Wednesday, February 8, 2012

နံနက်ခင်း တရား

                     မနက်အိပ်ယာထပြီဆိုတာနဲ့ စားဖို့၊ သောက်ဖို့ကနေ စပြီး တစ်နေ့တာအတွက် ပူပန်ရပါပြီ။ တစ်နေ့တာအတွက် စား၊ ၀တ်၊ နေရေး ဆိုတဲ့ အရေးတွေနဲ့ စတင်ပြီး၊ ဒီအရေးတွေ အပြီးဆုံးခင်ပဲ တစ်နေ့ ကွယ်ပြန်တယ်။ အော် အရေးပေါင်းများစွာကို ပြုနေကြတာ၊ သေတဲ့အထိ ဒီအရေးတွေက မပြီးဆုံးပဲနော်။ ဒီကနေ့ နံနက်တုံးခေါက်လို့ အိပ်ယာက နိုးနိုးချင်းဒီအတွေးလေးစိတ်ထဲပေါ်မိတယ်။ 
                        မနက်နေထွက်လာတာနဲ့ သေမယ်ဆိုတာ ဘယ်သူမှမတွေးဘူး၊ နေမယ်ဆိုတာနဲ့ပဲ တွေးကြ တယ်။ တစ်နေ့တာဘာတွေ လုပ်စရာ ရှိတယ်ဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ကြတယ်။ အဲ့ဒီ တစ်နေ့တာအတွင်း ကုသိုလ်တရား၊ အကုသိုလ်တရားတွေ ပြု၊ ပြော၊ ကြံ ပြီးအသက်ရှင်နေကြတယ်။ သာယာစ ရာတွေရော၊ ငြီးငွေ့ စရာတွေကော တွေ့ကြုံနေကြရတယ်။ သာယာစရာ နဲ့တွေ့တော့ ပျော်လိုက်ကြ၊ ငြီးငွေ့ စရာ နဲ့တွေ့တော့ စိတ်ဆိုးလိုက်ကြ၊ အော် တစ်နေ့တာတိုင်း၊ တစ်နေ့တာတိုင်းကို ဒီလိုချည်း ဖြတ်သန်းနေရင်တော့ ခက်ရချည်ရဲ့။  
                         လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ဆိုတာရှိကြစမြဲ။ ဘာဖြစ်ချင်တယ်၊ ဘယ်ရောက်ချင်တယ် ဆိုတာတွေပေါ့။ ဖြစ်ချင်တာတွေဖြစ်ပြီးတော့ရော ဘာများထူးခြား လာသလဲဆိုတာ မေးကြည့်ချင်တယ်။ တစ်နေ့ တစ်နေ့ ဖြစ်ချင်တာတွေကို ဦးစားပေး လို့ ဖြစ်သင့်တာတွေ ဖြစ်နိုင်တာတွေ ဆုံးရှုံးနေကြရတယ်။ တစ်နေ့တာလုံးမှာ ကုသိုလ်နဲ့ အသက်ရှင်ဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ အာရုံအမျိုးမျိုးတွေ ကြားမှာ အယောနိသောမနသိကာရ နဲ့ နေမိလို့ လောဘ၊ ဒေါသတွေ ဖြစ်လိုက်ကြရတာ။ ဒါပေမယ့် ပြောကြတယ်။ ပုထုဇဉ်ပဲ အဲ့လောက်တော့ရှိမှာပေါ့ တဲ့ ။ ပုထုဇဉ်ဆိုတာနဲ့ ကိုင်ပေါက်လိုက်ကြပြန်တယ်။
                            ကိုယ်ကိုယ်တိုင်က ပုထုဇဉ်ဘ၀ကို ခုံမင်တွယ်တာနေရင် ပုထုဇဉ်ဘ၀က လွတ်ပါ့မလား။ အရိယာတွေကို အားကျပြီး အရိယာစိတ်မွေးမှသာလျှင် အရိယာဘ၀ ရောက်နိုင်မှာပေါ့။ ပုထုဇဉ်မိုလို့ တစ်သံသရာလုံး မိုက်ခဲ့၊ ဆိုးခဲ့တာ ခုလည်းပဲ မိုက်တုန်း၊ ဆိုးတုန်းပဲလို့ ပြောရင် လွန်မယ်မထင်ပါဘူး။ မိုက်လို့ ကောင်း၊ ဆိုးလို့ကောင်းနေကြတာ။ ဒေါသဖြစ်မပေါ့ ပုထုဇဉ်ပဲ၊ သောကရောက်မပေါ့ ပုထုဇဉ်ပဲ ဘယ်တုန်းကများ အရိယာလို လောဘ၊ ဒေါသ၊ သောက မဖြစ်ပဲ နေချင်လိုက်တာလို့ ဖြစ်ခဲ့ဖူးလဲ ? ကိုယ့်ကိုယ်ကို ပြန်တွေးကြည့်ကြပါ။ ထစ်ခနဲဆို ဖြစ်လိုက်တာပဲ၊ ထစ်ခနဲဆို ဆိုးလိုက်တာပဲ။ အော် ပုထုဇဉ် အမြင်များနော်။ ကြောက်စရာကောင်းလိုက်သည့် ဖြစ်ခြင်း။
                           မြတ်စွာဘုရားရှင် ရှေ့ တော်မှောက်မှာ တရားလေးတစ်ပုဒ်လောက်ဟောတာနဲ့ တရားရ သွားတဲ့သူတွေဟာ ဟိုး သံသရာအဆက်ဆက်က ဒီတရားဓမ္မတွေကို နှစ်ပေါင်း သောင်းနဲ့ချီပြီး အားထုတ်ခဲ့ လို့ပါ။ ခုမှ မြတ်စွာဘုရားကဘက်လိုက်ပြီး သူတို့ချည်းဟောပေးတာမဟုတ်ပါဘူး။ သူ့မှာကိုက တရားရဖို့ သံသရာ အဆက်ဆက်က အရိယာဖြစ်ချင်စိတ်၊ အရိယာလိုစိတ်ဓာတ်မျိုးမွေးခဲ့လို့ပါ။ ကိုယ်ကခုမှ ပုထုဇဉ် စိတ်မွေးတုန်းရှိသေးတယ်။ တော်သေးတယ်လို့ ပြောစရာကတစ်ခုပဲ ရှိတော့တယ်။ ကိုယ့်မှာ အရိယာနဲ့တူတဲ့ စိတ်ထားကောင်းလေး တစ်ခုပဲရှိတော့တယ်။
                             စိတ်ကောင်းလေးရှိ နိဗ္ဗာန်ရောက်ပါတယ်တဲ့။ ဘာဖြစ်လို့လဲ စိတ်ကောင်းရှိမှ ဒါန၊ သီလ၊ ဘာဝနာ အစရှိတဲ့ ကုသိုလ်အလုပ်တွေလုပ်ဖြစ်မှာပါ။ စိတ်ကောင်းမရှိသူကတော့ အကုသိုလ်နဲ့ ပျော်လို့ကို မ၀နိုင်သေး။ ခုခေတ် ဘုံဆွမ်းလောင်းတွေ၊ အဘိဓမ္မာသင်တန်းတွေဆိုတာ စိတ်ကောင်းရှိသူတွေ ရှိလို့ လုပ်ဖြစ်ကြတာပါ။ စိတ်ကောင်းသာမရှိရင် မနက်စောစော ထပြီး ဘယ်သူက ဆွမ်းလောင်းမလဲ ? ဒါကြောင့် အရိယာ နဲ့တူတာ စိတ်ကောင်းလေးပဲရှိတော့တယ်။ 
           ဒီတော့ အရိယာတွေမှာ ရှိတဲ့ စိတ်ကောင်းလောက်တော့ ကိုယ့် စိတ်ကောင်းက အားကောင်းချင်မှ ကောင်းမယ်။ ဒါပေမယ့် ပုထုဇဉ် အကန်းတွေထက်ပိုတာကတော့ ကိုယ်ဟာ အရေးပေါင်း များစွာထဲမှာ စိတ်ကောင်းလေးနဲ့ ရှင်သန်နေနိုင်တယ်ဆိုတာပဲ။ ဒေါသဖြစ်မယ်ကြံတာနဲ့ ကိုယ့်စိတ်ကောင်း ကိုယ်ပြန်သတိရ၊ သောကဖြစ်မယ်ဆိုတာနဲ့ ကိုယ့်စိတ်ကောင်းလေး ကိုယ်ပြန်သတိရ၊ ဒါဆို ဖြစ်မယ့် အကုသလဓမ္မတွေဟာ စိတ်ကောင်းလေးကြောင့် ဖြစ်ချင်ပါလျက် မဖြစ်နိုင်တော့ဘူးပေါ့။ 
                    လူတွေဘာလို့ ငါ့ဟာ၊ ငါ၊ ဆိုပြီး ငါတကောကောနေရတလဲဆိုတာ ဆန်းစစ်ကြည့်တော့ သေဖို့ သတိမရကြလို့ပါ။ ကိုယ်သေမှာ ကိုယ်သတိမရတော့ ရှင်နေစဉ်မှာ ဘာမှ အနှစ်သာရမရှိတဲ့ တရားတွေနဲ့ အချိန်ကုန်ပြီး ကိုယ့်အတွက်ကိုယ် ဘာကမျှမလုပ်ကြတာရယ်ပါ။ ဒါတွေဟာ သတိမထားမိသူအတွက်တော့ ဘာမှ မထင်ရပေမယ့် သတိထားကြည့်သူအတွက်တော့ သံဝေဂရစရာပါ။ ယူတတ်ရင် တရား၊ မယူတတ်ရင်တော့ အလကားဆိုသလိုပေါ့။ ယူတတ်လို့ ကောလိတနဲ့ ဥပတိဿ တို့ ဇာတ်ပွဲထဲကနေ တရားသဘောနားလည်ခဲ့ကြတာပေါ့။
                       အော် မနက်ခင်းလေးမှာ ဒါလေးတွေတွေးမိတော့ လူတွေကိုလည်း မနက်ခင်းတိုင်းတွေးစေ ချင်မိတယ်။ တစ်နေထွက်သေဘက်ကို မေ့လျော့ကာ နေဖို့မထင်ကြပါနဲ့။ နေကွယ်ကာတစ်ကြိမ် သွားလျှင်ဖြင့်သေနယ်ရွယ် တစ်ခါသွားရမယ်။ တားမရဘူး တဲ့ ။ တားလို့ မရတဲ့ခြေလှမ်းတွေနဲ့ သွားနေကြတာ။ ဒါကြောင့် တိပိဋက ယော ဆရာတော်ဘုရားကြီးကမိန့်ပါတယ်။ သွားနေပါလျှက် မရောက် နိုင်သေးတာက နိဗ္ဗာန်၊ မသွားချင်ဘဲ ရောက်ရောက်သွားရတာ သုဿန် တဲ့။ လူတိုင်းမရောက်ချင် ကြတဲ့ နေရာ၊ ထိုနေရာက မရောက်ချင်ပေမယ့် ရောက်ရမှာပါလားလို့ တွေးထားရင်။ ငါတစ်ယောက်တည်း မဟုတ်ဘူး အားလုံးရောက်ရမှာပါလားလို့ တွေးထားရင် အရေးပေါင်းများစွာထဲမှာစိတ်ကောင်လေးနဲ့နေ လို့ဖြစ်သွားပါပြီ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )


Read more...

Tuesday, February 7, 2012

လပြည့်ညရဲ့ သြ၀ါဒ

                 သြ၀ဒေယျာ နုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
                သတံ ဟိ သော ပိယော ဟောတိ၊
          အသတံ ဟောတိ အပ္ပိယော။ တဲ့ အကြောင်းကိစ္စပေါ်လာရင်လည်း ဆုံးမတတ်ရမယ်။ အကြောင်းကိစ္စ မပေါ်ခင် မှာလည်းပဲ သွန်သင်တတ်ရပါမယ်။ သြ၀ါဒ သြ၀ါဒ နဲ့ လူတွေက တောင်းခံကြတယ်။ သြ၀ါဒဆိုတာ မျက်မှောက်မှာလည်း ဆုံးမရမယ်။ မျက်ကွယ်ကနေလည်း သွန်သင်ရမယ်။ တစ်ကြိမ်တစ်ခါလည်း ဆုံးမတတ် ရမယ် အကြိမ်ကြိမ်အခါခါလည်း သွန်သင်တတ်ရပါမယ်။ မကောင်းမှုအကုသိုလ်တွေ မလုပ်အောင်လည်းပဲ တားမြစ်တတ်ရမယ်။ ကောင်းမှုကုသိုလ်တွေ လုပ်အောင်လည်းပဲ တိုက်တွန်းတတ်ရပါမယ်။ အဲ့ဒီလို ဆုံးမသွန်သင်တတ်သူကို ပညာရှိသူတော်ကောင်းတွေ သိပ်ကို ချစ်မြတ်နိုးကြပါသတဲ့။ ပညာမရှိသေးသူတွေ ကတော့ လုံးဝကို သဘောမကျကြဘူး။ ဒါဟာ အထက်က ဓမ္မပဒ ပါဠိတော်မှာလာတဲ့ ဂါထာလေးရဲ့ အဓိပ္ပါယ်ပါ။ 
                ဒီဂါထာလေး တွေ့ပြီး စာသားလေးတွေကို ဖတ်မိတော့ သြ၀ါဒအကြောင်းလည်း သဘောပေါက်နား လည်မိသလို မြတ်စွာဘုရားပေးခဲ့သော သြ၀ါဒလေးတွေကိုလည်း သတိရမိတယ်။ ဘုရားရှင်ဟာ ဘုရားအဖြစ် သို့ရောက်တော်မူပြီး ပထမဆုံး သံဃာတော်တွေကို သြ၀ါဒပေးတာကတော့ အခုလို တပို့တွဲလပြည့်နေ့ည မှာပေါ့။ ဘာလေးကို သြ၀ါဒပေးလည်းဆိုတော့ `သဗ္ဗပါပဿ အကရဏံ၊ ကုသလဿုပသမ္ပဒါ၊ သစိတ္တပရိယောဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။ ´ 
                   ဒါအားလုံးရတဲ့ စာသားလေးပါ။ ပါဠိလိုရေးထားတော့ ဘာမှန်းမသိဖြစ်နေကြမယ်။ အားလုံးသိတဲ့ စာနဲ့ပြောရရင် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဒါလေးပါ။ ဒီလိုပြောလိုက်တော့ အားလုံးကြားဖူး၊ နာဖူး မှတ်သားဖူးကြပါတယ်။ ဒါမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတိုင်း ပေးတဲ့သြ၀ါဒလေးပါ။ ဒီအဆုံးအမလေးပေးလိုက်တယ်ဆိုရင်ပဲ တကယ့်ကို သြ၀ါဒလိုလားတဲ့ ပညာရှိသူတော်ကောင်းတွေဟာ မကောင်းမှုတွေကို မပြုမလုပ်တော့ ဘဲ  ရှောင်ကြတယ်။ ကောင်းမှုကုသိုလ်တရားတွေကို အရင်ကထက်ပိုပြီးပြုလုပ်ကြတယ်ပေါ့။ 
                             တစ်ချို့ကလာလာပြောကြတယ်။ တပည့်တော်တို့က အိမ်ရှင်မတွေ တရားအားထုတ်ဖို့ အချိန်မရှိပါဘုရား။ အိမ်မှုကိစ္စအ၀၀ကိုဆောင်ရွက်နေရသဖြင့် တရားနှင့်ဝေးပြီလို့ ထင်ကြတယ်။ အော် ဒါနဲ့ ဖတ်ထားမိတဲ့ အိမ်ရှင်မ အကြောင်းလေးကိုပြန်ပြောပြမိတယ်။ အိမ်ရှင်မဆိုတာ အိမ် ကို ရှင် အောင် မ ရတဲ့ သူပါ။ အိမ်မှာ မေတ္တာတရားတွေ ရှင်အောင်မရတဲ့သူ။ အိမ်မှာ ကုသိုလ်တရားတွေ ရှင် သန်နေအောင် မ ရ တဲ့သူ။ အိမ်မှာ ပျော်ရွှင်မှု၊ အေးချမ်းမှုတွေ ရှင် သန်နေအောင် မ ရတဲ့သူကို အိမ်ရှင်မ လို့ခေါ်ပါတယ်။
                                အိမ်မှာ အကောင်းတရား၊ အမြတ်တရား၊ အငြိမ်းဓာတ်တရားတွေ ရှင် သန်နေအောင် မ နိုင်တဲ့ အိမ်ရှင်မ ဖြစ်မှလည်း အိမ်ရဲ့ အရှင်သခင် မ ဆိုတဲ့ အိမ်ရှင်မ အဓိပ္ပါယ်နဲ့ ထိုက်တန်တဲ့ အိမ်ရှင်မဖြစ် နိုင်ပါတယ်။ နာမည်နဲ့ လိုက်တဲ့ အိမ်ရှင်မ စစ်စ် ဖြစ်ဖို့ဆိုတာကတော့ တကယ်ကို မလွယ်ပါဘူး။  ဖြစ်အောင် ကြိုးစားနိုင်မယ်ဆိုရင်တော့ အိမ်ရှင်မဘ၀ဟာ ကိုယ်တိုင်လည်း ကုသိုလ်ပါရမီတွေ အများကြီးဖြည့်ဆည်းနိုင်သလို၊ ကိုယ့်ခင်ပွန်းသည် မိသားစုတွေကိုလည်း ကုသိုလ်တရား တွေပေးစွမ်းနိုင်တဲ့ ပြည့်စေနိုင်တဲ့သူ ဖြစ်နိုင်ပါတယ်။ ထိုကဲ့သို့သော နည်းနဲ့ပဲ ယသော်ဓရာ ဟာဘုရားအလောင်းတော်ရဲ့ ပါရမီ ဖြည့်ဖက်လုပ်ခဲ့တာပါ။
                                 ဒီလိုဆိုတော့ မြတ်စွာဘုရားပေးတဲ့ သြ၀ါဒကိုလည်း ကျင့်ကြံပြီးသားဖြစ်တယ် အိမ်မှာ ချက်ပြုတ်လုပ်ကိုင်ရင်း မကောင်းတွေရှောင်လို့ရတာပဲ။ ကိုယ်ချက်ပြုတ်ကျွေးမွေးနေတာဟာ အကုသိုလ် အလုပ်မှ မဟုတ်တာပဲ။ ဒါဟာ ကောင်းမှုပဲ သူများစားရတာအဆင်ပြေမယ် ဆိုရင် ကိုယ်ချက်ပြုတ်တာ လည်းပဲ ကုသိုလ်ကောင်းမှုပဲပေါ့။ အဲ ချက်ရင်း ပြုတ်ရင်း ကိလေသာမ၀င်အောင်တော့ သတိထားရမယ်။ ဘယ်လိုကိလေသာလဲ ကိုယ်ချက်တာ ကောင်းလို့ သူများချီးကျူးရင် လောဘ၀င်တယ်၊ ကဲ့ရဲ့တော့ ဒေါသ ၀င်မယ်၊ ဒါဟာ ချက်ရင်းနဲ့ အကုသိုလ်ဖြစ်တာပေါ့။ ကိုယ်ချက်ပြုတ်ထားတာလေး အိမ်ကဘုရားကို ဆွမ်းလေးကပ်လိုက်တော့ ကောင်းမှုတွေစုဆောင်းပြီးသားဖြစ်ပြန်ရော....။ အော် အိမ်ရှင်မ ဘ၀ဆိုတာ ယူတတ်ရင် ကုသိုလ်တွေပြည့်နေတာပါပဲ။
                                နှစ်ဖက်မိသားစုတွေကြားမှာ နေရတဲ့အိမ်ရှင်မ ဘ၀ဟာ မေတ္တာနဲ့ ခန္တီကို လက်ကိုင် ထားပြီး နေမှ အဆင်ပြေမှာပါ။ ဒီလို မေတ္တာတရားနဲ့ ခန္တီတရရားကို ဖြည့်ကျင့်နေတာကိုက ဖြူအောင် စိတ်ကို ထားနေတာပါပဲ။ ဒါဟာ ဘုရားရှင်တို့ပေးတဲ့ သြ၀ါဒနဲ့ ကိုက်ညီလို့ ကျင့်ကြံနေတာပဲဆိုတာ သဘော ပေါက်ရင် ဘုရားရှင်ရဲ့ သြ၀ါဒဟာ ပေးရကျိုးနပ်ပါတယ်။ ဒီလို လပြည့်နေ့ကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပေးခဲ့တဲ့ သြ၀ါဒလေးကို တွေးရင်း လပြည့်ည သြ၀ါဒအဖြစ် ဖွင့်ချပြသ လိုက်ရပါတယ်။ အားလုံးသော တရားချစ်ခင်တဲ့ သူတော်စင်တွေသည်၊ သြ၀ါဒလိုလားတဲ့ သူတော်ကောင်းတွေသည် မြတ်စွာဘုရားရဲ့ သြ၀ါဒ ကထာကိုနာကြားမှတ်သားပြီး အိမ် မှာ ကုသိုလ်တရား တွေအစဉ်အမြဲ ရှင်သန်နေအောင် မ ထားနိုင်တဲ့ အိမ်ရဲ့ အရှင်သခင်၊ အရှင်သခင်မ တွေ  ဖြစ်ကြပါစေလို့ လသာတဲ့ ကောင်းကင်အောက်က ဆုတောင်းလိုက်ပါတယ်။

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား၊ ဗုဒ္ဓ တိုင်းသာ ဟောမိန့်တာ သုံးဖြာသည်စကား။
မောင်ပညာ ( ကေတုမတီ ) 

Read more...

Monday, February 6, 2012

ရှင်ရာဟုလာလိုနေမယ်

               သာသနာတော်မှာ ထင်ရှားကျော်ကြားတဲ့မထေရ်မြတ်တွေ အကြောင်းပြောရင် ရှင်ရာဟုလာ အကြောင်းဟာ မပါမဖြစ်ပါမြဲပါ။ အရှင်ရာဟုလာ မထေရ်ဟာ မြတ်စွာဘုရားရှင်ရဲ့ သားတော် အဖြစ်သာသနာတော်မှာ ထင်ရှားတော်မူပါတယ်။ ဘုရားဖြစ်ပြီး ကပိလ၀တ်နေပြည်တော်ကို ပြန်တဲ့ အချိန်မှာ အမွေတောင်းတဲ့ ရာဟုလာလေးကို မြတ်စွာဘုရားရှင်ဟာ သာသနာ့အမွေကိုပဲ ပေးခဲ့ပါတယ်။ ဒါဟာလည်း အလွန်ကို မှတ်သားဖွယ်ကောင်း လိုက်နာဖွယ်ကောင်းတဲ့ အလေ့လေးတစ်ခု အဖြစ်မြတ်စွာဘုရားရှင် ပြုပေးခဲ့ တာပါ။ ဒါကြောင်းလည်း ယနေ့မိဘတွေဟာ မိမိတို့ရဲ့ ရင်သွေးလေးတွေကို မြတ်စွာဘုရားရှင်ထုံးနှလုံးမူလျက် သာသနာ့အမွေခံ ရှင်၊ ရဟန်းအဖြစ်ကို သားယောက်ျားလေး မွေးတိုင်း ပြုပေးလေ့ရှိပါတယ်။
                         ရှင်ရာဟုလာလို့ အမည်ရလာတာကလည်း မြတ်စွာဘုရားရှင် တောထွက်မည့်ညမှာ ပေးခဲ့ သည့်နာမည်ပါပဲ။ ရှင်ရာဟုလာလေးဟာ မြတ်စွာဘုရားသားတော်အဖြစ် သာသနာတော်တွင်းရောက်လာ ခဲ့သော်လည်း ဘုရားသား ဆိုပြီး မာန်မာနဆိုတာ မရှိပါဘူး။ ရဟန်းတော်တွေနဲ့ ဒကာဒကာမတွေက ချစ်ခင်မြတ်နိုးခြင်းကို ခံရတဲ့ အရှင်မြတ်ဟာ မြတ်စွာဘုရားရဲ့ အဆုံးအမတိုင်းကို ဦးထိပ်ပန်ဆင်ကာ သူများအမှားကို မကြည့် မိမိရဲ့ လိုအပ်ချက်တွေကိုသာ အစဉ်အမြဲဖြည့်ဆည်းခဲ့ပါတယ်။ မြတ်စွာဘုရားရှင်က လည်းပဲ ရှင်ရာဟုလာ အရွယ်နဲ့လိုက်တဲ့တရား လေးတွေကို အမြဲဟော ကြားပေးရင်း စောင့်ရှောက်ခဲ့ပါတယ်။ 
                              တစ်ခါက ရှင်ရာဟုလာဟာ ဆွမ်းခံထွက်ရင်း စဉ်းစားတယ်။ အော် ငါ့ရဲ့ခမည်းတော် ဘုရား ဟာအလွန်ကို ကြည်ညိုစရာကောင်းတဲ့ အဆင်းနဲ့ပြည့်စုံတာပါလား။ ဒီလို ဘုရားရဲ့သားတော်ဖြစ်ရတာကို ကျေ နပ်အားရပြီး ဖြစ်တာကို မြတ်စွာဘုရားက သိလိုက်တယ်။ ဒါကြောင့်မြတ်စွာဘုရားက ချက်ခြင်းကို ဆွမ်းခံကြွ တာကိုရပ်ပြီး ရှင်ရာဟုလာကို ဆုံးမတယ်။ ကလေးသဘာဝဖြစ်တတ်တာလေးတွေကို မြတ်စွာဘုရားက သိလို့ ကလေးနဲ့လိုက်တဲ့ အဆုံးအမလေးတွေပဲ ပေးခဲ့တာများပါတယ်။ 
                             ကလေးဆိုတာ လိမ်တာညာတာကို သဘောကျတတ်တယ်။ ဒါကြောင့် မြတ်စွာဘုရားက မလိမ်မညာဖို့ ရှင်ရာဟုလေးကို ဆုံးမတယ်။ ဒါဟာလည်း မှတ်သားစရာကောင်းတာပေါ့။ နည်းနည်းပါးပါးပဲ ကလေးသဘာဝပဲ ဘာမှမဖြစ်ပါဘူးဆိုတဲ့ အတွေးတွေ ယနေ့ လူကြီးတွေ ကျင့်သုံးနေကြတယ်။ ဟုတ်တယ် နည်းနည်းပါးပါးဆိုတာကတော့ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် နည်းနည်းပဲကွာ ဆိုတဲ့ စိတ်ဓာတ်ကြီးက အမြဲပါသွားရင် နည်းနည်းပါးပါးလုပ်တာပဲ ဆိုတာကြီး တစ်ဘ၀လုံးပါသွားမှာ။ ဒါကြောင့် နည်းနည်းလေးတောင် မလုပ်သင့်တာပါ။ ကောင်းတာဆိုရင်တော့ နည်းနည်းလေးက စပြီး အများကြီးထိလုပ်သင့် လုပ်ထိုက်တာပါ။
                            ရှင်ရာဟုလာလေးဟာ ရောင့်ရဲတယ်။ ပြောဆိုဆုံးမရလွယ်ကူတယ်။ ဒါဟာ အရှင်မြတ်ရဲ့ ဂုဏ်တွေပါ။ တစ်ချို့ရဟန်းတွေက ရှင်ရာဟုလာကိုစမ်းသပ်ကြတယ်။ ရာဟုလာလာမယ့်လမ်းမှာ အမှိုက်တွေချထားပြီး ရှင်ရာဟုလာသွားပြီး မကြားတကြားနေရာအရောက်မှာ ဟာဒီအမှိုက်တွေ ဘယ်သူ ချသွားသလဲ လို့မေးကြတယ်။ အင်း ဒီလမ်းကတော့ ရှင်ရာဟုလာ လာသွားတယ်လို့ပြောကြတယ်။ ဒါကို ရှင်ရာဟုလာကြားတော့ ပြေးလာပြီး အမှိုက်တွေကို သိမ်းတယ် ပြီးတော့ လက်အုပ်ချီပြီး နောက်လည်း ဆုံးမ ပါလို့ လျှောက်ထားတယ်။ ဒါတွေဟာ အရှင်ရာဟုလာရဲ့ ကြည်ညိုစရာဂုဏ်တွေပါ။ 
                              ယနေ့ခေတ်လူငယ်လေးတွေ အိမ်မှာ မောင်နှမတွေ တစ်ခုခုဖြစ်ရင် သူလုပ်တာငါလုပ် တာနဲ့ သူများအပြစ်ကို ယူဖို့နေနေသာသာကိုယ့်အပြစ်တောင် သူများပုံချကြတာ။ ရှင်ရာဟုလာလေးလို ကျင့်နိုင်အောင် ကျင့်ချင်အောင် မိဘလူကြီးတွေက ပြောပြသင့်တယ်။ နောက်တစ်ချက်က ရှင်ရာဟုလာလေးဟာ မနက်မိုးလင်းတာနဲ့ သဲတစ်ဆုပ်ကို ကောက်ဆုပ်လိုက်ပြီး ဒီနေ့တစ်နေ့လုံး ဒီလက်ထဲ ကသဲပမာဏလောက် အဆုံးအမပေးတဲ့သူတွေ ပေးကြပါစေလို့ ဆုတောင်းတယ်။ 
                                 ရှင်ရာဟုလာရဲ့ ဂုဏ်တွေပြောပါဆိုရင် ပြောမကုန်နိုင်ပါဘူး။ မြတ်စွာဘုရားကလည်း ရှင်ရာဟုလာရဲ့ စိတ်ဓာတ်ကို သိလို့ အဆုံးအမတွေအမြဲပေးခဲ့ပါတယ်။ မြတ်စွာဘုရားပေးခဲ့တဲ့ မှန်လိုကျင့် ရမယ်ဆိုတဲ့ အဆုံးအမလေးကိုတော့ စာရေးသူ အကြိုက်ဆုံးပါပဲ။ ဘာလုပ်လုပ်၊ ဘာပြောပြော၊ ဘာကြံကြံ မှန်လို ကျင့်ပါတဲ့။ မှန်ဆိုတာ ကြည့်သူက အဆင်ပြေမပြေ ကြည့်သလို၊ ကိုယ်လုပ်တဲ့ အလုပ်ဟာလည်း အပြစ်ဖြစ်မလား မဖြစ်ဖူးလားဆိုတာ မလုပ်ခင်က ကြိုတင်ဆင်ခြင်ကြည့်ပြီးမှ လုပ်ရင် အမှားနည်းသော အလုပ်ဖြစ်မှာပါလား ဆိုတာ လူတိုင်းတွေးဆ ဆင်ခြင်နိုင်ပြီး ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ စတာတွေကို မှန်ကြည့်ပြီး လုပ်နိုင်ကြပါစေလို့ ဆုတောင်းရင်း.......................။

ဘာပဲလုပ်လုပ် သတိထားပြီးလုပ်။

မောင်ပညာ ( ကေတုမတီ )

Read more...

Friday, February 3, 2012

ရွှေအဆုံးအမ

               ရှင်ချောင် သေကြပ်၊ ရှင်ကြပ် သေချောင်။
               စားသမျှ မစင်၊ ထားသမျှ မသေခင်။
               ယခုကာလာ ဘ၀ကောင်းတွင်
               စားလည်းစား၊ ထားလည်းထား
               ပြုလည်းပြုကြမှ တော်မည်ထင်။
                                                 ဒီပဲယင်းဆရာတော်ဘုရားကြီး။
               ရွှေအဆုံးအမလို့ အမည်ပေးပြီး ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့တော်မူသော
ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီးများ၏ အဆုံးအမလေးများကို  သိရသလောက် ရေးသား
ခြင်းပါ။ ကိုယ်သိသလို တခြားသောသူတွေသည်လည်း သိကြပါစေဆိုတဲ့ စိတ်ထားနဲ့ မအားမလပ်သည့်
ကြားကရေးသားလိုက်တာပါ။ သာသနာပိုင် မြောင်းမြဆရာတော်ကြီးကလည်းပဲ အနေရိုးစေ၊ အသိဆန်း
စေလို့ ဆုံးမ ခဲ့ပါတယ်။ ဒါကြောင့် အသိအလိမ္မာ ဥာဏ်ပညာထက်မြက်ဖို့ အသိဥာဏ်ရစေတဲ့ စာပေ
ဗဟုသုတ တရားဓမ္မတွေကို အမြဲရှာဖွေ နေရပါမယ်။
               ခုလည်းဒီစာပိုဒ်လေးကို ရွှေကျင် အဆုံးအမတွေထဲကနေ သဘောကျလွန်းလို့ မှတ်သားထား
ခဲ့တာ။ ဆရာတော်ကြီးက မေတ္တာတရားလွန်စွာအားကြီးလို့ တိုတိုနဲ့လိုရင်း ဆုံးမခဲ့တာပါ။ တကယ်အ
လုပ်လုပ်နေသော ဆရာတော် သံဃာတော်တွေဟာ စကားထက်တရားကို ပိုတန်ဖိုးထားကြတယ်။
စကားပြောပြီး အလုပ်မပြီးမှာစိုးရိမ်တော်မူကြပါတယ်။ ခုလည်းရွှေကျင်ဆရာတော်ဘုရားကြီး တပါး
ဖြစ်တဲ့ ဒီပဲယင်းဆရာတော်ကြီးက ရှင်ချောင် သေကြပ်တဲ့...........။ အသက်ရှင်နေစဉ်မှာ ခပ်ချောင်
ချောင်နေခဲ့မယ်ဆိုရင် သေတဲ့အခါ ကြပ်ကြပ်တည်းတည်း နဲ့ သေရပမါ။
              ဘယ်လိုကြပ်တာလဲဆိုတော့ သေခါနီးမှာ မသေခင်တုန်းက လုပ်ခွင့်ရခဲ့တဲ့ ကုသိုလ်အခွင့်
အရေးတွေကို လုပ်နိုင်ပါရဲ့သားနဲ့မလုပ်ခဲ့မိပါလားလို့ ရင်ထဲမှာမွန်းကြပ်ပြီး ကုသိုလ်မရှိခြင်းအပေါ်မှာ
နောင်တတရားနဲ့ မွန်းကြပ်နေတာပါ။ ဒါဟာလည်း အလွန်ကို မှတ်သားစရာကောင်းပါတယ်။ လူတွေ
ဟာ ခုလို သာသနာတော်နဲ့ကြုံတွေ့ရတာ ကံကောင်းလို့ပါလားလို့ မှတ်ယူသူ အလွန်ကို နည်းပါပါတယ်။
ကိုယ်ရဲ့အကောင်းကံကို အလုပ်ကံနဲ့ ထိုက်တန်စွာ လုပ်မှ ပိုမိုကောင်းမွန်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။
ဒီလိုမဟုတ်ဘဲ ဆရာတော်ကြီး ဆုံးမသလို အသက်ရှင်နေစဉ်အနေချောင်နေခဲ့ရင်တော့  ကံကောင်း
ပြီး အလုပ်မကောင်းတဲ့ သူဖြစ်ပြီး လက်ဝယ်ရရှိထားတဲ့ အခြေအနေကောင်းလေးတွေကနေ ဆုတ်ယုတ်
သွားမှာပါ။
                ဒါကိုကြိုမြင်သိတဲ့ ဆရာတော်ဘုရားကြီးက စားသမျှဟာ မစင်ပါ ထားသမျှ ဟာ မသေခင်
မှာပါ တဲ့ .....။ ဟုတ်ပါတယ် ဘယ်လောက်ကောင်းတဲ့ အစားအစာတွေပဲဖြစ်ဖြစ် စားလိုက်သမျှ မစင်
ဖြစ်သွားတာချည်းပါပဲ။ လူတွေဟာ ဒီသဘောတရားကို သိပေမယ့် တရားသဘောကိုကျတော့ မတွေး
မဆင်ခြင်ကြဘူး။ မစားခင်မှာ အကောင်းဆုံးအစားအစာတွေပဲ စားပြီး ပြန်စွန့်တော့ ဘယ်သူမှ မလို
ချင်တဲ့ မစင် အပုပ်တွေဖြစ်သွားပါလား။ ဒီအချိန်လေးအတွင်းမှာ ဒီအစားအစာနဲ့ပက်သတ်ပြီး ဘာ
များ လောဘ၊ ဒေါသ၊ မာန်မာန တက်စရာလိုမလဲ ........။
               မသေခင်မှာ ပိုင်ဆိုင်ထားသမျှဟာလည်း မသေခင်သာ ကိုယ်နဲ့ဆိုင်သလိုနဲ့ သေတော့
အားလုံးထားခဲ့ရတာချည်းပဲ။ ဒါဆို သေပြီးကိုယ့်နောက်မပါတဲ့ ပစ္စည်းဥစ္စာ အတွက်နဲ့များ လောဘ
ဒေါသ၊ မာန်မာန တွေဖြစ်နေကြတာ တန်ရဲ့လားလို့ မေးချင်တယ်။ သေပြီး ကိုယ့်နောက်ပါမှာက
ကိုယ်ပြုသမျှ ကောင်းကံ ၊ ဆိုးကံတွေပဲလေ။ ကောင်းလည်း ကိုယ်စံ မကောင်းလည်းကိုယ်ခံလို့
အများသူငါ ပြောဆိုနေကြတဲ့အတိုင်းပါပဲ။ ဒါပေမယ့် ကောင်းတာကိုလည်း ကိုယ်ပဲပြုနိုင်တာ ၊
မကောင်းတာကိုလည်း ကိုယ်ပဲ လုပ်တာ။ ဘယ်သူကမှ တိုက်တွန်းလို့ လုပ်ရတာမဟုတ်ဘူး။
              အသိချင်းတူပြီး ဘာကွာသွားသလဲဆိုတော့ မကောင်းမှန်းသိလို့ ဆက်မလုပ်တော့တဲ့သူ၊
ကောင်းမှန်းသိလို့ ပိုလုပ်တဲ့သူ ဒါကွာသွားတာ။ သိတာချင်းတူကြပေမယ့် လုပ်တာချင်းကွာရင်
လည်းပဲ ရောက်ရာချင်းကမတူနိုင်ပါဘူး။ ယခုကာလာ ဘ၀ကောင်းတွင်တဲ့ ဆရာတော်ကြီးက
ယခုရောက်နေတာ ရရှိနေတာ ဘ၀ကောင်းပါတဲ့...။ ဟုတ်ပါတယ်။ ဗုဒ္ဓသာသနာဝင်သူတော်စင်
တွေရရှိထားတဲ့ ဘ၀တွေဟာ အလွန်ကိုကောင်းမွန်တဲ့ ဘ၀ကောင်းတွေပါ။ သာသနာတွင်းကုသိုလ်
တွေပြုနိုင်တဲ့ အခြေအနေကောင်းတွေပါ။ ဒါတွေကို သိ၊ နားလည်၊ သဘောပေါက်ပြီး သိတဲ့အတိုင်း
ပြု၊ ပြော၊ ကြံမှသာလျှင် သာသနာ့ အမွေကို ရရှိကြမှာ။
            သာသနာ့အမွေဆိုတာ ဘာလဲ ?  မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန် ဆိုတာတွေပါ။ မြတ်စွာဘုရားပေး
ခဲ့သော သာသနာဟာ ကျင့်ကြံလိုက်နာ အားထုတ်သူတို့ အတွက်တော့ မပင်ပန်းတဲ့ ဘ၀ခရီးလမ်း
တွေဖြစ်မှာပါ။ ဆရာတော်ကြီးကလည်းပဲ ဆုံးမခဲ့တယ်မဟုတ်လော စားလည်းစား ထားလည်းထား
စားပါ ဘေးမဖြစ်အောင်၊ ထားပါဆိုတာကတော့ ယောနိသောမနသိကရော ...ဆိုတဲ့ နှလုံးသွင်း
အမှန်ကို၊ ပစ္စည်းဥစ္စာရှာဖွေရာမှာ နှလုံးသွင်းအမှန်မရှိလျှင် မတော်လောဘတွေနှင့် ဘယ်သူသေသေ
ငတေမာလျှင် ပြီးရောဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ထားကောင်းလေး ထားပါတဲ့။
            ပြုလည်းပြုကြပါ.........။ ကုသိုလ်ကောင်းမှုတွေ ပြုကြရမှာပါ။ ကုသိုလ်ကောင်းမှုဆိုတာ ပြုတဲ့
သူအတွက် အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းဆိုတဲ့ တရားပါ။ ပြုနေတဲ့ အချိန်မှာလည်း
အပြစ်မရှိဘူးတဲ့။ စဉ်းစားကြည့်လေ......။ အရုဏ်ဆွမ်းလောင်းဖို့ မနက်အစောထကတည်းက ကုသိုလ်
စိတ်နဲ့ နောက် ချက်ကြပြုတ်ကြ တော့လည်း ကိုယ်စားဖို့ ချက်ပြုတ်တာထာက် လောဘ၊ ဒေါသ မရှိ။
ကုသိုလ်ပြုဖို့ စဉ်းစားကြံစည်လိုက်ကတည်းက ကုသိုလ်ရေအလျဉ်ကြီး ဖြစ်ပေါ်လာတာ။ ဆွမ်းလောင်း
စဉ်မှုာလည်း ကြည်နူးဝမ်းသာ စိတ်ချမ်းသာရသေးတယ်။ လောင်းပြီးပြန်တော့ ပြန်စဉ်းစားတိုင်းလည်း
ပဲ အော် အပြစ်မရှိတဲ့ အလုပ်ပါလားလို့ စိတ်အေးချမ်းတယ်။ ဒါက ဆွမ်းလောင်းတာနဲ့ ပက်သတ်ပြီး
ပြောပြတာပါ။
                ဘုရားသောက်တော်ရေကပ်တာ၊ ပန်း၊ ဆီမီး လှူတ တရားနာတာ ၊ တရားစာဖတ်တာတွေ
ကအစ အားလုံးထည့်ပြီး စဉ်းစားလိုက်ရင် ကုသိုလ်ပြုဖို့ စိတ်ကူးကြံလိုက်ကတည်းက အပြစ်မရှိဘဲ
ကောင်းကျိုးချမ်းသာတွေ ဖြစ်ဖို့ပဲဖြစ်နေတာ။ ဒါလေးတွေသိရတော့ အော်ငါတို့ ပြုသမျှ ကုသလတွေ
ဟာ ငါတို့ အတွက်တော့ အားကိုးရာပါလား ဒါကြောင့် မသေခင်မှာ အနေချောင် နဲ့ မနေပဲ ကုသိုလ်
တရားတွေကို ကြပ်ကြပ်မတ်မတ်လုပ်မယ်ဟဲ့လို့ ကြုံးဝါးပြီး လုပ်လိုက်မယ်ဆိုရင် ဘယ်အချိန်ချိန်သေ
သေ ကြပ်မှာကြောက်ဖို့လည်းမလို၊ ဘယ်ကို ရောက်မှာလည်း မကြောက်ရတော့ပါဘူး။ ဒါကြောင့်
မိမိတို့ တတွေ ရရှိထားတဲ့ အခြေအနေကောင်းလေးတွေကို စိတ်ထားကောင်းလေးတွေနဲ့ အသုံးချ
ပြီး နေစဉ်မှာ ကုသိုလ်တရားနဲ့ ကြပ်မတ်တည့်ပြီး ဘ၀ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း
တောင်းရင်း ရွှေ အဆုံးအမများထဲက အဆုံးအမလေး တစ်ခုကို လက်ဆင့်ကမ်းမျှဝေလိုက်ပါတယ်။

 သူ့ဘက်ကိုယ့်ဘက် ရှုမြင်တတ်ကြပါစေ........................။

မောင်ပညာ ( ကေတုမတီ )

Read more...

Thursday, January 26, 2012

မတူညီမှု ရှင်းတမ်း

                  ငယ်ငယ်ကတည်းက နားထဲခဏခဏကြားရတဲ့ စကားလေးတစ်ခွန်း
`လူချင်းတူပေမယ့် အသက်ရှုပုံ မတူတဲ့´။ ခုသေချာစဉ်းစားကြည့်တော့ မတူညီမှု
တွေများလာပါတယ်။ နေရာဒေသ၊  လူမျိုး၊ ပတ်ဝန်းကျင်၊ ထုံးတမ်းစဉ်လာပေါ်မူ
တည်ပြီး ဘာသာစကားတွေက မတူ၊ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ တွေက မတူ။ အ
စားအသောက်တွေကမတူ၊ ယုံကြည်မှုတွေကမတူ၊ ကိုးကွယ် အားထားရာတွေ
ကလည်း မတူကြ။ များသောအားဖြင့် ပညတ်နယ်တွင် မတူညီမှုတွေ များပါတယ်။
                 သတ္တ၀ါတွေဟာ တစ်ဘ၀ပြီး တစ်ဘ၀ သံသရာထဲ ပြေးလွှားလာခဲ့
ကြသည်မှာ ယောက်ျားဖြစ်လိုက်၊ မိန်းမဖြစ်လိုက်နှင့် မိမိပြုသော ကံအလိုက် အ
ကျိုးပေး မတူညီ ကွဲပြားခဲ့ကြတယ်။ သံသရာဘ၀ခရီးကြီးအထဲ ကံသတ္တိအရ အ
ကျိုးပေး မည်မျှပင် ကွဲပြားခဲ့ပါသော်လည်း တူညီမှုတစ်ခု ရှိခဲ့ကြတယ်။ သတ္တ၀ါ
အားလုံး မပြောင်းလဲသော ပရမတ္ထ တူညီခြင်းကား `ဒုက္ခသစ္စာ´ ရရှိခြင်းပါပဲ။
                 ဒုက္ခဆိုသောအကျိုးတရားသည် အကြောင်း သမုဒယသစ္စာကြောင့်
ရတာပါ။ ဒီ ကြောင်း ကျိုးသစ္စာတွေ ဘယ်မှာပြတ်မလဲ ဆိုတော့ နိရောဓသစ္စာ
မှာ ပြတ်မည်ပ။
                 နိရောဓ ဆိုက်ဖို့ ဘာလုပ်ရမလဲ ဆိုသော် တစ်ကြောင်းတည်းသော
ဧကောမဂ္ဂေါဆိုသည့် မဂ္ဂသစ္စာ၊ မဂ္ဂင် ရှစ်ပါး တစ်နည်းဆိုရရင် လောဘနဲ့ လည်း
မခင်၊ ဒေါသနဲ့လည်း မမြင်တဲ့ အလယ်အလတ် မဇ္ဈိမ ပဋိပဒါကျင့်ရမည်သာ။
                  ဘုန်းတော်ကြီး မြတ်စွာဘုရားရှင်က သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်
တရားကို ပေးသနားခဲ့၏။ ကိုယ်တိုင်လည်း ထိုကျင့်စဉ်၊ ထိုလမ်းဖြင့် နိရောဓမည်
ခေါ် နိဗ္ဗာန်တော်သို့ အပြီးတိုင် မျက်မှောက်ပြုသွား ခဲ့ပါပြီ။
                ယုံကြည်သူတို့က ဘ၀ကိုပုံအပ်ပြီး တဏှာကိုဖြတ် မြတ်သော အကျင့်
၏ ခေါ်ဆောင်ရာ နိဗ္ဗာန်ချမ်းသာ အရသာကိုခံစားသွားခဲ့ကြပြီ။
                မယုံကြည်သူတွေ၊ မယုံကြသေးသူတွေကတော့ သံသရာမှာ ခန္ဓာတွေ
ပွေ့ပိုက်လို့ အဖန်တရာမိုက်နေကြစဲ၊ ခရီးဆက်နေကြစဲ။
               မတူညီတာတွေပယ်ခွာ တူညီတာတွေ ဖွေရှာဖို့ နိဗ္ဗာန်လမ်းပေါ် ရောက်
လာသူတွေကတော့ တစ်ဦးနှင့် တစ်ဦး ဖေးမကူညီ၊ လက်တွဲညီလျက် ခရီးမဆက်
ဘဲ သံသရာခရီးကို ဖြတ်နေကြပါပြီ။ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဓမ္မ
မိတ်ဆွေ ကလျာဏ မိတ္တတွေ တူညီမှုတွေ ရကြမှာပါ။
              ဘာတူညီမှုတွေလည်းဆိုတော့ နိရောဓဆိုတဲ့ ချမ်းသာသုခ အစစ်ပါပဲ။
ဒါဟာလည်း မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေ တူနေလို့ပါ။ ဒါကြောင့် ဘုရားမြတ်စွာ
က `သမဂ္ဂါနံ တပေါ သုခေါ ´ တဲ့ အကျင့်တူသမျှ ချမ်းသာရဖို့ပါပဲလို့ ဟောကြားခဲ့
တာပါ။ အကျင့်တူဖို့ ကလျာဏ မိတ္တ အရေးကြီးပါတယ်။
                ဒါကြောင့် အသိတူ၊ အကျင့်တူပြီး အရတူဆိုတဲ့ နိရောဓ သုခ အတူရ
ကြပါစေလို့ ဆုတောင်းရင်း.................။

မောင်ပညာ ( ကေတုမတီ )

Read more...

Thursday, January 12, 2012

ပြာသိုလပြည့် အမေနေ့

             အမေနေ့ ဆိုတဲ့ ပြာသိုလပြည့်နေ့က အမေ့အကြောင်းတွေးမိတယ်။ စာရေးဆရာကြီး
ဘဘဦးသုခက ပြာသိုလပြည့်နေ့ကို ဘာကြောင့်များ အမေနေ့အဖြစ်သက်မှတ်ခဲ့တာပါလိမ့်။
အကြောင်းတော့ရှိမှာပေါ့။ ဒါပေမယ့် ကိုယ့်အတွေးနဲ့ကိုယ်စဉ်းစားကြည့်တယ်။ ပြာသိုလဆိုတာ
ချမ်းတဲ့အေးတဲ့ လ မဟုတ်လား။ ထိုလမှာ အမေရဲ့မေတ္တာအနွေးဓာတ်နဲ့ဆို သားသမီးတိုင်းရင်
မှာ နွေးထွေးသွားမှာပါ။
              ငယ်ငယ်က ပြာသိုလပြည့်နေ့မှာ စပ်ဆိုခဲ့ဘူးတဲ့ စာကြောင်းလေးတွေပါ ခေါင်းထဲဝင်
ရောက်လာတယ်။ “ချမ်းအေးကဲပို လပြာသိုထဲ အမေမွေးဖွား အမေ့သား ” ဆိုပြီး ငယ်ငယ်က
အမေ့ကိုလွမ်းရင် အဲ့လို စာတို စာစလေးတွေရေးဖြစ်တယ်။ ခုနောက်ပိုင်း လေ့လာစရာစာပေ
တွေများလာသလို လုပ်စရာအလုပ်တွေကလည်း များလာ၊ ဒါနဲ့ အမေ့နေ့မှာ အမေ့အတွက်
ကဗျာလေးတွေတောင် မစပ်ဖြစ်ခဲ့ဘူး။ ဒါပေမယ့်လို့လည်း လပြာသိုရောက်ပြီဆိုသည်နှင့်
အမေ့ အကြောင်းစဉ်းစားမိတယ်။
              မိဘမေတ္တာဆိုတာ ကြီးမားတယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒါကိုစာဖွဲ့ရင်လည်း
ငယ်ငယ်က စာစီစာကုံးမှာရေးသလို မြင်းမိုရ်တောင်ကြီးနဲ့ ထွက်သစ်စ လခြမ်းလေးလိုပဲတဲ့။
ဒါငယ်ငယ်က ရေးခဲ့တာပေါ့။ ဒါပေမယ့် မြင်းမိုရ်တောင်လည်း ကိုယ်မမြင်ဖူးချေ။ ဘာကြောင့်
များမြင့်မိုရ်တောင်ကို ရေးချင်ခဲ့မိလည်းဆိုတာ ခုစဉ်းစားကြည့်တယ်။ ဒါက ဘုရားရှင်ကိုယ်
တော်မြတ်ကြီး ပေးခဲ့သော ဥပမာရယ်ပါ။
               ဘုရားပေးတဲ့ ဥပမာကိုတော့ ထပ်မညွန်းတော့ပေမယ့် အများတွေးနဲ့ အတွေးလေး
နဲ့ပြောပြချင်တယ်။ “တစ်လုပ်စားဖူး သူ့ကျေးဇူး” လို့ အားလုံးပြောဆိုကြ သိကြပါတယ်။ တစ်
လုပ်စားဖူးရင်တောင် ကျွေးသူဟာ ကိုယ့်ကျေးဇူးရှင်ပါ။ ခုရွယ်ရောက်တဲ့အထိကျွေးမွေးလာတဲ့
ကျေးဇူးဆိုတာတော့ ပြောမနေနဲ့တော့။ ဘယ်လောက်တောင်များလိုက်သလဲ။ သားသမီးအ
ပေါ်ချစ်သည်ကား ပေတံမရှိချေ။ နှိုင်းယှဉ်စရာမရှိပါပေ။ ဒါကြောင့်လည်း အပ္ပရိမာနံ တဲ့
မေတ္တာသုတ်ထဲတွင် ဘုရားရှင်ဟောကြားခဲ့သည်။
                အမေဆိုတာ အမျိုးသမီးတစ်ရပ်လုံးရဲ့ ရနိုင်တဲ့ ရပိုင်ခွင့် နာမည် သင်္ကေတပါ။ ရဟန်း
တော်တွေမှာတော့ လူ့လောကထဲရောက်လာအောင် မွေးပေးခဲ့တဲ့ ပကတိမယ်တော်ရှိသလို၊
ရဟန်းဘ၀ ရောက်ရှိအော် ပရိက္ခရာ ရှစ်ပါးနဲ့ ထောက်ပံ့ပြီး သိမ်ထဲကမွေးပေးလိုက်တဲ့ ရဟန်း
မယ်တော်ဆိုတာ ရှိပါတယ်။ ရဟန်းပရိက္ခရာမပြည့်စုံရင် ရဟန်းမဖြစ်ပါ။ ဒါကြောင့် ဒါကို လှူဒါန်း
ပေးလိုက်တဲ့ ရဟန်းမယ်တော်ဆိုတာလည်း ရဟန်းအတွက် အမေပါပဲ။
                 အမျိုးသမီးထုကြီး ဂုဏ်တက်စေတာ ဒီအမေတွေကြောင့်ပါ။ တစ်ခါက မြတ်စွာဘုရား
ကို အရှင်အာနန္ဒာက လျှောက်ဖူးပါတယ်။ အရှင်ဘုရား မာတုဂါမတွေရဲ့ အာရုံဟာ ရဟန်းတွေ
အတွက် အလွန်ပင်ကြီးမားတဲ့ အနှောက်အယှက် ဖြစ်ပါတယ်တဲ့ ဒါကြောင့် ဘယ်ကဲ့သို့ နေထိုင်
သင့်ပါသလဲ ဆိုတာ မိန့်တော်မူပါဘုရား ဆိုပြီး လျှောက်တယ်။ ဒီတော့ ဘုရားမြတ်စွာက ချစ်သား
မာတုဂါမတွေကို မမြင်၊ မတွေ့အောင်နေပါတဲ့။ အဲ မြင်ပြီ တွေ့ပြီး ဆိုလျှင် မကြည့်မိအောင် နေပါ
မြင်ပြီ တွေ့ပြီ ကြည့်မိပြီ ဆိုလျှင် တခြားစိတ်မထားဘဲ ကိုယ့်ရဲ့ မွေးမိခင်၊ မောင်နှမ စိတ်နဲ့ ပြော
ဆိုဆက်ဆံ နေထိုင်ပါတဲ့။ ဒါဟာ မြတ်စွာဘုရားရှင်ပေးတဲ့ မာတုဂါမတွေနဲ့ ပြောဆိုဆက်ဆံနည်း
ပါ။
                  သဒ္ဓါတရားပိုတာဟာ အမျိုးသမီးများရယ်ပါ။ ဆွမ်းလောင်းရင်လည်းပဲ တွေ့မြင်ကြုံဆုံ
ရ၊ တရားပွဲတို့ တရားစခန်းတို့မှာလည်းပဲ အမျိုးသမီးတွေက များတာပါ။ ဒီတော့ တွေ့နေ မြင်နေ
ကြုံနေ ဆုံနေ ရတာ၊ မြတ်စွာဘုရားပေးသော ကိုယ့်မိခင်လို့ နှလုံးသွင်းသောအခါ၊ ကိုယ့်မယ်တော်
အကျိုးရှိအောင် ဘယ်လိုနေ၊ ဘယ်လိုပြော၊ ဘယ်လိုကျင့်ပေးရင် အကျိုးရှိမလဲဆိုတာ စိတ်ထဲဖြစ်
လာပါတယ်။ ဒါဟာ ရဟန်းတော်တွေ အထူးသဖြင့် အမေချစ်တဲ့ သားရဟန်းတွေ ဆိုလျှင် ကျင့်စရာ
အကောင်းဆုံးတရားပေါ့။ ဒါကြောင့် ပြာသိုလပြည့် အမေနေ့ဝယ် အမေနှင့်တူလှစွာသော အမျိုး
သမီးများအတွက် ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ် အမေအပေါင်းတို့.........................။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ............................။

မောင်ပညာ ( ကေတုမတီ )

Read more...

Saturday, December 24, 2011

အထားမှားသော စိတ်

             တစ်နေ့က ဒကာမတွေလာရင်း တရားစကားမေးကြ မြန်းကြရင်း စိတ်ထဲဖြစ်မိတာလေး
ကို စာအဖြစ်ပြောင်းလိုက်တာရယ်ပါ။ တစ်ယောက်ကမေးတယ် မြတ်စွာဘုရားရှင်က အရှင်ဒေ၀ဒတ်
ကို တရားရအောင် ဘာဖြစ်လို့များ တရားမဟောရတာလဲတဲ့။ ဒေ၀ဒတ် ငရဲကျမှာ သိလျက်နဲ့ မ
ကယ်ဘဲ ထားသလို ဖြစ်မနေဘူးလားဆိုပြီး မေးပါတယ်။ ဒါနဲ့ သူသဘောကျ ကျေနပ်အောင် ပြန်
ဖြေပေးလိုက်တယ်။ အဲ့နေ့က မပြောလိုက်မိတဲ့ ဥပမာလေးကို ခုစာထဲမှာတော့ ထည့်ပြီးရေးဖြေ
လိုက်ပါတယ်။
               တစ်ခါက မြတ်စွာဘုရားရှင်ဆီကို ပုဏ္ဏားကြီးတစ်ယောက်လာပြီး မေးခွန်းတစ်ခု မေးပါ
တယ်။ ဘုရားဂေါတမဟာ တရားဟော အလွန်တရာကို ကျွမ်းကျင်တယ်လို့ သူကြားပါတယ်တဲ့
ထိုသို့ ကျွမ်းကျင်တာကြောင့် ဘုရားဟောသမျှလူတွေသည် ကျွတ်တမ်းဝင်သွားကြသလား၊
ကောင်းသောဘုံဌာနတွေဆီ ရောက်ကြပါသလားလို့ မေးပါတယ်။ ဒီတော့ မြတ်စွာဘုရားရှင်က
မေးခွန်းလေးတစ်ခု ပြန်မေးတယ်။ ပုဏ္ဏားကြီး သာဝတ္ထိမြို့ဆိုတာလည်း ရှိတယ် သာဝတ္ထိမြို့ကို
သွားတဲ့ လမ်းဆိုတာလည်းပဲ ရှိတယ်။ ပုဏ္ဏားကြီးကို လူတစ်ယောက်က သာဝတ္ထိမြို့ကိုဘယ်လမ်း
ကသွားရပါသလဲဆိုလျှင် ပုဏ္ဏားကြီးဟာလမ်းသိတော့ ဒီလမ်းကသွားရင် သာဝတ္ထိကိုရောက်မယ်
ဒီလမ်းကသွားပါဆိုပြီး လမ်းညွှန်လိုက်တယ်။ အဲ့ဒီလူက ထိုညွှန်ပြတဲ့လမ်းကို မသွားဘဲ တခြားသော
လမ်းကို သွားမယ်ဆိုလျှင် သာဝတ္ထိမြို့ရောက်ပါ့မလားတဲ့။
                အရှင်ဘုရားရယ် လမ်းညွှန်တဲ့သူက ဒီလမ်းကသွားရောက်ပါတယ်လို့ ညွှန်တာတောင်
တခြားလမ်းကိုသွားတာ ဘယ်လိုလုပ်ပြီး သာဝတ္ထိမြို့ကိုရောက်ပါ့မလဲ။
                ဟုတ်တယ်ပုဏ္ဏား အဲ့ဒီလိုပါပဲ ငါဘုရားက ဒီလမ်းကသွားရင် နိဗ္ဗာန်ကို ရောက်မယ်လို့
ဆိုပေမယ့် ငါဘုရားပြောတဲ့အတိုင်းလိုက်နာ ကျင့်သုံးပြီး ထိုလမ်းကိုလျှောက်သူတွေသာ ရောက်
တယ်၊ ဆန့်ကျင်ဘက်လမ်းကို လျှောက်ရင်တော့ ဘယ်လိုလုပ်ပြီး ရောက်နိုင်မတုန်း၊ တကယ်
တော့ ငါဘုရားဟာ လမ်းညွှန်မှုကိုပဲ ပေးနိုင်တာ ကျင့်သုံးသည် မသုံးသည်က ထိုလမ်းမေးသူ၏
အလုပ်ပေပဲလို့ ဖြေကြားခဲ့တဲ့ အဖြေလေးကို အတော်လေးသဘောကျနှစ်သက်ခဲ့တာပါ။
                  ခုလည်း မြတ်စွာဘုရားရှင်ဟာ အရှင်ဒေ၀ဒတ်ကို သူများနည်းတူ တရားတွေဟော
တာပါပဲ။ အရှင်ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရှင်တောထွက်တော်မူကတည်း အမြင်မကြည်လင်
ခဲ့တာ နှမဖြစ်သူကို ထားပြီးတစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းသွားတယ်လို့ အထင်မှားခဲ့တာပါ။
သာသနာ့ဘောင်ထဲရောက်လို့ သင်္ကန်းဝတ်ပြီးတဲ့အခါမှာလည်း သူ့ရဲ့စိတ်ကလေးကို နေရာ
အထားမှားခဲ့တယ်။ ဘယ်လိုနေရာမျိုးတျွေမှာထားခဲ့သလဲဆိုတော့ ကျော်ကြားချင်တဲ့နေရာ
လာဘသက္ကာယ ပူဇော်မှုတွေအပေါ်မှာပေါ့။ အတူတူသာသနာ့ဘောင်ဝင်ခဲ့တဲ့ အရှင်အာနန္ဒာ
အရှင်အနုရုဒ္ဓာတို့ကို ဒကာဒကာမတွေက ပူဇော်မှုတွေပြုပြီး မိမိကိုတော့ ဘယ်သူမှမသိဘူး
ဘုရားရှင်ကလည်း နေရာပေးတော့ ယောက်ဖဖြစ်တဲ့ မိမိကိုမပေးဘဲ အရှင်သာရိပုတ်တို့ကို
ပေးတယ်ဆိုပြီး အထားမှားသော စိတ် နဲ့ ပြစ်မှားခဲ့တယ်။
                   နေရာရဲ့ အဓိပ္ပါယ်ကို သေချာမသိလေတော့ စိတ်အထင်နဲ့ အတ္တအမြင်ကို အရောင်
တင်ခဲ့တာပေါ့။ နောက်ဆုံးမှာ မပြုသင့် မပြုထိုက်တဲ့ ကံကြီးတွေပြု ဘုရားကိုအံ့ပြုကာ ဘုရား
တစ်ဆူလုပ်ပြီး သံဃာပရိသတ်ကို လုယူခဲ့တယ်။ ဒါတွေဟာ သံသရာတစ်လျှောက် မကျေနပ်
ခဲ့သမျှကို အထားမှားတဲ့ စိတ်နဲ့ ပြုတာပေါ့။ နောက်ဆုံး အထားမှားတဲ့ စိတ်က စိတ်ထားမှားတဲ့
သူ့ကို အပါယ်ငရဲ ကျစေခဲ့တာပါပဲ။ ဘုရားရှင်က မလုပ်သင့်လို့ မလုပ်သင့်ဘူး ပြောခဲ့ပါတယ်။
သို့သော်လည်း ဒီဘက်လမ်းကိုမှ လျှောက်ချင်နေတဲ့သူကတော့ လမ်းမှန်ပြသူကို တာ့တာလို့
ပြောပြီး မိမိလျှောက်လိုသည့် လမ်းသို့သာလျှောက်လှမ်းမှာပါ။ လမ်းညွှန်ပြသူဟာ ကိုယ်ညွှန်ပြ
တဲ့ မသွားလို့လည်း ၀မ်းနည်းစရာမလိုပါဘူး၊ သွားလို့လည်း ၀မ်းသာဖို့မဟုတ်ပါဘူး။ တကယ်
တော့ လမ်းညွှန်သူဆိုတာ လမ်းညွှန်သူ တစ်ယောက်ပဲ မဟုတ်လား ။                 ။

လိုရာပြည့်ကာ တည်ကြည်စွာ ပညာတိုးပါစေ...............။

မောင်ပညာ ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner