Thursday, February 23, 2012

မလွမ်းလောက်ပါဘူး

                             ရဟန်းတွေမှာ လွမ်းစရာမရှိဘူးလို့ ပြောလာတဲ့ စကားလေးကြောင့် အတွေးစတွေက တစ်စ တစ်စနဲ့ လွမ်းစရာ အကြောင်းလေးတွေတောင် ပေါ်လာတယ်။ လွမ်းစရာမရှိဘူး ပြောကာမှ လွမ်းစရာတွေက တစ်ပုံတစ်ပင်ရယ်ပါ။ အော် လွမ်းတယ်ဆိုတာ သတိရတာ တစ်မျိုးပေပဲ။ သတိရစရာရှိတဲ့သူတိုင်း သတိရကြ မှာပါ။ အတိတ်ကို ပြန်သတိရတာကို လွမ်းတယ်ပြောတာလား၊ လွမ်းတာကို သတိရတယ်ပြောတာလားဆိုတာ ကိုတော့ လွမ်းဖူးသူတိုင်း ပြန်စဉ်းစာကြစေလိုပါတယ်။ လွမ်းတော့ လွမ်းလိုက်တာပဲ....။ ဒါပေမယ့် လွမ်းလို့ သတိရတာလား၊ သတိရလို့ လွမ်းတာလား။ အဲ့ဒါလေးကို ပြောချင်တာပါ။ 
                           ငယ်ငယ်က ကလေး၊ ခုတော့ နည်းနည်း အသက်ရလာတော့ လူကြီးဖြစ်ပြီ။ ကလေး ဘ၀ကို သတိရတာဟာ၊ ကလေးဘ၀ကို လွမ်းတာလား။ ကျောင်းသားဘ၀ကို ပြန်ပြောင်း သတိရနေတာဟာ လွမ်းနေ တာလား။ လွမ်းရုံလွမ်းပါ။ မဆွတ်ပါနဲ့တဲ့။ စာရေးဆရာတစ်ယောက် ကပြောဖူးတယ်။ ဟုတ်တယ်နော်။ သူပြော တာက သူ့ အဓိပ္ပါယ်နဲ့သူတော့ ရှိပေမယ့် ကိုယ်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် သဘောပေါက်လိုက်တာက။ အင်း အတိတ်က အကြောင်းတွေကို ပြန်ပြီးတော့ သတိရချင်ရပါ။ ဒါပေမယ့် ရာဂနဲ့ မဆွတ်လိုက်နဲ့၊ ဒေါသနဲ့ မဆွတ်လိုက်နဲ့၊ မောဟနဲ့ မဆွတ်လိုက်နဲ့၊ မာနနဲ့ မဆွတ်လိုက်နဲ့တဲ့။ အတိတ်က ရန်ဖြစ်ခဲ့တာတွေကို ခုသတိရ ရင်းနဲ့ ဒေါသဖြစ်နေရင်၊ ဒါဟာ ဒေါသနဲ့ ဆွတ်နေတာပေါ့။ လွမ်းဆွတ်တယ်ဆိုတာ ဒါပါလားလို့လည်း စိတ်ထဲမှာ တဒင်္ဂ ဖြစ်မိတယ်။ 
                             မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး လေးဆယ့်ငါးဝါကာယပတ်လုံး ဟောကြားခဲ့တဲ့ တရားတော်တွေထဲမှာ ဇာတက ဆိုတာပါပါတယ်။ လူတွေသိတဲ့ ဇာတ်တော်တွေပေါ့။ ဒါတွေဟာ အတိတ်က အဖြစ်အပျက်တွေ ပါရမီဖြည့်စဉ်က ကြုံတွေ့ ခဲ့ရတဲ့ ပြန်လည်ပြီး ဟောပြောပေးတာပေါ့။ ဒါဆိုဘုရားရှင်ဟာ အတိတ်ကို ပြန်သတိရ နေတာလား၊ ဟုတ်တယ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှာ အတိတ်က ဘ၀တွေကို ပြန် သတိရနိုင်တဲ့ ပုဗ္ဗေနိဝါသအနုဿတိဥာဏ်ဆိုတာ ရှိတယ်။ ဒီဥာဏ်တော်ကြီးနဲ့ အတိတ်မှာ ဘယ်သူက ဘာအမှားတွေလုပ်ခဲ့တယ်။ ဘယ်သူကတော့ အတိတ်တုန်းကလည်း ကောင်းခဲ့တယ်။ ဒါတွေကို ပစ္စုပ္ပန်အကြောင်းအရာလေးတွေနဲ့ ယှဉ်ပြီးတော့ ဟောပေးပြောပေးတာပါ။ 
                             ထိုကဲ့သို့ ဟောပေးလိုက်လို့ ကျွတ်တမ်းဝင်၊ တရားရ သွားကြသူတွေဟာလည်း ဒုနဲ့ဒေးပါ။ အတိတ်ကို သတိရတိုင်းလွမ်းနေတာလားဆိုတော့ မဟုတ်ပါဘူး။ ပစ္စုပ္ပန်မှာ လွမ်းစရာကောင်းတဲ့ အခြေနေ တွေ ကြုံတွေ့ ရရင်လဲ လွမ်းမိကြတာပါပဲ။ ဒါပေမယ့် ဘာနဲ့ မှ မဆွတ်မိစေနဲ့ပေါ့။ လွမ်းရုံလေးပေါ့။ လွမ်းစရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကို ငယ်ငယ်ကကြိုက်လွန်းလို့ ကျက်ထားခဲ့ဖူးတယ်။ မြန်မာနိုင်ငံရဲ့  ရာသီဥတုလေးအကြောင်း ရေးထားတာပါ။ တပေါင်းညှာကြင် တဲ့။ ရတဲ့သူလည်း ရကြမှာပါ။
ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်၊
သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာ ညွန့်ငယ်တို့
ဖူးပွင့်ကိုက်စီ။
ဘမရာ ရွှေပုတုန်းငယ်တို့
ခြွေသုံးကြ၀တ်ရည်။
ညွန်ကြည်ဖွဲ့  ဖော်ကွဲ
ယင်းသည့်နေ့ဆိုင်
ရသေ့ သူတော်တိုင်မှ
ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ်
ရာသီတွင် စာညီပြောပေပ
ကျော၍ သာမြဲ။
                           ဒီကဗျာလေးထဲမှာ ရသေ့သူတော်စင်များတောင်မှ ဒီရာသီဥတုရဲ့  အလှအပကို မြင်ရရင် ဥာဏ်မခိုင်၊ ဈာန်ယိုင်လျောတယ်လို့ ဆိုထားတယ်။ အော် လွမ်းမိသွားတယ်နဲ့ တူပါတယ်။ ဒါပေမယ့် သူက လွမ်းရုံမကဘူး ဆွတ်သွားခဲ့တာကိုး........။ ဥာဏ်မခိုင်တဲ့ အပြင်၊ လွမ်းလည်းလွမ်း ဆွတ်လည်းဆွတ်တော့ ရှိပေမယ်ပေါ့။ 
                           လူတွေဟာကိုယ်ဘာကို လွမ်းလို့ လွမ်းမှန်းကောသိကြရဲ့ လားလို့ မေးကြည့်ချင်တယ်။ လွမ်းပြီးတော့ကော လောဘဖြစ်သလား၊ ဒေါသဖြစ်သလား။ မာနဖြစ်သလား။ ဒါလေးတွေ ပြန်စဉ်းစားကြည့် ပါ။ လွမ်းတယ်။ အတိတ်ကို ဒါပေမယ့် သင်ခန်းစာယူဖို့။ အတိတ်ကမှားခဲ့တာတွေ၊ မလုပ်လိုက်ရတာတွေ ဒါတွေကို ခုကိုယ့်မှာ အသိဥာဏ်ရှိတုန်း သင်ခန်းစာယူတတ်ဖို့ပါ။ မြတ်စွာဘုရားရှင်နဲ့ တွေ့ လိုက်ရသူတွေ ကတော့ ယခုဘ၀အမှားတွေသာမက သံသရာက အမှားတွေကိုပါ ပြောပြပေးလို့ အသိတရားရ သွားကြတယ်။ အသိတရားရတယ်ဆိုတာ တရားအသိ ရှိသွားတာပါ။ 
                              တစ်ချို့ တွေများ အမှားပြင်ဖို့ နေနေသာသာ အတိတ်က ငယ်ရွယ်နုပျိုစဉ်က အကြောင်း များကို စဉ်းစားပြီး မာန်ယစ်နေကြသေးတယ်။ တကယ်တော့ လောဘနဲ့ စဉ်းစားရင် ဘာပဲဖြစ်ဖြစ် ပြန်လိုချင် စရာချည်းပါပဲ။ ဒေါသနဲ့ စဉ်းစားရင် ဘာအကြောင်းပဲ ဖြစ်ဖြစ် စိတ်ဆိုးစရာချည်းပါပဲ။ မာနနဲ့ စဉ်းစားရင် ဘာ အကြောင်းပဲ ဖြစ်ဖြစ် မာနတက်စရာချည်းပါပဲ။ ဒါလေး သဘောပေါက်ပြီး ဘာကိလေသာနဲ့မှ စိတ်ကို မဆွတ် မိစေပါနဲ့။ ကိုယ့်အကြောင်းကိုယ်လွမ်းပြီး အကုသိုလ်ဖြစ်တာရယ်၊ သူများကို လွမ်းပြီး အကုသိုလ်ဖြစ်နေတာ ရယ် ဘာက ပိုကောင်းလို့လဲ။ ဘာတစ်ခု မကောင်းပါဘူး။ 
                         စိတ်စင်ကြယ်ရင် အကုသိုလ်တွေ မကပ်ဝံ့ပါဘူး။ အိမ်မှာနေနေ၊ ရုံးမှာနေနေ။ ပစ္စုပ္ပန်မှာ ပဲနေနေ၊ အတိတ်ကိုပဲ သွားသွား စိတ်စင်ကြယ်အောင်သာထားပါ။ ဘာကိလေသာနဲ့မှ မဆွတ်လိုက်ပါနဲ့။ မလွမ်းရဘူးလို့ မပြောပါဘူး။ ကိုယ့်မိသားစုကို လွမ်းရင်လည်း လွမ်းနိုင်ပါတယ်။ ကိုယ့်မွေးရပ်မြေကိုလွမ်းရင် လည်း လွမ်းနိုင်ပါတယ်။ စာရေးသူ တောင်ငူ ( ကေတုမတီ ) နယ်ကနေ စပြီး ထွက်ခွာစဉ်က ညတိုင်းသတိရ လို့ မျက်ရည်ကျရတယ်။ ဘယ်သူကို သတိရတာလည်း ဆိုတော့လည်း လက်ညှိုးထိုးပြစရာက မရှိဘူး။ ဒါနဲ့ နောက်တော့ သတိရတိုင်း ကိုယ့်မိသားစု၊ ကိုယ့်ဆရာသမား၊ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ရပ်ဆွေ ရပ်မျိုးတွေက အစ အားလုံးကို မေတ္တာပို့တယ်။ ကိုယ့်စိတ်ကိုတော့ ကိလေသာနဲ့ အဆွတ်မခံဘူးလို့လည်း ဆုံးဖြတ်ထားလိုက်တယ်။ 
                             အသိတရားရှိရင် တရားအသိက လိုက်လာပါတယ်။ ဘာအသိတရားတွေလည်း ဆိုတော့ မကောင်းဘူး၊ ကောင်းတယ်။ မလုပ်သင့်ဘူး။ လုပ်သင့်တယ်။ မပြောသင့်ဘူး။ ပြောသင့်တယ်။ မစဉ်းစား မကြံစည်သင့်ဘူး။ စဉ်းစားကြံစည်ကောင်းတယ်။ ဒီအသိတရားမျိုးလေးတွေ ရှိသင့်တာပါ။ ဒီအသိတရားတွေ သိဖို့ တရားစာတွေဖတ်၊ တရားတွေနာ၊ တရားတွေစဉ်းစား ဒါမှပဲ တရားနဲ့ လွမ်းတတ်မှာပါ။ တရားနဲ့ ဆုံးဖြတ် တတ်မှာပါ။ ကိုယ်က တစ်စုံတစ်ယောက်ကို တရားနဲ့ သတိရနေရင်၊ ကိုယ်ကိုလည်း တစ်စုံတစ်ယောက်က တရားနဲ့ သတိရနေရင် သတိရသူအချင်းချင်းဘယ်လောက် အေးချမ်းလိုက်မလဲ။ မေတ္တာတရား၊ မုဒိတာ တရားတွေနဲ့ များ သတိရနေရင် ကောင်းသောလွမ်းခြင်းပါပဲ။ 
                            ကိလေသာဆွတ်ဆိုခြင်းမရှိတဲ့ တရားနဲ့ လွမ်းခြင်းဟာ လွမ်းလောက်ပါတယ်။ တရားနဲ့ သတိရတာဟာ အေးမြစေပါတယ်။ သတိရသူကော သတိရခြင်းခံရသူပါ စိတ်မပူပင်ကြောင့်ကြရတော့ပါ။ ဒါကြောင့် မိမိတို့ တစ်တွေလွမ်းတော့မယ်ဆိုရင် ဆွတ်ခြင်းပါနေလား၊ မပါဘူးလားဆိုတာလေးကို အရင် စဉ်းစားကြပါအုံး။ လွမ်းတာနဲ့ ဆွတ်တာကိုလည်း ခွဲခြားတတ်ကြပါစေ.....။ ကိုယ့်ဘ၀မှာ လွမ်းလည်းလွမ်း၊ ဆွတ်လည်းဆွတ်နေမယ်ဆိုရင်တော့ ဥာဏ်မခိုင်ရုံမက၊ ဥာဏ်မနိုင်တဲ့ ဘ၀အထိရောက်သွားကြမှာပါ။ ဒါကြောင့် ဆွတ်ခြင်းပါတဲ့ လွမ်းခြင်းမျိုးကတော့ ရဟန်းများသာမက လူသားအားလုံး အတွက်တော့ မလွမ်းလောက်ပါဘူး လို့ ပြောလိုက်ပါရစေ......................။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ......................။

မောင်ပညာ ( ကေတုမတီ )

No comments:

Post a Comment

 

ထနောင်းရိပ် © 2008. Design By: SkinCorner