Wednesday, November 18, 2009

သည်မထေရ်မြတ်

မတင်သင့်တဲ့ စိတ်တံခွန်တွေကို တင်ထားမိရင် လည်း ချနိုင်အောင် ကြိုးစားကြရမှာပါ။ စိတ်တံခွန်ကို ချဖို့ ကြိုးစားတဲ့အခါမှာလည်း တစ်ခါတည်းနဲ့ တိုင်ခြေရောက် အောင် ချနိုင်ဖို့ဆိုတာ သိပ်ကို ခဲယင်းပါတယ်။ဒါကြောင့် တဖြည်းဖြည်းချင်း ချယူရမှာပါ။ ချသင့်တယ်ဆိုတဲ့ အသိ၊ ချမယ်ဆိုတဲ့ ၀ီရိယရှိနေမယ်ဆိုရင် လွှင့်တင်မိ ထားတဲ့ မကောင်းတဲ့စိတ်တံခွန်တွေဟာ တဖြည်းဖြည်း ကျလာမှာ သေချာပါတယ်။

တံခွန်ချခြင်း၊ တံခွန်တင်ခြင်း-ဆိုတဲ့ စကားလုံးကို သုံးနှုန်းပြီး ဟောကြားသွားတဲ့ မထေရ်မြတ်တစ်ပါးရှိ ပါတယ်။
ဟောကြားတယ်ဆိုတဲ့ နေရာမှာလည်း မြတ်စွာ ဘုရား ဟောကြားချက်ကို ထပ်ဆင့် ဟောကြားတာလည်း မဟုတ်ပါဘူး။ ကိုယ်တိုင် စိတ်ကူး ကြံဆပြီး ဟောတာ လည်း မဟုတ်ပါဘူး။ ကိုယ်တွေ့အဖြစ်အပျက် ကိုယ်တွေ့ ခံစားချက်ကို ပြန်လည်ဟောကြားထားတာဖြစ်ပါတယ်။ မထေရ်မြတ်ရဲ့ ဘွဲ့အမည်က အရှင်ဝိမလကောဏ္ဍည မထေရ်ဖြစ်ပါတယ်။
မထေရ်ရဲ့ ထုတ်ဖော်ဟောကြားချက်က-
မိမိသည်သရက်ပင်ကို အစွဲပြု၍ ခေါ်ဝေါ်အပ်သော မိခင်၏ ၀မ်းတွင်း၌ သန္ဓေ တည် ဖွားမြင်ခဲ့သူ ဖြစ်ပါသည်။အ၀တ်ဖြူကို တံခွန်တင်ထားသော လူ့တံခွန် လူ့ထိပ် အဘိသိက်ခံ မင်းသည် မိမိ၏ ဖခမည်းတော် ဖြစ်ပါသည်။ယခုအချိန်၌ မိမိသည် မောက်မာ ထောင်လွှားတတ်သည့် မာနတံခွန်ကို အပြီးတိုင် ရုပ်သိမ်း ချထားပြီးဖြစ်ပါသည်။အရိယာတို့၏ ဥစ္စာဖြစ်သော ပညာတံခွန်ကို လွှင့်တင်လျက်သာ နေသူဖြစ်ပါသည်။ မဟာ ကေတုခေါ် ကိလေသာတံခွန်ကို အကင်းမဲ့ ချေဖျက်ပြီးဖြစ်ပါသည်။ ဤသည်မှာ မိမိ၏ ဘ၀အကြောင်း တစ်စိတ်တဒေသပင် ဖြစ်ပါ တော့သည်။
မထေရ်မြတ်ရဲ့ ဟောကြားချက်ထဲမှာ ကေတု= တံခွန် ဆိုတဲ့ စကားလုံးကို တွဲလုံးလေးလုံးနဲ့ ခွဲခြားပြီး သုံးနှုန်းဟောကြားထားပါတယ်။
၁။ ကေတုကြောင့် လူဖြစ်ခဲ့ရသည်။
၂။ ကေတုကို ချပြီး ပယ်ပြီးပြီ။
၃။ ကေတုတစ်ခုဖြင့်
၎။ ကေတုအများအပြားကို နှိမ်နင်းပြီးပြီ။
ဒီနေရာမှာ ခဏရပ်ပြီး ကေတု=တံခွန်နဲ့ ပတ်သက်တာကို အကျယ်မဆက်ခင် တံခွန်အကြောင်းကို ဟောကြားတဲ့ အရှင်ဝိမလကောဏ္ဍညမထေရ်ရဲ့ ဘ၀ ဇာတ်ကြောင်းကို လေ့လာကြည့်သင့်တယ်။
ဗိမ္ဗိသာရမင်းဆိုတာ မဂဓနိုင်ငံတော်ကို ရာဇဂြိုဟ် မြို့တော်ကနေ နေထိုင်အုပ်ချုပ်နေတဲ့ ထီးဖြူဆောင်း မင်းတစ်ပါး ဖြစ်ပါတယ်။ မြတ်စွာဘုရားကိုလည်း သိပ်ပြီး ကြည်ညိုတဲ့မင်းပါ။ရတနာသုံးပါးကို ယုံယုံကြည်ကြည် လေးလေးစားစား ဆည်းကပ် ကိုးကွယ် အားထုတ်လို့ လည်း သောတာပန်အရိယာ ဖြစ်သွားတဲ့ မင်းလည်းဖြစ်ပါတယ်။
ဆရာဒေ၀ဒတ်ရဲ့ ဒကာအဖြစ် သိမ်းသွင်း မွေးမြူ ခံရတဲ့ သားတော် အဇာတသတ်သတ်ကြောင့် နတ်ရွာ လားတော်မူရတဲ့ မင်းလည်း ဖြစ်ပါတယ်။
အဇာတသတ်ဟာ ဗိမ္ဗိသာရမင်းကြီးနဲ့ ဝေဒေဟီ မိဖုရားခေါင်ကြီးတို့က ဖွားမြင်တော်မူတဲ့ တော်ဝင်သွေး အစစ် ဖြစ်ပါတယ်။ သွေးသားက တော်ဝင်ပေမယ့် လုပ်ရပ်က တော်မ၀င်တဲ့အတွက် ကြီးမားတဲ့ အဖေသတ် ကံ အမည်းစက်ဟာ ဖျောက်ဖျက်လို့ မရအောင် စွန်းထင်း ခဲ့ရတယ်။
ဗိမ္ဗိသာရမင်းမှာ အဇာတသတ်မင်းသားအပြင် နောက်ထပ်သားတော်တွေ ရှိပါသေးတယ်။ သူတို့က-- အဘယမင်းသား၊သီလ၀မင်းသား၊၀ိမလမင်းသားတို့ပါ။ အဲဒီသားတော်တွေထဲက ၀ိမလမင်းသားဆိုတာ ၀ိမလ ကောဏ္ဍညမထေရ်ဖြစ်လာမယ့် သားတော်ဖြစ်ပါတယ်။ သူရဲ့ မိခင်က အမ္ဗပါလီ။

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner