Thursday, January 26, 2012

မတူညီမှု ရှင်းတမ်း

                  ငယ်ငယ်ကတည်းက နားထဲခဏခဏကြားရတဲ့ စကားလေးတစ်ခွန်း
`လူချင်းတူပေမယ့် အသက်ရှုပုံ မတူတဲ့´။ ခုသေချာစဉ်းစားကြည့်တော့ မတူညီမှု
တွေများလာပါတယ်။ နေရာဒေသ၊  လူမျိုး၊ ပတ်ဝန်းကျင်၊ ထုံးတမ်းစဉ်လာပေါ်မူ
တည်ပြီး ဘာသာစကားတွေက မတူ၊ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ တွေက မတူ။ အ
စားအသောက်တွေကမတူ၊ ယုံကြည်မှုတွေကမတူ၊ ကိုးကွယ် အားထားရာတွေ
ကလည်း မတူကြ။ များသောအားဖြင့် ပညတ်နယ်တွင် မတူညီမှုတွေ များပါတယ်။
                 သတ္တ၀ါတွေဟာ တစ်ဘ၀ပြီး တစ်ဘ၀ သံသရာထဲ ပြေးလွှားလာခဲ့
ကြသည်မှာ ယောက်ျားဖြစ်လိုက်၊ မိန်းမဖြစ်လိုက်နှင့် မိမိပြုသော ကံအလိုက် အ
ကျိုးပေး မတူညီ ကွဲပြားခဲ့ကြတယ်။ သံသရာဘ၀ခရီးကြီးအထဲ ကံသတ္တိအရ အ
ကျိုးပေး မည်မျှပင် ကွဲပြားခဲ့ပါသော်လည်း တူညီမှုတစ်ခု ရှိခဲ့ကြတယ်။ သတ္တ၀ါ
အားလုံး မပြောင်းလဲသော ပရမတ္ထ တူညီခြင်းကား `ဒုက္ခသစ္စာ´ ရရှိခြင်းပါပဲ။
                 ဒုက္ခဆိုသောအကျိုးတရားသည် အကြောင်း သမုဒယသစ္စာကြောင့်
ရတာပါ။ ဒီ ကြောင်း ကျိုးသစ္စာတွေ ဘယ်မှာပြတ်မလဲ ဆိုတော့ နိရောဓသစ္စာ
မှာ ပြတ်မည်ပ။
                 နိရောဓ ဆိုက်ဖို့ ဘာလုပ်ရမလဲ ဆိုသော် တစ်ကြောင်းတည်းသော
ဧကောမဂ္ဂေါဆိုသည့် မဂ္ဂသစ္စာ၊ မဂ္ဂင် ရှစ်ပါး တစ်နည်းဆိုရရင် လောဘနဲ့ လည်း
မခင်၊ ဒေါသနဲ့လည်း မမြင်တဲ့ အလယ်အလတ် မဇ္ဈိမ ပဋိပဒါကျင့်ရမည်သာ။
                  ဘုန်းတော်ကြီး မြတ်စွာဘုရားရှင်က သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်
တရားကို ပေးသနားခဲ့၏။ ကိုယ်တိုင်လည်း ထိုကျင့်စဉ်၊ ထိုလမ်းဖြင့် နိရောဓမည်
ခေါ် နိဗ္ဗာန်တော်သို့ အပြီးတိုင် မျက်မှောက်ပြုသွား ခဲ့ပါပြီ။
                ယုံကြည်သူတို့က ဘ၀ကိုပုံအပ်ပြီး တဏှာကိုဖြတ် မြတ်သော အကျင့်
၏ ခေါ်ဆောင်ရာ နိဗ္ဗာန်ချမ်းသာ အရသာကိုခံစားသွားခဲ့ကြပြီ။
                မယုံကြည်သူတွေ၊ မယုံကြသေးသူတွေကတော့ သံသရာမှာ ခန္ဓာတွေ
ပွေ့ပိုက်လို့ အဖန်တရာမိုက်နေကြစဲ၊ ခရီးဆက်နေကြစဲ။
               မတူညီတာတွေပယ်ခွာ တူညီတာတွေ ဖွေရှာဖို့ နိဗ္ဗာန်လမ်းပေါ် ရောက်
လာသူတွေကတော့ တစ်ဦးနှင့် တစ်ဦး ဖေးမကူညီ၊ လက်တွဲညီလျက် ခရီးမဆက်
ဘဲ သံသရာခရီးကို ဖြတ်နေကြပါပြီ။ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဓမ္မ
မိတ်ဆွေ ကလျာဏ မိတ္တတွေ တူညီမှုတွေ ရကြမှာပါ။
              ဘာတူညီမှုတွေလည်းဆိုတော့ နိရောဓဆိုတဲ့ ချမ်းသာသုခ အစစ်ပါပဲ။
ဒါဟာလည်း မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေ တူနေလို့ပါ။ ဒါကြောင့် ဘုရားမြတ်စွာ
က `သမဂ္ဂါနံ တပေါ သုခေါ ´ တဲ့ အကျင့်တူသမျှ ချမ်းသာရဖို့ပါပဲလို့ ဟောကြားခဲ့
တာပါ။ အကျင့်တူဖို့ ကလျာဏ မိတ္တ အရေးကြီးပါတယ်။
                ဒါကြောင့် အသိတူ၊ အကျင့်တူပြီး အရတူဆိုတဲ့ နိရောဓ သုခ အတူရ
ကြပါစေလို့ ဆုတောင်းရင်း.................။

မောင်ပညာ ( ကေတုမတီ )

Read more...

Thursday, January 12, 2012

ပြာသိုလပြည့် အမေနေ့

             အမေနေ့ ဆိုတဲ့ ပြာသိုလပြည့်နေ့က အမေ့အကြောင်းတွေးမိတယ်။ စာရေးဆရာကြီး
ဘဘဦးသုခက ပြာသိုလပြည့်နေ့ကို ဘာကြောင့်များ အမေနေ့အဖြစ်သက်မှတ်ခဲ့တာပါလိမ့်။
အကြောင်းတော့ရှိမှာပေါ့။ ဒါပေမယ့် ကိုယ့်အတွေးနဲ့ကိုယ်စဉ်းစားကြည့်တယ်။ ပြာသိုလဆိုတာ
ချမ်းတဲ့အေးတဲ့ လ မဟုတ်လား။ ထိုလမှာ အမေရဲ့မေတ္တာအနွေးဓာတ်နဲ့ဆို သားသမီးတိုင်းရင်
မှာ နွေးထွေးသွားမှာပါ။
              ငယ်ငယ်က ပြာသိုလပြည့်နေ့မှာ စပ်ဆိုခဲ့ဘူးတဲ့ စာကြောင်းလေးတွေပါ ခေါင်းထဲဝင်
ရောက်လာတယ်။ “ချမ်းအေးကဲပို လပြာသိုထဲ အမေမွေးဖွား အမေ့သား ” ဆိုပြီး ငယ်ငယ်က
အမေ့ကိုလွမ်းရင် အဲ့လို စာတို စာစလေးတွေရေးဖြစ်တယ်။ ခုနောက်ပိုင်း လေ့လာစရာစာပေ
တွေများလာသလို လုပ်စရာအလုပ်တွေကလည်း များလာ၊ ဒါနဲ့ အမေ့နေ့မှာ အမေ့အတွက်
ကဗျာလေးတွေတောင် မစပ်ဖြစ်ခဲ့ဘူး။ ဒါပေမယ့်လို့လည်း လပြာသိုရောက်ပြီဆိုသည်နှင့်
အမေ့ အကြောင်းစဉ်းစားမိတယ်။
              မိဘမေတ္တာဆိုတာ ကြီးမားတယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒါကိုစာဖွဲ့ရင်လည်း
ငယ်ငယ်က စာစီစာကုံးမှာရေးသလို မြင်းမိုရ်တောင်ကြီးနဲ့ ထွက်သစ်စ လခြမ်းလေးလိုပဲတဲ့။
ဒါငယ်ငယ်က ရေးခဲ့တာပေါ့။ ဒါပေမယ့် မြင်းမိုရ်တောင်လည်း ကိုယ်မမြင်ဖူးချေ။ ဘာကြောင့်
များမြင့်မိုရ်တောင်ကို ရေးချင်ခဲ့မိလည်းဆိုတာ ခုစဉ်းစားကြည့်တယ်။ ဒါက ဘုရားရှင်ကိုယ်
တော်မြတ်ကြီး ပေးခဲ့သော ဥပမာရယ်ပါ။
               ဘုရားပေးတဲ့ ဥပမာကိုတော့ ထပ်မညွန်းတော့ပေမယ့် အများတွေးနဲ့ အတွေးလေး
နဲ့ပြောပြချင်တယ်။ “တစ်လုပ်စားဖူး သူ့ကျေးဇူး” လို့ အားလုံးပြောဆိုကြ သိကြပါတယ်။ တစ်
လုပ်စားဖူးရင်တောင် ကျွေးသူဟာ ကိုယ့်ကျေးဇူးရှင်ပါ။ ခုရွယ်ရောက်တဲ့အထိကျွေးမွေးလာတဲ့
ကျေးဇူးဆိုတာတော့ ပြောမနေနဲ့တော့။ ဘယ်လောက်တောင်များလိုက်သလဲ။ သားသမီးအ
ပေါ်ချစ်သည်ကား ပေတံမရှိချေ။ နှိုင်းယှဉ်စရာမရှိပါပေ။ ဒါကြောင့်လည်း အပ္ပရိမာနံ တဲ့
မေတ္တာသုတ်ထဲတွင် ဘုရားရှင်ဟောကြားခဲ့သည်။
                အမေဆိုတာ အမျိုးသမီးတစ်ရပ်လုံးရဲ့ ရနိုင်တဲ့ ရပိုင်ခွင့် နာမည် သင်္ကေတပါ။ ရဟန်း
တော်တွေမှာတော့ လူ့လောကထဲရောက်လာအောင် မွေးပေးခဲ့တဲ့ ပကတိမယ်တော်ရှိသလို၊
ရဟန်းဘ၀ ရောက်ရှိအော် ပရိက္ခရာ ရှစ်ပါးနဲ့ ထောက်ပံ့ပြီး သိမ်ထဲကမွေးပေးလိုက်တဲ့ ရဟန်း
မယ်တော်ဆိုတာ ရှိပါတယ်။ ရဟန်းပရိက္ခရာမပြည့်စုံရင် ရဟန်းမဖြစ်ပါ။ ဒါကြောင့် ဒါကို လှူဒါန်း
ပေးလိုက်တဲ့ ရဟန်းမယ်တော်ဆိုတာလည်း ရဟန်းအတွက် အမေပါပဲ။
                 အမျိုးသမီးထုကြီး ဂုဏ်တက်စေတာ ဒီအမေတွေကြောင့်ပါ။ တစ်ခါက မြတ်စွာဘုရား
ကို အရှင်အာနန္ဒာက လျှောက်ဖူးပါတယ်။ အရှင်ဘုရား မာတုဂါမတွေရဲ့ အာရုံဟာ ရဟန်းတွေ
အတွက် အလွန်ပင်ကြီးမားတဲ့ အနှောက်အယှက် ဖြစ်ပါတယ်တဲ့ ဒါကြောင့် ဘယ်ကဲ့သို့ နေထိုင်
သင့်ပါသလဲ ဆိုတာ မိန့်တော်မူပါဘုရား ဆိုပြီး လျှောက်တယ်။ ဒီတော့ ဘုရားမြတ်စွာက ချစ်သား
မာတုဂါမတွေကို မမြင်၊ မတွေ့အောင်နေပါတဲ့။ အဲ မြင်ပြီ တွေ့ပြီး ဆိုလျှင် မကြည့်မိအောင် နေပါ
မြင်ပြီ တွေ့ပြီ ကြည့်မိပြီ ဆိုလျှင် တခြားစိတ်မထားဘဲ ကိုယ့်ရဲ့ မွေးမိခင်၊ မောင်နှမ စိတ်နဲ့ ပြော
ဆိုဆက်ဆံ နေထိုင်ပါတဲ့။ ဒါဟာ မြတ်စွာဘုရားရှင်ပေးတဲ့ မာတုဂါမတွေနဲ့ ပြောဆိုဆက်ဆံနည်း
ပါ။
                  သဒ္ဓါတရားပိုတာဟာ အမျိုးသမီးများရယ်ပါ။ ဆွမ်းလောင်းရင်လည်းပဲ တွေ့မြင်ကြုံဆုံ
ရ၊ တရားပွဲတို့ တရားစခန်းတို့မှာလည်းပဲ အမျိုးသမီးတွေက များတာပါ။ ဒီတော့ တွေ့နေ မြင်နေ
ကြုံနေ ဆုံနေ ရတာ၊ မြတ်စွာဘုရားပေးသော ကိုယ့်မိခင်လို့ နှလုံးသွင်းသောအခါ၊ ကိုယ့်မယ်တော်
အကျိုးရှိအောင် ဘယ်လိုနေ၊ ဘယ်လိုပြော၊ ဘယ်လိုကျင့်ပေးရင် အကျိုးရှိမလဲဆိုတာ စိတ်ထဲဖြစ်
လာပါတယ်။ ဒါဟာ ရဟန်းတော်တွေ အထူးသဖြင့် အမေချစ်တဲ့ သားရဟန်းတွေ ဆိုလျှင် ကျင့်စရာ
အကောင်းဆုံးတရားပေါ့။ ဒါကြောင့် ပြာသိုလပြည့် အမေနေ့ဝယ် အမေနှင့်တူလှစွာသော အမျိုး
သမီးများအတွက် ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ် အမေအပေါင်းတို့.........................။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ............................။

မောင်ပညာ ( ကေတုမတီ )

Read more...

Saturday, December 24, 2011

အထားမှားသော စိတ်

             တစ်နေ့က ဒကာမတွေလာရင်း တရားစကားမေးကြ မြန်းကြရင်း စိတ်ထဲဖြစ်မိတာလေး
ကို စာအဖြစ်ပြောင်းလိုက်တာရယ်ပါ။ တစ်ယောက်ကမေးတယ် မြတ်စွာဘုရားရှင်က အရှင်ဒေ၀ဒတ်
ကို တရားရအောင် ဘာဖြစ်လို့များ တရားမဟောရတာလဲတဲ့။ ဒေ၀ဒတ် ငရဲကျမှာ သိလျက်နဲ့ မ
ကယ်ဘဲ ထားသလို ဖြစ်မနေဘူးလားဆိုပြီး မေးပါတယ်။ ဒါနဲ့ သူသဘောကျ ကျေနပ်အောင် ပြန်
ဖြေပေးလိုက်တယ်။ အဲ့နေ့က မပြောလိုက်မိတဲ့ ဥပမာလေးကို ခုစာထဲမှာတော့ ထည့်ပြီးရေးဖြေ
လိုက်ပါတယ်။
               တစ်ခါက မြတ်စွာဘုရားရှင်ဆီကို ပုဏ္ဏားကြီးတစ်ယောက်လာပြီး မေးခွန်းတစ်ခု မေးပါ
တယ်။ ဘုရားဂေါတမဟာ တရားဟော အလွန်တရာကို ကျွမ်းကျင်တယ်လို့ သူကြားပါတယ်တဲ့
ထိုသို့ ကျွမ်းကျင်တာကြောင့် ဘုရားဟောသမျှလူတွေသည် ကျွတ်တမ်းဝင်သွားကြသလား၊
ကောင်းသောဘုံဌာနတွေဆီ ရောက်ကြပါသလားလို့ မေးပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်က
မေးခွန်းလေးတစ်ခု ပြန်မေးတယ်။ ပုဏ္ဏားကြီး သာဝတ္ထိမြို့ဆိုတာလည်း ရှိတယ် သာဝတ္ထိမြို့ကို
သွားတဲ့ လမ်းဆိုတာလည်းပဲ ရှိတယ်။ ပုဏ္ဏားကြီးကို လူတစ်ယောက်က သာဝတ္ထိမြို့ကိုဘယ်လမ်း
ကသွားရပါသလဲဆိုလျှင် ပုဏ္ဏားကြီးဟာလမ်းသိတော့ ဒီလမ်းကသွားရင် သာဝတ္ထိကိုရောက်မယ်
ဒီလမ်းကသွားပါဆိုပြီး လမ်းညွှန်လိုက်တယ်။ အဲ့ဒီလူက ထိုညွှန်ပြတဲ့လမ်းကို မသွားဘဲ တခြားသော
လမ်းကို သွားမယ်ဆိုလျှင် သာဝတ္ထိမြို့ရောက်ပါ့မလားတဲ့။
                အရှင်ဘုရားရယ် လမ်းညွှန်တဲ့သူက ဒီလမ်းကသွားရောက်ပါတယ်လို့ ညွှန်တာတောင်
တခြားလမ်းကိုသွားတာ ဘယ်လိုလုပ်ပြီး သာဝတ္ထိမြို့ကိုရောက်ပါ့မလဲ။
                ဟုတ်တယ်ပုဏ္ဏား အဲ့ဒီလိုပါပဲ ငါဘုရားက ဒီလမ်းကသွားရင် နိဗ္ဗာန်ကို ရောက်မယ်လို့
ဆိုပေမယ့် ငါဘုရားပြောတဲ့အတိုင်းလိုက်နာ ကျင့်သုံးပြီး ထိုလမ်းကိုလျှောက်သူတွေသာ ရောက်
တယ်၊ ဆန့်ကျင်ဘက်လမ်းကို လျှောက်ရင်တော့ ဘယ်လိုလုပ်ပြီး ရောက်နိုင်မတုန်း၊ တကယ်
တော့ ငါဘုရားဟာ လမ်းညွှန်မှုကိုပဲ ပေးနိုင်တာ ကျင့်သုံးသည် မသုံးသည်က ထိုလမ်းမေးသူ၏
အလုပ်ပေပဲလို့ ဖြေကြားခဲ့တဲ့ အဖြေလေးကို အတော်လေးသဘောကျနှစ်သက်ခဲ့တာပါ။
                  ခုလည်း မြတ်စွာဘုရားရှင်ဟာ အရှင်ဒေ၀ဒတ်ကို သူများနည်းတူ တရားတွေဟော
တာပါပဲ။ အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရှင်တောထွက်တော်မူကတည်း အမြင်မကြည်လင်
ခဲ့တာ နှမဖြစ်သူကို ထားပြီးတစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းသွားတယ်လို့ အထင်မှားခဲ့တာပါ။
သာသနာ့ဘောင်ထဲရောက်လို့ သင်္ကန်းဝတ်ပြီးတဲ့အခါမှာလည်း သူ့ရဲ့စိတ်ကလေးကို နေရာ
အထားမှားခဲ့တယ်။ ဘယ်လိုနေရာမျိုးတျွေမှာထားခဲ့သလဲဆိုတော့ ကျော်ကြားချင်တဲ့နေရာ
လာဘသက္ကာယ ပူဇော်မှုတွေအပေါ်မှာပေါ့။ အတူတူသာသနာ့ဘောင်ဝင်ခဲ့တဲ့ အရှင်အာနန္ဒာ
အရှင်အနုရုဒ္ဓာတို့ကို ဒကာဒကာမတွေက ပူဇော်မှုတွေပြုပြီး မိမိကိုတော့ ဘယ်သူမှမသိဘူး
ဘုရားရှင်ကလည်း နေရာပေးတော့ ယောက်ဖဖြစ်တဲ့ မိမိကိုမပေးဘဲ အရှင်သာရိပုတ်တို့ကို
ပေးတယ်ဆိုပြီး အထားမှားသော စိတ် နဲ့ ပြစ်မှားခဲ့တယ်။
                   နေရာရဲ့ အဓိပ္ပါယ်ကို သေချာမသိလေတော့ စိတ်အထင်နဲ့ အတ္တအမြင်ကို အရောင်
တင်ခဲ့တာပေါ့။ နောက်ဆုံးမှာ မပြုသင့် မပြုထိုက်တဲ့ ကံကြီးတွေပြု ဘုရားကိုအံ့ပြုကာ ဘုရား
တစ်ဆူလုပ်ပြီး သံဃာပရိသတ်ကို လုယူခဲ့တယ်။ ဒါတွေဟာ သံသရာတစ်လျှောက် မကျေနပ်
ခဲ့သမျှကို အထားမှားတဲ့ စိတ်နဲ့ ပြုတာပေါ့။ နောက်ဆုံး အထားမှားတဲ့ စိတ်က စိတ်ထားမှားတဲ့
သူ့ကို အပါယ်ငရဲ ကျစေခဲ့တာပါပဲ။ ဘုရားရှင်က မလုပ်သင့်လို့ မလုပ်သင့်ဘူး ပြောခဲ့ပါတယ်။
သို့သော်လည်း ဒီဘက်လမ်းကိုမှ လျှောက်ချင်နေတဲ့သူကတော့ လမ်းမှန်ပြသူကို တာ့တာလို့
ပြောပြီး မိမိလျှောက်လိုသည့် လမ်းသို့သာလျှောက်လှမ်းမှာပါ။ လမ်းညွှန်ပြသူဟာ ကိုယ်ညွှန်ပြ
တဲ့ မသွားလို့လည်း ၀မ်းနည်းစရာမလိုပါဘူး၊ သွားလို့လည်း ၀မ်းသာဖို့မဟုတ်ပါဘူး။ တကယ်
တော့ လမ်းညွှန်သူဆိုတာ လမ်းညွှန်သူ တစ်ယောက်ပဲ မဟုတ်လား ။                 ။

လိုရာပြည့်ကာ တည်ကြည်စွာ ပညာတိုးပါစေ...............။

မောင်ပညာ ( ကေတုမတီ )

Read more...

Thursday, December 22, 2011

အချစ်ပဲ လိုတယ်

             သီလရှင်ဝတ်ချင်ပါတယ် ဆိုပြီး ရောက်လာတဲ့သူတစ်ယောက် အကြောင်းပြုပြီး
ဒီဆောင်းပါးလေး ရေးဖြစ်ခဲ့တာပါ။ ဒီ အချစ်ပဲလိုတယ် ဆိုတဲ့စာသားလေးကို ကြားတာတော့
ကြာပါပြီ။ ဘာနဲ့ ပတ်သက်ပြီးရေးလျှင် ကောင်းမလဲလို့ စဉ်းစားနေတာရယ် အကြောင်းအ
ရာရယ် မတွေ့သေးတာနဲ့ မရေးဖြစ်ခဲ့တာ။
            သီလရှင် ၀တ်ဖို့ သင့် မသင့် ဆိုတာ လာမေးတာနဲ့ ကိုယ်သင်္ကန်းဝတ်စဉ်က ဆုံး
ဖြတ်ချက်ချခဲ့တဲ့ အကြောင်းလေးတွေ နှလုံးပြန်သွင်းမိတယ်။ မိမိသင်္ကန်းဝတ်မည်ဆိုတုန်းက
သူငယ်ချင်းတွေက မိဘကို လုပ်မကျွေးဘဲ ၀တ်သွားရင် တစ်ကိုယ်ကောင်းဆန်ရာရောက်မယ်
ဆိုပြီး တားကြတယ်။ ထိုသို့ တားနေသည့်ကြားကပဲ သာသနာ့ဘောင်ရောက်လို့ ရဟန်းဘဝ
ရောက်ခဲ့တယ်။ ထို အချိန်က မိဘဆိုတာကို တကယ်မချစ်တတ်လျှင် ဒီနေရာမှာ တကယ်မချစ်
တတ်လျှင်လို့ သုံးထားတာလေးကို သတိထားမိပါစေ။
             ဒါဘာကို ပြောချင်တာလဲဆိုတော့ တကယ်မိဘကို ချစ်လျှင် ရဟန်းမယ်တော်ဘဝ
ရောက်အောင် ပို့နိုင်ရပါမယ်။ ဖြစ်နိုင်ခဲတဲ့ ရဟန်းမယ်တော်ဆိုတဲ့ ဘ၀ရောက်အောင် လုပ်ပေး
မှ တကယ်ချစ်တတ်တာပါ။ မိဘ နဲ့ သားသမီး တွေကြား၊ ဆရာနဲ့ တပည့်တွေကြား ၊ မိသားစု
တွေကြားမှာ တကယ်ဆိုလျှင် အချစ်ပဲ လိုပါတယ်။ ဘာအချစ်လဲ ဆိုတော့ စစ်မှန်တဲ့ အချစ်ပါ။
အတ္တအချစ်မဟုတ်တဲ့ မေတ္တာချစ်ပါ။
              ထိုအချိန်ကတော့ မယ်တော်ကြီးကိုချစ်တဲ့ အချစ်ရော နောက် အချစ်တစ်ခုကတော့
သာသနာကိုချစ်တဲ့ အချစ်ရောပဲ။ ဟုတ်ပါတယ် ။ သာသနာ့ဝန်ထမ်း ရှင်၊ ရဟန်းဘ၀ရောက်ဖို့
ဆိုတာ သာသနာကို ချစ်တဲ့ အချစ်မရှိဘဲ မရောက်နိုင်ပါဘူး။ သာသနာကို ချစ်တဲ့ အချစ်တစ်ခု
တည်းနဲ့ သာသနာ့ ဘောင်ရောက်နိုင်ပါတယ်။ သာသနာတော်ထဲရောက်ဖို့ဆိုတာ အကယ်ဆို
ရင် သာသနာကို ချစ်တဲ့ အချစ်ပဲလိုပါတယ်။ သာသနာကို မချစ်ရင် သာသနာထဲရောက်လဲ အ
ပြစ်တွေကို လုပ်မိ၊ ပြောမိ၊ မြင်မိတတ်ပါတယ်။
               သာသနာဆိုတာ မြင့်မြတ်သူတွေရဲ့နေရာ လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် ငယ်
စဉ် ကတည်းက သာသနာကို မြတ်နိုးတန်ဖိုးထား ချစ်ခဲ့တာ။ ထို ချစ်တဲ့ အချစ်တွေနဲ့ပဲ သာသနာ့
အလုပ်တွေ လုပ်ဖြစ်ခဲ့တယ်။ သာသနာတော်မှာနေချင်ခဲ့တယ်။ ဒါကြောင့် သာသနာတော်ထဲဝင်
ရောက်ချင်ပါတယ်ဆိုရင် အချစ်ပဲ လိုတယ် လို့ ပြောပြမိခဲ့တယ်။ ချစ်တတ်တဲ့ သူအတွက်တော့
အချစ်ဆိုတာ ဆေးပါ။ မချစ်တတ်သူတွေ အတွက်တော့ အချစ်ဆိုတာ ဘေးပါပဲ။
               သာသနာကို ချစ်တတ်ခဲ့သော မိမိအတွက် သာသနာဆိုတာ မှီခိုအားထား လေးစား
တန်ဖိုးထားစရာကြီးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သာသနာတော် စတင်တည်ထောင်ခဲ့သော မိမိ
တို့ရဲ့ ဘုရားမြတ်စွာဟာ လောကသုံးပါးမှာ အတုမရှိတဲ့ ပုဂ္ဂိုလ်မြတ်ပါ။ ထိုသို့သောသူမျိုးက
တည်ထောင်ခဲ့ပြီး မြင့်မြတ်သောသူများ မြင့်မြတ်သောနေရာသို့ ရောက်အောင် ပို့ဆောင်ပေး
နေတဲ့ သာသနာတော် ဒါတွေကို သိပြီးချစ်တတ်မှ သာသနာတော် တန်ဖိုးကိုသိမှာပါ။ ဒါကြောင့်
သာသနာတော်ကို ၀င်ရောက်ချင်တယ်ဆိုလျှင် အချစ်ပဲလိုပါတယ်လို့ ပြောလိုက်ချင်တော့တယ်။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )

Read more...

Sunday, December 18, 2011

မွေးနေ့ မှာတမ်း

             ဒီကနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ ကျေးဇူးရှင်မွေးမိခင်ရဲ့ အသက် ၆၀ ပြည့်
မွေးနေ့ရယ်ပါ။ ဒါကြောင့် ဘာလေးအကျိုးရှိတာပြောပေးရင်ကောင်းမလဲလို့ တွေးပြီး ဒီစာ
မူလေး ရေးပြီး ကျေးဇူးဆပ်လိုက်ပါတယ်။
             ငယ်စဉ်ကလေးဘ၀ကတည်းက အဆုံးအမပေါင်းများစွာရဲ့အောက်မှာ ရှင်သန်ခွင့်
ရရှိခဲ့တာဟာ ဒီမိသားစုထဲ လူဖြစ်ခွင့်ရရှိခဲ့လို့ပါ။ ဒီ အဖေ ဒီ အမေ နဲ့ ဆုံတွေ့ခွင့်ပေးခဲ့တဲ့
ကံတရားကို ကျေးဇူးတင်ရမှာပါ။ ဘုရားရှင်ရဲ့အဆုံးအမ တွေနဲ့ သားသမီးတွေ အပေါ်ဆုံးမ
ပဲ့ပြင်ပေးကာ ဘ၀လမ်း မမှားအောင် ထိန်းကျောင်းပေးခဲ့ ပဲ့ကိုင်ရှင် ကျေးဇူးရှင် မွေးမေမေ
ဟာ မိမိကို အဆုံးအမတွေ ရဟန်းဘောင်ရောက်တဲ့အထိ ပေးခဲ့ပါတယ်။
              နှုတ်နဲ့ဆုံးမတာတွေ ရှိသလို စာရေးပြီး ဆုံးမတာလေးတွေလည်း ရှိခဲ့ပါတယ်။
မွေးမေးရဲ့ မွေးနေ့ မှာတမ်းအဖြစ် မွေးမေပေးခဲ့သော အဆုံးအမလေး သုံးကြောင်းကိုပဲပြန်
ပြီး မျှဝေပေးလိုက်ပါတယ်။ ငယ်စဉ်က ညအိပ်ယာဝင်တိုင်း မနက် အိပ်ယာထတိုင်း မြင်နေကျ
စာတမ်းလေး သုံးကြောင်း ရှိပါတယ်။ အိပ်ယာရဲ့ ညာဘက်နံရံမှာ အမေရေးထားတဲ့ စာတမ်း
လေး သုံးကြောင်းဟာ ခုထက်ထိ မိမိရဲ့ မျက်ဝန်းအိမ်ထဲကနေ ထွက်ခွာမသွားသေးပါဘူး။
              ရုပ်ကို ထိန်းတော့ စိမ်းလန်းရာ၏။
              နှုတ်ကို ထိန်းတော့ သိန်းသန်းတန်၏။
              စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏။
           ဒီစာလေး သုံးကြောင်းကို အိပ်ယာရဲ့ နံဘေးရေးထားတာ နေ့တိုင်းဖတ်ပြီး ရုပ်ကို
ထိန်းရင် ဘာကြောင့် စိမ်းလန်းတာလဲ ? နှုတ်ကို ထိန်းရင် ဘာကြောင့် သိန်း သန်း တန်သလဲ ?
စိတ်ကို ထိန်းတော့ ဘာကြောင့် ငြိမ်းချမ်းသလဲ ? ဆိုတာတွေ အဖြေရှာမရခဲ့ပါဘူး။ ဒါပေမယ့်
ခုတော့ နားလည်စပြုလာပါပြီ။ ရုပ် တရားလို့ ခေါ်တဲ့ အရာတွေကို စောင့်ရှောက်ထိန်းသိမ်းမယ်
ဆိုရင် စိမ်းစိမ်းလန်းလန်းနဲ့ ဆိုပြေလာပါမယ်။ ခန္ဓာကိုယ်ရုပ်ကိုပဲ ထိန်းထိန်း အပြင်ရုပ်တရားကို
ပဲထိန်းထိန်း ရုပ်ကို ထိန်းလိုက်မယ်ဆိုရင် စိမ်းလန်းပါတယ်။
           နှုတ်ကို ထိန်းလိုက်တော့ သိန်းသန်းတန်ပါတယ်တဲ့။ ဟုတ်ပါတယ် နှုတ်ကြောင့်သေ လက်
ကြောင့်ကြေ ဆိုတဲ့ မြန်မာစကားပုံ တစ်ခုလည်းရှိတာပဲ။ နှုတ်ကို မထိန်းသိမ်းလို့ သေတဲ့ အဆင့်
အထိဖြစ်နိုင်ပါတယ်။ နှုတ်ကို ထိန်းသည့်အတွက်ကြောင့် တစ်သိန်းမက တစ်သန်းမက တန်ဖိုးရှိ
သွားပါတယ်။ ဒါကြောင့် နှုတ်ကို ထိန်းတော့ သိန်းသန်းတန်ပါ၏။ လူအများစုဟာ ကိုယ်ကိုထိန်းနိုင်
ရင်ထိန်းနိုင်မယ် နှုတ်ကိုတော့ မထိန်းနိုင်ကြဘူး။ တစ်နေ့ တစ်နေ့ နှုတ်နဲ့ အကုသိုလ်ကမ္မပထ
တရားတွေ အများကြီးပြုလုပ်ဖြစ်ကြတယ်။ နှုတ်နဲ့ အကုသိုလ်လုပ်ဖို့ လွယ်ကူကြတယ်လေ။ ဒါ
ကြောင့် နှုတ်ကိုသာထိန်းရင် သိန်း သန်း မကတန်ပါတယ်။
           နောက်တစ်ခုက စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏တဲ့။ လူတိုင်းလူတိုင်း ငြိမ်းချမ်းချင်
ကြပါတယ်။ ငြိမ်းချမ်းရာနေရာကို ရှာဖွေနေကြပါတယ်။ တစ်ချို့ကပြောတယ် အရှင်ဘုရားတို့
ကျောင်းလာရတာ အရမ်းငြိမ်းချမ်းတာပဲတဲ့။ ပတ်ဝန်းကျင်ငြိမ်းချမ်းလို့ ကိုယ်လည်းအငြိမ်းဓာတ်
ရတာရှိပါတယ်။ အဲ ကိုယ်က ငြိမ်းချမ်းအောင်နေလို့ ငြိမ်းချမ်းတာလဲ ရှိပါတယ်။ တစ်ချို့ကသူ
များငြိမ်းရင် လိုက်ငြိမ်း သူများပူ လိုက်ပူ ဆိုတာမျိုးလည်းရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အနည်းနဲ့
အများဆိုသလို ငြိမ်းချမ်းချင်ကြတာချည်းပါပဲ။ ငြိမ်းချမ်းချင်လျှင် စိတ်ကိုထိန်းပါတဲ့...............။
ကိုယ့်စိတ်ကလေး ငြိမ်းနေရင် သူများဘယ်လောက်ပူပူ ကိုယ်လည်းငြိမ်းချမ်းနေမှာပါပဲလေ။
             စိတ်ကလေးက လောဘကြောင့်ပူ၊ ဒေါသကြောင့် ဆူ၊ မောဟကြောင့် လေနေရတာပါ။
ဒါကိုကိုယ်က လောဘဘက်လည်း မယိမ်းအောင်၊ ဒေါသဘက်လည်း မတိမ်းအောင်၊ မောဟနဲ့
လည်းမမှောက်အောင် ထိန်းမယ်ဆိုရင် ငြိမ်းချမ်းရာပေါ့။ တကယ်နေကြည့်ပါ အေးချမ်းပါတယ်။
မွေးမယ်တော်ကျေးဇူး ဒီနေ့ထိ စိတ်ထဲသတိရမိနေတဲ့ စာကြောင်းလေး သုံးကြောင်းရယ်ပါ။
ကိုယ်ကော ကိုယ့်အိမ်ကလူတွေ၊ ကိုယ့်ရုံးကလူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ငြိမ်းအေး
စေချင်လျှင် ကိုယ်ကိုယ်တိုင် ငြိမ်ချမ်းချင်လျှင် စိတ်ကို ထိန်းကြပါ။
              ဒါနအမှု၊ သီလအမှု၊ ဘာဝနာအမှုတွေနဲ့ ထိန်းလို့ ရပါတယ်။ လောဘကို နိုင်တာ
အလောဘ၊ ဒေါသကို နိုင်တာ အဒေါသ၊ မောဟကို နိုင်တာ အမောဟ။ ဒါတွေသိပြီး ကိုယ့်စိတ်
လေးမပူအောင်ထိန်းနိုင် ရပါမယ်။ ထိန်းနိုင်ရင် ထိန်းနိုင်သလောက် အေးချမ်းပါတယ်။ ငြိမ်းချမ်း
ပါတယ်။ အော် ငယ်ငယ်ကတည်းက မြင်နေရတဲ့ စာကြောင်းလေးသုံးကြောင်း မယ်တော်ကြီးက
ဘာမှမပြောဘဲ နံရံပေါ်ရေးထားခဲ့ပေမယ့် ကိုယ့်အတွက်တော့ အလွန်တရာကောင်းမွန်တဲ့ အဆုံး
အမတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဆုံးအမ ဆိုသည်မှာကား နှုတ်ကထုတ်ပြောပြမှ မဟုတ်
ကိုယ်ကိုယ်တိုင်နေပြပြီးလည်း ဆုံးမရမယ်၊ သူအသိတရားဖြစ်နိုင်အောင် ပြောပြပြီးလည်းဆုံးမရ
မယ်။ နောက် ပတ်ဝန်းကျင်ကို ညွှန်ပြပြီးလည်း ဆုံးမတတ်ရပါမယ်။
               ဘုရားရှင်ကိုယ်တော်မြတ်ကြီး တရားဟောကြားခဲ့သော နည်းများသည်ကား ထိုကဲ့သို့
သောနည်းများပင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များသည်လည်း မိမိတို့ရဲ့ နောင်
လာနောက်သားများကို အဆုံးအမပေးရာတွင် ကိုယ့်စကားနွားရ မဟုတ်စေဘဲ ကလေးသူငယ်များ
လက်ခံနိုင်မည့် အသုံးအနှုန်းအပြောအဆို အတွေးအခေါ်များနှင့် ဆုံးမကြပါလို့ တိုက်တွန်းလိုက်
ရင်း မယ်တော်ကြီးအား မွေးနေ့မှာတမ်း အဖြစ်................
                ရုပ်ကို ထိန်းတော့ စိမ်းလန်းရာ၏။
                 နှုတ်ကို ထိန်းတော့ သိန်းသန်းတန်၏။
               စိတ်ကို ထိန်းတော့ ငြိမ်းချမ်းရာ၏။                ။

ငြိမ်းချမ်းသော စိတ်ထားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ.....................။

မောင်ပညာ ( ကေတုမတီ )



Read more...

Friday, December 16, 2011

မသိမသာ

             လောကလူအများ အပြောများ အဆိုများတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ မသိမသာ လေးပါတဲ့။ဘာလေးလုပ်လုပ် မသိမသာ လေးဆိုတာကို ပြောဆိုလေ့ရှိကြတယ်။ အနည်းနဲ့အများဆိုသလိုသုံးစွဲကြတယ်။ဘာကို ဆိုလိုသလဲ၊ ဘာအကြောင်းကြောင့် ပြောသလဲ ဆိုတာကိုတော့ သိသူလည်း နည်းကြတယ်။ စကားအဓိပ္ပါယ်ကိုသေချာစဉ်းစားကြည့်လျှင်ကား
မသိ မသာ တဲ့....။
             တစ်ချို့က မသိမသာလေးပါဟယ် ဘာမှ မဖြစ်ပါဘူး ဆိုပြီး သုံးတတ်ကြတယ်။ အင်း တရားထိုင်ရင်တောင်မှ ဟယ် ထိုင်လို့ကောင်းလိုက်တာ ထိုင်လို့ ထိုင်နေမှန်းတောင် မသိသာ
ဘူးတဲ့.....။ ကိုယ်လုပ်သည့်အလုပ်သည် လုပ်လို့လုပ်မှန်းမသိသာမှတော့ ဘယ်ကောင်းပါ့
မလဲနော်။ အလုပ်ဆိုတာ လုပ်ရင် လုပ်သလောက် သိသာရပါမယ်။ တရားတစ်ပုဒ် နာတယ်၊ ဖတ်တယ် ပြီးတာနဲ့ နာခြင်း၊ ဖတ်ခြင်းအလုပ်ကနေ သိသာတဲ့ တရားအသိတစ်ခု ရရပါမယ်။
ဒါမှ နာရခြင်း၊ ဖတ်ရခြင်း အကျိုးရှိမည်ပေါ့။ သို့မဟုတ်လျှင်ကား ဖတ်ပြီးတော့လည်း မသိမသာ၊ မဖတ်ခင်ကလည်း မသိမသာ.......။ မသိလို့ မသာ ရတာ။ သိလျှင်ကားသာရမည်။
             ဟုတ်ပါတယ် ။ ဆရာတော်ကြီး တစ်ပါးက မိန့်ဖူးပါတယ်။ ဟ မသိမသာ မသိမသာနဲ့
ကွာမသိလို့တစ်သံသရာလုံး မသာဘ၀က မလွတ်နိုင်ကြတာကွ သိရင် သာကို သာရမယ်တဲ့။ ဟုတ်လိုက်တာ မသိခဲ့လို့မသာဘ၀က မလွတ်နိုင်ကြဘဲ ဆက်ကာဆက်ကာ မသာ ဖြစ်နေရတာ။ သစ္စာတရား အမှန်တရားကို သိလို့သာသွားတဲ့သူတွေ များလှပါပြီ။ မသိ လို့ မသာ ဖြစ်ရတဲ့ အခြေအနေကနေ လွတ်ဖို့ကျိုးစားကြရမှာပါ။ မသိလို့ မသာရတဲ့ဘ၀ကနေ သိလို့ သာတဲ့ဘ၀ ရောက်အောင် သိတဲ့သူတွေဖြစ်အောင်ကြိုးစားရမှာပါ။ဘယ်လိုကျိုးစား ရမလဲလို့ မေးကြတယ်။ မသိမသာ နေတဲ့ အကျင့်ကြီးကို ပျောက်အောင် အရင်ကြိုးစားရမှာ။
             တစ်ခုတစ်ခု လုပ်ပြီး မသိမသာလေးပါဟယ်ဆိုတဲ့ အကျင့်ကိုက မသိမသာအောင်
လုပ်နေတာ။ဟယ်ဒီတရားနာလိုက်တာ ကိုယ်မှားတာတွေ သိသာလိုက်တာ။ ဒီတစ်ပုဒ်ဖတ်ရတာ ကိုယ်မှားနေတာတွေသိသာလိုက်တာလို့ဖြစ်ရမှာပါ။ အမြဲမသိမသာလေး နေလာခဲ့တာ။ သိပြီး သာသင့်ပါပြီ။ သိလျက်နဲ့ မသာ သေးလျှင် တစ်ခုတစ်ခု လိုအပ်နေသေးလို့ပေါ့။ လိုအပ်နေတာကို သိအောင် လုပ်ပြီး သာအောင်ကျင့်ရမှာ။ ဒါဟာ ကျင့်ကိုကျင့်ရမည့်တရားတစ်ခုပါ။ ဒါကို ကျင့်ရင် သိသာလာရမယ်။
အဲ မသိမသာပဲ ကျင့်ရင် မသိမသာပဲ ဖြစ်နေမှာ။ သိသာအောင် ကျင့်ကြည့်ပါ။ သိသာပါလိမ့်မယ်။


မသိလို့ မသာ သိလျှင်ကား သာ....................။

မောင်ပညာ ( ကေတုမတီ )

Read more...

Tuesday, December 6, 2011

မီးလောင်ပြင်

            မီးဆိုတာ လောင်စာရှိမှ လောင်တာမျိုးပါ။ သို့သော် လောင်စာရှိသော်လည်း
လောင်စရာ မီးမရှိလျှင် မလောင်ပြန်ဘူး။ တစ်ရပ်ကွက်လုံး တစ်မြို့လုံးမီးလောင်ကြ
တယ် ကိုယ့်အိမ်မပါလို့ ၀မ်းသာမလား? မီးမလောင်တာ ၀မ်းသာစရာမဟုတ်ပါဘူး။
မီးရှိနေသရွေ့ အချိန်မရွေးလောင်နိုင်ပါသေးတယ်။ ကိုယ့်အိမ်မပါလို့ ၀မ်းသာနေပေ
မယ့် ကိုယ့်အိမ်ဟာ လောင်စာပါ။ မီးရှိသရွေ့လောင်စာဟာ ထလောင်နိုင်ပါတယ်။
အမှန်ကတော့ မီးမရှိတာကို ကြိုက်ရမှာ မီးလောင်မှာကို ကြောက်ရမှာ? ခုတော့မီး
လောင်လို့ ပျက်စီးမှာကို ကြောက်နေကြတာ။ ပျက်စီးစရာရှိသရွေ့ပျက်စီးမှာပါပဲ။
ပျက်စီးတာ ကြောက်ရမှာမဟုတ်ပါဘူး။ ပျက်စီးတတ်တဲ့သဘောတရာကို ကကြောက်
ရမှာပါ။
             မီးလောင်ပြင်ကြီးတစ်ခု ရှိတယ်။ ဘယ်လောက်ပူလိုက်မလဲ ? မီးထဲ ပါသွား
တဲ့သူတွေကလည်းပူ မီးအနားရှိနေကြတဲ့သူတွေကလည်းပူ မီးဆိုတဲ့ အပူရှိနေသရွေ့
ဘယ်နားသွားသွား မီးလောင်ပြင်ဆိုတာ ရှိနိုင်တာပါပဲ။ မီးလောင်ပြင်ထဲရောက်နေလို့
ရောက်နေမှန်းမသိကြသူတွေလည်းရှိကြလေရဲ့။ မီးလောင်ပြင်ကြီးထဲ ဘာမဟုတ်တာ
လေးတွေကို မီးထဲမပါအောင် လိုက်ဆွဲနေကြလေရဲ့။ မီးကိုတော့ ငြိမ်းသတ်ဖို့မကြိုးစား
ကြတာ အံ့သြမိပါရဲ့။
            မီးပူမှန်း လူတိုင်းသိပါတယ်။ မီးလောင်ပြင်ဆိုတာကို မည်သူမှ ရောက်ချင်
ဖြစ်ချင်ကြမည်မဟုတ်ပါ။ သို့သော် မီးရှိနေသရွေ့ မီးလောင်နိုင်တာပဲ။ ကိုယ့်မှာ
လောဘမီးရှိလျှင် အချိန်မရွေး ထလောင်နိုင်၏။ ဒေါသမီး အချိန်မရွေး ထလောင်မှာ
မောဟမီး သောကမီး အို မီး မီး မီး ရှိနေသရွေ့လောင်မှာ ဘယ်အချိန်လောင်မယ်
မှန်းတော့ မသိဘူးပေါ့။ ဂတ်စ်မီးခြစ်လေးရဲ့ ဘီး လေးကို ခြစ်လိုက်ရင် မီး ထတောက်
သလိုမျိုး သူ့မှာ မီးလောင်နိုင်တဲ့ အခြေအနေတွေရှိနေတယ်လေ။ ဘီး ကလေး ခြစ်
လိုက်တော့ ဒေါက်ကနဲ မီးလေးထတောက်တယ်။
           မီး အမျိုးစုံကို သယ်ပြီးသွားလာနေကြတယ်။ ကိုယ့်ခန္ဓာကြီးဟာ မီးလောင်ပြင်
ကြီးပါပဲ။ ဒီ မီးလောင်ပြင်ကြီးမှာ လောဘမီးတွေ လောင်လိုက်၊ ဒေါသမီးတွေ လောင်လိုက်
သောကမီးတွေ လောင်လိုက်နဲ့ မီးလောင်ပြင်ကြီးရယ်ပါ။ မီးလောင်ပြင်ကို မီးလောင်ပြင်
မှန်းမသိကြတော့ ပူလို့ပူမှန်းတောင်မသိကြဘူး။ လောဘမီး တဟုန်းဟုန်းနဲ့ ပူနေလိုက်
ဒေါသမီးရှိန် တထိန်ထိန်နဲ့ အနားမကပ်နိုင်လောက်အောင်ကို ပူလောင်နေကြတာပါ။
ဒါပေမယ့်လည်း မီးကြားမှာ ကစား မီးလောင်ပြင်ကိုပဲ တပ်မက်နေကြတာ။
           ဘုရားရှင် နဲ့ ရဟန္တာ အရှင်မြတ်တွေမှာ လောင်စာဆိုတဲ့ ခန္ဓာကြီးတော့ ကျန်
ချင်ကျန်တယ် ဒါပေမယ့် မီး မရှိတော့ ဘာအပူမှ မရှိတော့ဘူးပေါ့။ မီးလောင်ပြင်ကလေ
ဓမ္မပန်းတွေ ပွင့်အောင် ကြိုးစားသွားကြတယ်။ မီးလောင်ပြင်အရင်းတည်လို့ ဓမ္မပန်းဆို
တဲ့ အေးချမ်းမွေးကြိုင်တဲ့ အိုအေစစ် နေရာလေးဆီ အရောက်သွားနိုင်ကြတယ်။
ဒါဟာ မြင့်မြတ်တဲ့ စိတ်ထားနဲ့ မြင့်မြတ်တဲ့ ကျင့်စဉ်တွေကို မြင့်မြင့်မြတ်မြတ်ပဲ ကျင့်ကြံ့
ကြလို့ပေါ့။ အော် မီး ဆိုတာ အသံကြားတာနဲ့ ကိုယ့်အိမ်အတွက် စိတ်ပူနေရတဲ့ ဘ၀တွေ
အိမ်ကို ကြိုက်လို့ မီး ကိုကြောက်နေကြလေရဲ့။ အမှန်တော့ အိမ်ကို မခင် မီးကိုစင်အောင်
ကြိုးစားကြရမှာ။ ခန္ဓာအိမ်ကို ခင်မင်တဲ့ တဏှာကို ဖြတ်၊ မီး ကို မီးမှန်းသိပြီး မလောင်
အောင် သတိနဲ့ထိန်းပြီးနေလျှင်ကား မီးလောင်ပြင် ထဲကနေ ပွင့်တဲ့ ဓမ္မပန်းကို ဆင်မြန်း
ကာ ဓမ္မပန်းဆင်သူတို့ရဲ့နေရာကို ရောက်မည်မလွဲပါလားလို့ .........................။

မီးလောင်ပြင်မှာ နေသူတို့ မီးကို ငြိမ်းသတ်နိုင်ကြပါစေ......................။

မောင်ပညာ ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner