မွန်ပြည်နယ်ရဲ့ စာပြန်ပွဲလေးတစ်ခုက ကိုရင်ကြီးတစ်ပါးရဲ့ တရားလေးတစ်ပုဒ်ပေါ့။ မိမိရဲ့ ဆရာဖြစ်သူက ဒီအကြောင်းလေး ခဏခဏ ပြောပြီး တပည့်တွေကို ဆုံးမဖူးတာကြောင့် ရေးဖြစ်သွားတာပါ။
မွန်ပြည်နယ်မှာက စာပြန်ပွဲတွေ များတယ်။ ဒကာဒကာမတွေကလည်း လိုလေသေးမရှိအောင်ကို ထောက်ပံ့ လှူဒါန်းကြတယ်။
အနယ်နယ်အရပ်ရပ်က စာသင်သား ရဟန်းငယ်တွေ ကိုရင်တွေဟာ စာပြန်ပွဲချိန်ရောက်ရင် မွန်ပြည်နယ်မှာ ဆုံတွေ့ ကြတာပေါ့။
ဒီလိုနဲ့ တစ်ခုသော စာပြန်ပွဲမှာ မိမိရဲ့ဆရာဖြစ်သူဟာ ထိုစာပြန်ပွဲ ကြီးကြပ်သူအဖြစ် တာဝန်ယူရတယ်။ စာပြန်ပွဲ ချိန်ဟာ နေ့လည်မှာ ဖြေကြရပြီး နံနက်မှာ မြို့အတွင်းသို့ ဆွမ်းတော်ကြီးလောင်း ကြွကြရတယ်။ မြို့သူမြို့သား များ သဒ္ဓါဖွေးဖြူတဲ့မွန်တိုင်းရင်းသူ လေးများဟာ မိမိတို့ အိမ်ရှေ့မှနေပြီး ဆွမ်း၊ သစ်သီး စတာတွေလောင်းကြတယ်။
ဒီလိုနဲ့ စာမေးပွဲတွင်း တစ်ညမှာ ဆရာက အညောင်းပြေ အညာပြေ ဆင်းပြီး လမ်းလျှောက်တယ်။ ထိုအချိန်မှာ အသားကျောင်းလေး တစ်ခု အတွင်းမှာ မီးမပိတ်သေးဘဲ စကားပြောနေသံကြားတာနဲ့ စာအကြောင်းတွေ ပြောနေတာလား သိချင်တာနဲ့ ဆရာဟာ အနားကပ်သွားတယ်။
အထဲက ကိုရင်ကြီးနှစ်ပါးပြောနေတာက
“အရှင်ဘုရားရယ် တပည့်တော် မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူး၊ ဟ ဘာဖြစ်လို့လဲ စာတွေစဉ်းစားနေလို့လား၊ မဟုတ်ပါဘူး ဘုရား တပည့်တော် မနေ့ မနက်က မြို့ထဲ ဆွမ်းတော်ကြီးကြွတုန်းက တွေ့ခဲ့လို့ ဘုရား၊ ဘယ်သူမှတော့ လျှောက်မပြောနဲ့ဘုရား၊ဟာ ဒါဆို ငါ့ရှင် စာမေးပွဲ လည်း ဘယ်ဖြေနိုင်မလဲ၊
စာမေးပွဲတော့ ဖြေနိုင်ပါတယ်ဘုရား၊ စောစောက အိပ်မပျော်ဘူးဆို၊ မှန်ပါ့ နောက်တော့ အိပ်ပျော် သွားပါတယ်၊ ဘယ်လိုဖြစ်ပြန်တာတုန်း၊ တပည့်တော် သဘောပေါက်သွားလို့ပါဘုရား၊ ဟ လုပ်ပါအုံး ဘယ်လိုသဘောပေါက်သွားတာလဲ?
“ အော် ငါကသာ စဉ်းစားနေတာ သူကသိမှာ မဟုတ်ပါဘူး” လို့ သဘောပေါက်သွားတာဘုရား၊ အဲ့လို သဘောပေါက်တော့ တပည့်တော်လည်း တစ်ရေးပဲ အိပ်ပျော် သွားတော့တာပဲ။
ဒါလေးကြားတော့ ဆရာက ပြုံးပြီးနောက် ပြန်ဆုတ်လာ ခဲ့တယ်။
အော် ဟုတ်လိုက်တာ ကိုယ်သာ သူ့အကြောင်း စဉ်းစားပြီး အိပ်မပျော်ဖြစ်နေပေမယ့် သူကတော့ အိပ်ယာထဲ သိုးရင်သိုးနေမှာ ။ ကိုယ်ကသာ သူ့ကို ဒေါသတွေထွက်ပြီး ကြိတ်မနိုင် ခဲမရ အံတကြိတ်ကြိတ်ဖြစ်နေတာ သူက သိမှမသိပဲနော်။ အော် သတိရလို့ပဲ ဖြစ်ဖြစ် ဒေါသထွက်လို့ပဲ ဖြစ်ဖြစ် ကိုရင်ကြီး သဘောပေါက်သလိုသာ ပေါက်လိုက်စမ်းပါ။
ကိုယ်ကသာ စဉ်းစားနေတာ သူက သိမှာ မဟုတ်ပါဘူး လေ။ သက်ရှိ သက်မဲ့ အားလုံး ကိုယ် သူတို့ အကြောင်းစဉ်းစားနေတာမသိပါဘူး။
သဘောမပေါက်သရွေ့တော့ အိပ်မပျော်ညတွေ တာရှည်နေအုံးမှာပါ
သံသရာ တစ်လျှောက်သဘောမပေါက်လို့ ပြေးလွှားနေခဲ့ရ၊ အိပ်ပျက်ခဲ့ ရတာတွေကို ခုသဘောပေါက်လိုက်
ကြပါတော့။ လောဘကြောင့် အိပ်မပျော်၊ ဒေါသကြောင့် အိပ်မပျော်နဲ့ အော် ဘာတွေကြောင့် ကိုယ့် ကိုယ်ကို
နှိပ်စက်နေအုံးမှာလဲ? ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ သမျှသည်လည်း သဘောမပေါက်လို့၊ ပျော်မဆုံးဆုံး တပြုံးပြုံးနဲ့
စားမြှုပ်ပြန် နေတာလည်း သဘောမပေါက်လို့နော်။ သက်ရှိသက်မဲ့ ကိုယ်စိတ်ဝင်စားသမျှဟာ တဒင်္ဂ ခဏပဲ
သာယာစရာ ထင်နေရင် ကိုယ်ပဲ ခံစားနေရမှာ။ ဒါကို သဘောပေါက်စေချင်ပါတယ်။
အော် ဘဝမှာ သဘောပေါက်သွားပြီး လောဘနဲ့ မထိ၊ ဒေါသနဲ့ မငြိပဲ အေးချမ်း သာယာ အပြစ်ကင်းစွာ
ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း..................
ကဲအားလုံးအတွက် လက်ဆောင်
ဖြစ်ပြီးအဟောင်း
တိတ်ဇာတ်ကြောင်းကို
ပြန်ပြောင်းစဉ်းစား
မငြီးတွားနဲ့။
မောင်ပညာ ( ကေတုမတီ )