Wednesday, November 25, 2009

ဘ၀မေ့တဲ့ မာန

ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးဟာ နန်းတွင်းမှာ ဈေးလာရောင်းတဲ့ ဆီးသီးသည်မလေးကို တစ်ခါထဲတွေ့မြင်ရုံနဲ့ စွဲလန်းသွားပါတယ်။ “အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဆီးသီးများ သုံးဆောင်ကြပါဦးလားရှင်”လို့ ဈေးဝယ်ကိုခေါ်လိုက်တဲ့ အသံလေးကလည်း နားထဲက မထွက်နိုင်အောင် ရှိနေပါတယ်။ဆီးသီးသည်မလေးရဲ့ နာမည်က “သုဇာတာ”ပါ၊ ဒါနဲ့ ဗြဟ္မဒတ်မင်းက ဆီးသီး သည်မလေးဟာ အိမ်ထောင် ရှိ မရှိ စုံစမ်းပါတယ်။ မရှိမှန်း သိတဲ့အခါ ထိမ်းမြားလက်ထပ်ပြီး မိဖုရားကြီးအရာမှာ ထားလိုက်ပါတယ်။သုဇာတာရဲ့ ဘ၀ဟာ နေ့ချင်းညချင်း ပြောင်းလဲသွားပါတယ်။ တစ်နေ့မှာတော့ ဗြဟ္မဒတ်မင်းကြီးဟာ ဆီးသီး တွေကို ရွှေခွက်မှာထည့်ပြီး သုံးဆောင်နေပါတယ်။အဲဒီ အချိန်မှာ သုဇာတာမိဖုရားရောက်လာပြီး “အရှင်မင်းကြီး ဘာတွေများ နှစ်နှစ်ခြိုက်ခြိုက် သုံးဆောင်တော်မူနေပါ သလဲ”လို့ ဆီးသီးတွေကိုသုံးဆောင်နေမှန်း သိပါလျက် မသိချင်ဟန်ဆောင်ပြီး မေးလိုက်ပါတယ်။ဗြဟ္မဒတ်မင်းကြီး စိတ်ဆိုးသွားပါတယ်။ ဆီးသီးရောင်းခဲ့ဖူးသူ ဆီးသီးသည် က ဆီးသီးတွေကို “ဘာသီးတွေလဲ”လို့ မေးတာ စိတ်ဆိုး စရာမကောင်းဘူးလား။ တစ်ခါမှ မမြင်ဖူးတဲ့ အသီးမို့ “ဘာသီးလဲ”လို့မေးတာဟာ သဘာဝကျပေမယ်လို့ မာန အငွေ့တွေနဲ့ ဘ၀မေ့ပြီး မေးတာမှန်းသိလို့ မင်းကြီးစိတ်ဆိုး တာပါ။ စိတ်ဆိုးပြီးတော့ “မိဖုရား သင်ဟာ ရှေးတုန်းက ဆံပင် ဖရိုဖရဲ၊ အ၀တ်အစား နွမ်းဖတ်ဖတ်နံ့ လမ်းတကာ လှည့်ပြီး ဆီးသီးတွေရောင်းခဲ့ရတယ်။အခု ငါစားနေတဲ့ ဆီးသီးတွေဟာ သင့်အမျိုးတွေက ဆက်သလိုက်တဲ့ ဆီးသီးတွေပဲ}}လို့ပြောလိုက်တယ်။ ထပ်ပြီးတော့-
“သင့်လို မာနအရှိန်တက်ပြီး ဘ၀မေ့တတ်တဲ့ သူအတွက် နန်းတော်နဲ့ မလျော်ဘူး၊ ဒါကြောင့် အိမ်ပြန်ပြီး ဆီးသီးသည်ပဲ ပြန်လုပ်ပေတော့”ဆိုပြီး နနိးတွင်းကနေ နှင်ထုတ်တယ်။ အဲဒီအခါကျမှ အမတ်ကြီး(ဘုရားလောင်း) တစ်ဦးက ကြားဝင်ဖျန်ဖြေ ပေးလိုက်ရတယ်။

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner