ပုဏ္ဏား အဲ့ဒီလိုပါပဲ ငါဘုရားက ဒီလမ်းကသွားရင် နိဗ္ဗာန်ကို ရောက်မယ်လို့
ဆိုပေမယ့် ငါဘုရားပြောတဲ့အတိုင်းလိုက်နာ ကျင့်သုံးပြီး ထိုလမ်းကိုလျှောက်သူတွေသာ ရောက်
တယ်၊ ဆန့်ကျင်ဘက်လမ်းကို လျှောက်ရင်တော့ ဘယ်လိုလုပ်ပြီး ရောက်နိုင်မတုန်း၊ တကယ်
တော့ ငါဘုရားဟာ လမ်းညွှန်မှုကိုပဲ ပေးနိုင်တာ ကျင့်သုံးသည် မသုံးသည်က ထိုလမ်းမေးသူ၏
အလုပ်ပေပဲလို့ ဖြေကြားခဲ့တဲ့ အဖြေလေးကို အတော်လေးသဘောကျနှစ်သက်ခဲ့တာပါ။
                  ခုလည်း မြတ်စွာဘုရားရှင်ဟာ အရှင်ဒေ၀ဒတ်ကို သူများနည်းတူ တရားတွေဟော
တာပါပဲ။ အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရှင်တောထွက်တော်မူကတည်း အမြင်မကြည်လင်
ခဲ့တာ နှမဖြစ်သူကို ထားပြီးတစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းသွားတယ်လို့ အထင်မှားခဲ့တာပါ။
သာသနာ့ဘောင်ထဲရောက်လို့ သင်္ကန်းဝတ်ပြီးတဲ့အခါမှာလည်း သူ့ရဲ့စိတ်ကလေးကို နေရာ
အထားမှားခဲ့တယ်။ ဘယ်လိုနေရာမျိုးတျွေမှာထားခဲ့သလဲဆိုတော့ ကျော်ကြားချင်တဲ့နေရာ
လာဘသက္ကာယ ပူဇော်မှုတွေအပေါ်မှာပေါ့။ အတူတူသာသနာ့ဘောင်ဝင်ခဲ့တဲ့ အရှင်အာနန္ဒာ
အရှင်အနုရုဒ္ဓာတို့ကို ဒကာဒကာမတွေက ပူဇော်မှုတွေပြုပြီး မိမိကိုတော့ ဘယ်သူမှမသိဘူး
ဘုရားရှင်ကလည်း နေရာပေးတော့ ယောက်ဖဖြစ်တဲ့ မိမိကိုမပေးဘဲ အရှင်သာရိပုတ်တို့ကို
ပေးတယ်ဆိုပြီး အထားမှားသော စိတ် နဲ့ ပြစ်မှားခဲ့တယ်။
                   နေရာရဲ့ အဓိပ္ပါယ်ကို သေချာမသိလေတော့ စိတ်အထင်နဲ့ အတ္တအမြင်ကို အရောင်
တင်ခဲ့တာပေါ့။ နောက်ဆုံးမှာ မပြုသင့် မပြုထိုက်တဲ့ ကံကြီးတွေပြု ဘုရားကိုအံ့ပြုကာ ဘုရား
တစ်ဆူလုပ်ပြီး သံဃာပရိသတ်ကို လုယူခဲ့တယ်။ ဒါတွေဟာ သံသရာတစ်လျှောက် မကျေနပ်
ခဲ့သမျှကို အထားမှားတဲ့ စိတ်နဲ့ ပြုတာပေါ့။ နောက်ဆုံး အထားမှားတဲ့ စိတ်က စိတ်ထားမှားတဲ့
သူ့ကို အပါယ်ငရဲ ကျစေခဲ့တာပါပဲ။ ဘုရားရှင်က မလုပ်သင့်လို့ မလုပ်သင့်ဘူး ပြောခဲ့ပါတယ်။
သို့သော်လည်း ဒီဘက်လမ်းကိုမှ လျှောက်ချင်နေတဲ့သူကတော့ လမ်းမှန်ပြသူကို တာ့တာလို့
ပြောပြီး မိမိလျှောက်လိုသည့် လမ်းသို့သာလျှောက်လှမ်းမှာပါ။ လမ်းညွှန်ပြသူဟာ ကိုယ်ညွှန်ပြ
တဲ့ မသွားလို့လည်း ၀မ်းနည်းစရာမလိုပါဘူး၊ သွားလို့လည်း ၀မ်းသာဖို့မဟုတ်ပါဘူး။ တကယ်
တော့ လမ်းညွှန်သူဆိုတာ လမ်းညွှန်သူ တစ်ယောက်ပဲ မဟုတ်လား ။                 ။
လိုရာပြည့်ကာ တည်ကြည်စွာ ပညာတိုးပါစေ...............။
မောင်ပညာ ( ကေတုမတီ )
Read more...
Thursday, December 22, 2011
အချစ်ပဲ လိုတယ်
             သီလရှင်ဝတ်ချင်ပါတယ် ဆိုပြီး ရောက်လာတဲ့သူတစ်ယောက် အကြောင်းပြုပြီး
ဒီဆောင်းပါးလေး ရေးဖြစ်ခဲ့တာပါ။ ဒီ အချစ်ပဲလိုတယ် ဆိုတဲ့စာသားလေးကို ကြားတာတော့
ကြာပါပြီ။ ဘာနဲ့ ပတ်သက်ပြီးရေးလျှင် ကောင်းမလဲလို့ စဉ်းစားနေတာရယ် အကြောင်းအ
ရာရယ် မတွေ့သေးတာနဲ့ မရေးဖြစ်ခဲ့တာ။
            သီလရှင် ၀တ်ဖို့ သင့် မသင့် ဆိုတာ လာမေးတာနဲ့ ကိုယ်သင်္ကန်းဝတ်စဉ်က ဆုံး
ဖြတ်ချက်ချခဲ့တဲ့ အကြောင်းလေးတွေ နှလုံးပြန်သွင်းမိတယ်။ မိမိသင်္ကန်းဝတ်မည်ဆိုတုန်းက
သူငယ်ချင်းတွေက မိဘကို လုပ်မကျွေးဘဲ ၀တ်သွားရင် တစ်ကိုယ်ကောင်းဆန်ရာရောက်မယ်
ဆိုပြီး တားကြတယ်။ ထိုသို့ တားနေသည့်ကြားကပဲ သာသနာ့ဘောင်ရောက်လို့ ရဟန်းဘဝ
ရောက်ခဲ့တယ်။ ထို အချိန်က မိဘဆိုတာကို တကယ်မချစ်တတ်လျှင် ဒီနေရာမှာ တကယ်မချစ်
တတ်လျှင်လို့ သုံးထားတာလေးကို သတိထားမိပါစေ။
             ဒါဘာကို ပြောချင်တာလဲဆိုတော့ တကယ်မိဘကို ချစ်လျှင် ရဟန်းမယ်တော်ဘဝ
ရောက်အောင် ပို့နိုင်ရပါမယ်။ ဖြစ်နိုင်ခဲတဲ့ ရဟန်းမယ်တော်ဆိုတဲ့ ဘ၀ရောက်အောင် လုပ်ပေး
မှ တကယ်ချစ်တတ်တာပါ။ မိဘ နဲ့ သားသမီး တွေကြား၊ ဆရာနဲ့ တပည့်တွေကြား ၊ မိသားစု
တွေကြားမှာ တကယ်ဆိုလျှင် အချစ်ပဲ လိုပါတယ်။ ဘာအချစ်လဲ ဆိုတော့ စစ်မှန်တဲ့ အချစ်ပါ။
အတ္တအချစ်မဟုတ်တဲ့ မေတ္တာချစ်ပါ။
              ထိုအချိန်ကတော့ မယ်တော်ကြီးကိုချစ်တဲ့ အချစ်ရော နောက် အချစ်တစ်ခုကတော့
သာသနာကိုချစ်တဲ့ အချစ်ရောပဲ။ ဟုတ်ပါတယ် ။ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းဘ၀ရောက်ဖို့
ဆိုတာ သာသနာကို ချစ်တဲ့ အချစ်မရှိဘဲ မရောက်နိုင်ပါဘူး။ သာသနာကို ချစ်တဲ့ အချစ်တစ်ခု
တည်းနဲ့ သာသနာ့ ဘောင်ရောက်နိုင်ပါတယ်။ သာသနာတော်ထဲရောက်ဖို့ဆိုတာ အကယ်ဆို
ရင် သာသနာကို ချစ်တဲ့ အချစ်ပဲလိုပါတယ်။ သာသနာကို မချစ်ရင် သာသနာထဲရောက်လဲ အ
ပြစ်တွေကို လုပ်မိ၊ ပြောမိ၊ မြင်မိတတ်ပါတယ်။
               သာသနာဆိုတာ မြင့်မြတ်သူတွေရဲ့နေရာ လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် ငယ်
စဉ် ကတည်းက သာသနာကို မြတ်နိုးတန်ဖိုးထား ချစ်ခဲ့တာ။ ထို ချစ်တဲ့ အချစ်တွေနဲ့ပဲ သာသနာ့
အလုပ်တွေ လုပ်ဖြစ်ခဲ့တယ်။ သာသနာတော်မှာနေချင်ခဲ့တယ်။ ဒါကြောင့် သာသနာတော်ထဲဝင်
ရောက်ချင်ပါတယ်ဆိုရင် အချစ်ပဲ လိုတယ် လို့ ပြောပြမိခဲ့တယ်။ ချစ်တတ်တဲ့ သူအတွက်တော့
အချစ်ဆိုတာ ဆေးပါ။ မချစ်တတ်သူတွေ အတွက်တော့ အချစ်ဆိုတာ ဘေးပါပဲ။
               သာသနာကို ချစ်တတ်ခဲ့သော မိမိအတွက် သာသနာဆိုတာ မှီခိုအားထား လေးစား
တန်ဖိုးထားစရာကြီးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သာသနာတော် စတင်တည်ထောင်ခဲ့သော မိမိ
တို့ရဲ့ ဘုရားမြတ်စွာဟာ လောကသုံးပါးမှာ အတုမရှိတဲ့ ပုဂ္ဂိုလ်မြတ်ပါ။ ထိုသို့သောသူမျိုးက
တည်ထောင်ခဲ့ပြီး မြင့်မြတ်သောသူများ မြင့်မြတ်သောနေရာသို့ ရောက်အောင် ပို့ဆောင်ပေး
နေတဲ့ သာသနာတော် ဒါတွေကို သိပြီးချစ်တတ်မှ သာသနာတော် တန်ဖိုးကိုသိမှာပါ။ ဒါကြောင့်
သာသနာတော်ကို ၀င်ရောက်ချင်တယ်ဆိုလျှင် အချစ်ပဲလိုပါတယ်လို့ ပြောလိုက်ချင်တော့တယ်။
တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏။
မောင်ပညာ ( ကေတုမတီ )
Read more...
Sunday, December 18, 2011
မွေးနေ့ မှာတမ်း
             ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ ကျေးဇူးရှင်မွေးမိခင်ရဲ့ အသက် ၆၀ ပြည့်
မွေးနေ့ရယ်ပါ။ ဒါကြောင့် ဘာလေးအကျိုးရှိတာပြောပေးရင်ကောင်းမလဲလို့ တွေးပြီး ဒီစာ
မူလေး ရေးပြီး ကျေးဇူးဆပ်လိုက်ပါတယ်။
             ငယ်စဉ်ကလေးဘ၀ကတည်းက အဆုံးအမပေါင်းများစွာရဲ့အောက်မှာ ရှင်သန်ခွင့်
ရရှိခဲ့တာဟာ ဒီမိသားစုထဲ လူဖြစ်ခွင့်ရရှိခဲ့လို့ပါ။ ဒီ အဖေ ဒီ အမေ နဲ့ ဆုံတွေ့ခွင့်ပေးခဲ့တဲ့
ကံတရားကို ကျေးဇူးတင်ရမှာပါ။ ဘုရားရှင်ရဲ့အဆုံးအမ တွေနဲ့ သားသမီးတွေ အပေါ်ဆုံးမ
ပဲ့ပြင်ပေးကာ ဘ၀လမ်း မမှားအောင် ထိန်းကျောင်းပေးခဲ့ ပဲ့ကိုင်ရှင် ကျေးဇူးရှင် မွေးမေမေ
ဟာ မိမိကို အဆုံးအမတွေ ရဟန်းဘောင်ရောက်တဲ့အထိ ပေးခဲ့ပါတယ်။
              နှုတ်နဲ့ဆုံးမတာတွေ ရှိသလို စာရေးပြီး ဆုံးမတာလေးတွေလည်း ရှိခဲ့ပါတယ်။
မွေးမေးရဲ့ မွေးနေ့ မှာတမ်းအဖြစ် မွေးမေပေးခဲ့သော အဆုံးအမလေး သုံးကြောင်းကိုပဲပြန်
ပြီး မျှဝေပေးလိုက်ပါတယ်။ ငယ်စဉ်က ညအိပ်ယာဝင်တိုင်း မနက် အိပ်ယာထတိုင်း မြင်နေကျ
စာတမ်းလေး သုံးကြောင်း ရှိပါတယ်။ အိပ်ယာရဲ့ ညာဘက်နံရံမှာ အမေရေးထားတဲ့ စာတမ်း
လေး သုံးကြောင်းဟာ ခုထက်ထိ မိမိရဲ့ မျက်ဝန်းအိမ်ထဲကနေ ထွက်ခွာမသွားသေးပါဘူး။
              ရုပ်ကို ထိန်းတော့ စိမ်းလန်းရာ၏။
              နှုတ်ကို ထိန်းတော့ သိန်းသန်းတန်၏။
              စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏။
           ဒီစာလေး သုံးကြောင်းကို အိပ်ယာရဲ့ နံဘေးရေးထားတာ နေ့တိုင်းဖတ်ပြီး ရုပ်ကို
ထိန်းရင် ဘာကြောင့် စိမ်းလန်းတာလဲ ? နှုတ်ကို ထိန်းရင် ဘာကြောင့် သိန်း သန်း တန်သလဲ ?
စိတ်ကို ထိန်းတော့ ဘာကြောင့် ငြိမ်းချမ်းသလဲ ? ဆိုတာတွေ အဖြေရှာမရခဲ့ပါဘူး။ ဒါပေမယ့်
ခုတော့ နားလည်စပြုလာပါပြီ။ ရုပ် တရားလို့ ခေါ်တဲ့ အရာတွေကို စောင့်ရှောက်ထိန်းသိမ်းမယ်
ဆိုရင် စိမ်းစိမ်းလန်းလန်းနဲ့ ဆိုပြေလာပါမယ်။ ခန္ဓာကိုယ်ရုပ်ကိုပဲ ထိန်းထိန်း အပြင်ရုပ်တရားကို
ပဲထိန်းထိန်း ရုပ်ကို ထိန်းလိုက်မယ်ဆိုရင် စိမ်းလန်းပါတယ်။
           နှုတ်ကို ထိန်းလိုက်တော့ သိန်းသန်းတန်ပါတယ်တဲ့။ ဟုတ်ပါတယ် နှုတ်ကြောင့်သေ လက်
ကြောင့်ကြေ ဆိုတဲ့ မြန်မာစကားပုံ တစ်ခုလည်းရှိတာပဲ။ နှုတ်ကို မထိန်းသိမ်းလို့ သေတဲ့ အဆင့်
အထိဖြစ်နိုင်ပါတယ်။ နှုတ်ကို ထိန်းသည့်အတွက်ကြောင့် တစ်သိန်းမက တစ်သန်းမက တန်ဖိုးရှိ
သွားပါတယ်။ ဒါကြောင့် နှုတ်ကို ထိန်းတော့ သိန်းသန်းတန်ပါ၏။ လူအများစုဟာ ကိုယ်ကိုထိန်းနိုင်
ရင်ထိန်းနိုင်မယ် နှုတ်ကိုတော့ မထိန်းနိုင်ကြဘူး။ တစ်နေ့ တစ်နေ့ နှုတ်နဲ့ အကုသိုလ်ကမ္မပထ
တရားတွေ အများကြီးပြုလုပ်ဖြစ်ကြတယ်။ နှုတ်နဲ့ အကုသိုလ်လုပ်ဖို့ လွယ်ကူကြတယ်လေ။ ဒါ
ကြောင့် နှုတ်ကိုသာထိန်းရင် သိန်း သန်း မကတန်ပါတယ်။
           နောက်တစ်ခုက စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏တဲ့။ လူတိုင်းလူတိုင်း ငြိမ်းချမ်းချင်
ကြပါတယ်။ ငြိမ်းချမ်းရာနေရာကို ရှာဖွေနေကြပါတယ်။ တစ်ချို့ကပြောတယ် အရှင်ဘုရားတို့
ကျောင်းလာရတာ အရမ်းငြိမ်းချမ်းတာပဲတဲ့။ ပတ်ဝန်းကျင်ငြိမ်းချမ်းလို့ ကိုယ်လည်းအငြိမ်းဓာတ်
ရတာရှိပါတယ်။ အဲ ကိုယ်က ငြိမ်းချမ်းအောင်နေလို့ ငြိမ်းချမ်းတာလဲ ရှိပါတယ်။ တစ်ချို့ကသူ
များငြိမ်းရင် လိုက်ငြိမ်း သူများပူ လိုက်ပူ ဆိုတာမျိုးလည်းရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အနည်းနဲ့
အများဆိုသလို ငြိမ်းချမ်းချင်ကြတာချည်းပါပဲ။ ငြိမ်းချမ်းချင်လျှင် စိတ်ကိုထိန်းပါတဲ့...............။
ကိုယ့်စိတ်ကလေး ငြိမ်းနေရင် သူများဘယ်လောက်ပူပူ ကိုယ်လည်းငြိမ်းချမ်းနေမှာပါပဲလေ။
             စိတ်ကလေးက လောဘကြောင့်ပူ၊ ဒေါသကြောင့် ဆူ၊ မောဟကြောင့် လေနေရတာပါ။
ဒါကိုကိုယ်က လောဘဘက်လည်း မယိမ်းအောင်၊ ဒေါသဘက်လည်း မတိမ်းအောင်၊ မောဟနဲ့
လည်းမမှောက်အောင် ထိန်းမယ်ဆိုရင် ငြိမ်းချမ်းရာပေါ့။ တကယ်နေကြည့်ပါ အေးချမ်းပါတယ်။
မွေးမယ်တော်ကျေးဇူး ဒီနေ့ထိ စိတ်ထဲသတိရမိနေတဲ့ စာကြောင်းလေး သုံးကြောင်းရယ်ပါ။
ကိုယ်ကော ကိုယ့်အိမ်ကလူတွေ၊ ကိုယ့်ရုံးကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ငြိမ်းအေး
စေချင်လျှင် ကိုယ်ကိုယ်တိုင် ငြိမ်ချမ်းချင်လျှင် စိတ်ကို ထိန်းကြပါ။
              ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုတွေနဲ့ ထိန်းလို့ ရပါတယ်။ လောဘကို နိုင်တာ
အလောဘ၊ ဒေါသကို နိုင်တာ အဒေါသ၊ မောဟကို နိုင်တာ အမောဟ။ ဒါတွေသိပြီး ကိုယ့်စိတ်
လေးမပူအောင်ထိန်းနိုင် ရပါမယ်။ ထိန်းနိုင်ရင် ထိန်းနိုင်သလောက် အေးချမ်းပါတယ်။ ငြိမ်းချမ်း
ပါတယ်။ အော် ငယ်ငယ်ကတည်းက မြင်နေရတဲ့ စာကြောင်းလေးသုံးကြောင်း မယ်တော်ကြီးက
ဘာမှမပြောဘဲ နံရံပေါ်ရေးထားခဲ့ပေမယ့် ကိုယ့်အတွက်တော့ အလွန်တရာကောင်းမွန်တဲ့ အဆုံး
အမတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဆုံးအမ ဆိုသည်မှာကား နှုတ်ကထုတ်ပြောပြမှ မဟုတ်
ကိုယ်ကိုယ်တိုင်နေပြပြီးလည်း ဆုံးမရမယ်၊ သူအသိတရားဖြစ်နိုင်အောင် ပြောပြပြီးလည်းဆုံးမရ
မယ်။ နောက် ပတ်ဝန်းကျင်ကို ညွှန်ပြပြီးလည်း ဆုံးမတတ်ရပါမယ်။
               ဘုရားရှင်ကိုယ်တော်မြတ်ကြီး တရားဟောကြားခဲ့သော နည်းများသည်ကား ထိုကဲ့သို့
သောနည်းများပင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များသည်လည်း မိမိတို့ရဲ့ နောင်
လာနောက်သားများကို အဆုံးအမပေးရာတွင် ကိုယ့်စကားနွားရ မဟုတ်စေဘဲ ကလေးသူငယ်များ
လက်ခံနိုင်မည့် အသုံးအနှုန်းအပြောအဆို အတွေးအခေါ်များနှင့် ဆုံးမကြပါလို့ တိုက်တွန်းလိုက်
ရင်း မယ်တော်ကြီးအား မွေးနေ့မှာတမ်း အဖြစ်................
                ရုပ်ကို ထိန်းတော့ စိမ်းလန်းရာ၏။
                 နှုတ်ကို ထိန်းတော့ သိန်းသန်းတန်၏။
               စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏။                ။
ငြိမ်းချမ်းသော စိတ်ထားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ.....................။
မောင်ပညာ ( ကေတုမတီ )
Read more...
Friday, December 16, 2011
မသိမသာ
             လောကလူအများ အပြောများ အဆိုများတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ မသိမသာ လေးပါတဲ့။ဘာလေးလုပ်လုပ် မသိမသာ လေးဆိုတာကို ပြောဆိုလေ့ရှိကြတယ်။ အနည်းနဲ့အများဆိုသလိုသုံးစွဲကြတယ်။ဘာကို ဆိုလိုသလဲ၊ ဘာအကြောင်းကြောင့် ပြောသလဲ ဆိုတာကိုတော့ သိသူလည်း နည်းကြတယ်။ စကားအဓိပ္ပါယ်ကိုသေချာစဉ်းစားကြည့်လျှင်ကား
မသိ မသာ တဲ့....။
             တစ်ချို့က မသိမသာလေးပါဟယ် ဘာမှ မဖြစ်ပါဘူး ဆိုပြီး သုံးတတ်ကြတယ်။ အင်း တရားထိုင်ရင်တောင်မှ ဟယ် ထိုင်လို့ကောင်းလိုက်တာ ထိုင်လို့ ထိုင်နေမှန်းတောင် မသိသာ
ဘူးတဲ့.....။ ကိုယ်လုပ်သည့်အလုပ်သည် လုပ်လို့လုပ်မှန်းမသိသာမှတော့ ဘယ်ကောင်းပါ့
မလဲနော်။ အလုပ်ဆိုတာ လုပ်ရင် လုပ်သလောက် သိသာရပါမယ်။ တရားတစ်ပုဒ် နာတယ်၊ ဖတ်တယ် ပြီးတာနဲ့ နာခြင်း၊ ဖတ်ခြင်းအလုပ်ကနေ သိသာတဲ့ တရားအသိတစ်ခု ရရပါမယ်။
ဒါမှ နာရခြင်း၊ ဖတ်ရခြင်း အကျိုးရှိမည်ပေါ့။ သို့မဟုတ်လျှင်ကား ဖတ်ပြီးတော့လည်း မသိမသာ၊ မဖတ်ခင်ကလည်း မသိမသာ.......။ မသိလို့ မသာ ရတာ။ သိလျှင်ကားသာရမည်။
             ဟုတ်ပါတယ် ။ ဆရာတော်ကြီး တစ်ပါးက မိန့်ဖူးပါတယ်။ ဟ မသိမသာ မသိမသာနဲ့
ကွာမသိလို့တစ်သံသရာလုံး မသာဘ၀က မလွတ်နိုင်ကြတာကွ သိရင် သာကို သာရမယ်တဲ့။ ဟုတ်လိုက်တာ မသိခဲ့လို့မသာဘ၀က မလွတ်နိုင်ကြဘဲ ဆက်ကာဆက်ကာ မသာ ဖြစ်နေရတာ။ သစ္စာတရား အမှန်တရားကို သိလို့သာသွားတဲ့သူတွေ များလှပါပြီ။ မသိ လို့ မသာ ဖြစ်ရတဲ့ အခြေအနေကနေ လွတ်ဖို့ကျိုးစားကြရမှာပါ။ မသိလို့ မသာရတဲ့ဘ၀ကနေ သိလို့ သာတဲ့ဘ၀ ရောက်အောင် သိတဲ့သူတွေဖြစ်အောင်ကြိုးစားရမှာပါ။ဘယ်လိုကျိုးစား ရမလဲလို့ မေးကြတယ်။ မသိမသာ နေတဲ့ အကျင့်ကြီးကို ပျောက်အောင် အရင်ကြိုးစားရမှာ။
             တစ်ခုတစ်ခု လုပ်ပြီး မသိမသာလေးပါဟယ်ဆိုတဲ့ အကျင့်ကိုက မသိမသာအောင်
လုပ်နေတာ။ဟယ်ဒီတရားနာလိုက်တာ ကိုယ်မှားတာတွေ သိသာလိုက်တာ။ ဒီတစ်ပုဒ်ဖတ်ရတာ ကိုယ်မှားနေတာတွေသိသာလိုက်တာလို့ဖြစ်ရမှာပါ။ အမြဲမသိမသာလေး နေလာခဲ့တာ။ သိပြီး သာသင့်ပါပြီ။ သိလျက်နဲ့ မသာ သေးလျှင် တစ်ခုတစ်ခု လိုအပ်နေသေးလို့ပေါ့။ လိုအပ်နေတာကို သိအောင် လုပ်ပြီး သာအောင်ကျင့်ရမှာ။ ဒါဟာ ကျင့်ကိုကျင့်ရမည့်တရားတစ်ခုပါ။ ဒါကို ကျင့်ရင် သိသာလာရမယ်။
အဲ မသိမသာပဲ ကျင့်ရင် မသိမသာပဲ ဖြစ်နေမှာ။ သိသာအောင် ကျင့်ကြည့်ပါ။ သိသာပါလိမ့်မယ်။
မသိလို့ မသာ သိလျှင်ကား သာ....................။
မောင်ပညာ ( ကေတုမတီ )
Read more...
Tuesday, December 6, 2011
မီးလောင်ပြင်
            မီးဆိုတာ လောင်စာရှိမှ လောင်တာမျိုးပါ။ သို့သော် လောင်စာရှိသော်လည်း
လောင်စရာ မီးမရှိလျှင် မလောင်ပြန်ဘူး။ တစ်ရပ်ကွက်လုံး တစ်မြို့လုံးမီးလောင်ကြ
တယ် ကိုယ့်အိမ်မပါလို့ ၀မ်းသာမလား? မီးမလောင်တာ ၀မ်းသာစရာမဟုတ်ပါဘူး။
မီးရှိနေသရွေ့ အချိန်မရွေးလောင်နိုင်ပါသေးတယ်။ ကိုယ့်အိမ်မပါလို့ ၀မ်းသာနေပေ
မယ့် ကိုယ့်အိမ်ဟာ လောင်စာပါ။ မီးရှိသရွေ့လောင်စာဟာ ထလောင်နိုင်ပါတယ်။
အမှန်ကတော့ မီးမရှိတာကို ကြိုက်ရမှာ မီးလောင်မှာကို ကြောက်ရမှာ? ခုတော့မီး
လောင်လို့ ပျက်စီးမှာကို ကြောက်နေကြတာ။ ပျက်စီးစရာရှိသရွေ့ပျက်စီးမှာပါပဲ။
ပျက်စီးတာ ကြောက်ရမှာမဟုတ်ပါဘူး။ ပျက်စီးတတ်တဲ့သဘောတရာကို ကကြောက်
ရမှာပါ။
             မီးလောင်ပြင်ကြီးတစ်ခု ရှိတယ်။ ဘယ်လောက်ပူလိုက်မလဲ ? မီးထဲ ပါသွား
တဲ့သူတွေကလည်းပူ မီးအနားရှိနေကြတဲ့သူတွေကလည်းပူ မီးဆိုတဲ့ အပူရှိနေသရွေ့
ဘယ်နားသွားသွား မီးလောင်ပြင်ဆိုတာ ရှိနိုင်တာပါပဲ။ မီးလောင်ပြင်ထဲရောက်နေလို့
ရောက်နေမှန်းမသိကြသူတွေလည်းရှိကြလေရဲ့။ မီးလောင်ပြင်ကြီးထဲ ဘာမဟုတ်တာ
လေးတွေကို မီးထဲမပါအောင် လိုက်ဆွဲနေကြလေရဲ့။ မီးကိုတော့ ငြိမ်းသတ်ဖို့မကြိုးစား
ကြတာ အံ့သြမိပါရဲ့။
            မီးပူမှန်း လူတိုင်းသိပါတယ်။ မီးလောင်ပြင်ဆိုတာကို မည်သူမှ ရောက်ချင်
ဖြစ်ချင်ကြမည်မဟုတ်ပါ။ သို့သော် မီးရှိနေသရွေ့ မီးလောင်နိုင်တာပဲ။ ကိုယ့်မှာ
လောဘမီးရှိလျှင် အချိန်မရွေး ထလောင်နိုင်၏။ ဒေါသမီး အချိန်မရွေး ထလောင်မှာ
မောဟမီး သောကမီး အို မီး မီး မီး ရှိနေသရွေ့လောင်မှာ ဘယ်အချိန်လောင်မယ်
မှန်းတော့ မသိဘူးပေါ့။ ဂတ်စ်မီးခြစ်လေးရဲ့ ဘီး လေးကို ခြစ်လိုက်ရင် မီး ထတောက်
သလိုမျိုး သူ့မှာ မီးလောင်နိုင်တဲ့ အခြေအနေတွေရှိနေတယ်လေ။ ဘီး ကလေး ခြစ်
လိုက်တော့ ဒေါက်ကနဲ မီးလေးထတောက်တယ်။
           မီး အမျိုးစုံကို သယ်ပြီးသွားလာနေကြတယ်။ ကိုယ့်ခန္ဓာကြီးဟာ မီးလောင်ပြင်
ကြီးပါပဲ။ ဒီ မီးလောင်ပြင်ကြီးမှာ လောဘမီးတွေ လောင်လိုက်၊ ဒေါသမီးတွေ လောင်လိုက်
သောကမီးတွေ လောင်လိုက်နဲ့ မီးလောင်ပြင်ကြီးရယ်ပါ။ မီးလောင်ပြင်ကို မီးလောင်ပြင်
မှန်းမသိကြတော့ ပူလို့ပူမှန်းတောင်မသိကြဘူး။ လောဘမီး တဟုန်းဟုန်းနဲ့ ပူနေလိုက်
ဒေါသမီးရှိန် တထိန်ထိန်နဲ့ အနားမကပ်နိုင်လောက်အောင်ကို ပူလောင်နေကြတာပါ။
ဒါပေမယ့်လည်း မီးကြားမှာ ကစား မီးလောင်ပြင်ကိုပဲ တပ်မက်နေကြတာ။
           ဘုရားရှင် နဲ့ ရဟန္တာ အရှင်မြတ်တွေမှာ လောင်စာဆိုတဲ့ ခန္ဓာကြီးတော့ ကျန်
ချင်ကျန်တယ် ဒါပေမယ့် မီး မရှိတော့ ဘာအပူမှ မရှိတော့ဘူးပေါ့။ မီးလောင်ပြင်ကလေ
ဓမ္မပန်းတွေ ပွင့်အောင် ကြိုးစားသွားကြတယ်။ မီးလောင်ပြင်အရင်းတည်လို့ ဓမ္မပန်းဆို
တဲ့ အေးချမ်းမွေးကြိုင်တဲ့ အိုအေစစ် နေရာလေးဆီ အရောက်သွားနိုင်ကြတယ်။
ဒါဟာ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မြင့်မြတ်တဲ့ ကျင့်စဉ်တွေကို မြင့်မြင့်မြတ်မြတ်ပဲ ကျင့်ကြံ့
ကြလို့ပေါ့။ အော် မီး ဆိုတာ အသံကြားတာနဲ့ ကိုယ့်အိမ်အတွက် စိတ်ပူနေရတဲ့ ဘ၀တွေ
အိမ်ကို ကြိုက်လို့ မီး ကိုကြောက်နေကြလေရဲ့။ အမှန်တော့ အိမ်ကို မခင် မီးကိုစင်အောင်
ကြိုးစားကြရမှာ။ ခန္ဓာအိမ်ကို ခင်မင်တဲ့ တဏှာကို ဖြတ်၊ မီး ကို မီးမှန်းသိပြီး မလောင်
အောင် သတိနဲ့ထိန်းပြီးနေလျှင်ကား မီးလောင်ပြင် ထဲကနေ ပွင့်တဲ့ ဓမ္မပန်းကို ဆင်မြန်း
ကာ ဓမ္မပန်းဆင်သူတို့ရဲ့နေရာကို ရောက်မည်မလွဲပါလားလို့ .........................။
မီးလောင်ပြင်မှာ နေသူတို့ မီးကို ငြိမ်းသတ်နိုင်ကြပါစေ......................။
မောင်ပညာ ( ကေတုမတီ )
Read more...
Tuesday, November 29, 2011
ဝေဒနာ မှတ်တမ်း-၁
                     ၂၄ ရက်နေ့ အစာအိမ် ရောဂါပြသခဲ့တယ်။
၂၅ ရက်နေ့ နံနက်မှာ ဇီဝိတဒါနသံဃာ ဆေးရုံကြီးမှာ သွားဖုံးခွဲကာ
အံသွားနှုတ်ခဲ့တယ်။ အဲ့ဒီနေ့ ညနေက စတင်ပြီး ဝေဒနာကို အပြင်း
အထန် ခံစားရတယ်။ ညလည်း အိပ်မပျော်ဘူး။ ၁၂ နာရီထိုးနေပြီ
အိပ်မရဘူး။ ကိုက်တယ်၊ နာတယ်၊ ဘာလို့တရားတွေ မှတ်မရသလဲ?
                   တကယ်တမ်းကျတော့ ဝေဒနာဟာ ဒုက္ခချည်းပါပဲလေ။
သုခဆိုတာ ဘာကမျှ ရှာမရပါလားလို့................။
“သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊ ယဒါ ပညာယ ပဿတိ။
 အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧတ မဂ္ဂေါ ၀ိသုဒ္ဓိယာ။ ”
                သင်္ခါရ တရားဟူသည်ကား ဖြစ်ပြီးသည့်နောက်တည်ထောင်
နိုင်စွမ်းမရှိဘဲလျက် မမြဲလုံးလုံး အသုံးမကျ ဒုက္ခချည်းပါတကား..........။
                 ထင်ရှားတာ ပေါ်တာကို ကြည့်တာဟာ ၀ိပဿနာ။ ဒီလောက်
ထင်ရှားနေတဲ့ ဝေဒနာ ဘာလို့ဝိပဿနာ မဆိုက်သလဲ ?
၂၆ ရက်နေ့
               ဝေဒနာဟာ သက်သာသယောင် ရှိပေမယ့် မသက်သာပါ။
ဝေဒနာဟာ ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ရှာကြည့်ပါတဲ့။ ဝေဒနာ
ဟာ ပဋိစ္စသမုပါဒ် ဒေသနာအရ ဖဿကြောင့်ဖြစ်တာပါ။ ဖဿဆိုတဲ့
တွေ့ဆုံကြုံကြိုက်မှုကြောင့် ဝေဒနာဖြစ်လာရတာ။ ဖဿကလည်း သူ့
အလိုလိုဖြစ်တာမဟုတ် သဠာယတန ကြောင့်ရယ်ပါ။
              အာရုံနဲ့ ဒွါရ တိုက်ဆိုင်တဲ့အခါ ဖဿလေးကြောင့် ကြိုက်တယ်
မကြိုက်ဘူး ဆိုတဲ့ ဝေဒနာဖြစ်ပေါ်လာတာ။ ထိုဝေဒနာမှာ ဖြစ်ပေါ်လာရတဲ့
အကြောင်း ချုပ်ရင် အကျိုးဝေဒနာပါ ချုပ်မယ်။ ဝေဒနာကို ချုပ်အောင်လုပ်
ရမှာမဟုတ်။ ဝေဒနာဖြစ်ရခြင်းရဲ့ အကြောင်းကို ချုပ်အောင်လုပ်ရမှာပါ။
               အရာအားလုံးဟာ သူ့ချည်းသက်သက်ဖြစ်လာကြတာ မဟုတ်။
ဖြစ်နိုင်စရာ အကြောင်းလေးတွေနဲ့ အတူတကွ ဖြစ်လာကြခြင်းပါ။ အကြောင်း
ခိုင်မာလျှင် ခိုင်မာသလောက် အကျိုးကလည်း ခိုင်မာကြသည်ချည်းပါပဲ။
              အဲ့လိုပါပဲ......... သတ္တ၀ါအားလုံးဟာ ဘ၀လေးတွေ ကိုယ်စီပိုင်ဆိုင်
ထားကြပါတယ်။ အဲ ဘ၀ရရှိလာတယ်ဆိုကတည်းက ရရှိစေနိုင်တဲ့ အကြောင်း
ဘ၀သမုဒယ ပြုခဲ့ကြလို့ပါပဲ။
            ဘ၀ရှိလျှင် ဘ၀ကင်းပြတ်တဲ့ ဘ၀နိရောဓ ဆိုတာလည်း ရှိပါတယ်။
ဘ၀တွေက ကင်းလွတ်တဲ့ ဘ၀နိရောဓ ဖြစ်ချင်ပါတယ်ဆိုလျှင်တော့ ဘဝ
နိရောဓဂါမိနိပဋိပဒါ လမ်းစဉ်ကျင့်ရပါမယ်။
           သတ္တ၀ါတွေဟာ ဘာကြောင့်ဘ၀ထဲမှာ ပျော်ပြီး မလွတ်မြောက်ချင်
ကြသလဲ ဆိုတာ အဖြေရှာကြည့်တော့
         “ဘ၀ဆိုတာဟာ ဒုက္ခမှန်း မသိကြလို့ပါ ။ ”
          ဟုတ်ပါတယ်။ ဒုက္ခ ဆင်းရဲဆိုတာ မသိကြလို့ ပျော်ကြ ရွှင်ကြနဲ့
တစ်ချို့ကထင်ကြတယ်။ တစ်ချို့တင်မကပါဘူး စာရေးသူအပါအ၀င်
အန္ဓပုထုဇဉ်တွေဟာ ဘ၀ဟာပျော်စရာလို့ ဘယ်မှာ ဒုက္ခလဲလို့ ထင်
နေကြတာ။
           ဘုရားမြတ်စွာက ဘ၀ဆိုတာ ဒုက္ခပဲတဲ့။ ဘ၀မှာ ပြည့်စုံတယ်
ဆိုတာ မရှိဘူး ဟိုဟာလို ဒီဟာလိုနဲ့ ပြီးပြည့်စုံ ချမ်းသာပါတယ် ဆိုတဲ့
ဘ၀ဟာ မရှိပါဘူး။ ထိုကဲ့သို့ လိုတာဖြည့်နေရတာကိုက ဒုက္ခပါပဲတဲ့။
ဘ၀ဆိုတာ ဒုက္ခလို့သိမှ ဘ၀ကို မလိုချင်စိတ်ဖြစ်မှာပါ။
           ဘ၀ဟာ ချမ်းသာတယ်ထင်နေလျှင် ဘ၀အပေါ် တပ်မက်မှုနဲ့
ဘ၀ရအောင် ဘ၀မပျောက်အောင်ပဲ အားထုတ်နေမှာ.....။
          ဘ၀ဆိုတာ တကယ့်ဆင်းရဲမှန်းသိတော့ “ဘ၀နိရောဓ” လို့
ခေါ်တဲ့ ဘ၀ကင်းပြတ်တာကို လိုချင်လာပါတယ်။ ဘ၀ကင်းပြတ်စေ
တဲ့နည်းက ဘယ်မှာလဲ။
            ရှိပါတယ်။ “ဘ၀နိရောဓ ဂါမိနိပဋိပဒါ” ဆိုတဲ့ မဂ္ဂင် ရှစ်ပါး
အကျင့် တရားပါ။
           ဘ၀ဆိုတာ ဒုက္ခပါလားလို့ မှန်မှန်ကန်ကန် သိမြင်ခြင်းဟာ
“သမ္မာဒိဋ္ဌိ” Right Understanding ပါ။
          အဲ့ဒီလို မှန်ကန်တဲ့ အမြင်လေးရှိလာပြီဆိုလျှင် မှန်မှန်ကန်ကန်
တွေးခြင်းဆိုတဲ့ “သမ္မာသင်္ကပ” ရှိလာမှာပါ။
           ထိုကဲ့သို့ မှန်ကန်စွာ မြင်တွေး လာလျှင် အပြောအဆိုတွေလည်း
မှန်ကန်လာမယ်။
          အပြုအမူတွေလည်း မှန်ကန်လာမယ်။ အလုပ်အကိုင်တွေလည်း
မှန်ကန်လာပါမယ်။
          ဒါတွေကို သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝဆိုပြီးခေါ်တာပါ။
နောက်တော့ ဒါတွေကို သိလေ သာမန်ထက်ပိုမို လွတ်မြောက်ချင်စိတ်နဲ့
ကြိုးစားကျင့်တယ်။ “သမ္မာဝါယာမ” ပေါ့။
          လွဲမှားသော အကျင့်မဖြစ်အောင် “ သမ္မာသတိ” ဆိုတဲ့ သတိပဋ္ဌာန်
လေးပါးနဲ့လည်း ထိန်းလာပါတယ်။
          နောက်တော့ စိတ်ကလေးဟာ တည်ငြိမ်ပြီး သဘာဝတရားတို့ရဲ့
တနည်းအားဖြင့် ဘ၀ရဲ့ဒုက္ခအမှန် ဆိုတာသိ...ဘ၀ရစေတဲ့ ဘ၀သမုဒယ
တွေ ဖြတ်နိုင်တဲ့ အဆင့် ထိုသို့ သိလည်းသိ ပယ်လည်းပယ်နိုင်တဲ့ သမာဓိ
မျိုးဟာ သမ္မာသမာဓိပါပဲ။
          မဂ္ဂင် ရှစ်ဖော် ယာဉ်ပျံတော်နဲ့ ပြည့်စုံမှ ဘ၀ကနေကင်းလွတ်မှာပါ။
အော် နောက်ဆုံး အားလုံးသိကြတဲ့ “ သိ၊ ပယ်၊ ဆိုက်၊ ပွား” ဆိုတဲ့ ကိစ္စလေး
မျိုးဟာ တော်တော် အရေးပါသွားပါကလားလို့အောက်မေ့သတိရရင်း...
ဝေဒနာမှတ်တမ်း အပိုင်းတစ်အဖြစ် ဝေဒနာတွေ ခံစားရင်း စာမရေးလျှင်
မနေနိုင်သည့် လက်က ကီးဘုတ်ပေါ် ပြေးလွှားခဲ့ရတာပါပဲ...................။
တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏......။
မောင်ပညာ ( ကေတုမတီ )
Read more...
Friday, November 4, 2011
ကိုယ့်ဘ၀ကို မမေ့ပါနဲ့
           လူတွေဟာ ကိုယ်ကိုတိုင် ကလေးဘ၀ကနေ လူကြီးဘ၀ရောက်လာခဲ့ကြပီးမှ
ကလေးဘ၀ကို မေ့သွားတတ်ကြတယ်။ ကိုယ်ကိုတိုင် သားသမီးဘ၀ကနေ မိဘဘဝ
ရောက်လာကြပီး သားသမီးဘ၀ကိုမေ့သွားတတ်ကြတယ်။ တကယ်တော့ ဘ၀မေ့သွား
ကြခြင်းရယ်ပါ။ ကိုယ်ဘ၀ကိုယ် မေ့လျော့သွားသူဟာ သူများကိုလည်း ကိုယ်ချင်းစာစိတ်
ဆိုတာ ကင်းမဲ့တတ်ကြပါတယ်။ ဒါကို စာရေးဆရာ ဆရာကြေးမှုံရေးသားပြီး အကယ်ဒမီ
သုမောင်ဆိုထားတဲ့ ကမ္ဘာကြီးငြိမ်းချမ်းပါစေ...ဆိုတဲ့ သီချင်းလေးကြားပီး ရေးဖြစ်ခဲ့တာ။
           မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်းပဲ ဘ၀မေ့တဲ့သူဟာ တရားမတွေ့
ပါဘူးလို့ သုတ္တန်အထင်အရှားမိန့်မှာခဲ့ပါတယ်။ တစ်ခါက တောင်းစားနေရတဲ့ ကလေး
လေးတစ်ယောက်ကို အရှင်အာနန္ဒာက သနားကရုဏာဖြစ်လို့ ကျောင်းခေါ်လာပီး သင်္ကန်း
ဝတ်ပေးခဲ့တယ်။ ထိုကလေးလေးဟာ ကိုရင်ကလေးဖြစ်ခဲ့တယ်။ အရှင်အာနန္ဒာရဲ့တပည့်
ဖြစ်တာကြောင့် စားရသောက်ရ ဘုန်းကံမြင့်မားကာအသားအရည် စိုပြည်ဝင်းဝါလို့ ဖြစ်လာ
ခဲ့တယ်။ ဒါနဲ့ တစ်နေ့ကျတော့ ကိုရင်လေး လူထွက်ချင်လာတယ်။ ဒါနဲ့ သူက သူရဲ့ တောင်း
စားခဲ့တဲ့ ခွက်လေးကိုပြန်ကြည့်ပြီး ကိုယ့်ဘ၀ကို ပြန်သတိရသွားတယ်။ ဒါနဲ့ မထွက်ဖြစ်
တော့ဘူးပေါ့။ နောက်တစ်ခါလည်း အဲ့လိုထွက်ချင်လာတာနဲ့ ဒါလေးတွေပြန်ကြည့်ပြီး သံဝဂ
ရပြီး မထွက်ဖြစ်တော့ဘူး။ နောက်ဆုံးတော့ ကိုရင်လေး တရားရသွားခဲ့တယ်။ ရဟန္တာဖြစ်
သွားတယ်။ ဒါနဲ့ သူဘ၀ကို ပြန်သတိရစေတဲ့ ထိုခွက်ကလေးကို သူက ဆရာအဖြစ်တင်ထား
လိုက်တယ်။ သူ့ဆရာဟာ ဒီခွက်ကလေးတွေပဲလို့ သူကပြောခဲ့တယ်။ ဒါဟာသူ့ဘ၀ကို
သူမမေ့လို့ တရားရခဲ့တာ။ တရားအသိထူးရခဲ့တာပေါ့။ ဒါကြောင့် လူတိုင်းဟာကိုယ့်ဘ၀ကို
ကိုမေ့သင့်ဘူးပေါ့။ ကိုယ့်ဘ၀ကိုကို မေ့နေတယ်ဆိုတာ ကိုယ်အိုတာ ကိုယ်သတိမထားဘဲ
မေ့နေတာ ကိုယ်နာတာကိုယ် သတိမထားဘဲမေ့နေတာ ကိုယ့်အသေကို ကိုယ်မေ့နေတာ
ဒါဟာလည်း ကိုယ့်ဘ၀ကို ကိုယ်မေ့နေတာတွေဘဲပေါ့။ ဒါတွေဟာ မမေ့သင့်တဲ့ တရားတွေ
အမြဲ ဆင်ခြင်သင့်တဲ့ တရားသဘောအသိမှန်တွေပါ။ ဒါတွေကို အမြဲမပြတ်ဆင်ခြင်တွေး
တောနေခြင်းဖြင့် တရားအသိထူးတွေရရှိလာနိုင်တယ်ဆိုတာ ကိုယ်စီ ကိုယ်စီသဘောကျ
ပြီး မိမိတို့ဘ၀တွေကို မမေ့အောင် အမြဲမပြတ်ဆင်ခြင်သောအားဖြင့် တရားအသိဥာဏ်
ရင့်သန်နိုင်ကြပါစေ...............။
မောင်ပညာ ( ကေတုမတီ )
Read more...
Wednesday, November 2, 2011
လမ်းဆက်လျှောက်ပါ
              မြန်မာနိုင်ငံတွင် တိပိဋကဆရာတော်များ ပေါ်ထွန်းထွက်ပေါ်ခဲ့သည်မှာ ၁၂ ပါးပင်ရှိခဲ့ပါပီ။
ယခု ၁၂ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဓ ဆရာတော်သည်ကား စစ်ကိုင်းမြို့သုဗောဓာရုံ
ကျောင်းတိုက်မှ ဖြစ်ပါတယ်။ ထိုဆရာတော်ဘုရားအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို မှော်ဘီမြို့
အောက်ဝါးနက်ချောင်းကျေးရွာမှာ တည်ရှိတဲ့ ဓမ္မဒူတဇေတ၀န်တောရ ကျောင်းတိုက်ကြီးအတွင်းမှာ
ပြုလုပ်ခဲ့ပါတယ်။ ထိုအခါမှ ဆရာတော်က ကျောင်းရှိသံဃာတော်များကို သြ၀ါဒစကားလေးတစ်ပုဒ်
ချီးမြင့်ခဲ့ပါတယ်။
             အရှင်ဘုရားတို့ သာသနာတော်မှာ အကျိုးရှိစွာနေမယ်ထိုင်နိုင်ဖို့  တပည့်တော် စကားလေးတစ်ခွန်းလက်ဆောင်ပါးခဲ့ပါ့မယ်။ လမ်းဆက်လျှောက်ကြပါဘုရား။ မိမိတို့ လျှောက်
လှမ်းနေတဲ့ သာသနာတော်ကြီးအထဲမှာ ထိုင်မနေဘဲ ဘယ်အထိရောက်အောင်လျှောက်မယ်
ဆိုတဲ့ စိတ်ဓာတ်နဲ့ လမ်းဆက်လျှောက်ကြပါ။ လမ်းလျှောက်နေသူဟာ သူရောက်ချင်တဲ့ ပန်းတိုင်
ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရောက်မှာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူပါ့မလဲ
တစ်ချို့က ကံ၊ဥာဏ်၊၀ီရိယ အားလုံးသာတယ်။ တစ်ချို့က ကံပဲသာတယ်။ တစ်ချိုက ဥာဏ်ပဲသာ
တယ်။ ကျန်တာတွေ ကြိုးစားမှရတယ်။ အဲ တပည့်တော်တို့ဘာလုပ်ရမလဲဆိုရင် ငါဒီလောက်ဆို
တော်ပါပီဆိုပြီး ရပ်မနေဘဲ လမ်းဆက်လျှောက်ကြရမှာပါ။ ခု တပည့်တော်ဆို ဥာဏ်သိပ်ကောင်း
တာမဟုတ်ပါဘူး သာမာန်လောက်ပါပဲ။ တပည့်တော် လမ်းဆက်လျှောက်ခဲ့လို့ ခုလိုအောင်မြင်
ခဲ့တာ တပည့်တော်ရောက်ချင်တဲ့နေရာရောက်ရှိခဲ့တာပါ။ အာလုံးသော ညီတော် နောင်တော်
တွေလည်းပဲ လမ်းဆက်လျှောက်ကြပါ။ လျှောက်လှမ်းနေသူဟာ ခရီးဆုံးကို ရောက်ကြရမှာပါပဲ
တပည့်တော်လည်းပဲ ဆက်လျှောက်နေရအုံးမှာပါပဲ။ သာသနာမှာ လုပ်စရာတွေက အများကြီး
ရယ်ပါ။ ဘာမှ အားလျော့စရာမရှိပါဘူး။ ကိုယ်က တတ်နိုင်တဲ့နေရာ ထမ်းနိုင်တဲ့နေရာကနေ
ထမ်းဆောင်နေဖို့ပါပဲ။ ကိုယ်လုပ်နိုင်ရဲ့သားနဲ့ အားလျှော့တာမျိုး ဆက်မလျှောက်တော့တာမျိုး
မဖြစ်စေချင်ပါဘူး။ ကိုယ်က အမြဲလမ်းဆက်လျှောက်နေရင် လုပ်စရာဆိုတာ ရှိပြီးသားပါလို့
ပြောပြရင်းတပည့်တော်ရဲ့ သြ၀ါဒ ကထာကို နိဂုံးချုပ်ပါတယ် ဘုရား။
        သာဓု .......... သာဓု................သာဓု။
          ထိုနေ့က အဖျားတွေတက်နေတဲ့ စာရေးသူဟာ တိပိဋက ဆရာတော်ရဲ့ လမ်းဆက်
လျှောက်ပါကို နားထောင်ပြီး လမ်းလျှောက်ဖို့ အားအင်တွေပြည့်ဝခဲ့ပါတယ်။ လူတိုင်းမှာ ရည်
မှန်းချက်ပန်းတိုင်ဆိုတာ ရှိပြီးသားပါ။ ဒါပေမယ့် ထိုရည်မှန်းချက်ပန်းတိုင် ရောက်ပြီးရင် ထိုင်
နေတတ်ကြတယ်။ ရည်မှန်းထားတာတော့ရှိတာပေါ့။ ကိုယ်ရည်မှန်းထားတာသည် ဘ၀အတွက်
ပြီးပြည့်စုံသော ပန်းတိုင်မျိုးရောဖြစ်ရဲ့လား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဘုရားအဖြစ်ကို
ရောက်တော်မူပြီး ပရိနိဗ္ဗာန်စံတော်မူတဲ့အထိ ၄၅၀ါ ကာလပတ်လုံး သာသနာတော်ကြီးကို စည်
ပင်တိုးတက်အောင် ဆောင်ရွက်တော်မူခဲ့ပါတယ်။ ကြောင့်ကြမဲ့ နေတော်မမူခဲ့ပါဘူး။ ထိုင်နေခဲ့
တာမျိုးမရှိခဲ့ပါဘူး။ ပန်းတိုင်ဆိုတဲ့ နိဗ္ဗာန်ကြီးကို ရရှိပြီးဖြစ်ပေမယ့်။ လမ်းဆက်လျှောက်နေခဲ့ပါ
တယ်။ အလုပ်လုပ်နေခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်လို့ အမည်ခံထားတဲ့ သူတွေရော ရှင်၊
ရဟန်းတွေပါ အားကျစရာ အတုယူရမှာပါ။ ခုတော့ သာသနာ့ဝန်ထမ်းရှင်၊ ရဟန်းတွေ ဘက်
ကလည်း တော်ပြီ ဓမ္မစရိယ အောင်၊ လူတွေဘက်ကလည်း တော်ပီ သောတာပန်လောက်ဆို
အော် သောတာပန် ဖြစ်တော်ပြီ ဆိုတဲ့ စိတ်ဓာတ်ဟာ အထက်အထက် မဂ်၊ ဥာဏ် တွေနဲ့
ကိုယ်နဲ့ မဆိုင်တော့သလိုဖြစ်သွားတယ်။ တကယ့် နိဗ္ဗာန်ကြီးနဲ့ ကိုယ်နဲ့ မဆိုင်သလိုမျိုးဖြစ်
သွားပါတယ်။ ကိုယ်လုပ်ရမှာကို ကြိုးစားမှုမရှိတော့ဘဲ ဘာဖြစ်ရင်တော့ တော်ပါပီ ဆိုတဲ့
စိတ်ဓာတ်ဟာ ဘုရားရှင်ရဲ့ တပည့်လို့ ပြောရမှာတောင် မပြောဝံ့ပါဘူး။ ဖျားနေပေမယ့်
ဒီစာလေးရေးမိခဲ့တယ် အဲ့ဒီနေ့ကပေါ့...........။
              အော် လမ်းဆက်လျှောက်ဖို့ တိုက်တွန်းရမှာ လက်ဆက်လျှောက်ဖို့ တွဲခေါ်ရမှာ
လမ်းဆက်လျှောက်ဖို့ ဆွဲခေါ်ရမှာပါလားလို့ အတွေးလေးလည်း ၀င်မိတယ်။ ဒါကြောင့်
ဒီစာလေးကို ဖတ်မိတဲ့ သူတော်ကောင်း အပေါင်းတို့ ရဟန္တာဖြစ်လောက်တဲ့ ကံတွေပါ
လာပါသားနဲ့ သောတာပန်လောက်တော်ပါပီဆိုတဲ့စိတ်ဓာတ်မျိုးမထားရှိပဲ လမ်းဆက်
လျှောက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးသား ထားရှိကြပါလို့တိုက်တွန်းလိုက်ရပါတယ်။
မောင်ပညာ ( ကေတုမတီ )
Read more...
Tuesday, October 25, 2011
အငိုမျက်လုံး အပြုံးမျက်နှာ
              သည်းခံတဲ့သူကို ပျော့ညံ့သူလို့ဆိုနိုင်မလားတဲ့ မေးလာတယ်။ အော် သည်ခံတယ်
ဆိုသော ကိစ္စသည်ကား ပျော့ညံ့သူတွေလုပ်နိုင်တာမှမဟုတ်တာလို့ ပြန်ဖြေပေးမိတယ်။
ဟုတ်ပါတယ်။ ဘုရားရှင်က ခန္တီပရမံ တပေါ တိတိက္ခာ တဲ့။ ခန္တီ သည်းခံခြင်းအကျင့်သည်
မြတ်သောအကျင့်ပါပဲ။ အကျင့်တကာ အကျင့်တွေထဲမှာ သည်းခံသူရဲ့ အကျင့်ဟာ အမြတ်
ဆုံးပါပဲတဲ့။ သည်းခံတာနှစ်မျိုး ရှိပါတယ်။ အပြင်က ဘေးအန္တရာယ်တွေကို သည်းခံတာက
တစ်မျိုး ကိုယ့်ရဲ့အတွင်းကိလေသာကို သည်းခံတာက တစ်မျိုးပေါ့။ တရားအားထုတ်တယ်
ဆိုတာကလည်း ဒီသည်းခံမှုစွမ်းအားမြင့်လာအောင် ပြုလုပ်ခြင်းပါပဲ။
              လိုချင်စရာအာရုံပေါ်မှာ လိုချင်စိတ်ကို သည်ခံလိုက်တယ်။ စိတ်တိုစရာအာရုံ
ပေါ်မှာ စိတ်မဆိုးအောင် သည်းခံလိုက်တယ်။ တစ်ချို့ကအာရုံကို သည်းခံနိုင်တယ်။
ဒီအာရုံလာမတုန်လှုပ်တော့ဘူး။ ဒါပေမယ့် တခြားအာရုံလာ တုန်လှုပ်သွားတယ်။ အာရုံကို
သည်းခံခြင်းကတော့ တဒင်္ဂပါပဲ။ ကိုယ့်ရဲ့ လောဘ ကိလေသာကို သည်းခံ၊ ဒေါသကိလေသာ
ကိုသည်းခံ၊ မောဟ ကိလေသာကို သည်းခံ နိုင်သွားရင်တော့ ဘယ်အာရုံလာလာ မတုန်
လှုပ်တော့ဘူးပေါ့။ တစ်ခါတစ်လေ ကိုယ်ကစိတ်ထားကောင်းလေးနဲ့ စေတနာအပြည့်နဲ့
လုပ်ပေးလိုက်တယ်။ ကိုယ့်စေတနာကို သူများက တန်ဖိုးမထားရင် မျက်ရည်ကျရတယ်။
စေတနာနဲ့ အလုပ်လုပ်ပေးရလို့ မျက်နှာက ပြုံးနေပေမယ့်......စေတနာကို နားမလည်
လေခြင်းဆိုပြီး မျက်ရည်ကျရတယ်။ ဒါမျိုးအဖြစ်လေးတွေ ရှိတတ်ကြပါတယ်။
            အစကတည်းက ကိလေသာက ကိုယ့်စေတနာကို တန်ဖိုးထားစေချင်နေတာ
စေတနာ တန်ဖိုးသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးနေ
တာပဲ။ ဘာကမျှ တန်ဖိုးမထားလဲ နေပေါ့။ ခုတော့ တန်ဖိုးထား အသိမှတ်ပြုခံချင်တဲ့
ကိလေသာကြောင့် မျက်ရည်ကျရတာ။ ငယ်ငယ်ကတည်းက အဖေရိုက်လို့ ကျတဲ့မျက်
ရည်၊ အမေရိုက်လို့ ကျတဲ့မျက်ရည်၊ ပိုးစပ်ကောင်ဝင်လို့ ကျတဲ့မျက်ရည် မျက်ရည်မျိုး
စုံကျဖူးပါတယ်။ ဒါပေမယ့် ကိုယ့်စေတနာတန်ဖိုးမသိတဲ့ အတွက်ကျရတာကတော့
ပိုပြီးရင်နာရတယ်။ ဒါ ဟာ ရင်နာအောင် ကိလေသာကပဲ လုပ်နေတာ။ သောက ဆိုတဲ့
အပူနဲ့ တိုက်နေတာ.....။ ကိုယ်ကမသိလေတော့ ဒါကိုပဲ ဂုဏ်ယူစရာလိုလို ဘာလိုလို
ထင်မိတတ်သေးတယ်လေ။ ကိလေသာ အညှော်မိပြီး ကျရတဲ့မျက်ရည်ဟာ အပြုံးမျက်
နှာနဲ့ ဘယ်လိုမှ မလိုက်ဖက်ပါဘူး။ ဒါကြောင့် အာရုံကိုလည်း သည်ခံနိုင် ကိလေသာကို
လည်း သည်းခံနိုင်တဲ့ သူတွေဖြစ်အောင်ကြိုးစားပြီး အပြုံးပန်းတွေ ဝေနိုင်ကြပါစေ...။
အပြုံးကြောင့် အမုန်းတွေ ဝေးလွင့်ပါစေ......................။
မောင်ပညာ ( ကေတုမတီ )
Read more...
အမှန်တိုး ချစ်မိလေပြီ.....
            စာသင်ရင်းအားရင်အားသလို ပါဠိတော်မြန်မာပြန်တွေ ဖတ်ဖြစ်တယ်။ ကိုယ်မသိသေးတဲ့
သုတ္တန်တွေရော ကိုယ် သတိမထားမိတဲ့ အကြောင်းအရာလေးတွေပါ သိလာရတော့ မြန်မာပြန်
တွေတင်မက ပါဠိတော်မူရင်တွေရော အဋ္ဌကထာ တွေပါဖတ်ဖြစ်လာတယ်။ စာတွေဖတ်လာတော့
မြတ်စွာဘုရားရှင်နဲ့ တိုက်ရိုက်တွေ့ဆုံရသလို ခံစားမိတယ်။ အတ္တ၀ါဒမဟုတ်တဲ့ အနတ္တသဘောကို
သာ ထင်ရှားအောင် မြင်သာအောင် ဘုရားရှင်က ဆုံးမခဲ့တယ်။ စာထဲကသိတဲ့ အသိဆိုပေမယ့်
ဘ၀အတွက်ကျင့်သုံးနေထိုင်နည်းတွေ စိတ်ငြိမ်းအေးအောင် မည်သို့မည်ပုံလုပ်ရမလဲဆိုတာတွေ
သိလာရတယ်။ ကိုယ့်ရဲ့ ကွန်ပြူတာလေးထဲမှာ ပိဋကတ်သုံးပုံထည့်ထားပြီး ရောက်တဲ့နေရာတိုင်း
ဖွင့်ဖတ်တယ်။ အားရင်အားတဲ့အချိန် ဖတ်ပြီးစာတွေကို မှတ်စုလုပ်ပြီး သိမ်းထားတယ်။ ဒီလိုဘုရား
ရှင်ရဲ့ အဆုံးအမနဲ့ အသက်ရှင်နေထိုင်ခွင့်ရခဲ့တာကို ကျေနပ်အားရမိတယ်။
           သာသနာ့ဘောင်ရောက်လို့ သာသနာ့အလုပ်တွေ လုပ်လာရတာ ပြန်လည်ပြောဆို
ဆုံးမခွင့်ရလာတာတွေဟာ ဒီအဆုံးအမတွေရခဲ့လို့ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေ
ပွင့်ထွန်းပေါ်ပေါက်လာတာဟာ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားအတွက်ပါပဲတဲ့။ အစကတော့
နားမလည်ခဲ့ဘူး...။ ခု တဖြည်းဖြည်းနဲ့ သိလာရတာက ...အော် ဘုရားရှင်တွေသာ မပွင့်
ပေါ်ရင် ဒါကတော့ ကုသိုလ် ဒါကတော့ အကုသိုလ်လို့ လူတွေမသိကြဘူးလေ။ မသိတော့
ပြုလုပ်၊ ပြုလုပ်တော့ ရရှိတဲ့ ....။ ပြုလုပ်တာက ကောင်းတာတွေရော မကောင်းတာတွေ
ရော ရရှိပြန်တော့လည်း ကိုယ်ပြုခဲ့တဲ့အတိုင်း ရရှိမှာလေ....။ ဒီတော့ ကောင်းတာမကောင်း
တာသိပြီး...ဘုရားရှင် အဆုံးအမတိုင်း မကောင်းမှုဆိုရှောင်၊ ကောင်းမှုကိုဆောင်၊ ဖြူအောင်
စိတ်ကလေးထား...။ ဒါဟာ ဘုရားရှင်များပွင့်ပေါ်မှသိခွင့်ရတာလေ..။ ဘုရားရှင်ကိုယ်တော်
မြတ်ကြီး ပါရမီတွေဖြည့်ကျင့်လို့ ဒီလိုခက်ခဲနက်နဲ သဘောတရားအရှိအမှန်ကို တရားသဘော
အသိဥာဏ်နဲ့ ထိုးထွင်းသိခဲ့လို့ တို့တတွေသိရပါလားလို့ ဘုရားပိုကြည်ညိုတတ်လာတယ်။
            လောကကြီးထဲမှာ တရားဆိုတာ ရှိပြီးသားပါပဲ။ ဒါပေမယ့် ထိုးထွင်းသိတတ်တဲ့
အသိဥာဏ်ကျတော့ ကိုယ့်မှာမရှိကြဘူးလေ။ ဘုရားရှင်က အဲ့ဒီ ထိုးထွင်းသိတဲ့ဥာဏ်ကို
ပိုင်ဆိုင်ပြီး လောကသားတွေကို ပြန်ဟောပြောပေးခဲ့လို့ တို့တတွေမှာ သုတမယဥာဏ်တို့
ရရှိလာတာပေါ့။ လောကကြီးမှာ တရားရှိမရှိ ...။ ရှိတာပေါ့ ရှေးကသူတော်ကောင်းတွေဟာ
သစ်ရွက်ကလေး ကြွေကျတာမြင်ပြီးတော့လည်း ကိုယ့်ခန္ဓာကိုယ် အကြွေကို ပြန်မြင်ကြတယ်။
ဒါဟာ လောကကပြောပြတဲ့ တရားကို ကြည့်မြင်တတ်တာပေါ့။ ကြည့်ရုံမကပဲ မြင်ပါမြင်ကြ
တာ။ ကြည့်နေရုံးကတော့ တခြားသော တိရိစ္ဆာန်တွေလည်း ကြည့်တတ်တာပေါ့။ မြင်ကြရ
မှာပါ။ တရားကို ကြည့်လို့ မြင်၊ မြင်လို့ ကျင့်တဲ့သူအတွက် တရားဆိုတာ ချမ်းသာပါပဲ။
          ဘုရားရှင် ပွင့်ပေါ်လာတဲ့အခါမှာ ဘုရားရှင်ရဲ့ သားတော်ရဟန်းတော်တွေလည်း
ပွင့်ပေါ်လာကြတယ်။ အိမ်ယာတည်ထောင်လူ့ဘောင်ကနေ အိမ်ယာမထောင် ရဟန်း
ဘောင်ဝင်ပြီး တရားဓမ္မတွေကို သင်အံ့လေ့ကျက် အားထုတ်ကြတယ်။ အားထုတ်တဲ့
အတိုင်း တစ်ချို့လည်း ပါရမီအဆင့်ဆင့် ရင့်သထက်ရင့်ပြီး အာသဝေါကုန်ခန်း ရဟန္တာ
ဖြစ်သွားကြတယ်။ ဒါကြောင့် ဒီ သာသနာတော်ကြီးမှာ မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကိုကျင့်
နေတဲ့သူတွေ ရှိနေသရွေ့ ငါဘုရားသာသနာ မကွယ်ဘူးလို့ သံဃာကိုယုံလို့ မြတ်စွာ
ဘုရားရှင်က ရဲရဲတောက်မိန့်ခဲ့တာပေါ့........။ ဒီသံဃာတော်တွေမှာ ဂုတ်ဆိုတာ ရှိပါ
တယ်။ အလှူခံထိုက်တဲ့ဂုဏ်တွေ ထို ဂုဏ်များအာရုံပြု လှူတန်းနေသူတွေအတွက်
သံဃာတော်သည် ကုသိုလ်ကောင်းမှုဆိုတဲ့ မျိုးစေ့စိုက်ပျိုးရာ လယ်ယာမြေကောင်း
ကြီးပဲလို့ ဘုရားမြတ်စွာက မိန့်ခဲ့တာပါ။
         ဒါတွေဟာ စာပေတွေဖတ်မှတ်လို့သိခဲ့ရတာတွေရယ်ပါ။ စာပေတွေထဲမှာ
တိုက်ရိုက်ပြခဲ့တယ်။ တိုက်ရိုက်မပြထားတာတွေကို အဋ္ဌကထာဆရာကြီးက ထပ်
ရှင်းပြခဲ့တယ်။ အော် ဗုဒ္ဓစာပေတွေကို ဖတ်ရှုရင်း ဘုရား၊ တရား၊ သံဃာ ရဲ့
တန်ဖိုးအနှစ်သိလေ အမှန်တိုးချစ်မိလေပါလားကွယ်.........................။
တန်ဖိုးသိသူသာ တန်ဖိုးရှိတာကို တန်ဖိုးထားတတ်တာပါ..................။
မောင်ပညာ ( ကေတုမတီ )
Read more...
မွေးရပ်မြေမှ အလွမ်းတေးတစ်ပုဒ်
           မွေးရပ်ဌာနေ တောင်ငူမြေသို့ ဒီနှစ်သီတင်းကျွတ်ရောက်ရသည်မှာ အလွန်ပင် ၀မ်းမြောက်
ကြည်နူးမိသည်။ ယခင်ယခင်အကြိမ်များကလည်း ပြန်ခဲ့ပါသည်။ သို့သော် ကိုယ့်ရပ် ကိုယ့်မြေအတွက်
ဘာကမျှမလုပ်ပေးခဲ့နိုင်။ ဒီတစ်ကြိမ်တွင်တော့ အကြီးကျယ်အခန်းနားဆုံး လုပ်ရပ်တစ်ခု လုပ်ပေးနိုင်ခဲ့
မိတယ်။ ကိုယ့်ကိုယ်ကိုလည်း အားရကျေနပ်မိတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်လေး တစ်ခုကို
အကျိုးရှိစွာ အသုံးချခွင့်ရခဲ့ကြတဲ့ ကိုယ့်မြို့က ကလေးငယ်တွေလည်း တော်ကြပါတယ်။ အော် အရာ
အားလုံးကို လူအားလုံးကို ကျေးဇူးတင်မိတယ်။ အဘက်ဘက်ကပါဝင်ခဲ့သူတွေရောပေါ့။
         အင်း တစ်ချို့က ချီးကျူးကြတယ်။ တော်တယ် ...တော်တယ်...နဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်
တွေအများကြီးလုပ်နိုင်တယ်တဲ့။ အားထုတ်ခဲ့မှု ၀ီရိယ ရှိသူတွေဟာ ဘယ်အသက်အရွယ်နဲ့ပဲဖြစ်ဖြစ်
ကိုယ်တာဝန်ယူရတဲ့ အလုပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါတယ်။ ဗိုလ်ချုပ်ကိုပဲကြည့်
အသက်ငယ်ငယ်နဲ့ တိုင်းပြည်တာဝန်တွေယူခဲ့တာ။ အော် ခုမှ ကလေးငယ်တွေကို ယခုလို ယဉ်ကျေး
လိမ္မာအဆုံးအမတွေပေးခဲ့သည်ကားမဟုတ်ပါ။ လွန်ခဲ့သော နှစ်နှစ်ခန့်ကပေါ့ ......။
လမ်းဘေးမှာ တောင်းစားပြီးဘ၀ကို ဖြစ်သလို ရုန်းကန်နေရတဲ့ ကလေးတစ်အုပ်စုဟာ
ရွှေဆံတော်ဘုရား စောင်းတန်းအတွင်း ဒိုးပစ် ကစား၊ ပြေးတမ်းလိုက်တမ်းကစားကာ
နေ့စဉ် သူတို့ရဲ့ တောင်းစားခြင်းလုပ်ငန်းခွင်မ၀င်သေးခင် ရောက်လာတတ်ကြတယ်။
စာရေးသူဟာ ထိုအချိန်က ရဟန်းဖြစ်စ တစ်ဝါမျှ အချိန်ပေါ့..။ သူတို့ လေးတွေဟာ ဘယ်သူနဲ့မျှ
မတည့်ကြဘူး ဘုန်းတော်ကြီးများကလည်း ကျောင်းထဲဝင်လျှင် ဟိုဟာယူ ဒီဟာယူတတ်တယ်
ဆိုပြီး သူတို့ ၀င်လာတာနဲ့ အော်ငေါက်လွှတ်တတ်ကြတယ်။ ဘုရားဂေါပက လူကြီးများကလည်း
ခဲနဲ့ပေါက်တုတ်နဲ့ပစ် သူတို့ ဘ၀လေးတွေဟာ သနားစရာကောင်းပါလားလို့ ဘယ်သူမှ
မထင်ကြဘူး ...။
          အဲ့ လိုနဲ့ တစ်နေ့မှာ သူတို့အနားကို ရောက်သွားခဲ့တယ်။ သူတို့ကတော့ ကစားမြဲကစား
နေကြတာပေါ့။ ကစားလို့ မောတဲ့အချိန် ထိုင်တော့မှ သူတို့ကို ပုံပြောပြမယ် နားထောင်မလားလို့
intro ၀င်ရတယ်။ အစပိုင်းတော့ ဘာတွေလာပွားနေလဲမသိဘူးလို့ ထင်နေမှာပေါ့။ နောက်တော့
ကလေးငယ်တို့ သဘာဝ ပုံပြင်ဆို စိတ်ဝင်စားလာကြတယ်။ ဒါနဲ့ ဘုရားဇာတ်နိပါတ်တော်များထဲမှ
တောင်းစားပြီး ဘ၀ကို ရုန်းကန်ခဲ့ရတဲ့ ဇာတ်တော်လေးတွေ ထုတ်နှုတ်ပြီး စိတ်ဝင်စားအောင်ပြော
ပြရတယ်။ နောက် သူတို့နဲ့ ရင်းနှီးလာခဲ့တယ်။ သူတို့ဘ၀အကြောင်းလေးတွေ သူတို့စိတ်ကူးစိတ်
သန်းလေးတွေကို ပြောပြလာတယ်။ တစ်နေ့ကို အိမ်ငွေ တစ်ထောင် အပ်ရတဲ့ အရွယ်မရောက်သေး
တဲ့ကလေးငယ်လေးတွေဟာ ငွေတစ်ထောင်ရတာနဲ့ ဆက်မတောင်းတော့ပဲ ကစားနေကြတယ်။
မနက်စာ breakfast ဆိုတာ မရှိတဲ့ဘ၀မှာ ကြီးပြင်းလာကြရတယ်။ သူတို့ကို ဘုရားရှိခိုးပုံလေးတွေ
နောက် စကားပြောဆိုပုံလေးတွေ သင်ပေးခဲ့တယ်။ သူတို့လေးတွေ နားလည်အောင် ပြောဆို
သင်ကြားပေးရတာသည် ဘယ်လွယ်လိမ့်မလဲနော်။ တစ်ခါတစ်လေမှာ အတော်ခွကျတဲ့ မေးခွန်း
တွေလည်းမေးတတ်သေးတယ်။ မြွေက ဖားကိုစားနေရင် ကယ်သင့်မကယ်သင့်တဲ့....။
ဖားကို ကယ်လိုက်ရင် မြွေက ငတ်သွားမယ်။ မကယ်ပြန်ရင် ဖားသေသွားမယ်ပေါ့.............။
ဒါမျိုးတွေလေ..။ အော်သူတို့လေးတွေနဲ့ နွေကျောင်းပိတ်ရက်အချိန်တွေကို ကုန်စေခဲ့တယ်။
ခုတော့ တစ်မြို့လုံးကကလေးတွေကို လိမ္မာယဉ်ကျေးစွာနေတတ်အောင် သင်ပေးနိုင်ခဲ့ပြီ။
ဘ၀ထဲမှာ အခက်အခဲပေါင်းများစွာ ရှိပါတယ်။ အခက်အခဲဆိုတာကို အတားအဆီး လို့မမြင်
ဘဲ အခွင့်အလမ်းလို့ မြင်ပြီး ကြိုးစားအားထုတ်မှု ၀ီရိယရှိနေရင် ဘယ်အရာမဆို အောင်မြင်
မှာပါ။ ဒီနေ့ အောင်မြင်စွာ လုပ်ခဲ့နိုင်ခြင်းသည် တစ်ချိန်က ဘယ်လို နားလည်အောင် ပြော
ပေးရမလဲဆိုပြီး နားလည်မှု စွမ်းအားနဲပါးတဲ့ ကလေးငယ်တွေကို ပြောပြပေးခဲ့လို့ဆိုလည်း
မမှားနိုင်ပါ။ ထိုအချိန်က မွေးရပ်မြေမှာ လုပ်ခဲ့တဲ့ လုပ်ရပ်လေးတွေကို ယနေ့ထိ လွမ်းဆွတ်
နေမိသေးတယ်.................။
တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။
မောင်ပညာ ( ကေတုမတီ )
Read more...
Sunday, September 25, 2011
ပေးသူ ယူသူ စိတ်ထားဖြူ
         ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်းဟာ ဒါနဆိုတဲ့ တရားပြုဖူးကြမှာပါ။ ဒါန ဆိုတာဟာ
လုပ်ရပ်အနေနဲ့ကတော့ မိမိပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို တစ်ပါးသူအား ပေးကမ်း၊ စွန့်လွှတ်
လိုက်ရခြင်းပါပဲ။ အဲ စိတ်ဓာတ်အနေနဲ့ကတော့ ပစ္စည်းအပေါ်မှာ တပ်မက်တဲ့ လောဘ၊
တဏှာကို ပယ်သတ်နေတာပါ။ တစ်ဖန် အလှူခံ ပုဂ္ဂိုလ်အပေါ်မှာ ထားတဲ့ စိတ်ကလည်း
အဒေါသ မေတ္တာစိတ်ဓာတ်နဲ့ပေါ့။ မေတ္တာရှိလို့သာ လှူဖြစ်တာပါ။ လှူပြီးတဲ့နောက်မှာ
လှူလိုက်ခြင်းအပေါ်ဝမ်းမြောက်ဝမ်းသာနဲ့ တွေးတောနေမယ်ဆိုလျှင်လည်း ဒါဟာ ဘာဝ
နာပညာ ဖြစ်တာပါပဲ။ ဒီတော့ လှူတဲ့သူတွေက စိတ်ထားဖြူစင်ရပါမယ်။ ဘယ်ကဲ့သို့ စိတ်
ထားဖြူစင်ရမလဲဆိုတော့။ ပေးလှူခြင်းသည် သံသရာရှည်ရန်မဟုတ်၊ သံသရာဝဋ်က ပြတ်
ဖို့စိတ်ထားနဲ့ တဏှာဆိုတဲ့ အညစ်အကြေးဦးမဆောင်ဘဲ ပညာအသိတရား ဦးဆောင်လှူ
တတ်ရပါမယ်။ ဒါဟာပေးသူဘက်ကဖြူစင်ခြင်းပါ။ ပေးသူကဖြူစင်သလို ယူသူကလည်းပဲ
ဖြူစင်ရပါမယ်။
          အာမိသ ပစ္စည်းများသုံးဆောင်ခြင်းသည် ခန္ဓာကိုယ်မပျက်စီးဖို့ အရှည်တည်တံ့နိုင်
ဖို့ဆိုသော ရည်ရွယ်ချက်နဲ့သာ သုံးဆောင်သင့်တာပါ။ သို့မဟုတ်ဘဲ အာမိသအပေါ် တဏှာ
မာန ဒိဋ္ဌိ ဆိုတဲ့ တရားသုံးပါးနဲ့စွဲကပ်ပြီး သုံးဆောင်မိလျှင်တော့ ယူတဲ့သူဟာ အယူမတတ်
ဖြစ်မှာပါ။ ဖြူစင်မှုနဲ့ယူတဲ့အခါ ယူခြင်းဟာ မြတ်ပါတယ်။ မဖြူစင်တဲ့အခါမှာတော့ ယူသမျှ
ပူပါတယ်။ ဒါကြောင့် ယူတဲ့သူဟာလည်း သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးရပ် အကျင့်
မြတ်တွေကို ကျင့်ဆောင်နိုင်ဖို့ဆိုတဲ့ ဖြူစင်မှုနဲ့သာ ယူသင့်ပါတယ်။ ယူတော့လည်းပဲ မလို
အပ်သောအရာများကို ပေးသမျှယူတာမျိုးမဟုတ်ဘဲ၊ လိုအပ်သည်ကိုသာ ယူခြင်းဖြင့် မိမိရဲ့
တဏှာ လောဘကို ပယ်သတ်ရမှာပါ။ လိုချင်ပိုင်ဆိုင်လိုတဲ့စိတ်ဟာ ပူပန်သောက ဖြစ်ရပါ
တယ်။ မရခင်မှာ ပူပန်နေရသလို ရပြီးတဲ့အခါမှာလည်းပဲ မပျက်စီးအောင် ပူပန်ရပြန်ပါတယ်။
ဒါကြောင့် ပူပန်မှုတွေက ကင်းချင်တယ် လွတ်ချင်တယ် အေးငြိမ်းချင်ပါတယ်ဆိုလျှင်တော့
ပိုင်ဆိုင်ရယူလိုစိတ်ကို ပယ်သတ်ရပါမယ်။ ဒါဟာ ပေးသူရော ယူသူပါ ကျင့်သုံးသင့်တဲ့ တရား
ပါပဲ။
            ဓမ္မကို ပေးလှူခြင်းသည်ကား မွန်မြတ်လှပါ၏။ သံသရာဝဋ်ကို ပြတ်စေနိုင်၏။ ဓမ္မကို
ပေးသူသည်လည်း ဓမ္မကို ကျင့်သုံးသူ၊ ဦးထိပ်ပန်ဆင်သူ၊ သေချာနားလည်သူ ဖြစ်ရပါမယ်။
ဒါမှသာ ယူသူဘက်မှ မှန်ကန်သော ဓမ္မကို ရရှိမှာပါ။ သို့မဟုတ်ပါက အဓမ္မကိုပေးသူ ယူသူ
ဖြစ်သွားနိုင်ပါတယ်။ ယူသူကလည်း ဓမ္မကို မြတ်နိုးတန်ဖိုးထားမှ လက်ခံနိုင်မှာပါ။ ဘယ်လောက်
ပေးချင်သည်ဖြစ်စေ လက်ခံနိုင်စွမ်းမရှိသူကို ပေးလို့မရပါဘူး။ ပေးလှူခြင်းတကာတို့တွင် ဓမ္မကို
ပေးလှူခြင်းသည်ကား မွန်မြတ်လှပါပေ၏။ ဖြူစင်ရပါပေ၏။ ဖြူစင်သော ဓမ္မကို ဖြူစင်သူတို့သာ
လက်ခံနိုင်ကြပေ၏။ ဒါကြောင့် ပေးသူ ယူသူ စိတ်ထားဖြူ လို့ပြောလိုက်ရတာပါ။
တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။
မောင်ပညာ ( ကေတုမတီ )
Read more...
Monday, September 19, 2011
သဒ္ဓါတရားနှင့် ပြည့်စုံသူ
            ဗုဒ္ဓမြတ်စွာက မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ကို လျှင်လျှင်မြန်မြန် မျက်မှောက်ပြုချင်သူတွေဟာ
ပဓာနိယင်္ဂတရား ငါးပါးနှင့် ပြည့်စုံရမယ်လို့ ဟောကြားခဲ့ပါတယ်။ ဒီတရားတွေထဲက ပထမဆုံး အခြေခံ
တရားကတော့ သဒ္ဓါတရားနှင့် ပြည့်စုံခြင်းရယ်ပါ။ သဒ္ဓါဆိုတဲ့ ယုံကြည်ခြင်းဟာ ဗုဒ္ဓဘာသာဝင်သူတော်စင်
တို့အတွက် အခြေခံပြည့်စုံရမယ့်တရားတစ်ခုပါ။ အားလုံးမှာ သဒ္ဓါယုံကြည်ခြင်းရှိကြသော်လည်းပဲ သဒ္ဓါ
တရားနှင့် ပြည့်စုံသူကတော့ ရှားပါးပါတယ်။ သဒ္ဓ္ဓါတရားနှင့် ပြည့်စုံသူမှာ ဘယ်လို အရည်အချင်းတွေ ရှိ
ပြီလဲဆိုတာ တိုင်းတာဖို့ ဗုဒ္ဓရှင်တော်မြတ်က ပေတံ ပေးထားခဲ့ပါတယ်။
            ပထမဆုံး သဒ္ဓါပြည့်စုံပြီလားဆိုတာကို ' ဒဿနကာမော သီလ၀တော ' တဲ့ ကိုယ်ကျင့်သီလနှင့်
ပြည့်စုံသူတွေကို တွေ့ချင် မြင်ချင် ဖူးချင်လိုတဲ့ စိတ်ရှိခြင်းပါ။ ဘယ်အရပ်မှာနေတဲ့ ဘယ်သူကတော့
အကျင့်သီလနဲ့ ပြည့်စုံတယ်ဆိုလို့ရှိရင် သွားရောက် တွေ့ချင် ဖူးမြင်ချင်တဲ့ စိတ်မျိုးဖြစ်လာတယ်။ အဲ
နောက် ဒုတိယ တစ်ချက်က ' သဒ္ဓမ္မံ သောတု မိစ္ဆတိ ' ပါတဲ့။ ကိုယ့်ထက် သီလ၊ သမာဓိ၊ ပညာ မြင့်မြတ်
တဲ့ သူတော်ကောင်းများထံကနေ သူတော်ကောင်းတရား နာကြားမှတ်သားချင်တဲ့ စိတ်ဆန္ဒရှိသူပါ။ သူ
တော်ကောင်းတရား၊ စိတ်ငြိမ်းအေးကြောင်း စကားတွေ ကြားရလျှင် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေတယ်။
ဒါဟာလည်း သဒ္ဓါတရားနှင့် ပြည့်စုံသူမှာသာ ဖြစ်တာပါ။ တတိယ တစ်ချက်ကတော့ ' ၀ိနယေ မစ္ဆေရ
မလံ ' ပါ။ မစ္ဆရိယ ဆိုတဲ့ အညစ်အကြေးကင်းသူ ဖြစ်သတဲ့။ မစ္ဆရိယ ဆိုသည်ကား ' မာ ဣဒံ အစ္ဆရိယံ
အညေသံ ဟောတု ' ပါ။ ကိုယ်ရရှိ ပိုင်ဆိုင်ကြီးပွားနေသလို သူတပါးတွေ ရရှိပိုင်ဆိုင် ကြီးပွားမှာကို
ကြောက်ခြင်းဟာ မစ္ဆရိယရဲ့ သဘောပါ။ သဒ္ဓါတရားနှင့် ပြည့်စုံသူမှာတော့ ကိုယ်ချမ်းသာလျှင် သူ
တပါးလည်း ချမ်းသာစေချင် ကြီးပွားစေချင်တဲ့ စိတ်ဆန္ဒတွေရှိနေသတဲ့။
             ဒီလို အရည်အချင်း သုံးခုနဲ့ ပြည့်စုံသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူလို့ ခေါ်ပါတယ်။ သတ်
မှတ်ပါတယ်။ အရည်အချင်းဆိုတာ မွေးဖွားလာကတည်းက ပါလာတာမဟုတ်ပါဘူး။ မွေးက
တည်းက ပါလာတာ အရည်အသွေးတွေပါ။ ကောင်းတဲ့ အရည်အသွေးရော၊ မကောင်းတဲ့ အရည်အ
သွေးတွေပါ ပါလာတာပါ။ ကိုယ်ကကောင်းတဲ့ အရည်အသွေးတွေကို သွေးပေးပါမှ အရည်အချင်းဆို
တာ ပြည့်စုံလာမှာပါ။ ဒါကြောင့် ဒီလို သဒ္ဓါတရားနှင့် ပြည့်စုံသူတွေ ဖြစ်အောင် လေ့ကျင့်ကာနေကြ
ရပါမယ်။
မောင်ပညာ ( ကေတုမတီ )
Read more...
သူတော်ကောင်း၏ အရည်အချင်း
            သူတော်ကောင်းဆိုတဲ့ ဝေါဟာရကို မြန်မာလိုရိုးရိုးလေး အဓိပ္ပါယ်ဖွင့်ကြည့်လျှင် သူတော် လာအောင် ကာင်းတဲ့အလုပ်တွေ လုပ်ပြသူ လို့ပြောလို့ရပါတယ်။ ပါဠိဝေါဟာရ အနေအားဖြင့် သပ္ပုရိသ၊ သဗ္ဘိ စသည်ဖြင့် ဖွင့်ပြထားပါတယ်။ သန္တော ပုရိသော သပ္ပုရိသော လို့ ဆိုပါ တယ်။ ကောင်းမြတ်သော အကျင့်တွေရှိသူလို့ဆိုပါတယ်။ ဘယ်လိုအကျင့် သည် ကောင်းမြတ် သလဲ ဆို တာကို ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တရနိကယ်ထဲရှိ ထိုထိုသုတ္တန်များစွာတွင် ဟောကြားထားခဲ့ပါတယ်။
            သူတထူးရဲ့ ကျေးဇူးကို သိတတ်ခြင်းဟာ သူတော်ကောင်းတို့ရဲ့ အရည်အချင်းတစ်ခုပါပဲ။ ဒါကို ပါဠိ စာပေမှာတော့ ကတညုတ လို့ဆိုပါတယ်။ ကျေးဇူးကိုသိပြီး ကျေးဇူးတရားကို ဆပ်တတ် ရပါ မယ်တဲ့။ နောက် အရည်အချင်းတစ်ခုကတော့ ငါးပါးသီလလုံခြုံခြင်းရယ်ပါ။ ငါးပါးသီလကို ခါးဝတ် ပုဆိုးပမာ မြဲမြဲမြံမြံ စောင့်ထိန်းသူဟာဘယ်နေရာ ရောက်ရောက်  ကောင်းတဲ့အမှုတွေကိုသာ ပြုမှာပါ။ နောက်ထပ်အဆင့်မြင့်တဲ့ အရည် အချင်းတစ်ခုကတော့ မိမိငါးပါးသီလလုံသလို သူတပါးကိုလည်း လုံခြုံအောင် စောင့်ထိန်းစေခြင်း ပါပဲ။ ဒါက ပို၍အဆင့်မြင့်လာပြီပေါ့။ နောက်တစ်မျိုးက သဒ္ဓါတရားနှင့် ပြည့်စုံခြင်းပါ။ သဒ္ဓါ ပြည့်စုံလာလျှင် သူတော်ကောင်းစိတ်ဓာတ် ဖြစ်ပေါ်လာပါတယ်။ 
တော့ ပညာပါ။ ပညာဥာဏ်ရှိသူဟာ ကောင်း၏ ဆိုး၏ ခွဲခြားသိသွားပါပြီ။ ဒီထက်အဆင့်မြင့်တဲ့ ပညာက
တော့ ရုပ်တရား၊ နာမ်တရားတို့ အပေါ်မှာ မှန်ကန်တဲ့ အမြင်ရှိခြင်းပါ။ ဒီလိုတရားတွေနဲ့ ပြည့်စုံလာသူကို
သပ္ပုရိသ၊ သန္တိ၊ သဗ္ဘိ လို့ ခေါ်တာပါ။ ဒါကြောင့် ဒီအရည်အချင်းတွေနဲ့ ပြည့်စုံအောင်ကြိုးစားရင်း သူတော်
ကောင်းတို့ လမ်းလျှောက်လမ်းကြရမှာပါ။
မောင်ပညာ ( ကေတုမတီ )
Read more...
Saturday, June 4, 2011
မနာလိုမဖြစ်တော့ပါဘူး
လောကမှာ လူအများပြောဆိုနေတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။
ကိုယ့်ထက်သာ မနာလို တဲ့။ မနာလိုဖြစ်တယ်ဆိုတာကလည်း ကိုယ်က
သူများကို မနာလိုဖြစ်တာရယ်၊ ကိုယ့်ကို သူများက မနာလိုဖြစ်တာရယ်
ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ကိုယ့်ထက်သာ မနာလို ဖြစ်တယ်ဆိုတာ သူက
ကိုယ့်ထက်သာနေလို့ပါ။ အမှန်တကယ်တော့ မနာလိုဖြစ်တာကို အမှားလို့
မဆိုချင်ပါဘူးလေ။ ကိုယ့်ထက်သာတာကို မနာလိုဖြစ်ရမှာလား၊ ကိုယ့်ထက်
သာအောင် ကြိုးစားထားတာကို အားကျဝမ်းမြောက်ရမှာလား ဆိုတာကို
မသိသည်ကသာ........။
အမှန်တော့ ပုထုဇဉ်မှန်သမျှဟာ မနာလိုဖြစ်မှုနဲ့ မကင်းကြပါ။ အနည်းနဲ့
အများဆိုသလို မနာလိုဖြစ်ဘူးကြမည်သာ။ အနာဂါမ်ဖြစ်သွားသောသူသည်သာ
မနာလိုဖြစ်မှုကို အပြီးတိုင်ပယ်တာပါ။ သို့ဆိုလျှင် ပုထုဇဉ်ဘ၀မှာကော မနာလို
မဖြစ်အောင် နေလို့မရပေဘူးလားလို့ မေးစရာဖြစ်လာပါတယ်။ နေလို့ရသောနည်း
လမ်း နှစ်နည်းရှိပါတယ်။ ပထမတစ်နည်းက သူ့ကံနဲ့သူ ကိုယ့်ကံနဲ့ကိုယ် ဆိုတဲ့
ကံနဲ့ ကမ္မဖလ၊ ကံ၏ အကျိုးကို ယုံကြည်သွားပြီဆိုလျှင်သူကံကောင်းလို့ ကိုယ့်
ထက်သာနေသည်ကို မနာလို မဖြစ်တော့ပါဘူး။
နောက်တစ်နည်းက ကိုယ်က သူများထက်အစစ အရာရာ သာနေပြီဆိုလျှင်လည်း
မနာလိုမဖြစ်တော့ပါဘူး။ စဉ်းစားကြည့်ပါ။ မနာလိုဖြစ်တဲ့နေရာမှာ ကိုယ့်ထက်သူက
ပိုလှလို့ မနာလိုတာ၊ ကိုယ့်ထက်ပိုချမ်းသာလို့၊ ကိုယ့်ထက်ပိုရာထူးကြီးလို့ ၊ တစ်ချို့
ဆို ကိုယ့်ထက်ပိုပြီး ကုသိုလ်လုပ်နိုင်လို့ကို မနာလိုဖြစ်ကြတယ်။ ထို့ကြောင့်ကိုယ်သည်
သူများတွေထက် အစစ အရာရာ သာလွန်နေမည်ဆိုလျှင် ကိုယ့်အောက်နိမ့်ကျ သူများ
အပေါ် ဘယ်မနာလို ဖြစ်တော့မလဲ။ ကုသိုလ်အနေနဲ့ မနာလို ဖြစ်တာ ပြောရရင် ကိုယ်
ကသူများထက် လှူနိုင်တန်းနိုင် သူများထက် သီလတွေ စောင့်ထိန်းနိုင်၊ သူများထက်
ဝေယျာဝေစ္စတွေ ပိုလုပ်နိုင် ဒါဆို သူများတွေကတောင်မှ ကိုယ့်ကို မနာလို ဖြစ်နေပေ
အုံးမည်။ ကိုယ်ကတော့ ဘယ်သူ့မှ မနာလိုမဖြစ်တော့ဘူးပေါ့။ ထိုနည်းနှစ်နည်းထဲက
ကံ၊ ကံ၏ အကျိုးကို ယုံလို့ပဲဖြစ်စေ၊ သူများထက်သာနေလို့ပဲ ဖြစ်စေ မနာလို မဖြစ်
အောင်နေရပါမယ်။ ဒါကြောင့် စိတ်ကလေးငြိမ်းအေးနေဖို့ မနာလို မဖြစ်တော့ပါဘူး...။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
Tuesday, May 31, 2011
ဘာကြောင့် မတူရတာလဲ
ပြဿနာတစ်ခုခုနဲ့ကြုံရင် ဒီပြဿနာသည် ဘာကြောင့်ဖြစ်တာလဲဟု အကြောင်းကို ရှာသောသူ
လောကမှာနည်းပါတယ်။ ဒီပြဿနာ ဘယ်အချိန်ကဖြစ်တာလဲ ? ဘယ်သူ့ကြောင့်ဖြစ်တာလဲဟု
အကြောင်းမဟုတ်သည်ကိုသာ ရှာကြသည်။ ယ္ခု သူဌေးကတော် ဓမ္မဒိန္နာသည်ကား သူဌေးကြီး
ဘာကြောင့် အရင်ကနဲ့ မတူရသလဲ ဟု အကြောင်းတရားကိုသာ ရှာပါတယ်။
ဒါနဲ့ သူဌေးကြီးက စဉ်းစားတယ်၊ အင်း ဒီပြဿနာကတော့ မပြောမပြီး မတီးမမည် ဆိုသလို
ပြောပြမှ သဘောကျချေတော့မယ်လို့ စဉ်းစားပြီး၊ ချစ်နှမမောင်ကြီးကတော့ မြတ်စွာဘုရားရှင်၏
တရားတော်ကို နာကြားရပြီး တရားထူးရလာပြီ၊ ဒီတော့ နှမတော် အိမ်မှာနေလိုက မောင်ကြီးကို
အစ်ကိုကြီး တစ်ယောက်ပမာထားပြီးနေ၊ နောက်ထပ် အိမ်ထောင်ပြုလိုကလည်း မောင်ကြီးခွင့်ပြု
တယ် လို့ ရှင်းပြလိုက်တယ်။
ဒီစကားကြားလိုက်ရတော့ ဓမ္မဒိန္နာရင်ထဲမှာ မခံချင်စိတ်နဲ့မာနလေးဖြစ်သွားတယ်။ စဉ်းစားကြည့်
ပေါ့လေ ကာမဂုဏ်တွေခံစားဖို့ကလည်း အရွယ်ကောင်းပဲရှိသေး၊ အလှဂုဏ်နဲ့ ဓနမာန်ကလည်း
ပြောစရာမရှိလောက်အောင် ပြည့်စုံနေတဲ့ မိန်းမသားတစ်ဦးဟာ အမျိုးသားရဲ့ စွန့်ပယ်ခြင်း ခံရ
လေတော့..........။ သို့သော် ဓမ္မဒိန္နာရဲ့မာနတို့သည် ကောင်းသော ရဲရင့်ခြင်းဘက်သို့
ဦးတည်သွားခဲ့ပါတယ်။ ဒီလို တရားထူးဆိုတာကို မောင်ကြီးတို့ အမျိုးသားတွေကပဲ ရနိုင်တာ
လားလို့ ပြန်မေးလိုက်ပါတယ်။ သူဌေးကြီး ၀ိသာခကလည်း မဟုတ်ပါဘူး၊ တရားတော်ဆိုတာ
ကျင့်ရင်ကျင့်တဲ့သူ အကျိုးရပါတယ်။ မိန်းမ၊ ယောက်ျား၊ လူမျိုး၊ ဘာသာ ခွဲခြားမှု မရှိပါဘူး လို့
ပြန်ဖြေလိုက်တယ်။ ချက်ချင်းပဲ ဓမ္မဒိန္နာက သူဌေးကြီးထံ ခွင့်တောင်းပါတယ်။ ကျွန်ုပ်ကို ဘိက္ခုနီ
ပြုခွင့်ပေးပါ လို့ ခွင့်တောင်းလိုက်တယ်။
သူတော်ကောင်းဓာတ်ရှိတဲ့သူတွေများကတော့ စိတ်ဓာတ်ရော၊ လုပ်ရပ်ရော ပြတ်သားပါတယ်။
အရင်ကနဲ့ ဘာကြောင့်မတူတော့တာလဲ ဆိုတာကို အဖြေရှာရသွားချိန်ကစပြီး သီလ၊ သမာဓိ၊
ပညာ တရားတွေကို အရင်ကနဲ့ မတူအောင် ဖြည့်ကျင့်လိုက်တာ မကြာခင် ရဟန္တာ ဖြစ်သွားပါ
တော့တယ်............။ သူတော်ကောင်းမှန်ရင် အရင်ကနဲ့မတူအောင်ကို တစ်နေ့တခြား
သီလ၊ သမာဓိ၊ ပညာ တိုးပွားအောင် ကြိုးစားသင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
အရင်ကနဲ့ မတူတဲ့ သူ
အော် ထူးခြားပါလားလို့ စိတ်ထဲဖြစ်မိတာပါ။ သာသနာနှစ် ၂၅၅၅-ခု စစချင်း နှစ်ကူးနေ့မှာပါ
တနည်းပြောရရင် ဘုရားရှင်သာသနာတော်ကြီးတည်ထောင်တော်မူခဲ့သည်မှာ နှစ်ပေါင်း၂၆၀၀
ပြည့်သောနှစ်ပင်တည်း။ ယနေ့သာသနာတော်နှစ်ရေတွက်နေကြသည်မှာ မြတ်စွာဘုရားရှင်
ပရိနိဗ္ဗာန်ပြုပြီးနှစ်ကို ရေတွက်နေကြခြင်းပါ။ အကယ်၍ ဘုရားဖြစ်တော်မူသောနေ့မှစပြီး
ဝါ ၄၅-၀ါပါ ထည့်တွက်လိုက်လျှင် ဤလူ့လောကတွင် သာသနာတော်ကြီးတည်တံ့နေသည်
မှာ နှစ်ပေါင်း ၂၆၀၀ ပင်ရှိခဲ့ပါပြီ။ ထိုသို့ထူးခြားသည့်နှစ်သစ်အစတွင် တရားလေးတစ်ပုဒ်
ဟောဖြစ်ခဲ့ပါတယ်။ ခေါင်းစဉ်လေးက အရင်ကနဲ့ မတူတဲ့သူ ပါတဲ့။
အရင်ကနဲ့မတူတော့ဘဲ ထူးခြားသွားတဲ့သူတစ်ယောက်ရဲ့ အကြောင်းရယ်ပါ။ သင်္ဂါယနာတင်
ထားတဲ့နိကယ်ငါးရပ်ထဲက မဇ္ဈိမနိကယန်၊ မူလပဏ္ဏာသ မှာလာတဲ့စူဠဝေဒလ္လသုတ်မှ သူဌေး
ကြီးဝိသာခ နှင့် သူဌေးကတော် ဓမ္မဒိန္နာတို့ အရင်ကနဲ့ ဘာကြောင့်မတူတော့တာလဲ ဆိုတာ
လေးကို ဟောပြောရင်း သဘောကျမိတယ်။ လောကသဘာဝကိုပါ။ လောကမှာ အမျိုးသမီး
တွေသည် အမျိုးသားများကို မယုံကြဘူး။ တစ်ခုခု ဖြစ်တာနဲ့ သံသယမျက်လုံးနဲ့ ကြည့်တတ်
ကြတယ်။ အော် ယုံကြည်မှုနဲ့ တည်ဆောက်ထားခဲ့တဲ့ ဘ၀တစ်ခုကို ဘာအကြောင်းနဲ့မှ အပျက်စီး
မခံဘူး ဆိုတဲ့ စိတ်ဓာတ်မျိုး နည်းကြတာ တွေ့ရလို့ပါ။
သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးရပ် အကျင့်မြတ်တွေ ဖြည့်ကျင့်နေသော သူဌေးကြီး
ဝိသာခဟာ တစ်နေ့မှာ သူ့ရဲ့အမူအယာတွေ အရင်ကနဲ့မတူဘဲ ဖြစ်လာတယ်။ သူရဲ့ ဇနီးနဲ့လည်း
အရင်လို အတူမနေတော့ဘဲ ရှောင်ဖယ် ရှောင်ဖယ်လုပ်လာတဲ့အခါမှာ သူဌေးကတော် ဓမ္မဒိန္နာ
မည်သို့မည်ပုံမျှ မခံစားနိုင်တော့ပါ။ ဒါကြောင့် သူဌေးကြီးထံသွားပြီး အကယ်၍ မိမိမှာ အပြစ်
တစ်စုံတရာရှိခဲ့ပါလျှင် ပြုပြင်ဖို့ မည်သည့်အပြစ်ကြောင့် ခုလိုဆက်ဆံရပါသလဲလို့ မေးမြန်းလိုက်
တယ်။ ဒီနေရာမှာ သူတော်ကောင်းစိတ်ဓာတ်ရှိသူက သူအခုလိုပြောင်းလဲပြီးအရင်နဲ့မတူတာသည်
အပြင်မှာများနောက်ထပ်အသစ်တွေ့နေလို့လားလို့ မတွေးပါဘူးနော်။ မိမိ၏ အပြစ်ရှိနေလို့များလား
လို့ မိမိအပြစ်ကိုသာ မေးပါတယ်။ ကဲ ကိုယ်ဘေးကလူများ အရင်ကနဲ့ မတူဘဲ ဖြစ်လာရင် မိမိကော
ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မေးမလဲ ?
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
Tuesday, May 10, 2011
ဘ၀စာမျက်နှာပေါ်မှ တိုက်ဆိုင်မှုများ ( ၃ )
တိုက်ဆိုင်မှုဆိုတာ လိုက်ကိုင်ကြည့်လို့မရမှန်း အခုမှပဲသိတော့တယ်။
တိုက်ဆိုင်တဲ့အကြောင်း တွေးနေတဲ့ ကျွန်ုပ်ဆီသို့ တိုက်ဆိုင်မှုတစ်ခုက ထပ်ရောက်
လာပါတယ်။ တိုက်ဆိုင်လိုက်တာများကွာ...........ဆိုသလိုပေါ့။
ကားပေါ်က ဆင်းဆင်းချင်း ဘယ်ကြွမလို့ပါလဲ အရှင်ဘုရားဆိုပြီး အနား
ရောက်လာတဲ့ တက္ကစီ သမားကြောင့် တွေးလက်စ အတွေးလေးတွေပျောက်သွားတယ်။
ဒါနဲ့ သူ့ကို ရေကျော်ကို လို့ပြောရင်း ကြည့်မိတော့ ဟိုတစ်ခေါက် တောင်ငူကပြန်လာ
တုန်းက ငှားဖူးတဲ့ ကားသမားမှန်း ချက်ချင်းမှတ်မိလိုက်တယ်။ ဒါနဲ့ ကားပေါ်တက်တော့
သူက မြို့ထဲလမ်းကြုံဆိုပြီး နောက်ထပ် ပါစင်ဂျာ တစ်ယောက်ကိုထပ်တင်တယ်။ အော်
ဒါလည်း ဟိုတစ်ခေါက်က အတိုင်းပါလားလို့ တွေးမိပြီး ပြုံးမိတယ်။ အော် .. တောင်ဥက္ကလာ
ကို ကားစီးတာ နှစ်ခေါက်ရှိပြီ နှစ်ခေါက်စလုံးမှာ ဒီကားသမားနဲ့ချည်းတိုးတာ ဒါလည်း
ရေစက်လား၊ မီးစက်လားတော့မသိပါဘူး။ ကားပေါ်ရောက်တာနဲ့ ကားသမားဟာ သူ့ရဲ့
ဟိုတစ်ခါ လာတုန်းက အကျင့်အတိုင်း ပေါက်ပေါက်ဖောက်ပါတော့တယ်။ ကိုယ်ကလည်း
သွားပြောမိတာကိုး....။ ဒကာကြီး ဆွမ်းချိန်နီးလို့ ခပ်သုတ်သုတ်လေးမောင်းပေးပါလို့။
အင်း ပြဿနာကစပြီ။ အရှင်ဘုရားရေ အမြန်လိုမှ အနှေးတွေ့ပြီဆိုပဲ။ ရှေ့ကကားကလည်း
မီးပွိုင့်စိမ်းနေတာကို သုပ်သုပ်မထွက်ဘူး နှေးကွေးလုပ်နေတာကိုး...။ ဒါနဲ့ စကားပြောရင်း
ဒကာကြီးနဲ့ ဟိုတစ်ခါ ဦးဇင်းတောင်ငူက ပြန်လာတုန်းကလည်း ကားငှားဖူးတယ်နော်လို့
ပြောတော့ ဟာ ဟုတ်တယ် အရှင်ဘုရားပဲမဟုတ်လားတဲ့ တပည့်တော်လည်း မှတ်မိသလိုလို
တော့ရှိပါတယ်။ ဒါပေမယ့် အဲ့လောက်တိုက်ဆိုင်လိမ့်မယ်လို့ မထင်မိလို့ဘုရား။ အင်း
ဟုတ်တော့လည်း ဟုတ်သား တစ်နေ့တစ်နေ့ ကားငှားပြီးစီးသူတွေ နည်းမှာမဟုတ်ပေ။
ထိုအထဲတွင် ဘုန်းတော်ကြီးများ မည်မျှပါမည်ကိုလည်း မသိပါလေ။ သို့သော် သူက ဒီ
ရေစက်ကိုလက်ခံပုံရတယ်။ အရှင်ဘုရား နဲ့ တပည့်တော် ရေစက်ပါလို့ ပြန်ဆုံတာပေါ့
ဘုရားတဲ့ ....။ ဒါကြောင့် ငါးရာလျော့လိုက်ပါတယ်ဘုရားတဲ့။ ဟားးးးးးးးးးးးးးးးးး။
တိုက်ဆိုင်ပုံကတော့များ.........။ ရေစက်ကိုပဲ ကျေနပ်ရတော့မလားမသိပါဘူးနော်။
အော် ဘ၀ ဘ၀ စာမျက်နှာလေးတစ်ရွက်ပေါ်မှာတင် တိုက်ဆိုင်မှုတွေများလိုက်ပါဘိနော်။
သံသရာစာမျက်နှာပေါ်တွင်ကား တိုက်ဆိုင်မှုပေါင်း အင်း သူတို့အပြောနဲ့ဆိုရင်တော့
ရေစက်ပေါင်း၊ မီးစက်ပေါင်း မည်မျှရှိလိုက်မည်နည်း။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
Sunday, May 8, 2011
ဘ၀စာမျက်နှာပေါ်မှ တိုက်ဆိုင်မှုများ ( ၂ )
တိုက်ဆိုင်မှုရှိတယ်ဆိုတာ တိုက်ဆိုင်လို့ပါ။ အားလုံးတိုက်ဆိုင်
ဖူးကြမှာပါ။ တိုက်ဆိုင်သဖြင့် ဘယ်လိုများခံစားရပါသလဲလို့မေးရင်တော့။
တိုက်ဆိုင်ဖူးကြသူတိုင်းသိကြမှာပါ။ တစ်ခါတစ်လေ ၀မ်းသာစရာလေးများ
တစ်ခါတစ်လေကျတော့ ကြောက်လန့်ဖွယ်ရာများ၊ အော် တစ်ခါတစ်လေ
တောင်ငူစာဆိုနတ်သျှင်နောင် ပြောသလိုလေး လွမ်းဖွယ်ရယ်မကုန် တဲ့
လွမ်းမောဖွယ်တိုက်ဆိုင်မှုလေးတွေ အမျိုးမျိုးပေါ့လေ။ ဒီတစ်ခါ တိုက်ဆိုင်
တာကတော့ အဝေးပြေကားပေါ်မှာပါ။ တောင်ငူ-ရန်ကုန် အဝေးပြေးကား
တွေကို နောက်ပိုင်းပိုမိုစီးဖြစ်လာတယ်။ ရထား စီးရတာသက်သာပေမယ့်
အချိန်သက်သာဖို့ ကားကိုပဲရွေးချယ်ဖြစ်လာတယ်။
တစ်ခါက တောင်ငူကနေအပြန် ကားပေါ်မှာအိပ်ပြီးပါလာခဲ့တာ။
ကားအပေါ်ရောက်တာနဲ့ ဇာတ်ကားတစ်ကားပြနေတာ။ ကိုယ်လည်းအိပ်ချင်
တာနဲ့ အိပ်လာခဲ့တာ ဘာပြလို့ပြမှန်းလည်းမသိခဲ့ပါဘူး။ ဒါနဲ့ အိတ်ထဲက
ဖုန်းမြည်မှ ကမန်းကတန်းထပြီး ဖုန်းကိုင်တာ .....။ ဖုန်းကမြည်နေတယ် !
ဒါပေမယ့် ဖုန်းကမ၀င်ပဲမြည်နေတာ။ အံ့သြစရာပါပဲလားလို့ တွေးမိတယ်။
သေချာနားထောင်တော့ ဖုန်းသံမြည်နေပါတယ်။ အော် အဲ့တော့မှ သဘော
ပေါက်မိတယ်။ ကိုယ့်ဖုန်းထဲက ဖုန်းသံသည် ကားပေါ်ပြနေသော ဇာတ်ကား
ထဲမှ ဇာတ်ဝင်သီချင်းရဲ့ intro တေးသံ ဖြစ်နေတယ်။ ရယ်ချင်မိသွားတယ်။
အိပ်ချင်သလိုလိုဖြစ်နေသော မျက်လုံးတစ်စုံသည်လည်း သောမနဿစိတ်
အစဉ်ကြောင့် ကြည်လင်သွားပါပြီ။ အော် ဖုန်းထဲက ring သံကို ဘယ်ကနေ
ဘယ်သူက ထည့်ပေးလိုက်သည်မမှတ်မိတော့။ သို့သော် တီးလုံးသံ ယဉ်ယဉ်
လေးမို့ ထည့်ထားခဲ့တာ။ ခု မထင်မှတ်ပဲ တိုက်တိုက်ဆိုင်ဆိုင် ဒီသီချင်းပါသော
ဇာတ်ကားနဲ့ လာတိုးနေရသေးနော်.....။
အော် တိုက်ဆိုင်မှုတွေရှိလာတော့လည်း.............................။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
ဘ၀စာမျက်နှာပေါ်မှ တိုက်ဆိုင်မှုများ ( ၁ )
လူသားတိုင်းမှာ တိုက်ဆိုင်မှုဆိုတာ အထိုက်အလျောက်ရှိတတ်စမြဲပါ။
အင်း ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ လူသားတစ်ယောက်ဘ၀ ရရှိလာတာ
ကိုက တိုက်ဆိုင်မှုပါပဲလေ။ ကံ ဆိုသော သင်္ခါရတွေတိုက်ဆိုင်လို့မဟုတ်ပါလော။
အော် ထိုကဲ့သို့ တိုက်ဆိုင်မှုတွေကြားကနေ ဘ၀မှာအထူးဆန်းဆုံးနဲ့ အမှတ်မိဆုံး
တိုက်ဆိုင်မှုလေးတွေကို သတိရတိုင်းပြုံးမိရာကနေ ထိုအပြုံကနေတဆင့် ကီးဘုတ်
ပေါ်လက်တွေရောက်ခဲ့ရတာပါ။
အော် ဘ၀တစ်ကွေ့မှာ သူနဲ့စတွေ့တာက ကျောင်းတက်ဖို့သွားသော
ဖယ်ရီကားပေါ်မှာပါ။ စတွေ့ကတည်းက သတိထားမိလောက်အောင် သူ့အရပ်
ကရှည်တာပါ။ မျက်နှာသွယ်သွယ် အရပ်ရှည်ရှည် သူ့ပုံစံ သူ့ဟန်က ကားပေါ်
မှာ အထင်ရှားဆုံးပေါ့။ ဒါနဲ့ ကျောင်းရောက်လို့ အားလုံးကိုယ်စီဆင်းသွားကြ
ပြီး အတန်းတွေတက်ကာ မေ့လျော့သွားခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေ ကြာပြီး
သုံးနှစ်လောက်ကြာတော့ သူငယ်ချင်းတစ်ယောက်ကနေ ဥပဒေတက်နေသော
သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတယ်။ မြင်မြင်ချင်းသူ့ကို မှတ်မိလိုက်ပါတယ်။
မင်းငါ့ကို မှတ်မိလားလို့ မေးတော့။ အရှင်ဘုရားကို မြင်ဖူးသလိုလိုတော့ ရှိသား။
အံမယ် အေးပေါ့ တက္ကသိုလ်မှာက သင်္ကန်းဝတ်နဲ့ ကျောင်းတက်တာဆိုလို့ တစ်
ပါးစ နှစ်ပါးစ ပဲ ရှိတာဆိုတော့ မြင်ဖူးသလိုလို ရှိမှာပေါ့။ မင်းကိုတော့ တို့ ကောင်း
ကောင်းကြီးမှတ်မိတယ်ကွာလို့။ ကျောင်းကို စသွားတဲ့နေ့က ကျောင်းကားခေါင်မိုး
ပေါ်မှာထိုင်စီးကြတာ ဒကာလေးက ဦးဇင်းဘေးကမဟုတ်လားလို့။ ကားပေါ်က
ဆင်းတော့ ဘယ်သူနဲ့ စကားပြောနေတာက အစပြောလိုက်တော့။ အာ ဦးဇင်းက
အကုန်မှတ်မိတာပဲနော်တဲ့။ အေး အဲ့ဒီတုန်းက မင်းက ခုထက်ပိုပြီးအသားလတ်သေး
ခုတော့ မည်းပြီး ပိန်သွားလိုက်တာကွာလို့ ဆိုတော့ သူလည်း အရင်ကတည်းက
ရင်းနှီးပြီးသားလိုဖြစ်သွားပြီး သူ့သူငယ်ချင်းကို လှည့်ပြီးပြောတယ် တို့အရှင်က
ဥာဏ်တော်တော်ကောင်းတာပဲနော်တဲ့။ အော် သညာသတိနဲ့ ပညာအသိတို့
ဟာကွာပါတယ်။ သညာဆိုတာ မှတ်သားတဲ့အလုပ်ကိုပဲလုပ်တာပါ။ မှတ်ရုံမှတ်
တယ်။ ပညာကတော့ ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဥာဏ်ပါ ပါတယ်လို့ ပြော
ပြရင်း တိုက်ဆိုင်မှုလေးကို မျှဝေလိုက်ရပါတယ်။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
အမှားကြာရင် အမှန်ထင်
မှားနေတာကို မှားနေပါတယ်လို့ ၀န်ခံရဲဖို့ဆိုတာ တကယ်မလွယ်ပါဘူး။
ဒါကြောင့် လူတွေကိုယ်မှန်တယ်ထင်တာကို သူများက မှားတယ်ပြောဘယ်လိုမှ
လက်မခံကြဘူး။ လောကကြီးမှာ လူတိုင်းအရိုးထဲထိ စွဲပြီး ထင်နေကြတဲ့ အမှား
ကြီးတစ်ခု ရှိပါတယ်။ လူတိုင်းလိုလို လက်ခံကြတယ်။ လူတိုင်းလိုလိုပြောဆို
ကြတယ်။ လူတိုင်းလိုလို ယုံကြည်နေကြတာ။ လူတိုင်းလိုလို ကျင့်သုံးနေကြ
တာအဆိုးဆုံးပေါ့။ ထိုကဲ့သို့ လိုလိုပေါင်းများစွာကို ဘယ်လိုများ ပြုပြင်ပေးရ
ပါ့မလဲလို့ တွေးမိရင်း မိမိရဲ့ ဘလော့ကနေ ဖတ်မိသူများ နားလည်ကြပါစေ
ဆိုတဲ့ စေတနာနဲ့ဒီနေ့ ဒီစာရေးလိုက်ရတာပါ။
လူ့ဘ၀ကို အပိုင်းသုံးပိုင်းပိုင်းကြပါတယ်။ ပထမအရွယ်မှာ ပညာရှာရ
မယ်တဲ့။ ဒုတိယ အရွယ်ကျတော့ စီးပွားရှာရမယ်တဲ့။ နောက်ရှာချင်တာများရှိ
ရင်လည်း ရှာကြသေးတယ်။ အဲ တတိယအရွယ်ရောက်တော့ တရားရှာမယ်။
ထိုကဲ့သို့ပိုင်းခြားပြီး လူအများစုဟာ ရှာဖွေနေကြပေါ့။ အသက်ရှင်နေကြပေါ့။
အော် ဘယ်သူကများ ပိုင်းခြားပေးခဲ့ပါလိမ့်နော်။ ဒါကို မှားတယ်ပြောရင် ဘယ်
သူကမှ လက်မခံကြဘူး။ မှားတယ်လို့ ဆိုချင်တာထက်မမှန်ဘူးလို့ ပြောလိုက်
ချင်တာ။ အားလုံးစဉ်းစားကြည့်ပေါ့လေ။ ပထမ အရွယ်ဆိုတာ မွေးသောအချိန်မှ
၂၅ နှစ် ထိတဲ့ ဒုတိယ အရွယ်ကျတော့ ၂၅ မှ ၅၀ ထိတဲ့ တတိယအရွယ်ဆိုသည်
ကား ၅၀ မှ ၇၅ ပါတဲ့ ။ ဆိုတော့ အရွယ်နဲ့ အလုပ်လုပ်ကြတယ်။ ဒီတော့ ဘာဖြစ်
ကြပါသလဲဆိုရင် ပထမအရွယ် ပညာရှာတယ် တရားလာမပြောနဲ့။ ဒုတိယအရွယ်
စီးပွားရှာတယ် တရားဆိုတာ အဘိုးကြီး အဘွားကြီးဖြစ်မှလုပ်ရတာ ဒီတော့ ငယ်
တုန်းရွယ်တုန်း မတရားတာလေးတွေ လုပ်ထားအုံးမယ်ဆိုပြီး။ အော် တရားဆိုတာ
ဘယ်သူတွေအတွက်လဲ ? မြတ်စွာဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်လာတယ်ဆိုတာ
လူသားအားလုံးချမ်းသာအကျိုးအတွက်ပါ။ တရားဓမ္မတွေ ဆိုတာ အရွယ်အားလုံး
အတွက်ပါ။ ကျင့်ရင်ကျင့်သောသူကို နေ့ညမဆိုင်း အကျိုးပေးပါတယ်။ ပထမအ
ရွယ်ပညာရှာတယ် တရားနဲ့ရှာလို့ကော တရားသဖြင့်ပညာရှာလို့ကော မရဘူး
လား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးလက်ထက်တော်ကတည်းက ခုနစ်နှစ်သား
နဲ့ ရဟန္တာဖြစ်ကြတာတွေ အများကြီးရယ်ပါ။ ကဲဒုတိယအရွယ် စီးပွားရှာရင်ကော
တရားသဖြင့်ရှာလိုက်ပါ။ ဒါဟာ တရားကိုလေးစားသောအားဖြင့် တရားနှင့်အညီ
နေထိုင်ခြင်းပါပဲ။ တရားကို ကျင့်သုံးတာပါပဲ။ ခုတော့ တရားရှာရမယ်အရွယ် မ
ဟုတ်သေးပါဘူး တို့ ရှာနိုင်တုန်း အမြတ်ထုတ် ပါးပါလှီး တပတ်ရိုက်ပြီး ရှာထား
လိုက်အုံးမယ် ဟုတ်တာတွေကော မဟုတ်တာတွေကော ရှာကြ ဖွေကြ။ အော်
တရားရှာမည့်အရွယ်များကို ကြည့်ပါအုံး ဆံဖြူ သွားကျိုး ကံမွဲ ဥာဏ်မွဲ အချိန်
ဝီရိယ တရားတွေလည်း ငယ်တုန်းကလောက်မကောင်း၊ ကံတရားတွေကလည်း
ငယ်တုန်းကလောက်မကောင်း၊ ဥာဏ်တွေကလည်း ငယ်ငယ်ကလောက် မထက်
မြတ်တော့ပါ။ အောက် တစ်သံသရာလုံးကအမှားကို အမှန်ထင်ခဲ့သော အရာကို
ဒီဘ၀မှာများ အမြင်မှန်အောင် ကြည့်ပြီး အမှန်ပြင်နိုင်လိုက်မယ်ဆိုရင် တရားနှင့်
ပညာရှာမယ်၊ တရားသဖြင့်စီးပွားရှာမယ်၊ တရားသောနေထိုင်နည်းနဲ့များနေထိုင်
မယ်ဆိုရင် မြတ်ဗုဒ္ဓအလိုကျ ကြီးပွားချမ်းသာမည့် နေနည်းပါပဲလို့ ...........။
တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
Wednesday, April 27, 2011
သံယောဇဉ်မျက်နှာထောက်ပြီးတော့
သံယောဇဉ် သံယောဇဉ်နဲ့ လူသားတို့ အသိုင်းအ၀ိုင်းကြားမှာ အသုံးများတဲ့
ပါဠိစကားလုံးတစ်ခုပါ။ တစ်နေ့က လ္ဘက်ရည်ဆိုင်က ဖွင့်နေတာလေး ကြားမိတယ်။
သံယောဇဉ် သံယောဇဉ် လူကို အရူးတစ်ပိုင်းဖြစ်စေတယ် .....တဲ့။ လူသားများကို
သံသရာစက်ဝန်းကြီးထဲက ထွက်မသွားနိုင်အောင် ဆွဲထားတဲ့ကြိုးတွေရှိပါတယ်။
ထိုကြိုးတွေသည် သံယောဇဉ်ကြိုးများပါင်။ သံယောဇဉ်ဘယ်လောက်များအား
ကြီးလိုက်သလဲဆိုရင် အရိယာထဲမှာ တတိယမြောက် အဆင့်ဖြစ်တဲ့ အနာဂါမ်
အထိရှိနေပါတယ်။ ထိုသို့ အနာဂါမ်အရိယာထိ ရစ်ပတ်နိုင်သော သံယောဇဉ်
သည်ကား ပုထုဇဉ်များကို အရူးတစ်ပိုင်းမက အရူးလုံးလုံးကို ဖြစ်စေနိုင်ပါတယ်။
သံယောဇဉ် ကြိုး ၁၀ ချောင်းရှိပါတယ်။ တစ်ချို့က ပြောကြတယ်။
သံယောဇဉ် ဖြတ်ကြရအောင်ဆိုပြီး အဆက်အသွယ်မလုပ်နေမယ်တဲ့။ အော်
အဆက်အသွယ်မလုပ်ဘဲ နေရုံနဲ့ သံယောဇဉ်ပြတ်ပလားဆိုတော့ အဆက်
အသွယ်ပြတ်တာပဲရှိမယ်။ သံယောဇဉ်တော့ မပြတ်ပါ။ မြင်ချင်တဲ့ စိတ်ကလေး
ကရှိနေ၊ ကြားချင်တဲ့ စိတ်ကလေးက ရှိနေသေးတယ်ကိုး။ သံယောဇဉ်ဘာ
ကြောင့်ဖြစ်သလဲ လို့မေးကြည့်တော့ မြင်ရလို့ သံယောဇဉ်ဖြစ်တာလား ?
မြင်ချင်လို့ သံယောဇဉ်ဖြစ်တာလား ? မြင်ရလို့သံယောဇဉ်ဖြစ်သည်
ဆိုလျှင်ကား တစ်နေ့ တစ်နေ့ မြင်နေရတာ အများကြီးရယ်ပါ။ မြင်ချင်လို့
သံယောဇဉ်ဖြစ်ရတာပါ။
အာရုံ ငါးပါးသည်ကား ကိုယ်နှင့်ကြုံသည်ဖြစ်စေ၊ မကြုံသည်
ဖြစ်စေသူ့အလိုလိုရှိနေမှာပါ။ ထိုအာရုံပေါ်တွင် ကပ်ငြိ၊ တွယ်တာခြင်းသာ
မိမိ၏ သံယောဇဉ်ဖြစ်၏။ ထိုကပ်ငြိတွယ်တာတတ်သော သဘောကိုသာ
ဖြတ်ရမှာပါ။ အာရုံကို ဖြတ်ရန်မလိုပါ။ တစ်သံသရာလုံး ချည်နှောင်လာတဲ့
သံယောဇဉ်ကြိုးများကို ဓားတုံးတုံးနဲ့တော့ ဖြတ်ရန်မလွယ်။ အာရုံအပေါ်
ကြိုက်နှစ်သက်ခြင်းသည်သာ သံယောဇဉ်လားဆိုတော့ သူ့ရုပ်ကို မမြင်ချင်
သူ့အသံကို မကြားချင်တာသည်လည်း သံယောဇဉ်ပါပဲ။ ဘယ်သူ့အပေါ်မှ
သံယောဇဉ်မရှိပါဘူး ချစ်လည်းမချစ်၊ မုန်းလည်းမမုန်း ကိုယ့်လုပ်စာ ကိုယ်စား
ဘယ်သူ့မှ ဂရုမစိုက်တာလည်း မာန သံယောဇဉ်ကြောင့်ပါပဲ။ အော်သံယော
ဇဉ် သံယောဇဉ် လူကို အရူးတပိုင်းဖြစ်စေတာ မဟုတ်ပါဘူး။ အရူးကြီးလုံးလုံး
ဖြစ်စေတာပါလို့သာ ပြောလိုက်ချင်တော့တယ် ကွယ်တို့ရယ်..............။။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
တန်သွားပြီ
တစ်ခုခုလေး ၀ယ်လိုက်တာ သူများက တန်လိုက်တာ ဟယ်လို့ ပြောရင်
စိတ်ထဲငါဝယ်မိတာတန်သွားပြီ ဆိုပြီး ဖြစ်တတ်ကြပါတယ်။ တစ်ချို့ဆို နှုက်က
ထုတ်ပြောတဲ့အထိ တန်သွားပြီ တန်သွားပြီ ဆိုပြီး ဖြစ်တတ်ကြပါတယ်။ ဒါက
ပစ္စည်းဝယ်တာနဲ့ စပ်သွားလို့ဒီလိုပြောတာပါ။ တစ်ခါတလေ အလုပ်လုပ်ရင်း
ခရီးသွားရင်း တန်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါလေးလုပ်မိတာ
တန်သွားပြီ ၊ ဒီ ခရီးသွားရတာ တန်လိုက်တာဆိုတာမျိုးရယ်ပါ။ ကိုယ်က
တစ်ခါတလေ လှလှပပလေးဝတ်ပြီး အပြင်ထွက်ရင် လူတွေဝိုင်းကြည့်
တာမျိုး တွေ့ရင် စိတ်ထဲမှာ ၀တ်ရတာ တန်သွားပြိ ဆိုတာမျိုးလည်း
ဖြစ်ကြမယ်ထင်ပါတယ်။ တစ်ချို့ကျတော့ အဲ့လိုမဟုတ် မိမိမြင်စေချင်တဲ့
သူမြင်မှသာ ဒီတစ်ခါ ၀တ်ရတာ တန်သွားပြီလို့ဖြစ်တာ၊ သူမမြင်လိုက်ဖူး
ဆိုရင် သူကသာ ကိုယ်လှအောင်ဝတ်ထားတာ အသိအမှတ်မပြုရင် မတန်
ပါဘူးကွာ လို့ ဖြစ်တတ်ကြပါတယ်။
တစ်ခါတလေကျရင် တန်အောင်လုပ်ရတဲ့အလုပ်ကလေးတွေ ရှိ
ပါတယ်။ ကိုယ်ကသူ့ကိုကောင်းစေချင်လို့ ဟန်ဆောင်ရတာမျိုးလေးတွေပါ။
စိတ်မဆိုးပဲ ဆိုးဟန်ဆောင် ၊ စိတ်မကောက်ပဲ ကောက်ဟန်ဆောင် ရတာ
မျိုးပါ။ ဟုတ်ပါတယ်။ လိမ်ညာတယ်လို့ဆိုရင်လည်း မှားတယ်မဆိုနိုင်သလို
မှန်တယ်လည်း မပြောနိုင်ပါ။ အဘယ်ကြောင့်နည်း ? လိမ်သည်ဆိုသည်ကား
သူတပါးအကျိုးဆုတ်ယုတ်ပျက်စီး စေမှုသာ၊ ခုဟာက သူ့ကို ကောင်းစေချင်
လို့ရယ်ပါ။ ကိုယ်စိတ်ဆိုးပြမှ ကိုယ်ကဒေါသထွက်ပြမှ သူကောင်းလာမယ်ဆို
တာသိလို့ ဒေါသထွက် စိတ်ဆိုးရတာပါ။ တခါတလေ ဒေါသထွက် ဆူ ပူ ပြီးမှ
ဟိုဘက်လှည့် ပြုံးမိတာမျိုးလည်း ရှိတတ်ပါတယ်။
ကိုယ်စိတ်ဆိုး အော်ဟစ်ငေါက်မှာ ကြောက်လို့ ကောင်းအောင်နေ
ကောင်းအောင်ပြော၊ ကောင်းအောင်လုပ် နေတဲ့ တပည့်တွေ မြင်တော့ အော်
ငါစိတ်ဆိုးရတာ တန်လိုက်တာ တန်သွားပြီလို့ ဖြစ်မိသေး။ ကောင်းစေချင်လို့
ပြောတဲ့စကားတွေ အထဲမှာ ဘုန်းတော်ကြီးမြတ်စွာဘုရားသုံးတဲ့ "မောဃပုရိသ'
ဆိုတာလေး အကြိုက်ဆုံးပါပဲ။ မဂ်ဖိုလ်မနီး အချည်းနှီးသော ယောက်ျား လို့
ပြောတာပါ။ ဒီစကားလေးနဲ့ ဆူပြောပြောလိုက်ရင် အော် ငါဟာ မဂ်၊ ဖိုလ် နဲ့
မနီး ဝေးနေပါသေးကလားလို့ သတိဝင်ပြီး တရားလုပ်ရင်း တရားရသွားသူတွေ
မြင်တော့ အော် ဒီကြမ်းတမ်းတဲ့ စကားလေးကို ဘုန်းတော်ကြီး မြတ်စွာက
တန်သွားအောင် သုံးနှုန်းသွားပါလားလို့တွေးမိရင်းလေ................။
မောင်ပညာ ( ကေတုမတီ )
Read more...
Tuesday, April 26, 2011
လုပ်သလိုဖြစ်မလာတဲ့အခါ
တစ်နေ့က အိမ်တစ်အိမ်က ရောက်တုန်းရောက်ခိုက် တပည့်တော်
တို့အား ပရိတ်တရားနာ နဲ့ ကလေးတွေကို ဆုံးမ စကားလေးချီးမြှင့်ပါဆိုလို့
ကြွရောက် ရွတ်ဖတ်ပေးခဲ့တယ်။ ဒါနဲ့ အိမ်မှာ ဘာလေး ပြောပြဖြစ်သလဲဆို
တော့ ကိုယ့်စိတ်ထဲ ခုတစ်လော ဖြစ်နေတဲ့အကြောင်းအရာလေးတစ်ခုကိုပဲ
ပြောဖြစ်ခဲ့ပါတယ်။ မိဘက သားသမီးကို ဆုံးမတဲ့အခါကိုယ့်စကားနားမ
ထောင်ရင် ကိုယ်ဆုံးမသလို လက်မခံတဲ့အခါ စိတ်ဆင်းရဲရတယ်။
ဒီလိုပါပဲ တရားဟောတယ် တရားစကားပြောပြပေးတယ် အေးချမ်းစေ
ချင်လို့ အပူတောမှာ နေနေတဲ့လူတွေ အပူ့လောင်နေရတာကနေ
အေးချမ်းစေချင်လို့ တရားပေးတယ်။ သို့သော် တရားမကျင့်ဘူး အေးချမ်း
အောင်မနေဘူးဆိုရင် ငယ်ငယ်က မေမေဆူတဲ့အခါ ပြောနေကျစကား
လေးကို သွားသတိရမိတယ် ငါ နင့်ကို အာပေါက်မတတ်ပြောတာ တောင်
နင် နားကြားမညှပ်ဘူးလား ဆိုတာလေးပါ။ အော် လုပ်သလိုဖြစ်မလာတဲ့
အခါ ဖြစ်သလိုလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကြီးသာ ကလေးငယ်တွေ စိတ်ထဲ
ရောက်သွားရင် အော် စိတ်ပူမိပါသည်။ မိဘများက သားသမီးတွေကို ဖြစ်
စေချင်သလိုဖြစ်မလာမှာ စိုးတယ်။ ကိုယ်ချင်းစာမိပါသည်။ ကိုယ်ကတရား
ကျင့်သုံးစေချင်လို့ ဟောပေးပြောပေးသော်လည်း တရားမရှိ ပြောဆိုနေ
ကြတာတွေ ကြုံလာတာနှင့်အမျှ တရားပြောပေးချင်စိတ်သည် လျော့နည်း
လာခဲ့တာရယ်ပါ။ ဒါနဲ့ပဲ လက်တွေက ကီးဘုတ်ပေါ်ပြေးလွှားခဲ့တာလည်း
အခါပေါင်းမနည်းတော့ပါဘူး။ လူတွေက မေးကြတယ် ဘာဖြစ်ချင်တာလဲတဲ့
ဒါဖြစ်ချင်တယ် ဟိုဟာဖြစ်ချင်တယ်ဆိုရင် အဲ့လို ဖြစ်မလာတဲ့အခါ စိတ်ပူပန်
ရတယ်။ အားလုံးထင်နေကြတာက ကိုယ်ဖြစ်ချင်တာဖြစ်လို့ ၀မ်းသာရရင်
မပင်ပန်းဘူး။ ဖြစ်ချင်တာမဖြစ်လို့ ၀မ်းနည်းရတာ ပိုပင်ပန်းတယ် ဒါမျိုးလေ။
ကိုယ်ဖြစ်ချင်တာဖြစ်လို့ ပင်ပန်းရတာတွေ တစ်ပုံကြီးရယ်ပါ။ ဒါလေးတွေ
နားလည်စေချင်တယ်။ ဒါလေးတွေသိစေချင်တယ်။ အော် ခုလည်းကြည့်
ကိုယ့်ပြောသလို နားထောင်ရင် စိတ်ချမ်းသာတယ် ကိုယ်ပြောသလို နား
မထောင်တဲ့အခါ စိတ်ပင်ပန်းတယ်။ လောကကြီးကိုက ကိုယ်ဖြစ်ချင်သလို
မဖြစ်ပါလားလို့ သိအောင်သာ နားလည်အောင်သာ ကြိုးစားရမှာပါ။
ခုတော့ ဖြစ်ချင်တာကိုသာရှေ့တန်းတင်လို့ ဖြစ်သင့်တာတွေ ဆုံးရှုံးခဲ့
ရပြီးပြီ။ ခုတော့ ကိုယ်ဖြစ်ချင်တာထက် သူဖြစ်သင့်တာ ဖြစ်တာကို လက်ခံ
နိုင်ဖို့ကြိုးစားကြရမှာပါ။
အော် ခုလိုဆိုတော့လည်း စိတ်မပင်ပန်းရတော့ဘူးနော်။ လောက
ကြီးက သူဖြစ်ချင်သလိုဖြစ်နေပါလား ဖြစ်သင့်သလို ဖြစ်ချင်လိုက်တဲ့အခါ
စိတ်မပူရတော့ဘူး။ စိတ်မပင်ပန်းရတော့ဘူး။ စိတ် ထဲ လုပ်သလိုမဖြစ်တဲ့
အခါ .....ဆိုတာလေးကို ကီးဘုတ်ပေါ်က လက်များမှ တစ်ဆင့် အင်တာနက်
ပေါ်သို့................။
မောင်ပညာ ( ကေတုမတီ )
Read more...
Sunday, April 17, 2011
စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယ ဆရာတော်ကြီး၏ ဆုံးမစာ
ကံရှိကံမွဲ ဆင်းရဲကုံတံ ဆက်ဆံပေါင်းသင်း လူခပင်းကို
ကိုယ်ချင်းစာနာ ကရုဏာနှင့် မေတ္တာပြန့်ပွား သကာပြားသို့
စကားနှုတ်ချို ရန်မလိုပဲ ကိုယ့်ကိုနှိမ်ထား သူမြှောက်စား၍
ထောင်လွှားကင်းဘိ အဆံပြည့်သည့် ကောက်၏ခိုင်ညှာ
ညွှတ်ကိုင်းလာသို့ ပညာဓန ယသဘုန်းဂုဏ် အဖုံဖုံတို့
ပြည့်စုံလေလေ ညွတ်လေလေနှင့် စိတ်နေပျော့ပျောင်း ယှဉ်မှကောင်း၏။
အပေါင်းအစည်း မေတ္တာနည်း၍ လူလည်းမချစ် နတ်မချစ်နှင့်
အပြစ်များကာ အရာရာဝယ် ငါသာငါနှင့် နှိုင်းယှဉ်သင့်ဟု
မိုးမြင့်ဘုံဖျား မှန်ကင်းလားသို့ တက်ကြွားမြင့်မောက် ခြေဖျားထောက်လျက်
ဘုဘောက်ပြောကာ ကျယ်စွာစွာနှင့် ယုတ်မာညစ်ဆိုး နွားကျစ်သိုးသို့
ကိုးယိုးကားယား လူမုန်းများအောင် စကားဖောင်ဖောင် ချိုမထောင်နှင့်
အမောင်အမိ ရိုးမြေထိအောင် သတိတရား အမြဲထားလော့ ရိုးသားဖြောင့်စင်း
လိမ္မာခြင်းနှင့် မိုက်ခြင်းတဖြာ သာယာချိုအေး ယဉ်ကျေးကြမ်းကြုတ်
အယုတ်အမြတ် နူးဆက်ပျော့မာ စိတ်ကြောင့်သာလျှင် သေချာဝေခွဲ
အရိုးစွဲအောင် အမြဲမှန်စွာ ဥာဏ်ပညာနှင့် မေတ္တာစိတ်ထား အချစ်ပွား၍
တရားမကွာ အရာရာ၌ လိမ္မာယဉ်ကျေး စိတ်ကောင်းမွေးလျက် လူရေးလူရာ
သူ့ထက်သာအောင် ပညာရှိနည်း ရွေ့ရွေ့ဆည်းလော့ ရှင်လည်းကားယား
သေကားယားနှင့် ထင်ရှားလူ့ဘောင် ပင့်ကူကောင်လို
အမောင်မဖြစ်စေနှင့်နော အမိမဖြစ်စေနှင့်နော။
Read more...
Wednesday, April 13, 2011
By Name
စာတစ်စောင်ပို့မယ်ဆိုရင် ပို့ချင်သူ၏နာမည်ကို (By Name ) သေသေချာချာတပ်
ပြီးမှသာ ရောက်နိုင်ပါတယ်။ နာမည်လွဲလို့ ကိုယ့်ဆီပြန်လာတဲ့ စာတွေကြုံဖူးပါတယ်။ ရုံးစာပို့တယ်
ဆိုရင်လည်းပဲ ထိုနည်းအတူပါပဲ။ လူကြီးနာမည်ကို By Name တပ်ပြီးပို့မှသာလျှင် ပို့သူဆီရောက်
မှာပါ။ တစ်ခုခု ပို့တဲ့နေရာမှာ By Name က အရေးကြီးဆုံးပါပဲ။
မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါတွေအပေါ် မဟာမေတ္တာတော်ကို ဖြန့်ကျက်ထား
ရှိတော်မူပါတယ်။ သို့သော် အခြေအနေအားလျော်စွာ တစ်ဦးတစ်ယောက်ပေါ် By Name နဲ့ပို့ဖို့
လိုလာပြီဆိုရင်တော့ ထိုသတ္တ၀ါများအပေါ်ထားသော မဟာမေတ္တာတော်ကို ခေတ္တရုတ်သိမ်းကာ
By name နှင့်သာပို့ပါတယ်။ ထိုသို့ ဘုန်းတော်ကြီးမြတ်စွာဘုရား၏ မေတ္တာတော်ကို By name နှင့်
အပို့ခံရသော သူတွင်လည်းပဲ စိတ်ထားနူးညံပျော့ပျောင်းခြင်းအကျိုးရှိလာပါတယ်။ ထိုအရာသည်ကား
ကိလေသာကင်းစင်သည့် မေတ္တာ၏ စွမ်းပကားပင်တည်း။ တစ်ခါတစ်လေတော့ မေတ္တာမှာ ကိလေသာ
ဝင်လျှင်သော်လည်းကောင်း မေတ္တာယောင်ဆောင် ကိလေသာကြောင့်သော်လည်းကောင်း မေတ္တာ၏
ရနံ့သည် မှေးမှိန်သွားတတ်ပါတယ်။ By Name နှင့်ရည်စူးပို့သသော မေတ္တာကု ' သြဒိဿမေတ္တာ'ဟု
ခေါ်ပါသည်။ အားလုံးအပေါ်ထားသောမေတ္တာကိုကား 'အနောဒိဿမေတ္တာ'ဟုခေါ်၏။
ကျွန်ုပ်တို့ကဲ့သို့ ပုထုဇဉ်တို့၏ မေတ္တာသည်ကား ကိလေသာကင်းသူတို့၏ မေတ္တာပမာ
မျိုး မစွမ်းငြားသော်လည်း မေတ္တာပို့နေချိန်တွင် ကိလေသာကင်းနေရကား ထိုက်သင့်သလောက်တော့
စွမ်းပေလိမ့်မည်။ အားလုံးသောသတ္တ၀ါများအပေါ်မေတ္တာထားသလို By Name နှင့်လည်းပို့ဖူးပါသည်။
ထိုသို့ပို့သောအခါတွင် ပို့သောသူတွင် စိတ်ကြည်ရင်ကြည်သလောက် အပို့ခံရသောသူတွင် အေးချမ်း
ပါတယ်။ အဆင်ပြေမှုတွေရလာပါတယ်။ သို့သော် ကိုယ်ကတော့ ပို့ပါတယ် သူ့ဘက်က တံခါးပိတ်
သော့ခတ်ထားပြန်လျှင် အဆင်မပြေ။ မိမိပို့သည်ကို လက်ခံနိုင်စွမ်းလည်း ရှိရပါမယ်။
ယမန်နေ့ညက စင်္ကာပူရောက်မြန်မာမိန်းကလေးတစ်ယောက် အလုပ်အကိုင် အဆင်မ
ပြေတဲ့ အကြောင်း အသိတစ်ယောက်ကတဆင့် သိလိုက်ရတော့ အော် မေတ္တာပို့မိတယ်။ တကယ်တော့
သူတို့ကလည်း မေတ္တာကို ခံယူလိုပါတယ်။ မေတ္တာကိုတန်ဖိုးထားပါတယ်။ ပို့သသောသူကလည်း
စိတ်ကြည်လင်လင်ပို့ပါလျက် အဆင်မပြေတဲ့ အခါများတွင် ပို့သောသူပဲလိုအပ်သည်လား
လို့ စဉ်းစားစရာတွေဖြစ်လာပါတယ်။ အော် ဒီနေရာမှာ တစ်ခု စဉ်းစားမိတယ်။ အန္တရာယ်ကင်းဆိုပြိး
တစ်ချို့က ပရိတ်ရွတ်ဖတ်ကြတယ်။ ထို့သို့ အန္တရာယ်ကင်း ပရိတ်ရွတ်ပြီးကာမှ အန္တရာယ်ကြုံသော
အခါ ရွတ်သောသူသော်လည်းကောင်း ၊ ပရိတ်သော်လည်းကောင်း အစွမ်းမထက်ဟုထင်စရာရှိပါ
တယ်။ အမှန်တော့ ကိုယ်နားလည်လိုက်တာက အော် တို့ အကုသိုလ်ကံ ကိုက ကြီးလွန်းလွန်း
အန္တရာယ်ကြုံရပါလားလို့။ ဒီလိုနားလည်သူ ကတော့ ရှားပါလိမ့်မယ်။
လောကရဲ့ ပြဿနာအားလုံးသည် နားလည်မှုလွဲမှား ခြင်းကြောင့်ဖြစ်ပါတယ်။
တစ်ချို့က ကိုယ်ချင်းစားတရားထားရမယ်တဲ့။ ကိုယ်က အရက်သောက်ချင်သလို သူလည်း အရက်
သောက်ချင်မှာပဲ လို့ ကိုယ်ချင်းစာတရားမျိုးတော့ စဉ်းစားသာကြည့်ကြပါတော့။ အော် နား
လည်ရမှာပါ အမှန်တရားကို အမှန်တရားကို နားလည်သောသူသည် အမှန်တရားကို မြတ်နိုး
တတ်လာမှာပါ။ မေတ္တာရဲ့မှန်ကန်မှု ကိုလည်း အပို့ခံရသောသူတွေ နားလည်မှသာ အစွမ်း
ထက်နိုင်ပါလိမ့်မယ်။ မေတ္တာဆိုတာ အေးချမ်းမှုပါပဲ။
မည်သို့ပင်ဆိုစေကာမှု သူ့ဘက်ကနားလည်သည်ပဲ ဖြစ်စေ၊ ဖွင့်ထားသည်ပဲဖြစ်စေ
ပိတ်ထားသည်ပဲဖြစ်စေ ပို့သသောသူတွင်ကား အေးချမ်းပါတယ်။ မေတ္တာပို့ခိုက် ကိလေသာကင်း
နေသည်။ ဒေါသမဖြစ်၊ အဒေါသဖြစ်နေသည်။ တစ်ခုရှိသည်မှာ သူ့ဘက်က မသိလို့ တံခါးပိတ်
လက်မခံလို့ မေတ္တာအလကားဖြစ်တယ်ဆိုပြီး စိတ်မပျက်ဖို့ပါ။ သူ့ဆီရောက်ရောက်၊ မရောက်
ရောက် By Name နှင့်ပို့သောအခါ 'သြဒိဿမေတ္တာ' ဖြစ်ပါတယ်။ ထို့ကြောင့် ပို့လိုက်ချင်ပါ
သည် သတ္တ၀ါခပ်သိမ်း တရားကိန်း အေးငြိမ်းချမ်းသာရှိပါစေ...............................။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
Tuesday, April 12, 2011
နူးညံစွာနေထိုင်သူ
အမိကျောင်းတော်ကြီးတွင် ဝေယျာဝေစ္စအဖြစ် အုတ်ခဲသယ်ရင်း လက်ဖ၀ါးမှာ
အရည်ကြည်ဖုလေးတွေဖြစ်လာတာ ကြည့်ပြီး နောင်တော်တစ်ပါးက ဆေးလူးပေးရင်း
စကားပြောဖြစ်ကြတယ်။ ညီ့လက်ကကလေးတွေက နူးညံလိုက်တာ အိမ်မှာဘာမှ မလုပ်
ခဲ့ရဖူးဘူနဲ့တူတယ် တဲ့။ ဟုတ်ပါတယ်။ စာရေးသူရဲ့ လက်ကလေးတွေ နူးညံတဲ့အကြောင်း
လက်နဲ့ ထိဖူးသူတိုင်းပြောကြတယ်။ သက်တမ်းတစ်လျှောက် ပေါက်တူးပေါက်၊ ထင်းခွဲ
မလုပ်ခဲ့လို့ ထင်ပါတယ်။ ဒါနဲ့ စာရေးသူက ပြန်ပြောလိုက်ပါတယ်။ ခုလည်း နူးနူးညံညံ
နေနေရတာပါပဲနော် လို့ဆိုတော့ လုပ်ပါအုံးဟ ဘယ်လိုနူးညံရတာလဲ ဒီလောက် အုတ်
ခဲသယ် ထင်းခွဲနဲ့လေ တဲ့။ သူ့ကိုဆက်ရှင်းပြမိတယ်။
တပည့်တော်တို့တတွေဟာ မြတ်စွာဘုရားရဲ့ နူးညံတဲ့ အမိန့်တော်အတိုင်း နေ
ကြတာ မဟုတ်လား။ အလွန်တရာ နူးညံတဲ့ ၀ိနည်းပညတ်ချက်တွေ အကြားမှာ နူးညံစွာ
နေထိုင်နေကြတာပဲလေ။ ဟုတ်ပါတယ်။ သာသနာတော်ဆိုတာ မြတ်စွာဘုရားက ဒီလို
လုပ်ရင် ဒီလိုအပြစ်ဖြစ်မယ်၊ ဟိုလိုလုပ်ရင် ဟိုအပြစ်ဖြစ်မယ်လို့ နူးညံစွာ ချမှတ်ခဲ့တဲ့
ပညတ်ချကက်များစွာရှိတဲ့ နေရာရယ်ပါ။ ဒါကြောင့် နူးညံ့စွာ နေထိုင်တတ်သူတွေသာ
နေနိုင် ရောက်နိုင်တဲ့ နေရာဖြစ်ပါတယ်။
ဘယ်လိုများနူးညံစွာ နေထိုင်တတ်ရမလဲဆိုရင်၊ ကြမ်းတမ်းစွာ ဖြစ်ပေါ်ပြိးသွား
တဲ့ ကိလေသာတွေကိုလည်း ပယ်ရပါမယ်၊ မဖြစ်သေးသော ကိလေသာတွေကိုလည်း
မဖြစ်အောင် နူးညံရပါမယ်။ နောက်တစ်ဖန် မဖြစ်သေးသော နူးညံတဲ့ ကုသိုလ်ဓာတ်
ကောင်းတဲ့ ဓာတ်တွေ ဖြစ်လာအောင် မိမိမှာ ရှိလာအောင်လည်း နူးညံ့ရပါမယ်။
ကောင်းတဲ့ ဓာတ်တွေ မိမိမှာ ရှိလာပြီဆိုရင်တော့ စိတ်ထားတွေနူးညံ့လာပါမယ်။
နူးညံတဲ့ စိတ်ဓာတ်တွေ မိမိမှာ ရှိလာပြီ ဆိုရင်တော့ အပြောအဆိုတွေကပါ နူးညံ
လာပြီပေါ့။ အပြုအမူတွေလည်း နူးနူးညံညံနဲ့ အပြစ်မဖြစ်ဘဲပြုမူနေထိုင်တတ်လာပြီ။
အော် ကောင်းတဲ့ ဓာတ်တွေနဲ့ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကာင်းတာကြံဖို့
အတွက် နူးညံစွာ နေတတ်ရပါမယ်။ တစ်နေ့တာ ပြောဆို လုပ်ကိုင်နေတဲ့ အပြု
အမူတွေ နူးညံဖို့ထက် (ကိုယ်ကာယ နူးညံဖို့ထက် ) နှလုံးသားထဲက မနောဓာတ်
ကလေး နူးညံစွာ နေတတ်ဖို့ အရေးကြီးပါတယ်။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
Monday, April 11, 2011
ဘယ်သူ့ကိုညာနေတာလဲ
ဝါကျွတ် သီတင်းကျွတ်ကျောင်းပိတ်ရက် ရက်ပြည့်လို့ကျောင်းပြန်ဖွင့်သောညမှာပဲ ဆရာသမားက သြ၀ါဒ
တစ်ပုဒ်ဆုံးမပါတယ်။ ခေါင်းစဉ်လေးက မင်းငါ့ကိုညာနေတာလား မင်းကိုယ်မင်းညာနေတာလား တဲ့။
သီချင်းစာသား လေးတစ်ခုပါ။ ကျွန်ုပ်ရဲ့ခေါင်းထဲမှာ လက်ကနဲ အတွေးလေးတစ်ခု စဉ်းစားမိခဲ့တယ်။ လောကမှာ
လူပုဂ္ဂိုလ်တွေဟာ တစ်ဦးနဲ့တစ်ဦး တစ်ယေက်နဲ့ တစ်ယောက် လှည့်စားနေကြတယ်။ ညာနေကြတယ်။
လိမ်နေကြတယ်။ ဘယ်လောက်ပဲ တစ်ဦးပေါ်တစ်ဦး ညာနေပါစေ သသူ့ကိုယ်သူတော့ ညာလို့မရပါဘူး။
သူလုပ် တာကို သူသိနေတယ်လေ။ သူ့ရဲ့ ကာယကံ၊ ၀စီကံ အို မနေကံ တွေအားလုံးကို သိနေပါတယ်။
သူတပါးကို ညာဖို့ အတွက် မိမိကိုယ်ကို မိမိ အရင်ပြန်ညာနေရတယ်လေ။ ဒါကိုပဲ သူက သူတပါးကို
ညာလိုက်နိုင်လို့ ၀မ်းသာနေသေး။ ငါ့ရဲ့လှည့်ကွက်ထဲ ဒီကောင်ဝင်သွားတယ်၊ ငါလည်လို့ အားလုံမသိအောင်
ညာလိုက်နိုင်တယ် ဆိုပြီး ဂုဏ်ယူနေသေးတယ်။ ကျန်းမာရေးကောင်းတဲ့သူက မကောင်းပါဘူးဆိုပြီး ညာတယ်။
စီးပွားရေးတွေ ကောင်းနေပါလျက်နှင့် သူတပါးကို ပေးရကမ်းရမှာစိုးလို့ မကောင်းပါဘူး ဆိုပြီး ညာတယ်။
တစ်ချို့များနိုင်ငံခြားထွက်ချင်တာနဲ့ ပညာတတ်ဘွဲ့ရတာကို ပညာမတတ်ဘွဲ့မရပါဆိုပြီး စာချုပ်စာတမ်းနဲ့ညာ
ကြသေးတယ်။
တစ်လောကလုံးကို ညာနိုင်ပါစေ မိမိညာတာ မိမိသိနေပါတယ်။ ညာဖို့အတွက်ကြိုးစားနေတဲ့ ကာယကံ၊
ဝစိကံ၊ မနောကံတွေ ဘယ်လောက် ပင်ပန်းလိုက်မလဲနော်။ ဟန်ဆောင်တာလူသိရင် အပူမိမတဲ့။ ဘယ်သူမှ
မသိပါဘူးထင်ပေမယ့် မိမိဆိုတဲ့ လူတစ်ယောက် သိနေတာကိုက အပူမိနေတာပါပဲ။
ဒါကြောင့်ဘုန်းတော်ကြီး မြတ်စွာဘုရားက " အလောက်အောင် ရိုးသားစမ်းပါ " လို့မိန့်မှာခဲ့တာပါ။ တစ်လောက
လုံးက လူ အလေးလို့ ထင်ရလောက်အောင် ရိုးသားပြလိုက်ပါ။ ဂုဏ်အပေါင်းတို့တွင် ရိုးသားမှုဂုဏ်ဟာ အသာ
ဆုံး အမြတ်ဆုံးပါပဲ။ ရိုးသားလို့၊ မညာဘဲနေရလို့ စိတ်အေးချမ်းလေတိုင်း ဘယ်သူ့ကိုများညာရနိုင်မလဲ ညာလို့
ရနိုင်မယ့်နေရာဆိုတာရှိပါ့မလားလို့ မေးမိတယ်။ ဒါကြောင့် အပါးလည်လို့ အပါယ်လားရမည့်
အဖြစ်ကနေ ရှောင်ပြီး ရိုးသားလို့တိုးပွားနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေလို့ ဆုတောင်းမိပါတယ်။
မောင်ပညာ ( ကေတုမတီ ) ပြည့်ပြည့်
Read more...
Sunday, April 10, 2011
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ - မှတ်မှတ်ရရ သြ၀ါဒများ
၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ် အောင်မြင် ကျော်ကြားတယ် ဆိုတာ အလကား၊
သေတော့ ကိုယ့်ရဲ့ သီလ သမာဓိ ကိုယ်ကျင့်သိက္ခာတွေကိုပဲ အားကိုးစရာ ရှိတယ်၊
၂။ သာသနာဆိုတာ ဘုရားအဆုံးအမ ကိုခေါ်တယ်၊ ဘုရား အဆုံးအမ ဆိုတာကလဲ
အနှစ်ချုပ်လိုက်ရင် သီလ သမာဓိ ပညာ သုံးပါးပဲ ရှိတယ်၊
၃။ ကိုယ်သိမ်မွေ့ပါ၊ နှုတ်ပြော ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ၊
၎။ မိဘတွေက သားသမီးတွေကို အမွေပေးတယ် ဆိုတာ ကိုယ်က ဘုရင်ဖြစ်လျင်
ဘုရင့်စီးစိမ်၊ သူဋ္ဌေးဖြစ်လျင် သူဋ္ဌေးစီးစိမ်၊ အနေနဲ့ တစ်ဘ၀ စာပဲ
ပေးနိုင်ကြတယ်၊ ဗုဒ္ဓအမွေကတော့ တသံသရာလုံး ကောင်းဖို့ ညွှန်ပေးနိုင်ခဲ့တယ်။
၅။ သံသရာ ဆိုတာ သေပြီးမှ တဘ၀ ကူးတာ မဟုတ်ဘူး၊ နာမ်ရုပ်တွေ အဆက်မပြတ်
ဖြစ်ပျက်နေတာကို ခေါ်တာပါ။
၆။ တစ်ဘ၀ ၏ ကိုယ့်အဖြစ်ကို မကြည့်ပါနှင့်၊ တစ်သံသရာ လုံးရဲ့
ကိုယ့်အဖြစ်ကို မြင်အောင် ကြည့်ပါ။
၇။ သတ္တ၀ါတွေဟာ ဒုက္ခရောက်တာကို ပြောနေကြတယ်၊ သွားနေတာက ဒုက္ခလမ်းပဲ၊ ဒီတော့
ဒုက္ခကြားက ဒုက္ခလောင်းဟာ ဒုက္ခကိုပဲ တွေ့ရတာပေါ့။
၈။ သံဝေဂ မပါလျင် တရားမရှာလေနဲ့၊ ရမှာ မဟုတ်ဘူး။
၉။ သတ္တ၀ါတွေဟာ ဒုက္ခ မရောက်သေးသမျှ မကြောက်ကြဘူး။
၁၀။လောကကြီးမှာ ဘယ်လောက် ကြီးကျယ် အောင်မြင် ကျော်ကြားနေပါစေ၊ သေခါနီးမှ
မျက်ရည် လည်ရရင် လူဖြစ်ရှုံးတာပါပဲ။
၁၁။ အမှတ်မဲ့ နေသူရဲ့ စိတ်ဟာ အကုသိုလ်ဖက် သွားနေသလို အကုသိုလ်တွေ
အကျိုးပေးဖို့အတွက်လဲ ထိုသူ့မှာ အဆင်သင့် ရှိနေတတ်တယ်။
၁၂။ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊
စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ
ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊
၁၃။ စိတ်နေ စိတ်ထား ဆိုတာ သေးသိမ်တဲ့ နေရာမှာ နေပြီး သေးသိမ်တဲ့
အလုပ်တွေကို မြင်နေ ကြားနေရရင် ကိုယ့်စိတ်ကလဲ သေးသိမ်လာပြီး ကြီးကျယ်တဲ့
အလုပ်ကို မြင်ရ ကြားနေရမှ ဓာတ်ကူး ပြီး ကြီးကျယ်လာတတ်တယ်၊
၁၄။ လူတွေဟာ ကိုယ့်ဥာဏ်က မမှီလျင် သူတပါး သိတာတွေကိုလဲ မယုံကြည်ကြ အမှန်
မထင်တတ်ကြဘူး၊
၁၅။ သူများ အပြစ်ကို မကြည့်ပါနဲ့၊ ကိုယ့်အပြစ် ကို မြင်အောင် ကြည့်ပါ၊
၁၆။ အရာရာမှာ ပထမ ဗဟုဿုတ ရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန်သလား
မမှန်သလား စုံစမ်းဖို့ နဲ့ စတုတ္ထက ၀ီရိယ နဲ့ အလုပ် လုပ်နေဖို့ပဲ၊
၁၇။ သန့်ရှင်းတဲ့ နား အကြားများတယ်၊ ကြည်လင်တဲ့ မျက်စိ အမြင် များတယ်၊
စင်ကြယ်တဲ့ စိတ်က အသိများတယ်၊
၁၈။လောကကြီးမှ ဂုဏ် ရှိဖို့ထက် ရှိပြီး ဂုဏ်ကို ထိမ်းသိန်း နိုင်ဖို့က ပိုခက်တယ်၊
၁၉။ ကိုယ့်ကို ပတ်ဝန်းကျင်က မချစ်ရင်တောင် မမုန်း ကြဖို့က ပိုအရေးကြီးတယ်၊
၂၀။ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီး ၀င်နေလျင် သူတပါးကို အထင်သေးတာ
သဘာဝ ပဲ၊ ဒါကို သတိထားစေချင်တယ်။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
Read more...
ထနောင်းရိပ် © 2008. Design By: SkinCorner