Wednesday, November 18, 2009

အမေနဲ့ တူတဲ့အမေ

အမ္ဗပါလီဆိုတာ ဝေသာပြည်မှာတော့ ကျော် ကြားသူတစ်ယောက်ဖြစ်ပါတယ်။သက်မွေးဝမ်းကျောင်းက ပြည့်တန်ဆာပါ။ ပြည့်တန်ဆာဖြစ်နေလို့ ကျော်ကြားတာ မဟုတ်ပါဘူး။သရက်ပင်ခွကြားကနေ လူဖြစ်လာတာရယ်၊ ရုပ်ရည် ချောမော လှပတာရယ်၊ ယဉ်ကျေးသိမ်မွေ့ တာရယ်၊ ရတနာသုံးပါးကို ကိုင်းရှိုင်းတာရယ်တွေ ကြောင့်ပါ။ ရှေးဘ၀ တစ်ခုတုန်းက ရဟန္တာထေရီမ တစ်ပါးကို ပြည့်တန်ဆာမ လို့ ဆဲရေးခဲ့ဖူးတဲ့ အတိတ်ကံ ကြောင့်သာ ပြည့်တန်ဆာ ဖြစ်နေရပေမယ့် ကိုယ်အမူအရာ နှုတ်အမူအရာ မကြမ်း တမ်းပါဘူး။နေထိုင်တာလည်း ထည်ထည်ဝါ၀ါ ခံ့ခံ့ ညားညား နေထိုင်ပါတယ်။ဒါကြောင့်လည်း အမ္ဗပါလီဆီကို ရောက်တာတဲ့ ဧည့်သည် ဆိုတာ သာမန်ပုဂ္ဂိုလ်တွေ အလွန် နည်းပါးပါလိမ့်မယ်။ ရှင်ဘုရင်တွေ မှူးကြီး မတ်ကြီးတွေ သူဌေးသူကယ်တွေ အခါအားလျော်စွာ ရောက်လာတတ်ပါ တယ်။အမ္ဗပါလီဟာ မိခင်စိတ်ဓာတ်အပြည့်အ၀ရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။မိခင်စိတ်ရှိလို့လည်း သားသမီးရချင် လိုချင်ပါတယ်။ သက်မွေးဝမ်းကျောင်းအရ သားသမီး မယူသင့်သော်လည်း မိခင်စိတ်ကို တားဆီးလို့ မရခဲ့ပါဘူး။ဒါကြောင့် သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ရအောင် ယူမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
သား သမီးယူမယ်ဆိုရင် ရင်သွေးရဲ့ ဖခင်ဖြစ် မယ့်သူကို ရွေးချယ်ရပါလိမ့်မယ်။ ကလေးရဲ့ ဖခင် ဘယ်သူ ဖြစ်သင့်လဲပေါ့။
ပြည့်တန်ဆာကမွေးတဲ့ သားသမီးဆိုရင် လူတွေက အထင်သေးကြမှာ၊မိခင်ဆိုတာ ကိုယ့်ကို ဘယ်လိုပြောပြော သည်းခံနိုင်ပေမယ့် သားသမီးကို ပြောဆိုထိပါးလာမယ်ဆိုရင် သည်းမခံနိုင်ကြပါဘူး။သားသမီးကို ချစ်တဲ့စိတ်ဓာတ်ဟာ သတ္တိအဖြစ်ပြောင်းလဲ သွားပြီး အရာရာကို ရင်ဆိုင်နိုင်စွမ်း ရှိကြပါတယ်။ ဒါကြောင့် မိခင်ဘက်က ချွတ်ယွင်းချက် အားနည်းချက် နောက် အမ္ဗပါလီဆီကို ဗိမ္ဗိသာရမင်း အထူးဧည့်သည် အဖြစ်ရောက်လာတဲ့အခါမှာ အဗ္ဗပါလီဟာ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပါတယ်။ ငါ့ရင်သွေးရဲ့ ဖခင်ဟာ ဗိမ္ဗိသာရမင်း ဖြစ်စေရမယ်တဲ့။
အမ္ဗပါလီဟာ ရင်သွေးကိုချစ်တဲ့စိတ် ဘေးမသီ ရန်မခစေလိုတဲ့စိတ် ပြင်းပြင်းပြပြရှိခဲ့ပါတယ်။ဒါ့ကြောင့် ဘယ်လိုဧည့်သည်မျိုးပဲ ရောက်လာရောက်လာ လက်မခံ တော့ဘဲ ၀မ်းတွင်းမှာရှိနေတဲ့ ရင်သွေးကိုသာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါတယ်။ အသွားအလာ အနေအထိုင် အစား အသောက် အရာအားလုံးမှာ ရင်သွေးအတွက် အထောက်အကူဖြစ်မှာလား၊ အန္တရာယ်ဖြစ်မှာလားလို့ သုံးသပ်ပြီးမှသာ အန္တရာယ်ဖြစ်လိမ့်မယ်လို့ယူဆမိခဲ့ရင် ရှောင်ရှားလိုက်ပါတယ်။ အထောက်အကူဖြစ်လိမ့်မယ်လို့ ယူဆမိခဲ့ရင် ပြုလုပ်ပါတယ်။ ရင်သွေးနဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေကိုလည်း အတွေ့အကြုံရှိတဲ့သူ သိနားလည်သူတွေဆီကို သွားရောက်ပြီး မေးမြန်း မှတ်သားပါတယ်။
တစ်ချို့ကလည်း ဧည့်သည်အလာကျဲသွားမှာကို စိုးရိမ်လို့ ရင်သွေးမယူဖို့ တားမြစ်ကြပါတယ်။တစ်ချို့ကလည်း မွေးဖွားလာတဲ့ ကလေး မျက်နှာငယ်ရမှာကို စိုးရိမ်လို့ ရင်သွေးမယူဖို့ တားမြစ်ကြ ပါတယ်။
ဒါပေမယ့် အမ္ဗပါလီဟာ မိခင်စိတ်အပြည့်အ၀နဲ့ပဲ အခက်အခဲ အတားအဆီး အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ ပါတယ်။
သားယောက်ျားလေး ဖွားမြင်ပါတယ်။အနှောက် အယှက် ဘာတစ်ခုမျှ မရှိရလေအောင် ၀ိမလလို့ နာမည် ပေးလိုက်တာပါ။မောင်စင်ကြယ်လို့ ခေါ်နိုင် ပါတယ်။
အင်္ဂါပြည့်ပြည့်စုံစုံ အန္တရာယ်ကင်းကင်း ဖွားမြင် ပြီးပေမယ့် မိခင်တစ်ယောက်ရဲ့တာဝန် မပြီးဆုံးသေးပါဘူး။ နိဒါန်းပြီးလို့ စာကိုယ် စ့  ရုံရှိပါသေးတယ်။
သားလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများ မထိခိုက် မနာမကျင် ဖြစ်စေရေး၊ ဖွံ့ဖြိုး ကြီးထွားစေရေး တို့ဟာ သိပ်ကို များပြားလှပါတယ်။ အဓိကအားဖြင့်တော့ စိတ်အနာ မဖြစ်ပေါ်ရေး ဖြစ်ပါတယ်။ ရုပ်အနာဆို တာက မြင်သာပေမယ့် စိတ်အနာဆိုတာက မမြင်နိုင်ပါဘူး။ ဖြစ်နေလို့လည်း ဖြစ်နေမှန်း မသိသာပါဘူး။ ဖြစ်လာရင် လည်း ကုသရ ခက်ခဲပါတယ်။ ဒါကြောင့် မဖြစ်ပေါ်ခင်ထဲက စောင့်ရှောက်တာ အကောင်းဆုံးဖြစ်ပါတယ်။
သားသမီးတွေရဲ့ “စိတ်အနာ”တွေထဲမှာလည်း (အဖေမဲ့ အနာ) (အမေမဲ့ အနာ)(အဖေအမေမဲ့ အနာ) တွေဟာ အဆိုးဆုံး “စိတ်အနာ”တွေဖြစ်ပါတယ်။ အဲဒီအထဲ မှာလည်း မိဘနှစ်ပါး ကွဲနေလို့ (လက်ညှိုးထိုး ပြစရာရှိတဲ့) အဖေမဲ့အမေမဲ့အနာနဲ့ ဘယ်သူဘယ်ဝါပါလို့ (လက်ညှိုးထိုး ပြစရာမရှိတဲ့) အဖေမဲ့အမေမဲ့ အနာ-လို့ ရှိပြန်ပါတယ်။
လက်ညှိုးထိုးပြစရာရှိတဲ့ အဖေအမေမဲ့ အနာ မျိုးဆိုတာ အတူနေမိခင်^ဖခင်၊ အဘိုးအဘွား၊ဦးလေး အဒေါ်တွေက အထိန်းအကျောင်းကောင်းတယ်ဆိုရင် စိတ်အနာ မပေါ်လာတတ်ပါဘူး။ အထိန်းအကျောင်း မကောင်းရင်တော့ ပေါ်လာတတ်ပါတယ်။
လက်ညှိုးထိုးပြစရာ မရှိတဲ့ အဖေအမေမဲ့ အနာ မျိုးဆိုတာက အနာမဖြစ်ပေါ်အောင်လုပ်ဖို့ ခက်ခဲပါတယ်။ သက်သာအောင် အားတက်အောင်လောက်သာ လုပ်ပေး နိုင်တာပါ။
ဒီသဘောကို သိနေတဲ့ အမ္ဗပါလီ၊ ကြိုတင်ပြင်ဆင် ထားတဲ့ အမ္ဗပါလီဟာ သူ့သား ၀ိမလကို စိတ်အနာမဖြစ်စေရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ငါ့သား သားရဲ့ ဖခင်ဟာ မာဂဓတိုင်းကို အစိုးရ ပြီး ရာဇဂြိုဟ်နေပြည်တော်မှာ ထီးနန်းစံနေတဲ့ ဗိမ္ဗိသာရ မင်းကြီးပဲ၊ဒီတော့ သားဟာ တော်ဝင်သွေးတစ်ဝင်ပါတဲ့ သားပေါ့ ၊ သားမှာ အဖေရှိတယ် အမေရှိတယ်၊ဒါပေမယ့် အဖေနဲ့မှ အတူမနေရတာဆိုပြီး ဘာမှ အားငယ်စရာ မရှိဘူး၊ သားကို အမေကောင်းကောင်းကြီး ကြီးပြင်းအောင် ရင်အုပ်မကွာ ပြုစုစောင့်ရှောက်မယ်၊ တတ်သင့် တတ်အပ် တဲ့ ပညာရပ်တွေကိုလည်း ဆရာကောင်းတွေဆီမှာ အပ်နှံပြီး သင်ကြားပေးမယ်၊ အစစ အရာရာ သားမျက်နှာ မငယ်ရအောင် အမေထားပေးမယ်။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သားကို ဖခင် ဘုရင်ကြီးက နန်းတွင်းမှာ လာနေဖို့ ခေါ်ရင် ခေါ်လိမ့်မယ်၊ အမေကတော့ လိုက်နေပါလို့ တိုက်တွန်းမှာ မဟုတ် သလို၊ မနေပါနဲ့လို့လည်း တားဆီး မှာ မဟုတ်ပါဘူး၊ သားသဘောကျ ဆုံးဖြတ်နိုင်တယ်နော် သား။ ဒါပေမယ့် သားမှာက တော်ဝင်သွေးတစ်ဝက်နဲ့ သာမန်သွေး တစ်ဝက် ရောနှောနေတာကိုတော့ မေ့ထားလို့ မရဘူး နော် ၊ နန်းတွင်းလို မြင့်မြတ်သူတွေ အသိုင်းအ၀ိုင်းမှာ သာမန်သွေး တစ်ဝက်ရောနေတဲ့ ငါ့သားအတွက် မျက်နှာငယ်စရာ ဖြစ်နိုင်တယ်၊ဖခင်ရဲ့ မျက်နှာ ဖခင်ရဲ့ အရှိန်အ၀ါ ဘယ်လိုပဲ ရှိရှိ အထေ့အငေါ့လေးတွေတော့ ရှိနိုင်တယ် ငါ့သား၊ ဒါတွေကို ကြိုတင်တွေးဆထားပြီး နေတတ်အောင် နေမယ် ဆိုရင် မဖြစ်နိုင်စရာတော့ မရှိပါဘူးသားရယ်။ အမေနဲ့ အတူ သာမန်ပြည်သူထဲမှာပဲ နေမယ်ဆိုရင်တော့ သာမန် ထဲမှာ တော်ဝင်သွေးတစ်ဝက် ပါနေတဲ့ ငါ့သားကို ကြီးကျယ် မြင့်မြတ်သူဆိုပြီး လေးစားကြမှာ အမှန်ပဲ ငါ့သား။
ငါ့သား ဘယ်မှာပဲနေနေ ရတနာသုံးပါးကို တော့ မေ့လို့မရဘူးနော်၊ အမြဲမပြတ် ကိုးကွယ် ဆည်းကပ် ရမယ်၊ ရတနာသုံးပါးဆိုတာ လူသားအားလုံးအတွက် ပေါ်ထွန်းလာရတာမဟုတ်လား၊ ရတနာသုံးပါးကို မျက်နှာ လွှဲလိုက်ရင် လူဖြစ်ရကျိုး မနပ်တော့ဘူးငါ့သား
ဘယ်အရပ်ကိုပဲ ရောက်ရောက် တွေ့တဲ့လူ တိုင်းကို လေးလေးစားစားဆက်ဆံရမယ်နော် သား၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အရမ်းကာရော အထင်ကြီးဖို့ မလိုအပ်သလို အရမ်းကာရော အထင်သေးဖို့လည်း မလိုအပ်ဘူးငါ့သား၊ လူကို လူလို့မြင်ပေါ့ ငါ့သားရယ်၊လူတိုင်းလူတိုင်းမှာ အားနည်းချက် အားသာ ချက်တစ်ခုခုဆိုတာ ရှိစမြဲပဲသားရဲ့၊အားလုံးပြည့်စုံတဲ့သူ ဆိုတာ သိပ်ရှားတာ၊ဒါ့ကြောင့် တစ်ဘက်သားရဲ့ အားနည်း ချက်ကို ပြက်ရယ်မပြုရဘူး၊တစ်ဘက်သားရဲ့အားသာချက် ကိုလည်း လျစ်လျူမရှုရဘူးနော်၊ အားနည်းချက်ကို ပြက်ရယ်ပြုရင် ရန်များတတ်တယ်၊ အားသာချက်ကို လျစ်လျူရှုရင်လည်း ကိုယ့်အတွက် မတိုးတက်ဘူး သားရဲ့၊ ဒါ့ကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေတတ်ရ မယ်နော် သား
ဝိမလမင်းသားဟာ မိခင်ဖြစ်သူရဲ့ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်းခဲ့ရတယ်။ဖခင်နဲ့ ရင်အုပ်မကွာ မနေရ ပေမယ့် ငါ့မှာ အဖေရှိတယ်၊ ငါ့အဖေက ရှင်ဘုရင် ဆိုတဲ့ အသိနဲ့ပဲ အားတွေတက်ခဲ့ရတယ်။ မလိမ်မိုး မလိမ္မာ အရွယ်မှာတော့ အဖေရဲ့ နန်းတွင်းဆိုတဲ့ နေရာမှာ နေရရင် သိပ်ကောင်းမှာလို့ စိတ်ကူးနဲ့ မျှော်ကြည့်ဖူး ပေမယ့် တကယ့်လက်တွေ့မှာတော့ အမေနဲ့ မခွဲနိုင်ဘူး ဖြစ်နေတယ်။
တကယ်လို့ ၀ိမလမင်းသားဟာ နန်းတွင်းမှာ ကြီးပြင်းရမယ်ဆိုရင်လည်း သာမန်လူသားတွေလို ဖခင် ဖြစ်သူနဲ့ အတူအိပ် အတူစား နေထိုင်ရမှာ မဟုတ်ပါဘူး။ အထိန်းတော်တွေနဲ့သာ နေထိုင်ကြီးပြင်းရပါလိမ့်မယ်။
မိခင်ဖြစ်သူ အမ္ဗပါလီရဲ့ ဆုံးမသွန်သင်မှုကြောင့် ၀ိမလမင်းသားဟာ မာန်မာနမရှိသူ၊ယဉ်ကျေးသိမ်မွေ့သူ၊ ရတနာသုံးပါးကို ကိုင်းရှိုင်းသူ၊ကြီး မြတ်သူတွေကို ရိုသေ လေးစားတတ်သူ ဖြစ်လာခဲ့ရတယ်။
တစ်နေ့ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်း ဆီက- နှမ အမ္ဗပါလီ သားတော် ၀ိမလမင်းသားကို ရာဇဂြိုဟ် ပို့လိုက်ပါ ၊ ကောင်းမွန်စွာ ကျွေးမွေး ပြုစု စောင့်ရှောက်ပါမည် ဆိုတဲ့ အကြောင်းကြားစာ ရောက် လာပါတော့တယ်။
အမ္ဗပါလီနဲ့ ၀ိမလ သားအမိနှစ်ယောက် ခေါင်းချင်း ဆိုင်ကြတယ်။
ကဲ သား အမေတို့ စောင့်မျှော်နေတဲ့ နေ့ရက် ကိုတော့ ရောက်လာပြီ၊သားကို အမေ အစောကြီးထဲက ကြိုပြောထားတယ်နော် သား၊ အမေကတော့ သားရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆိုတာလေ၊ဒါပေမယ့် တကယ် တန်း ရင်ထဲက ဆန္ဒကို ပြောရမယ်ဆိုရင် အမေနဲ့ပဲ အတူ နေစေချင်တာပေါ့ သားရယ်၊ အမေဟာ သားမျက်နှာကို မင်နေရရင် အလိုလို အားတွေဖြစ်နေတာ၊ သားဟာ အမေရဲ့ ကမ္ဘာလေးပါ သားရယ်၊ တစ်ဘက်က ကြည့်ပြန် တော့လည်း ဖခင်အရင်းခေါက်ခေါက် ဖြစ်နေတယ်၊နောက် ပြီး တိုင်းပြည်ရဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်လည်း ဖြစ်နေပြန် တယ်၊ သားပဲ သေသေချာချာ စဉ်းစားပြီး ဆုံးဖြတ်ပါတော့ သားရယ်
ဝိမလမင်းသားက မိခင် အမ္ဗပါလီကို ပြန်ပြော ပါတယ်။
အမေရယ် သားရဲ့ တကယ့်ဆန္ဒကလည်း အမေနဲ့ပဲ အတူနေချင်တာပါ ၊အဖေရှိပါတယ်ဆိုတဲ့ နန်းတွင်းကို မသွားချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အခု အမေနဲ့သား အတူတူနေရသလိုမျိုး အဖေနဲ့သား အတူတူ နေရမှာ မဟုတ်ဘူးအမေ၊ အဖေ့ကို တစ်နေ့တစ်ခါလောက် တောင် တွေ့ခွင့်ရချင်မှ ရမှာ၊ ပြီးတော့ ပတ်ဝန်းကျင်မှာ လည်း သားနဲ့ရင်းနှီးတဲ့လူ တစ်ယောက်မှ မရှိဘူးအမေ၊ အရေးအကြောင်းရှိရင် သား ဘယ်သူနဲ့ သွားပြီး တိုင်ပင် ရမှာလဲ၊ ၀မ်းသာစရာပဲဖြစ်ဖြစ် ၀မ်းနည်းစရာပဲဖြစ်ဖြစ် မျှဝေခံစားဖို့အတွက် ဘယ်သူ့ကို သွားပြောရမှာလဲ ၊ ဘယ်သူနဲ့ မျှဝေ ခံစားရမှာလဲ ၊ အချိုလေး အချဉ်လေး စားချင်ရင် ဘယ်သူ့ဆီ သွားတောင်းစားရမှာလဲ ၊နန်းတွင်း ဆိုတာ ဟိတ်တွေ ဟန်တွေအပြည့်နဲ့ နေကြရတာလို့ ကြားဖူးတယ်အမေ၊ သားက အဲဒီလို ဟိတ်တွေ ဟန်တွေနဲ့ မနေချင်ဘူး၊ နေလည်း မနေတတ်ဘူးအမေ၊ ဒါပေမယ့် သားမလာလို့ရှိရင် အမေက တားလို့ မလာတာပဲ}လို့ ထင်ပြီး အမေ့ကို မလိုမုန်းထားမှာကိုလည်း စိုးရိမ်တယ် အမေ၊ ကဲ သား ဘယ်လိုလုပ်ရမှာလဲ
သားအမိနှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ကြ သော်လည်း အဖြေကပေါ်မလာ၊ပေါ်လာတဲ့ အဖြေကိုလည်း လက်မခံချင်။
သား သတိရပြီ အမေ
ရုတ်တရက် ၀ိမလမင်းသား လက်ဖျောက်တီး ပြီး ထအော်လိုက်တယ် ၊ မိခင်ဖြစ်တဲ့ အမ္ဗပါလီ မျက်လုံး အ၀ိုင်းသားနဲ့ သားဖြစ်သူကို ငေးကြည့်နေမိတယ်။ ဘာဖြစ်သွားတာလဲပေါ့ ။
လန့်လိုက်တာ သားရယ်၊ ကဲ ပြောစမ်းပါဦး သားက ဘာကို သတိရတာလဲ
မနေ့က သားမြို့ထဲကိုရောက်သွားတော့ မြတ်စွာဘုရားနဲ့ သံဃတော်တွေ သားတို့ ဝေသာလီမြို့ကို ရောက် နေတယ်လို့ ကြားခဲ့တယ် အမေရဲ့
မြတ်စွာဘုရားရောက်လာတာနဲ့ သားကိစ္စနဲ့ ဘာဆိုင်လို့လဲ သားကလဲ
အမေကလည်း သားစကားကို ဆုံးအောင် နားထောင်ပါဦး
ကဲ ကဲ ပြောပါတော် ပြောပါတော်
သား အရင်ထဲက ကြံစည်ဖူးတယ်၊ မြတ်စွာ ဘုရား သာသနာတော်မှာ ရှင်ရဟန်းအဖြစ်နဲ့ ၀င်ရောက် နေထိုင်ရရင် ကောင်းမှာပဲလို့ ၊ အခုတော့ အဲဒီအကြံ အစည်ကို အကောင်အထည် ဖော်လိုက်တော့မယ် အမေ၊ အဲဒီလိုဆိုရင် သား နန်းတွင်းကိုလည်း လိုက်သွားစရာ မလိုတော့ဘူး၊ အမေ့ကိုလည်း အပြစ်မတင်နိုင်တော့ဘူး၊ အဖေကိုယ်တိုင်ကလည်း မြတ်စွာဘုရားကို ကြည်ညိုတဲ့သူ ဆိုတော့ ပိုလို့တောင် သဘောကျဦးမယ်၊ နောက်ပြီး သားဆန္ဒလည်း ပြည့်သွားတာပေါ့ ၊ မဟုတ်ဘူးလား အမေ၊ တစ်ချက်ခုတ် လေးချက်ကို ပြတ်သွားတာ
မိခင်ဖြစ်တဲ့ အမ္ဗပါလီရဲ့ မျက်နှာဟာ အရောင် တလက်လက်နဲ့ ၀င်းထိန်သွားတယ်။သားက တကယ်ဘဲ ရှင်ရဟန်းဖြစ်ချင်တာလား၊စိတ်ပါမှ ပြုပါသားရယ်၊ စိတ်မပါဘဲနဲ့ဆိုရင် ပိုပြီးအပြစ်ကြီးတယ် သားရဲ့ ။ နောက်ပြီးရဟန်းဘ၀ဆိုတာ လူ့ဘ၀နဲ့ ဘာမှ မဆိုင်ဘူးနော်၊ အစားအသောက်လည်း ကြေးမများရဘူး၊ ကြုံသလိုစားတတ်ရတယ်။ဝတ်တဲ့သင်္ကန်းဆိုလည်း ၀တ်ချင်တဲ့ အရောင်ကို ၀တ်လို့မရဘူး၊ကိုယ်ဝတ်ချင်တဲ့ ပုံစံကိုလည်း ချုပ်ဝတ်ခွင့်မရှိဘူး၊ သတ်မှတ်ထားတဲ့ ဘောင် အတွင်းမှာပဲ နေထိုင်တတ် စားသောက်တတ် သွားလာ တတ် ၀တ်ဆင်တတ်ရတယ်။ အနေအထိုင် အစား အသောက် အသွားအလာ အ၀တ်အဆင် မတတ်လို့ရှိရင် အပြစ်ဖြစ်တယ်၊ဒါကြောင့် သား တကယ်စိတ်ပါမှ ပြုပါနော် သား
ဟာ အမေကလဲ ၊ သားတကယ်ပြုချင်တာပါ။ အမေခွင့်ပြုမယ်မဟုတ်လား။
ဘာဖြစ်လို့ ခွင့်မပြုနိုင်ရမှာလဲ သားရယ်၊ ရဟန်းမယ်တော်ကြီးဆိုပြီး ဂုဏ်တောင်ပိုရှိသေးတယ်။သားသာ တကယ်ဆန္ဒပါတယ်ဆိုရင် အမေ ၀မ်းသား အားရစွာနဲ့ ခွင့်ပြုပါတယ် သားရယ်
ဒီလိုနဲ့ ၀ိမလမင်းသားဟာ မြတ်စွာဘုရားထံ မှောက် သွားရောက်ပြီး ရဟန်းအဖြစ်ကို ရယူလိုက်တယ်။ဝိမလကောဏ္ဍညဆိုတဲ့ ဘွဲ့အမည်ပါ ရရှိလိုက်တယ်။ ၀ိမလမင်းသား သာသနာ့ဘောင်ဝင်ရောက်သွားတာဟာ လူမှန် နေရာမှန် ရရှိသွားတာလို့လည်း ပြောနိုင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ရှင်ရဟန်းပြုပြီးလို့ မကြာခင် အချိန်တိုအတွင်းမှာပဲ အာသဝေါကင်းပြတ် ရဟန္တာ အရှင်မြတ် ဖြစ်သွားလို့ပါ။
မိခင်အမ္ဗပါလီဟာလည်း ရိုးရိုးရဟန်းမယ်တော် မဟုတ်တော့ပဲ ရဟန္တာမယ်တော်ဆိုတဲ့ ဂုဏ်ထူး ၀ိသေသကို လက်ဝယ်ပိုင်ပိုင် ရရှိလိုက်ပါတယ်။ဒါတင် မကသေးပဲ ကျောင်းဆောက်လှူဒါန်းလို့ ကျောင်းအမ အမ္ဗပါလီဆိုတဲ့ နာမည်ကိုလည်း ရခဲ့တယ်။နောက်ပိုင်းမှာ ကိုယ်တိုင် သာသနာ့ဘောင်ဝင်ရောက်ပြီး ဘိက္ခုနီမ ပြုလိုက်လို့ အမ္ဗပါလီထေရီဆိုတဲ့ ဘွဲ့နာမအပြင် အာသ ဝေါကင်းပြတ်အောင် အားထုတ်နိုင်တာမို့ ရဟန္တာမ အမ္ဗပါလီထေရီဆိုပြီး သာသနာ့သမိုင်းမှာ မှတ်တမ်းဝင်ခဲ့ ရပါတယ်။ ကမ္ပည်းအထိုးခံခဲ့ရပါတယ်။

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner