Friday, February 10, 2012
ဘယ်တစ်ခုလဲ
ဈေးဆိုင်တို့ဘာတို့မှာ ပစ္စည်းတွေဘာတွေဝယ်တော့မယ်ဆိုလျှင် လက်ညှိုးလေးနဲ့ အဲ့ဒီပစ္စည်းလေး ယူပါရစေဆိုလျှင် ဆိုင်မှာ ကောင်တာထိုင်တဲ့သူက ဘယ်တစ်ခုလဲ ? လို့ ပြန်မေးဖူးတာကို ကြုံဖူးကြမှာပါ။ ခုလည်း မေးချင်တာလေး ဖြစ်ပေါ်လာတယ်။ ဘယ်တစ်ခုကို လိုချင်တာလဲ ? လို့ပေါ့။ လောကမှာ လိုချင်စရာ၊ ပိုင်ဆိုင်ချင်စရာတွေက များလိုက်ပါဘိသနှင့်နဲ့။ ပိုင်ဆိုင်ချင်စရာတွေ၊ လိုချင်စရာတွေ များနေသလို ပိုင်ဆိုင် ချင်စိတ်၊ လိုချင်စိတ်တွေကလည်း များလာတာဟာ အချိုးကျကျပါပဲ။ တစ်ဖက်က အကန့်အသတ်မရှိများလာ တာကို တစ်ဖက်က အထိန်းအကွပ်မထားပဲ လွှတ်ထားလိုက်မယ်ဆိုရင်...........။
တစ်ခါတစ်လေ ဘယ်တစ်ခုကို သဘောကျတာလဲလို့ မေးရင်း နှစ်ခုလုံးသဘောကနေတယ် ဘယ်ဟာယူကောင်းမလဲတွေးရတာတွေလဲ ကြုံဖူးကြမှာ။ တစ်ခါတစ်လေ ဈေးမတတ်နိုင်လို့၊ တစ်ခါတစ်ခါကျ ကိုယ်ကြိုက်တဲ့ဟာမှာက အပြစ်အနာအဆာလေးတွေ တွေ့လို့ အခြားကောင်းတာလေးတွေ ယူလိုက်ရတာလဲ ရှိမှာပါ။ ကြုံဖူးကြမယ်လို့လည်း ထင်ပါတယ်။ လိုချင်စရာပစ္စည်းတိုင်းမှာ သူ့အရည်အသွေးနဲ့သူပါ။ ကြိုက်စရာရှိ လို့လဲ ကြိုက်ကြတာပေါ့လို့ တွေးကောင်းတွေးမှာပါ။ ဟုတ်ပါတယ်။ လူတွေဟာ ကြိုက်စရာကိုပဲမြင်တယ် တစ်ဖက်က ကြောက်စရာကို မမြင်ကြဘူး။
ကောင်းတာလေးတွေ့ကြိုက်လိုက်ကြတယ်။ မကောင်းတာကြီးမြင် ကြောက်လိုက်ကြတယ်။ ဒါနဲ့ ဟိုတစ်ခု ဒီတစ်ခု ဆိုပြီးရွေးကြတယ်ပေါ့။ ကောင်းတာလေးမြင်လို့ ကြိုက်တာကလောဘ၊ မကောင်း တာ တွေ့လို့ ကြောက်တာက ဒေါသ၊ တစ်ချို့ ကထင်ကြတယ် မကောင်းတာကြီး မြင်ပြီးကြောက်တာ သံဝေဂ လိုလိုဘာလိုလိုပေါ့။ မဟုတ်ပါဘူး။ ကိုယ်မကြိုက်လို့ ကြောက်တာက ဒေါသပါ။ ကိုယ်ကကောင်းတယ်ထင်ပြီး ကြိုက်နေတဲ့ အရာလေးမှာ မကောင်းတဲ့သဘောတရားလေးမြင်လို့ ထိတ်လန့်သွားတာကမှ သံဝဂဥာဏ်ပါ။ ဒါလေးကိုတော့ ကွဲပြားစွာ သိစေချင်ပါတယ်။ တစ်ချို့ က မကောင်းတာမြင်တိုင်း သံဝေဂရမယ်ထင်ကြတာ။ သံဝေဂ ဆိုတာ ဥာဏ်ပါ။ သံဝေဂဖြစ်လို့ ကြောက်သွားတယ်ဆိုရင် သံဝေဂမစစ်လို့ပါ။
သံဝေဂဖြစ်တယ်ဆိုတာ သဘောတရား အဖြစ်အမှန်ကို တရားသဘောအသိဥာဏ်နဲ့ သိသွားခြင်းရယ်ပါ။ ဒါကိုပဲ သံဝေဂရလို့ ကြက်သေသေသွားတာလို့ ဘာမှ မလုပ်ချင်တော့ပဲ ဖြစ်သွားတာတို့ ဆိုတာတွေ ကြားနေရပါတယ်။ ဒါဟာ သံဝေဂမဟုတ်ပါ။ ဒေါသသာ ဖြစ်ပါတယ်။ ဒေါသက ကြောက်တာ။ သံဝေဂက လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချတာ။ သံဝေဂ ဆိုတာ ၀ိပဿနာ ဥာဏ်ရဲ့  အနီးကပ်ဆုံး အကြောင်းတရားပါ။
ကိုယ်ကကြိုက်နေတဲ့ အရာ၊ လိုချင်နေတဲ့အရာကို သေချာကြည့်ပါ။ ဘယ်နေရာလေးကို ကြိုက်တာလဲ၊ ဘာအရောင်လေးကို လိုချင်နေရတာလဲ။ တကယ်ကောင်းလို့ လိုချင်တာလား။ ဒါလေးတွေ စဉ်းစားကြည့်တော့ တကယ်မကောင်းတာလဲ ကောင်းတယ်ထင်ပြီး လိုချင်ခဲ့တယ်။ လိုချင်အောင်လည်းပဲ မသိမှုတွေ ဖုံးလွှမ်းခဲ့တယ်။ သိအောင်လည်း မကြိုးစားခဲ့ဘူး။ ကောင်းတယ်ထင်နေလို့ လောဘဖြစ်နေတာပါ၊ ကိုယ့်လက်ထဲရောက်မှ မကောင်းတာဖြစ်နေရင်...။ ပြောမယ်သာပြောရသာ မကောင်းမှန်းသိလည်း လိုချင်နေသူတွေက အပုံအပင်ပါ။ ဒီလူ့ဘ၀မှာရလာတာ အို၊ နာ၊ သေ မကောင်းမှန်းသိရက်နဲ့ ဒီသား၊ ဒီသ္မီး၊ ဒီမိသားစုနဲ့ ပြန်ဆုံတွေ့လိုပါ၏ ဟု ဆုတောင်းနေကြသည်မဟုတ်ပါလော။
ကိုယ်အရင်ကပြုခဲ့သည့် ကံ ( သင်္ခါရ ) တရားတွေကြောင့် ဒီပစ္စုပ္ပန် အကျိုးတရားတွေရလာပြီ ဒီတော့ ယခုကိုယ်ရထားတာတွေ တကယ်ကောင်းမကောင်း ဆန်းစစ်ဖို့သာလိုပါတော့တယ်။ ဒါပေမယ့် ခုလိုနေရတုန်းတာ မကောင်းတာ ဟိုလိုလေးနေရရင်တော့ ကောင်းမှာပဲ ဆိုပြီး အဲ့လိုလေး လိုက်လုပ်ပြန်၊ လိုက်လုပ်တော့ ထပ်ရပြန်တယ်။ လုပ်ကတည်းက လိုချင်တဲ့ ပုံစံကို ပုံဖော်ပြီး လုပ်နေကြတာကိုး......။ ပိုင်ဆိုင်ချင်စိတ်များလေ ဒုက္ခများလေပဲလို့ ဆရာတော်ကြီးတစ်ပါးက မိန့်ဖူးပါတယ်။ ဟုတ်တာပေါ့။ ပိုင်ဆိုင်ရရှိထားတာကြီးကိုက ဒုက္ခသစ္စာပါပဲလေ။ ဒါကို ထပ်ပိုင်ချင်ကြသေးတယ်ဆိုတာ တကယ်မသိမှန်း သိသာပါတယ်။
ကိုယ်လိုချင်လက်ညှိုးထိုးတဲ့ တစ်ခုကိုလည်း၊ တစ်ခုမကပါဘူး အားလုံးကို ပြန်ကြည့်ပါ။ အကောင်းဘာများပါသလဲဆိုတာ သေချာကြည့်ပါ။ ဘယ်တစ်ခုကများ ကောင်းတာရှိသလဲဆိုတာကို သဘောပေါက်အောင် ကြည့်ကြပါ။ လူတွေဟာ အမှိုက်ပုံကြီးထဲမှာ ဘယ်ဟာလေးများ ကောင်းရာကောင်းနိုး ပါမလဲလို့ လိုက်ရှာနေကြတာနဲ့ အလားတူပါတယ်။ ပညာရှိသူတော်ကောင်းတွေက မလိုချင်လို့ တံတွေးပမာ ထွေးအန်ခဲ့တာကို မိမိတို့တတွေက လိုက်ရှာပြီး ကောက်ယူနေကြတာ ဥာဏ်နည်းလို့လား၊ ဥာဏ်မရှိလို့လားဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ ပြန်မေးကြပါ။
ဘယ်တစ်ခုလဲ၊ ဘယ်တစ်ခုလဲလို့ လက်ညှိုးထိုးပြစေချင်တယ်။ ကောင်းတယ်လို့ ပြောတဲ့ အရာတွေထဲကပေါ့။ သူများပြောလို့ မလိုချင်တာမျိုး မဖြစ်စေချင်ပါဘူး။ ကိုယ့်ဥာဏ်ကိုယ် အားကိုးကြပါ။ မကောင်းဘူးပြောမလိုချင်၊ ကောင်းတယ်ပြောလိုချင်တယ်ဆိုတာကတော့ ကလေး နှပ်ချီးပေလေးတွေရတာ ပါ။ ကိုယ်က နှပ်ချီးပေ ကလေးအဆင့်လား၊ လက်ညှိုးထိုးရွေးထားတဲ့ ကိုယ်လိုချင်တာလေးတွေကို အပြစ် အနာအဆာရှိ၊ မရှိ ကိုယ်ကိုယ်တိုင်စစ်ဆေးကြည့်ပါ။ ကိုယ်တိုင်စစ်လို့ အပြစ်မြင်မှ နောက်ကို မလိုချင်မှာပေါ့။ ကိုယ့်ဘာသာ စစ်ကြည့်တော့ ဘယ်တစ်ခုလဲ ကောင်းတယ်ဆိုတာ၊ ကောင်းတဲ့သဘောဟာ ဘယ်မှာလဲ ? မရခင်ကလည်း လိုချင်လို့ ပူပန်ရတယ်။ ရပြီးတော့လည်း မပျက်စီးစေချင်လို့ ပူပန်နေရတယ်။ ပူပန်မှုမပါတဲ့ အရာကို လက်ညှိုးထိုးကြပါ။
ဥာဏ်အလုပ်ဆိုတာ ၀ိပဿနာအလုပ်ပါပဲ။ ကိုယ့်ဥာဏ်လေးကို များများအလုပ်ခိုင်းပါ။ အသက်ကြီးတာ၊ ငယ်တာတွေလုပ်နေဖို့ အချိန်မရှိပါဘူး။ ဘုရားရှင်လက်ထက်တော် အခါမှာတုန်းကလည်း ဥာဏ်ကိုအလုပ်ပေးရင်း တရားရသွားတာတွေ အများကြီးရယ်ပါ။ အားလျော့စရာဘာမှ မရှိပါဘူး။ သာသနာနဲ့ ကြုံတွေ့နေရတာကိုက အားတက်စရာပါ။ ဒါတွေကို သဘောကျမှ ဘယ်တစ်ခုဟာကိုယ့်အတွက် အရေးပါနေသလဲ ဆိုတာ သိမှာပါ။ ဒီအသက်၊ အရွယ်ရောက်လာပြီ ဘယ်တစ်ခုလဲ ရွေးနေရတုန်း ဆိုရင်တော့ ကိုယ့်ကိုယ်ကို သဘောပေါက်နားလည်လိုက်ပါ။
သဘောပေါက်စေချင်ပါတယ်။ နားလည်စေချင်ပါတယ်။ ဘယ်တစ်ခုလဲ ကောင်းတယ် ဆိုတာ၊ ဘယ်တစ်ခုလဲ ကိုယ်လိုချင်တာ၊ ဘယ်တစ်ခုလဲ ကိုယ်လုပ်သင့်တာ။ ဒါလေးတွေကို သိပြီးအရင်က ထက်ပိုပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်မယ်ဆိုရင် ဘယ်တစ်ခုလဲလို့ မေးရတဲ့သူ အမောပြေပါပြီ။ ဒါကြောင့် ဘယ်တစ်ခုလဲ ကိုယ့်အတွက်ကောင်းတာလို့ အမြဲမေးနိုင်ကြသဖြင့် မိမိတို့ ပန်ဆင်ထားတဲ့ ဗောဓိ ဥာဏ်အသီးသီးနဲ့ အကောင်းတကာ့အကောင်းဆုံးတရားဖြစ်တဲ့ နိဗ္ဗာန်ကို ရနိုင်၊ ရောက်နိုင်ကြပါစေ.....။
သဘောတရား အရှိအမှန်ကို တရားသဘော အသိဥာဏ်ဖြင့် ဝေဖန်ပိုင်းခြား သိပါစေ။ ။
မောင်ပညာ ( ကေတုမတီ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment