မိမိတို့ မှော်ဘီ ဓမ္မဒူတကျောင်းနေစဉ်က အမြဲတမ်းလိုလို အလှည့်ကျ တရားဟော ကြရတယ် ။
အောက်မှာ နာယက စာချများက ထိုင်နေပြီး အလှည့်ကျတဲ့ ကိုရင် ဦးဇင်းက ပလ္လင်ပေါ်တက်ပြီး တရားဟော ကြရတယ်ပေါ့။
ဒီလိုနဲ့ တဖြည်းဖြည်း မိမိအလှည့်သို့ ရောက်လာပါလေရော မိမိလည်း ဟောဖို့ စာကြည့်ရတာ တစ်မျိုး အပေါ်ရောက်ရင် ဖြစ်ပါ့မလား ဆိုပြီး တစ်မျိုး စဉ်းစားရင်း ရင်ဘတ်ထဲတော့ ကုလားဘုရားပွဲ လှည့်နေသလိုပါပဲ။
ဒီလိုနဲ့ ညနေ ဘုရားဝတ်တက်ခါနီးမှာ မိမိအခန်းထဲ ကိုရင်လေးတစ်ပါး ဝင်လာတယ်။
ဦးဇင်း ဟော အလှည့်လား လို့ သူကမေးတယ်။
အေးကွာ တို့လည်း တရားမဟောဖူးတော့ ဘယ်လို ဟောလို့ ဟောရမလဲတောင် မသိပါဘူးကွာ လို့ ဒါနဲ့ အရှင်ဘုရား တရားဟောနည်းယူမလား တဲ့ ဟ ကိုရင်ရ သိရင် လုပ်ပါအုံး ဘုရားဝတ်ပြု ပြီးရင် တက်ရတော့မှာ ဆိုတော့
အရှင်ဘုရားရယ် တရားဟောတာများ မခက်ပါဘူး
ဦးဇင်း ပလ္လင်ပေါ်ရောက်ရင် ဖြည်းဖြည်း ဖြည်းဖြည်းပဲ ဟော နားနား ပြီး ဟောပါ၊ တိုးတိုး တိုးတိုးပဲ ဟော အားလုံးလည်း ကြားပါတယ်တဲ့
အောင်မယ် အဟုတ်ထင်လို့ ဟဲ့ ကိုရင် အဲ့ဒါ မျိုးကြီးသီချင်း မဟုတ်ဘူးလားဟ
အရှင်ဘုရားကလည်းနော် တပည့်တော် ပြောတဲ့ နည်းအတိုင်းသာဟော အားလုံး အိုကေသွားမယ်။ လင်းစမ်းပါအုံး ဘယ်လို အိုကေမှာလဲ ဟဆိုတော့
ကိုရင်က ဆက်ပြောတယ် စကားပဲ ပြောပြော တရားပဲ ဟော ဟော ဖြည်းဖြည်း ပြောတာ ကောင်းတာပါ့
တရားဟော ရင်ပိုတောင် အရေးကြီး သေးတယ် နော် သူတို့က နားမလည်လို့ မသိလို့ တရားလာ နာပါတယ် ဆိုမှ မြန်မြန် ဟောရင် ဘယ်သဘောပေါက်တော့ မလဲ။
ဒါကြောင့် ဖြည်းဖြည်းဟောပါ။ နားနားပြီး ဟောတော့ ဦးဇင်းလည်းမမော တော့ဘူးလေတဲ့။ အံ့မယ် ဒီလိုဆိုတော့ ကိုရင့် နည်းက မဆိုးပါလားလို့
ဒါနဲ့ နေပါအုံး တိုးတိုးက ဘာဖြစ်လို့ ဟောခိုင်းရတာလဲ
အော် ဦးဇင်းရယ် ပိန်းပါ့ ကိုကြီးပိန်းလို့တောင် ဦးဇင်းကို နာမည်ပေးလိုက်ချင်တယ်
အောင်မလေး ပြောမယ့်အရေး ငါ့ကို ရင်က ဈေးကိုင်နေသေး
တိုးတိုးဟောတော့ မကြားရဘူးဟဲ့ ဆိုပြီး သေချာ အာရုံစိုက် လိုက်နာတော့ အိပ်မငိုက်တော့ဘူးပေါ့ ဒီလိုဗျ တရားဆိုတာက လူတွေနဲ့ အတော်လေးဝေးတယ်လေ ဦးဇင်းရ လူတွေက တစ်နေ့ တစ်နေ့ အလုပ်လုပ်ရတာနဲ့ ပင်ပန်းလာကြတာ။ ဟော မယ်မှ မလုပ်ရသေးဘူး သူတို့က မျက်လုံး စင်းပြီး အိပ်ငိုက်ကြတာ လေ
တပည့်တော် တစ်ချို့ တရားပွဲတွေ အကဲခပ်ကြည့်တယ် ဘုန်းကြီးက အသံ ကောင်းကောင်းနဲ့ လွှတ်ဟဲတော့ သူတို့ကိုများ ချော့သိပ်တယ် ထင်ကြလားပဲ
အိပ်ငိုက်လိုက်ကြတာ ဦးဇင်းရယ် ဒါကြောင့ ဦးဇင်းကို ပြောတာ တိုးတိုးနော်လို့ အံ့မယ်သူက ချုပ်သွားသေးတာ
ကိုယ့်ဦးဇင်းမိုလို့ နည်းစနစ် တွေ ပေးလိုက်တာနော် အောက်ကနေ နားထောင်နေမယ်တဲ့
ထိုနေ့က မိမိဟာ ပလ္လင်ပေါ်မှာ တရားလေးတစ်ပုဒ်ကို ဖြည်းဖြည်းနဲ့ တိုးတိုးလေး ဟောခဲ့ တယ်လေ။ ဒီနေ့ ထိလည်း တရားဟောစရာ ကြုံလာတိုင်း ကိုရင်လေးရဲ့ ဖြည်းဖြည်း နဲ့ တိုးတိုး လေးက နားထဲက မထွက်ဘူး
ဒါက ဦးဇင်းတို့မှ မဟုတ်ဘူး အလုပ်လုပ်နေသူတွေလည်း နည်းယူရမှာ သူများနဲ့ယှဉ်လို့ ကိုယ့်စကား အရာရောက်ချင်ပါတယ် ဆိုရင် ဖြည်းဖြည်းနဲ့ တိုးတိုးနော်......။
မောင်ပညာ ( ကေတုမီ )