Tuesday, October 25, 2011

အမှန်တိုး ချစ်မိလေပြီ.....

            စာသင်ရင်းအားရင်အားသလို ပါဠိတော်မြန်မာပြန်တွေ ဖတ်ဖြစ်တယ်။ ကိုယ်မသိသေးတဲ့
သုတ္တန်တွေရော ကိုယ် သတိမထားမိတဲ့ အကြောင်းအရာလေးတွေပါ သိလာရတော့ မြန်မာပြန်
တွေတင်မက ပါဠိတော်မူရင်တွေရော အဋ္ဌကထာ တွေပါဖတ်ဖြစ်လာတယ်။ စာတွေဖတ်လာတော့
မြတ်စွာဘုရားရှင်နဲ့ တိုက်ရိုက်တွေ့ဆုံရသလို ခံစားမိတယ်။ အတ္တ၀ါဒမဟုတ်တဲ့ အနတ္တသဘောကို
သာ ထင်ရှားအောင် မြင်သာအောင် ဘုရားရှင်က ဆုံးမခဲ့တယ်။ စာထဲကသိတဲ့ အသိဆိုပေမယ့်
ဘ၀အတွက်ကျင့်သုံးနေထိုင်နည်းတွေ စိတ်ငြိမ်းအေးအောင် မည်သို့မည်ပုံလုပ်ရမလဲဆိုတာတွေ
သိလာရတယ်။ ကိုယ့်ရဲ့ ကွန်ပြူတာလေးထဲမှာ ပိဋကတ်သုံးပုံထည့်ထားပြီး ရောက်တဲ့နေရာတိုင်း
ဖွင့်ဖတ်တယ်။ အားရင်အားတဲ့အချိန် ဖတ်ပြီးစာတွေကို မှတ်စုလုပ်ပြီး သိမ်းထားတယ်။ ဒီလိုဘုရား
ရှင်ရဲ့ အဆုံးအမနဲ့ အသက်ရှင်နေထိုင်ခွင့်ရခဲ့တာကို ကျေနပ်အားရမိတယ်။
           သာသနာ့ဘောင်ရောက်လို့ သာသနာ့အလုပ်တွေ လုပ်လာရတာ ပြန်လည်ပြောဆို
ဆုံးမခွင့်ရလာတာတွေဟာ ဒီအဆုံးအမတွေရခဲ့လို့ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးတွေ
ပွင့်ထွန်းပေါ်ပေါက်လာတာဟာ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားအတွက်ပါပဲတဲ့။ အစကတော့
နားမလည်ခဲ့ဘူး...။ ခု တဖြည်းဖြည်းနဲ့ သိလာရတာက ...အော် ဘုရားရှင်တွေသာ မပွင့်
ပေါ်ရင် ဒါကတော့ ကုသိုလ် ဒါကတော့ အကုသိုလ်လို့ လူတွေမသိကြဘူးလေ။ မသိတော့
ပြုလုပ်၊ ပြုလုပ်တော့ ရရှိတဲ့ ....။ ပြုလုပ်တာက ကောင်းတာတွေရော မကောင်းတာတွေ
ရော ရရှိပြန်တော့လည်း ကိုယ်ပြုခဲ့တဲ့အတိုင်း ရရှိမှာလေ....။ ဒီတော့ ကောင်းတာမကောင်း
တာသိပြီး...ဘုရားရှင် အဆုံးအမတိုင်း မကောင်းမှုဆိုရှောင်၊ ကောင်းမှုကိုဆောင်၊ ဖြူအောင်
စိတ်ကလေးထား...။ ဒါဟာ ဘုရားရှင်များပွင့်ပေါ်မှသိခွင့်ရတာလေ..။ ဘုရားရှင်ကိုယ်တော်
မြတ်ကြီး ပါရမီတွေဖြည့်ကျင့်လို့ ဒီလိုခက်ခဲနက်နဲ သဘောတရားအရှိအမှန်ကို တရားသဘော
အသိဥာဏ်နဲ့ ထိုးထွင်းသိခဲ့လို့ တို့တတွေသိရပါလားလို့ ဘုရားပိုကြည်ညိုတတ်လာတယ်။
            လောကကြီးထဲမှာ တရားဆိုတာ ရှိပြီးသားပါပဲ။ ဒါပေမယ့် ထိုးထွင်းသိတတ်တဲ့
အသိဥာဏ်ကျတော့ ကိုယ့်မှာမရှိကြဘူးလေ။ ဘုရားရှင်က အဲ့ဒီ ထိုးထွင်းသိတဲ့ဥာဏ်ကို
ပိုင်ဆိုင်ပြီး လောကသားတွေကို ပြန်ဟောပြောပေးခဲ့လို့ တို့တတွေမှာ သုတမယဥာဏ်တို့
ရရှိလာတာပေါ့။ လောကကြီးမှာ တရားရှိမရှိ ...။ ရှိတာပေါ့ ရှေးကသူတော်ကောင်းတွေဟာ
သစ်ရွက်ကလေး ကြွေကျတာမြင်ပြီးတော့လည်း ကိုယ့်ခန္ဓာကိုယ် အကြွေကို ပြန်မြင်ကြတယ်။
ဒါဟာ လောကကပြောပြတဲ့ တရားကို ကြည့်မြင်တတ်တာပေါ့။ ကြည့်ရုံမကပဲ မြင်ပါမြင်ကြ
တာ။ ကြည့်နေရုံးကတော့ တခြားသော တိရိစ္ဆာန်တွေလည်း ကြည့်တတ်တာပေါ့။ မြင်ကြရ
မှာပါ။ တရားကို ကြည့်လို့ မြင်၊ မြင်လို့ ကျင့်တဲ့သူအတွက် တရားဆိုတာ ချမ်းသာပါပဲ။
          ဘုရားရှင် ပွင့်ပေါ်လာတဲ့အခါမှာ ဘုရားရှင်ရဲ့ သားတော်ရဟန်းတော်တွေလည်း
ပွင့်ပေါ်လာကြတယ်။ အိမ်ယာတည်ထောင်လူ့ဘောင်ကနေ အိမ်ယာမထောင် ရဟန်း
ဘောင်ဝင်ပြီး တရားဓမ္မတွေကို သင်အံ့လေ့ကျက် အားထုတ်ကြတယ်။ အားထုတ်တဲ့
အတိုင်း တစ်ချို့လည်း ပါရမီအဆင့်ဆင့် ရင့်သထက်ရင့်ပြီး အာသဝေါကုန်ခန်း ရဟန္တာ
ဖြစ်သွားကြတယ်။ ဒါကြောင့် ဒီ သာသနာတော်ကြီးမှာ မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကိုကျင့်
နေတဲ့သူတွေ ရှိနေသရွေ့ ငါဘုရားသာသနာ မကွယ်ဘူးလို့ သံဃာကိုယုံလို့ မြတ်စွာ
ဘုရားရှင်က ရဲရဲတောက်မိန့်ခဲ့တာပေါ့........။ ဒီသံဃာတော်တွေမှာ ဂုတ်ဆိုတာ ရှိပါ
တယ်။ အလှူခံထိုက်တဲ့ဂုဏ်တွေ ထို ဂုဏ်များအာရုံပြု လှူတန်းနေသူတွေအတွက်
သံဃာတော်သည် ကုသိုလ်ကောင်းမှုဆိုတဲ့ မျိုးစေ့စိုက်ပျိုးရာ လယ်ယာမြေကောင်း
ကြီးပဲလို့ ဘုရားမြတ်စွာက မိန့်ခဲ့တာပါ။
         ဒါတွေဟာ စာပေတွေဖတ်မှတ်လို့သိခဲ့ရတာတွေရယ်ပါ။ စာပေတွေထဲမှာ
တိုက်ရိုက်ပြခဲ့တယ်။ တိုက်ရိုက်မပြထားတာတွေကို အဋ္ဌကထာဆရာကြီးက ထပ်
ရှင်းပြခဲ့တယ်။ အော် ဗုဒ္ဓစာပေတွေကို ဖတ်ရှုရင်း ဘုရား၊ တရား၊ သံဃာ ရဲ့
တန်ဖိုးအနှစ်သိလေ အမှန်တိုးချစ်မိလေပါလားကွယ်.........................။

တန်ဖိုးသိသူသာ တန်ဖိုးရှိတာကို တန်ဖိုးထားတတ်တာပါ..................။

မောင်ပညာ ( ကေတုမတီ )

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner