Wednesday, July 6, 2016

ဘုရားဂုဏ်တော် ပွားရခြင်းအကျိုး ၁၇ မျိုး။


၁။ ဂုဏ်တော်ပွားသောသူ၏ ခန္ဓာကိုယ်သည် စေတီကဲ့သို့ ပူဇော်ထိုက်သည်။

၂။ စိတ်ဓာတ်တည်ကြည် ခိုင်မာသည်။
    (လောကဓမ်ကို ခံနိုင်ရည်ရှိသည်)

၃။ သေလွန်သည့်နောက် နတ်ပြည်ရောက်ရသည်။

၎။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဖူးမြင်ရ၍ တရားနာကြားရသော် တရားရလွယ်သည်။

၅။ မြင့်မြတ်သော အမျိုးအနွယ်၌ လူဖြစ်ရသည်။

၆။ လူအများ၏ ရိုသေလေးမြတ်ခြင်းကို ခံရသည်။

၇။ ကိုယ်အင်္ဂါခြေလက် ပြည့်ဝစွာဖြင့် လူဖြစ်ရသည်။

၈။ အဆင်းရူပ လှပချောမောသည်။

၉။ ခန္ဓာကိုယ်တွင် ကြာညိုရနံ့ သင်းပျံ့သည်။

၁၀။ ခံတွင်း၌ ကြာညိုရနံ့သင်းပျံ့သည်။

၁၁။ ပညာဉာဏ်ကြီးမားသည်။

၁၂။ နက်နဲသော ပညာရှိသည်။

၁၃။ ထက်မြတ်သော ပညာရှိသည်။

၁၄။ ရွှင်လန်းသော ပညာရှိသည်။

၁၅။ လျင်မြန်သော ပညာရှိသည်။

၁၆။ ဆန်းကြယ်သော ပညာရှိသည်။

၁၇။ ကောင်းမွန်မြင့်မြတ်သော စကားကိုသာ ပြောဆိုနိုင်သည်။
     (အာဝဇ္ဇန်းရွှင်သည်)

ရွှင်လန်းချမ်းမြေ့ကြပါစေ.. .......။

Read more...

Tuesday, July 28, 2015

ယောက်ျားအဘိဓာန် -၁

ယောက်ျားအဘိဓာန် -၁ 
ယောက်ျားတစ်ယောက်မှာ ရေလျံဖို့လည်းမလိုဘူး ၊
လေကန်ဖို့လည်း မလိုဘူး၊ အနေမှန်ဖို့ပဲ လိုပါတယ်။
ဘာဖြစ်လို့ရေမလျံရင်ကောင်းတာလည်းလို့ဆိုတော့
ရေလျံလာရင် ယောက်ျားတွေဟာ ပျက်စီးတတ်တယ်။
ရေမလျံခင် ဘယ်လောက်ရိုးသား၊ ကြိုးစား၊ တိုးပွားပါစေ
ရေလျံလာတဲ့အခါ သောက်စား ပျော်ပါးချင်လာကြတယ်။
ဒါကြောင့် ယောက်ျားတစ်ယောက် ရေလျံတာဟာ ပျက်စီးနိုင်တယ်လို့ ဆိုချင်တာပါ
အားလုံးကိုမဆိုလိုပါဘူးနော်....။ ယေဘုယျ သဘောတရားပေါ့။
နောက်တခုက လေကန်တဲ့ ယောက်ျားတွေ ယောက်ျားတစ်ယောက်သည်
မဟုတ်တာတွေ လေကန်နေပြီဆို ကြောက်ဖို့ကောင်းလာပြီ။ သူဟာ ဘာကိုမှ 
အလေးထားမှာ မဟုတ်သလို ဘယ်သူ့ကိုမှလည်း အလေးဂရုပြုမှာ မဟုတ်ပါဘူး
ကျတော်တွေးတဲ့ ယောက်ျားတယောက် အရည်အချင်းသည်ကား စကားကောင်းကို
အပြောကောင်းနဲ့ ပြောတတ်ရမယ်။ စကားကလည်းကောင်းသလို အပြောကလည်းကောင်း
ရပါ့မယ်။ ကိုယ့်စကားက ဘယ်လောက်ကောင်းကောင်း အပြောမကောင်းရင် ဒါဟာ အသုံးမဝင်ဘူး
ဒါကြောင့် လေကန်တဲ့ ယောက်ျားတွေဟာ အပြောသက်သက် အလုပ်မဖက်သူတွေပါပဲ။
အဲ ရေလည်းမလျံပါဘူး ၊ လေလည်းမကန်ဘူး ၊ သို့သော် အနေမှန်ရပါ့မယ်။ 
ဘယ်လို အနေမှန်ရမလဲ ? ကိုယ်လိုရင် တမျိုး မလိုရင်တမျိုး ဆိုတာမျိုး မဖြစ်သင့်ပါဘူး
လိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ ပုံမှန်ဖြစ်နေမှ 
ကောင်းတာလုပ်ပေးရင် တမျိုး မကောင်းတာလုပ်ပေးရင် တမျိုး ဆခုတာလည်း မဖြစ်သင့်ပြန်ပါဘူး။
မည်သို့ပင် ဆိုစေကာမူ ယောက်ျားအဘိဓာန်မှာ ပြောချင်တာက ယောက်ျားဆိုတာ 
မှန်ကန်တိကျ ဖြောင့်မတ်သူ ဖြစ်သင့်ပါတယ်လို့......။

မောင်ပညာ ( ကေတုမတီ )

Read more...

Monday, September 1, 2014

ကိလေသာ ကင်းမဲ့ ဇုန်

                အရေးကြီးသော နေရာတွေကို သွားတဲ့အခါ ကင်းမဲ့ ဇုန်တွေကို တွေ့ရတတ်ပါတယ်။ ဟွန်းသံ ကင်းမဲ့ဇုန်၊ ဆေးလိပ်ကင်းမဲ့ဇုန် စသည်ဖြင့် ဇုန်တွေများကြီးကို နေရာမျိုးစုံမှာ တွေ့ရတတ်ပါသည်။ ဘာဇုန် ညာဇုန်နဲ့ တွေ့နေရတာတွေ များလာတော့ စိတ်ထဲ ဇုန်လေးတစ်ခုကို ဖန်တီး ချင်မိတယ်။ ထိုဇုန်လေး ထဲ နေရရင်လည်း အရမ်းကောင်းမှာပဲလို့ တွေးမိတယ်။ အဲ့ဒီဇုန်လေးထဲမှာ စိတ်ကူချင်းတူသူတွေကို ထည့်ထားချင်တယ်။ နေချင်ပါတယ် ဆိုလျှင်ပေါ့။ 
                   တစ်ချို့ဟွန်းသံ ကင်းမဲ့ဇုန်ဆိုသော နေရာများတွင် ဟွန်းတီးမိပါက ဒဏ်ကြေးငွေဆောင် ရတတ်ပါသည်။ ဘာမလုပ်ရ၊ ညာမလုပ်ရ လို့ ပြောထားသော နေရာများတွင် မလုပ်ရသည့် အလုပ်များကို လုပ်မိပါက အပြစ်ဖြစ်သွားတတ်ပါတယ်။ ထိုအခါ ထိုက်သင့်တဲ့ အပြစ်ကို အပြစ်ပေးခြင်းခံရတတ်ပါတယ်။ ထိုအပြစ်ကို မခံယူချင်ပါက အပြစ်ပေးနိုင်မည့် နေရာများကို မသွားရုံသာ ရှိတယ်ပေါ့။ တကယ်လို့များ အပြစ် ကိုလည်း လုပ်သေး အပြစ်ပေးတာလည်း မခံချင်သေးဆိုလျှင် လူမပီသသော လူသာ ဖြစ်မပေါ့။
                    အရေးကြီးသော ဇုန်များမှာ အရေးကြီးသော တားမြစ်ချက်တွေ ရှိပါတယ်။ ထိုဇုန်များတွင် သွားနေမည် ဆိုပါလျှင် အရေးကြီးသော တားမြစ်ချက်များကို လိုက်နာရပါမယ်။ နေထိုင်သူများ အဆင်ပြေဖို့ တားမြစ်ချက်ဆိုတာ ထုတ်ပြန်ထားရတာပါ။ ထိုနေရာဒေသ တွင်နေထိုင်သူတွေ အတွက်ပါပဲ။ ဒါကြောင့် ထိုနေရာမှာ နေထိုင်သူတွေဟာ ထိုဇုန်အတွက် အကောင်းဆုံး တားမြစ်ချက်ကို နားလည်မှုဖြင့် နေထိုင်ရ ပါမယ်။ ဒါမှလည်း နေထိုင်သူတွေ အားလုံးအဆင်ပြေ ကြမှာပါ။ 
                 ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဆိုပြီး လုပ်ချင်ရာလုပ်ဖို့ လောကကြီးက ခွင့်မပြုထားပါဘူး။ ဘယ်လောက်ပဲ ဒီမိုကရေစီ ဆိုပြီး ပြောပြော ကိုယ်လုပ်ချင်တာ လုပ်နေသရွေ့တော့ သာယာ ငြိမ်းချမ်းမှု မရနိုင်သေးပါဘူး။ ကျွန်ုပ်တို့ ကိုယ်တိုင်ကော ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဒေသကို ဘယ်လို ဇုန်မျိုးဖြစ်အောင် လုပ်ချင်ကြပါသလဲ။ ကျွန်တော် ကတော့ ကျွန်တော်နေထိုင်သော အရပ်ကလေးကို ဇုန်ကလေး တစ်ခု ဖြစ်အောင် လုပ်ချင်မိခဲ့တယ်။ 
                   တစ်ခါတုန်းက မြစ်ကမ်း တစ်ခု နံဘေးမှာ ရသေ့ပေါင်း ၅၀၀ ဟာ ဇုန်ကလေး တစ်ခုကို တည်ထောင်ခဲ့ကြဖူးတယ်။ သူတို့ တည်ထောင်ခဲ့သော ဇုန်လေးဟာ ကာမဂုဏ် ကင်းမဲ့ဇုန်ပါတဲ့။ ကာမ ၀ိတက်ကို အဓိကထားပြီး ပယ်ကြတဲ့ သူတို့ရဲ့ ကျင့်စဉ်အတွက် ကာမဂုဏ်ကို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ရှောင်ကြဉ်ကြတယ်။ အကယ်၍ ဒီမြစ်ကမ်းနံဘေးနား နေစဉ် ကာမဂုဏ်နဲ့ ပက်သတ်ပြီး တွေးမိ ကြံမိ ပြောမိ ပြုမိမယ်ဆိုလျှင် မြစ်ထဲက သဲ ကို ထမ်းပိုးနဲ့ သယ်ပြီး ပုံရမယ်လို့ ဒဏ်ပေး စနစ်ကို ပြုလုပ်ထား ကြပါသတဲ့။ ဒီလိုနဲ့ ရသေ့ ၅၀၀ ရဲ့ ကာမဂုဏ် ကင်းမဲ့ဇုန်လေးမှာ ကာမဂုဏ်အကြောင်း တွေးမိ ကြတဲ့ အပြစ်ရှိ ရသေ့တွေဟာ ဒဏ်ကြေးအဖြစ်နဲ့ သဲတွေကို မြစ်ထဲကနေ ဆယ်ပြီး ပုံထားလိုက်တာ အပြစ်ဖြစ်သူ ဘယ်လောက်များသလဲတော့ မသိဘူး။ သဲပုံကြီးဟာ တောင်ကြီး တစ်တောင်စာလောက်ကြီး သွားပါသတဲ့။
                     ဒီပြစ်ဒဏ်ကို အားလုံးက သဘောညီတူ ကြည်ဖြူစွာ သတ်မှတ်ထားခဲ့ကြတာပါ။ ဒီလို တူညီခဲ့လို့ ကိုယ်အပြစ်လုပ်မိရင် ကိုယ်အပြစ်အတွက် သဲထမ်းပြီး ပုံကြတာပေါ့။ ကိုယ့် အပြစ်ဟာ ဒီဇုန် အတွက် ဘယ်လိုမှ မသင့်တော်ဘူးဆိုတာ သိနားလည် ကြတဲ့ ရသေ့ ၅၀၀ ဟာ ကာမဂုဏ်ကိုလည်း မစွန့် နိုင်သေးကြသလို၊ ဒီဇုန်မှာ နေသရွေ့လည်း ဒီပြစ်ဒဏ်ကို ပေးဆပ်ရမယ်ဆိုတာ သိနားလည် ကြတယ်။ ဒါကြောင့် ကျေကျေနပ်နပ်ပဲ သဲထမ်းကာ ကာမဂုဏ် ပြစ်ဒဏ်ကို ပေးဆပ်ကြပါတယ်။ 
                  ကျွန်တော်လည်း ဇုန်လေးတစ်ခု တည်ထောင်ချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နေချင် တာလေးကို ကိုယ်နဲ့ စိတ်ဓာတ်ချင်း ထပ်တူကျမယ့် သူတွေနဲ့ ဇုန်လေးတစ်ခု သတ်မှတ်ချင်တယ်။ လောဘ၊ ဒေါသ၊ မောဟ များတဲ့ လောကကြီးထဲ နေရတာ ကြာလာတာနဲ့ အမျှ ထိုလောဘ၊ ဒေါသ၊ မောဟ တွေကို စွန့်ပစ်ချင်စိတ်၊ ဖြစ်လာတယ်။ လောကကြီးက စိတ်ကုန်စရာ မဟုတ် ပေမယ့် လောဘ ကြောင့် လောကကြီး ညစ်နွမ်း၊ ဒေါသကြောင့် လောကကြီး ညစ်နွမ်းနေရတယ်။ ဒါကြောင့် လောဘ၊ ဒေါသ၊ မောဟ တွေကင်းမဲ့နေတဲ့ ဇုန်လေးတစ်ခု လောက် ဖြစ်စေချင်တယ်။ ကိလေသာ ကင်းမဲ့ဇုန်ဆိုပြီး ကျွန်တော့် ရဲ့ ဇုန်လေးကို အမည်ပေးပြီး ထိုဇုန်လေးထဲ နေချင်မိတယ်။ 
                    ကိလေသာ နည်းပါးပြီး နောက်ဆုံး ကိလေသာ ကင်းတဲ့ အဆင့်ရောက်အောင် မည်မျှ ကြာမည်မှန်းမသိပေမယ့်။ အခု ကိလေသာ ကင်းပြီး နေချင်တယ်ဆိုလျှင် ကိလေသာကို ချက်ချင်း ကင်းနိုင်အောင် ထိုဇုန်လေးထဲမှာ လုပ်ပေးမယ်၊ လုပ်နည်းတွေကို ပြောပြပေးမယ်။ ကိုယ်ကိုယ်တိုင်လည်း သတိထားမိနေအောင် သူတပါးကိုလည်း စောင့်ရှောက်မိအောင် ထိုဇုန်ကလေးကို လုပ်ပေးထားချင်ပါတယ်။ ကိလေသာ ကင်းမဲ့ဇုန်ဆိုပေမယ့် ကိလေသာ ကင်းမှ နေလို့ရမှာ မဟုတ်ပါဘူး။ ကိလေသာကင်းချင်သူ၊ ကိလေသာ လျော့နည်းချင်သူတွေ အတွက် ဒီဇုန်လေးက ကူညီပေးမှာ။ 
                      ဒီဇုန်လေး အတွင်းမှာနေထိုင်ကြတဲ့ သူတွေဟာ ကိလေသာကို လျော့အောင် နည်းအောင် ကင်းအောင်လုပ်ချင်သူတွေသာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ကိလေသာကို ၀င်လို့ မရအောင် ဒီဇုန်လေး အတွင်းမှာ လုပ်ပေးထားချင်တာ။ ကိလေသာ ကင်းချင်သူတွေသာ ဖြစ်ဖို့တော့လိုအပ်ပါတယ်။ ကိလေသာ ကင်းချင်သူတွေ ကြားမှာများ ကိလေသာ ထူပေါများသူ တစ်ယောက်လောက် ပါလာခဲ့ရင် ထိုဇုန်လေး ပျက်စီးသွားနိုင်လို့ပါ။ ထိုဇုန်လေးအထဲမှာ နေချင်သူတွေဟာ အသက်နဲ့ရင်းပြီး ကိလေသာ မဖြစ်အောင် နေမယ်လို့ အာသာပီ စိတ်ဓာတ်မျိုးရှိမှသာ နေခွင့်ရမှာပါ။ 
                  တကယ်လို့များ ဒီဇုန်ထဲမှာ နေပြီး ကိလေသာဖြစ်လာခဲ့ရင်ကော ဆိုရင် ဘယ်လိုဖြေရမလဲ။ ကိလေသာကို အပြီးသတ်ပယ်မယ်ဆိုပြီး စိတ်ကူးရှိခဲ့တယ် မဟုတ်လား။ ကိလေသာ မှ မပယ်နိုင်ဘူး။ မပယ်ချင်ဘူးဆိုလျှင် ထိုသူကို ထိုဇုန်ထဲက ထုတ်ပယ်ခြင်းကလွဲလို့ အခြားနည်းလမ်းမရှိပါလို့ပဲ ဖြေလိုက် ပါရစေဗျား။
မောင်ပညာ ( ကေတုမတီ )

Read more...

Tuesday, August 19, 2014

ဘ၀ဇာတ်ခုံအဖုံဖုံ




          ဘယ်လိုဘယ်ပုံ ကခုန်ရမည်ကို မသိပဲ မင်းသားလုပ်နေမိတာကတော့ လောကဇာတ်ခုံ ကြီးပါပဲ။ ထိုလောကဇာတ်ခုံကြီးပေါ်ဝယ် ပျော်ရွှင်မြူးတူးစွာ ကသူက ဆိုသူဆို အော်သူအော်နဲ့။ တကယ်တမ်း လောကဇာတ်ခုံပေါ်ကို ရောက်လာကတည်းက ဘာဇာတ်ရုပ်က ကိုယ်နဲ့လိုက်ဖက်မယ်ဆိုတာကို မသိကြဘူးလေ။ မသိကြလေတော့ လောကဇာတ်ခုံပေါ် ကတဲ့အခါ ဇာတ်ရုပ်နဲ့ မနိုင်တဲ့ ကကွက်တွေကို ကမိကြတယ်။
          ဘယ်သူတွေက ဘယ်လိုပြောပြော ကိုယ့်ကကြိုးကကွက်တွေကို ကိုယ်ကပဲ ဖန်တီးရတာပါ။ သူများတွေကို အသုံးတော်ခံဖို့ထက် ကိုယ့်ကိုယ်ကို ကကွက်မမှားမိစေဖို့ သတိထားနေရတာပါ။ ကကွက်မှားသူဟာ သူရဲ့ကကွက်အမှားကို ဆက်ကမလား ပြင်မလား ဆိုတာကို တစ်ချက်စမ်းစစ်ရမှာပါ။ ကကွက်အမှားကို မသိလို့ ဆက်ကသူရယ် သိသိကြီး ဆက်ပြီး အမှားအကွက်တွေကို အရူးအကွက် အဖြစ် ဆက်ကနေသူရယ်။ သိပြီးပြင်လိုက်ရင် ထိုသူအတွက် ကကွက်အမှန် ကကွက်အကောင်း လေးတွေဆိုတာ လာနိုင်ပါသေးတယ်။
          လောကဇာတ်ခုံပေါ်ဝယ် ကနေရင်း ကကွက်မှန်အောင် ဂရုစိုက်ဖို့ အရမ်းလိုအပ် ပါတယ်။ ဒါဟာ ဘယ်လောက် အရေးကြီးသလဲဆိုရင် ဒီဇာတ်ကြီး မပြီးမချင်း မှားသွားရင် ထို ဇာတ်ရုပ်တစ်ခုလုံးဟာ ဇာတ်အိမ်ပျက်တစ်ခု လိုဖြစ်သွားမှာပါ။
          လောဘကြောင့်ကနေတဲ့ ဇာတ်ရုပ်ဟာ လောဘဇာတ်ကွက်နဲ့ ကရင်းကရင်း မင်းသားဇာတ်ရုပ်ကလည်း လောဘအကွက်မှားတွေ ၀င်ဝင်လာမှာပါ။ ဒေါသ အကွက်နဲ့ ကနေသူဟာလည်း ဘာဇာတ်ကောင်ပဲ သရုပ်ဆောင်ဆောင် သူ့ဇာတ်ရုပ်ဟာ ဒေါသ အကွက်မှားတွေ အောက်မှာ ပြားပြားကို မှောက်နေတော့မှာလေ။ ကိုယ့်ဇာတ်ရုပ်လေး လှနေဖို့ ကိုယ်က ပြုပြင်ပေးရမှာပါ။
          ဘယ်လိုအကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ဇာတ်ခုံပေါ်တက်လာပြီ ဆိုကတည်းက ဇာတ်ကွက်ကို နိုင်နင်းအောင်တော့ကနိုင်ရ တော့မယ်လေ။ ဇာတ်ကွက်မနိုင်မနင်းနဲ့ ဇာတ်ကွက်အမှားတွေနဲ့ ကနေရင် ဘာဇာတ်ရုပ်မှ ရုပ်လုံးပေါ်လာမှာ မဟုတ်သလို ကသမျှဟာလည်း လွဲမှားမှုတွေနဲ့ပဲ ဖြစ်နေမှာပါ။
          စိတ်ပျက်စရာကောင်းသလို တစ်ခါတစ်လေ ပျော်ရွှင်စရာ ကြည်နူးစရာလေး များကလည်း ရှိနေလေတော့ ဘ၀ဇာတ်ခုံကြီးဟာ ဘယ်တော့မှာ အဆုံးမသတ်ချင်တဲ့ ပြဇာတ်ကြီးတစ်ခုကို ကနေရသလိုပါပဲ။ အဆုံးမသတ်ချင်သလို အရှုံးလည်းမပေးချင်ဘူး သူများတွေတော့ မသိဘူး ကိုယ်ကတော့ ကိုယ့်ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကပြနေမိတယ်။
          ကိုယ့်ဇာတ်ရုပ်လေး အမှားကွက်တွေနဲ့ အရှုံးတွေနဲ့များ ဖြစ်နေမလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးရင်း ကိုယ့်အမှားများကို ပြင်ဆင်ရင်း အရှုံးတရားများကို ရင်မှာ ပိုက်လို့ ဇာတ်ခုံပေါ်မှာ အလှည့်ကျ မနွဲ့ကျစတမ်း ဆိုသလို ကနေမိပြီ။ ဇာတ်ဆရာ အလိုကျ ဖြစ်ဖို့ အမှားပေါ်အမှား မဆင့်မိစေဖို့ ကြိုးစားရင်းနဲ့ ဇာတ်ခုံပေါ်မှာ အဖုံဖုံသော ဇာတ်ကွက်တွေကို ကပြနေပါတယ်လို့ပဲ ပြောကြားရင်း။



Read more...

Sunday, July 20, 2014

သတ္တိ

             သားတို့ သမီးတို့ သတ္တိဆိုတာကို သိကြပါသလား။ သတ္တိဆိုတာ ကောင်းတဲ့ ဘက်မှာ သုံးတာလား မကောင်းတဲ့ ဘက်မှာ သုံးတာလား။ တောင်ငူမြို့ ရွှေဆံတော် မရမ်းကျောင်း ကြီး အလယ်ထပ်ဝယ် ဦးဇင်းပညာဇောတ သီလပေးရင်း ကလေးတွေကို သြ၀ဒစကား မိန့်ကြားနေခြင်းဖြစ်၏။ သတ္တိဆိုတာကို စာရေးသူ ကိုယ်တိုင် ခု တစ်လော စဉ်းစားနေဖြစ်သော အရာပါ။ သတ္တိဆိုတာ ကောင်းသလား ဆိုးသလား။ သတ္တိရှိတယ် သတ္တိရှိလိုက်တာလို့ ပြောနေကြတာတော့ ငယ်ငယ်ကတည်းက ကြားဖူးတယ်။ ပြောဖူးတယ်လေ။ ဘာကြောင့် သတ္တိရှိတာလဲ ဘယ်လို သတ္တိ ရှိတာလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် ငယ်စဉ်ကတည်းက သေချာ မစဉ်းစားမိခဲ့ဘူး။
                သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျ နေတာ သတ္တိ ရှိတာလား။ သူများ မလုပ်ရဲတာကို လုပ်လိုက်တာဟာ သတ္တိရှိတာလား။ စသည် စသည် ဖြင့် သတ္တိရဲ့ ဖွင့် ဆိုချက်တွေကို လိုက်လံ စဉ်းစားနေခဲ့တာ အတော်ကြာခဲ့ပြီ။
                ဒီကနေ့ တနင်္ဂနွေနေ့ စာရိတ္တ ဓမ္မ ကျောင်းတော်ကို လာရောက်ကြတဲ့ ကလေးသူငယ်လေးတွေကို ဦးဇင်း ပညာဇောတက သီလပေးရင်း သတ္တိအကြောင်း ရှင်းပြတော့ စိတ်ထဲ ၀မ်းသာမိတယ်။ ကလေးသူငယ်တို့ရဲ့ သံပြိုင်ဖြေဆိုမှု နောက်မှာ ဦးပဉ္ဗင်းလေးရဲ့ ရှင်းပြသံက လိုက်လာတယ်။
               သားတို့ သမီးတို့ သတ္တိ ဆိုတာကို ကြားဖူးကြမှာပါ။ သတ္တိဆိုတာ နှစ်မျိုး ရှိတယ်ကွဲ့။ ဘယ်နှမျိုးလဲ ။ ( ကလေးများက ) နှစ်မျိုးပါ ဘုန်းဘုန်း ။ အေးကွယ် သတ္တိ နှစ်မျိုးဆိုတာက
ပထမသတ္တိက ကောင်းတာတွေကို လုပ်ရဲ တဲ့ သတ္တိပါ။
သားသားတို့ မီးမီး တို့ ဆီမှာ ရှိလားမရှိဘူးလား အဲ့ဒီ သတ္တိ လေး
မရှိပါဘူး လို့ ကလေးတွေက ပြန်ဖြေတယ်။ ဒါကို ဦးဇင်းက သဘောမကျဟန်နဲ့
အိုး ဘာလို့ မရှိရမှာလဲ ကွယ် ကောင်းတာတွေ လုပ်ရဲ တဲ့  သတ္တိရှိလို့ ခုလို ဘုန်းကြီး ကျောင်းမှာ တရားစာတွေ လာသင်တယ်။ ဘုရားရှိခိုး သီလယူတာပေါ့။
ဒါဟာ ကောင်းတာတွေကို လုပ်ရဲတဲ့ သတ္တိရှိသူတွေသာ လုပ်နိုင်တာ လေ ။
သားတို့ အရွယ် သမီးတို့ အရွယ် တခြားသော ကလေးတွေ ခုချိန်မှာ တီဗီဂိမ်းဆိုင် ရောက်ရင်ရောက်နေမှာ သားတို့ သမီးတို့က ခု ကျောင်းမှာ တရားဓမ္မ တွေ သင်ကြား နာယူနေတာ သတ္တိရှိလို့ ပေါ့ ဟုတ်တယ်ဟုတ်လား။
တင်ပါ့ ဘုန်းဘုန်း ။ တစ်ချို့ ကလေးတွေက စာအုပ်ထဲ လိုက်ရေးနေကြတယ်။
စာရေးသူကတော့ ဒီ သတ္တိ ဖွင့်ဆိုချက်နဲ့ ပက်သက်ပြီး သိပ်ရင်မခုန်သလို ခပ်ဆွေဆွေ ပဲ လှမ်းကြည့်ရင်း ပြုံးနေလိုက်တယ်။ သိပြီးသားလိုလို ဘာလိုလိုပေါ့လေ။
အဲ နောက် သတ္တိ တစ်မျိုးကတော့ ကွယ်
မကောင်းတာတွေကို မလုပ်ရဲတဲ့ သတ္တိပါကွယ် ။ဘာတဲ့လဲ ကလေးတို့
မကောင်းတာတွေကို လုပ်ရဲတဲ့ သတ္တိပါ ဘုန်းဘုန်း။
မဟုတ်ဘူး ကွဲ့ မလုပ်ရဲတဲ့ သတ္တိပါ လုပ်ရဲတဲ့ သတ္တိမဟုတ်ဘူးနော်
ဦးပညာဇောတ ရဲ့ ဒီရှင်းပြချက်ကို ကလေးတွေ သဘောပေါက် မပေါက်တာထက်
စာရေးသူရဲ့ ဦးနှောက်ကို အရမ်းအလုပ်လုပ်စေတယ်။ ဒါနဲ့ ကလေးတွေကို သူ ဘယ်လို များဆက်ရှင်းအုံးမလဲလို့ ရင်ခုန်နှုန်းကို မြှင့်ပြီး လှမ်းကြည့်မိတယ်။
              ကလေးတွေရဲ့ မျက်လုံးတွေက အရောင်တဖျက်ဖျက်ပေါ့။ သားတို့ စဉ်းစား၊ သမီးတို့ စဉ်းစားပါ။ မကောင်းတာဆိုတာ လုပ်လို့ လွယ်တယ်လေ။ ကဲ စာမကျက်ဘဲ တီဗီဂိမ်းကစားဖို့ မလွယ်ဘူးလား။ စာမကျက်ဘဲ ကိုရီးယားကား ကြည့်ဖို့ ကောမလွယ် ဘူးလား။ အေး လွယ်တယ်။ မကောင်းတာကို လုပ်ဖို့ တယ်ပြီး လွယ်ကြတယ်။
မကောင်းတာကို မလုပ်ဘဲ နေနိုင်သူဟာ သတ္တိရှိလို့ လား သတ္တိမရှိလို့လား။
သတ္တိရှိလို့ပါဘုန်းဘုန်း။
အေး ဟုတ်တယ် ကလေးတို့ တစ်တွေ ဘုရားရှိ ခိုး တယ် ဝေယျာဝေစ္စလုပ်တယ်
ဒါတွေဟာ ကောင်းတာလုပ်ဖို့ သတ္တိရှိတာပဲ။ ဒီသတ္တိနဲ့တင် မလုံလောက်သေးဘူးကွယ်
နောက်ထပ် သတ္တိဖြစ်တဲ့ မကောင်းတာမလုပ်ဘဲလည်း သတ္တိရှိဖို့ လိုတယ်။
သားတွေက ကိုယ့်ဖာသာ တီဗီဂိမ်း နှိပ်ခါနီးရင် ဟာ ငါသတ္တိ မရှိပါလားလို့ စဉ်းစားနော်
သမီးတွေက ကိုရိးယားကား ကြည့်ခါနီးရင် ဟာ ငါသတ္တိ မရှိပါလားလို့ စဉ်းစားနော်
ဒါဆို သတ္တိဆိုတာကို ကလေးတို့ အရင်က နားလည်ထားတာထက် ပိုပြီး နားလည် သွားပြီနော်။ သတ္တိ ဆိုတာ ကောင်းတာကိုလည်း လုပ်ပြီးနေရဲတယ်၊ မကောင်းတာကို လည်း မလုပ်ဘဲ နေရဲတယ်နော်။
                အော် သတ္တိ သတ္တိ တကယ်တမ်းကျတော့ သတ္တိဆိုတာ ဂုဏ်တစ်မျိုးပါလား လို့ စာရေးသူ ကိုယ်တိုင် အဲ့နေရာမှာ သဘောပေါက်လိုက်တယ်။ ဦးဇင်းလေး ပညာဇောတ ရှင်းပြတာကို ကလေးငယ်တွေက စာအုပ်ထဲ လိုက်မှတ်နေသလို မိမိကလည်း သဘောကျလို့ မိမိရဲ့ ဘ၀စာမျက်နှာမှာ ဘယ်လို သတ္တိတွေ လိုအပ်နေ သေးသလဲ လို့ FB ဒိုင်ယာရီ ပေါ်ကို ကီးဘုတ်ကတစ်ဆင့် ရေးတင်လိုက်တယ်။
              သတ္တိဆိုတာကို နားလည်သလိုလိုနဲ့ နားလည်ခဲ့ပါတယ်။ ကျောင်းပေါ်က ပြန်အဆင်းမှာ ခြေလှမ်းတွေက ခပ်သွက်သွက်နဲ့ စိတ်က ခပ်ထက်ထက် ဖြစ်နေခဲ့တယ်။ သတ္တိရှိလာလို့လား၊ စိတ်ဓာတ်ခိုင်မာလာလို့ လားတော့ ဖြေးဖြေးချင်းစဉ်းစားယူရမယ်။
သားသား မီးမီး လေးများလည်း သတ္တိရှိတဲ့ ကလေးလေးတွေ ဖြစ်ကြပါစေလို့ ဦးဇင်းလေးရဲ့ ဆုတောင်းသံ အဆုံးမှာ ဘုန်းဘုန်းပေးတဲ့ ဆုနဲ့ ပြည့်ရပါလို၏ ဆိုပြီး သတ္တိရှိစွာ အော်လိုက်တဲ့ ကလေးလေးတွေရဲ့ အသံနဲ့ ကျောင်းခန်းမတစ်ခုလုံး လွှမ်းခြုံ ထားလျက်ပေါ့။

ဘုရားတပည့် တရားသိ သတ္တိရှိပါစေ။

မောင်ပညာ ( ကေတုမတီ )

စာရေးသူအနေနဲ့ ကိုယ်တိုင် ပြောတာလေးကို ကိုယ်တိုင် ပြန်နားထောင်နေဟန်လေး အဆန်းသဘောနဲ့ ရေးလိုက်တာ စာဖတ်သူအနေနဲ့ အဆင်မပြေတာများရှိရင်လည်း သည်းခံပေးကြပါ။

မေတ္တာများဖြင့် စာရေးသူ

Read more...

Tuesday, December 24, 2013

တာဝန်ကျေပါတယ်


                     ဒီဇင်ဘာလ ၁၈ ရက်နေ့က မယ်တော်ကြီးမွေးနေ့။ ထိုနေ့က ကျောင်းမှာ ထမင်းဆီဆမ်းနဲ့ ကြက်ကြော်ကပ်တယ်။ ဆွမ်းပဒေသာပင်နဲ့ သံဃိက အတွက်လည်း နဝကမ္မတွေ လှူဖြစ်တယ်။ ငယ်စဉ်ကတည်းကနေ ခု ယနေ့တိုင်ထိ အသိဉာဏ် ရော အတွေ့အကြုံတွေရော ရအောင် စောင့်ရှောက် ပဲ့ပြင်ပေးခဲ့သော မွေးမေမေ။ ကျေးဇူးတရားက များပြားတာကြောင့် ဆပ်တယ်ဆိုတဲ့ စကားလုံးနဲ့ မမျှအောင်ပါပဲ။ ကျေးဇူးတွေကို တွေးလိုက်တိုင်း တာဝန်ကျေခဲ့ပါတယ်လို့ အထပ်ထပ် ပြောချင်နေမိတယ်။
                     တာဝန်ဆိုတာကို ဘယ်လို သဘောပေါက်ကြ သလဲတော့ မသိဘူး။ တာဝန်ဆိုတာ သိသူအတွက်ကတော့ လုပ်ကို လုပ်ရမယ်၊ မသိသူ အတွက်ကတော့ ကိုယ်မလုပ်လဲ အခြားသူတွေ လုပ်မှာပဲလို့ တွေးကောင်း တွေးလိမ့်မယ်။ ဘယ်လိုပဲ တွေးတွေးပါ သူတာဝန်ကျေခဲ့တယ်။ ဘာတာဝန်လဲ မိသားစု တာဝန်တွေ ဘယ်လောက်ထိကျေခဲ့လဲ လိုနေသေးတယ်လို့ မပြောရလောက် အောင်ပါပဲ။ 
                     ဘဝဇာတ်ခုံရဲ့အပြောင်းအလဲတွေကြား မညီမျှမှုတွေရဲ့ အလယ်မှာ အတိုးအလျှော့ကို ဟန်ချက်ညီအောင် ထိန်းခဲ့တယ်။ မှတ်မိသေးတယ်။ ကိုရင် ဝတ်ခါစ ပရိတ်ကြီးတွေ မယ်တော်ကြီးဆီ လက်ပိုက်ပြန်ခဲ့ ရသေး။ အော် ပညာရေးအတွက် တနယ်တကျေးကို ရောက်နေတဲ့ သားတော်မောင်ဆီ အမြဲ စာရေးတယ် ။ မှတ်မှတ်ရရ ရေးပို့တဲ့ စာလေးတွေထဲက တစ်စောင်ကို တစ်နေ့က ပြန်ဖတ်ရင်း တာဝန်ကျေခဲ့ပါတယ်လို့ ထပ်ပြောမိတယ်။
                    စာထဲမှာက ဒီလိုရေးထားတာပါ။ ကိုရင် မေတ္တာသုတ်ထဲ ပါတဲ့ ကျင့်ဖွယ်ရာတွေကို မမေ့နဲ့နော်။ ကိုရင်ရေ မေတ္တာသုတ်မှာ ဘုရားရှင်က မွေးမြူ လွယ်ရမယ်လို့ မိန့်တယ်နော် တပည့်တော် နားလည် သလောက်ဆိုရင် ရဟန်း ဆိုတာ ဒကာ ဒကာမတွေက ကိုယ့်ကြောင့် ဝန်မဖြစ်ရဘူး။ ကိုယ့်ကို လှူဒါန်းနေသော ဒကာ ဒကာမတွေကို ကိုယ့်အတွက်ကြောင့် မပင်ပမ်းစေရဘူးနော် ။ ဒါကြောင့်ကိုရင်လေး ဘယ်ဒကာ ဒကာမကိုမှ အပူလည်းမပေးနဲ့ အပူလည်း မကပ်နဲ့နော်။ ကိုယ့် သီလ သမာဓိ ပညာ ကိုသာ ဖြည့်ကျင့်ပါ။ ဝိနည်း စည်းကမ်းတွေကိုလည်း စောင့်ထိန်းပါ။ ဒါမှ ကိုရင့်ကို တပည့်တော်တို့ သင်္ကန်း ဝတ်ပေးထားရကျိုးနပ်မှာ ကိုရင် သိပြီးသားတွေ ဆိုပေမယ့် မေ့နေမှာစိုးလို့ တပည့်တော် ထပ်ရေးလိုက်တာပါ။ တဲ့ အော် မိခင်တစ်ယောက်ရဲ့ တာဝန်ဆိုတာကို နားလည်ခဲ့ သလို ကျေအောင်လည်း ဆပ်နေတယ်။
                         ဘယ်လိုနေရာမှာ ရောက်နေနေ အမေက အမြဲ ဆုံးမစကား အားပေး စကားတွေပြောပေးတယ်။ ကိုယ့်အတွက်လည်း အမြဲ ဂုဏ်ယူနေတတ်ပြန်တယ်။ မယ်တော်ကြီးဆိုပြီး အမြဲ ပြုံးပြုံး ပြီးနေတတ်တာ။ သားရဟန်းရဲ့ တရားသံကို နာလိုတယ် ကြားလိုတယ် ။ ဒါဟာ မယ်တော်တိုင်းရဲ့ ရင်ထဲက ဆန္ဒရယ် ။ ငယ်စဉ်ကတည်းက ကြီးလာရင် ဘုန်းကြီးဖြစ်မှာ ဆိုပြီး မိန်းမတွေ လုပ်ရတဲ့ အလုပ်တွေဆို မခိုင်းဘူး။ ထိုင်ခုံအောက် ကုတင်အောင်တွေ မဝင်ခိုင်းဘူး။ ပြောနေကျ စကားလေး တစ်ခွန်းရှိတယ်။ ငါ့သား ရာဇာ့ ဣနြေ္ဒနဲ့နေ ရှင်ဘုရင်လို ဣနြေ္ဒရှိရှိနေ ခိုင်းခဲ့တာ။ အဲ့လောက်တောင် မျှော်လင့်ချက် ကြီးခဲ့တယ်။ 
                       ခုဆို မယ်တော်ကြီး ၆၂ နှစ်ပြည့်ခဲ့ပြီ ။ တာဝန်ကျေခဲ့ပါတယ်။ ထိုနေ့က စဉ်းစားတယ် ငါဟာ ဘယ်သူ့အပေါ်မှာများ ဝန်ဖြစ်နေသေးလဲ လို့ ။ အော် အမေဆုံးမ တဲ့ စကားနားထောင်လို့ တစ်နည်းပြောရရင် ဘုရား စကားနားထောင်လို့ နောက်ဆုံး ကြီးကြီး ကျယ်ကျယ်ပြောရရင် ကိုယ့်တရား ကိုယ်အားထုတ်တာ ဟာ ဘယ်သူ့ကိုမှ အပူမပေး ကိုယ့်ကြောင့် ဘယ်သူမှ ဝန်မဖြစ်တာပါပဲ။ မွေးမြူလွယ်သောသူ ဖြစ်အောင် အားထုတ်နေသရွေ့ကိုယ့်တရား ကိုယ်အားထုတ်နေတာပါလား လို့ တွေးရင်း တာဝန်ကျေဖို့ အရေးကြီးကြောင်း ကိုယ့်ကိုယ်ကိုသာ သတိပေးလိုက်တော့၏။

မောင်ပညာ ( ကေတုမတီ )
မယ်တော်ကြီး ၆၂ နှစ်ပြည့် birthday အထိန်းအမှတ်

Read more...

Wednesday, October 23, 2013

ဖိတ်စာ

               အိတ်မပါတဲ့ ဖိတ်စာ တစ်စောင်ရောက်လာတယ်။ ရန်ကုန်ကြွဖို့ နဲ့ တရားချီးမြှင့်ပေးဖို့ လျှောက် ထားတဲ့ ဖိတ်စာပေါ့။ ဖိတ်စာက အမျိုးမျိုးရှိတယ်။ ဒါကို ဖိတ်စာလုပ်ဖူးသူတိုင်း သိကြမှာပါ။ ရေမွှေး ဖိတ်စာ၊ စက္ကူအကောင်းစား အညံ့စားပေါ်မူတည်ပြီးတော့လည်း ဖိတ်စာ တွေကွာသွား တတ်တယ်။ ဖိတ်တဲ့သူ၊ အဖိတ်ခံရသူပေါ် မူတည်ပြီးလည်း ဖိတ်စာ အမျိုးမျိုး ကွာခြားသွားတတ်တယ်ပေါ့။ ဒါက ဖိတ်စာ နဲ့ ပတ်သက်ပြီး သိသလောက် စဉ်းစားကြည့်တာပါ။ 
                 တကယ်တော့ ဖိတ်စာ အဖိတ်ခံရတယ်ဆိုတာ ပျော်စရာလား လို့ တွေးကြည့်တယ်။ တကူးတက အဖိတ်ခံရတဲ့ အခါမျိုးရှိသလို မကောင်းတတ်လို့ အဖိတ်ခံရတာမျိုးလည်း ရှိတယ်ပေါ့။ ဘယ်လို အဖိတ်ခံရရင် ကောင်းမလဲလို့ အဖိတ်ခံရတိုင်း တွေးမိတယ်။ ဖိတ်သူနဲ့ အဖိတ်ခံရသူ တွေကို ဖိတ်စာက တန်ဖိုး ဖြတ်ပေးတာလား။ ဒါကလည်း တွေးဖို့ အချက်တစ်ခုပေါ့။ 
                ဖိတ်စာကောင်းရင် ကောင်းသလို အဖိတ်ခံရသူ ဖိတ်သူတွေ ဂုဏ်တတ်တယ်လို့ လူအများ ထင်တတ်ကြတယ်။ ဒါဆို ဖိတ်စာ မပါတဲ့ ပါးစပ် ဖိတ်ခြင်းမျိုးဆို ဂုဏ် မရှိတော့သလိုပေါ့။ ကျေးလက် ရွာ ဒေသတွေမှာတော့ ပါးစပ်ဖိတ်စာနဲ့ တစ်အိမ်လုံး ဖိတ်လေ့ရှိတယ်။ ဂုဏ်ဆိုတာကို ပဓာန မလုပ်ပဲ အလှူ ရဲ့ ပြယုဂ်ကိုသာ ထင်ရှားအောင် ပြကြတယ်။ တန်ဖိုးရှိတာကို တန်ဖိုးသိသူသာ တန်ဖိုးထားတတ်တယ်။ 
                   အနှစ်သာရ ရှိတဲ့ တန်ဖိုးကို သိပြီး အနှစ်ကို ပြတဲ့ အလှူဆိုတာ ဖိတ်စာပေါ်မူမတည်ပါဘူး။ တကယ်တမ်း မိမိအလှူကို လာသူတွေ ထဲမှာ တန်ဖိုးရှိ သိက္ခာရှိတဲ့သူတွေပါရင် အလှူဆိုတာ မင်္ဂလာရှိသွား တာပါပဲ။ ဘုရားရှင် လက်ထက်တော်အခါက မင်္ဂလာဆောင် အလှူပွဲတွေမှာ ဖိတ်လေ့ ရှိတဲ့ ဒကာမကြီး တစ်ယောက်ရှိတယ်။ 
                  သူ့ကို ဘာကြောင့် ဖိတ်ကြတာလဲ၊ ဘာကြောင့် အရေးပါရတာလဲလို့ ခဏတိုင်း ခဏတိုင်းမှာ တွေးစဉ်းစားမိတယ်။ သူမ မပါတဲ့ အလှူ မင်္ဂလာပွဲဟာ မင်္ဂလာမဖြစ်ဘူးလို့ကို ထင်ရလောက်အောင် အရေးပါ အရာရောက်တယ်ပေါ့။ သူမလာပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးလိုက်တဲ့ မင်္ဂလာပွဲတွေဟာ မင်္ဂလာ ရှိသွားတာချည်းပါပဲ။ အော် အဲ့လို အဖိတ်ခံ ရသူဟာ ဘယ်သူများလဲ........
                  ၀ိသာခါ ဆိုတဲ့ ကျောင်းအမကြီးပါ။ ပုဗ္ဖာရုံ ကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းထားတဲ့ ၀ိသာခါ ကျောင်းအစ်မကြီးကို အလှူရှင်တိုင်းက သူတို့ အလှူကို လာစေချင်တယ်။ ဘာဖြစ်လို့ ထိုကဲ့သို့ အရေးပါရတာလဲ။ ဒါလေးက စိတ်ဝင်စားစရာကောင်းတာပါ။ ၀ိသာခါ ကျောင်းအစ်မကြီးဟာ ပွဲတော်တိုင်း အဖိတ်ခံရရုံတင်မကပါဘူး အလှူမှာ ရဟန်းတော်များကို ဆွမ်းကပ်ပြီးလျှင် သူမ ကို အဦး အမြတ်ထား စားစေပါတယ်။ 
                    ထိုခေတ် ထိုအခါက အလွန်တရာ အရေးပါ အရာရောက်သော ကျောင်းအစ်မကြီးပေါ့။ ဘာဖြစ်လို့များ ကျောင်းအစ်မကြီးကို အဲ့သလောက် အရေးပေးရသလဲဆိုတော့ ကျောင်းအစ်မကြီးဟာ အသက်ရှည်ခြင်း အဆင်းလှခြင်း စတဲ့ ဂုဏ်တွေရှိပါတယ်။ တစ်ဖက်က ဘုရားနဲ့ ရဟန်းတော်တွေကို ပြုစု လုပ်ကျွေးနေတဲ့ ကုသိုလ်တွေ စိတ်ဓာတ်ကောင်းတွေကလည်း ရှိနေပါတယ်။ 
                    ဒါကြောင့် သတို့သားဘက်က အမိအဘ သတို့သမီး ဘက်က အမိအဖတွေဟာ ၀ိသာခါ ကျောင်းအစ်မကြီးကို ပင့်ဖိတ်ပြီး စားဦး စားဖွယ်တွေကို စားစေတယ်။ ဒါ့ပြင် ဆုတောင်း ကြတယ် ယ္ခု သတို့သား သတို့သမီး တို့သည်လည်း ၀ိသာခါ ကျောင်းအစ်မကြီးလို အသက်ရှည် အဆင်းလှ အမျိုးဘာသာ သာသနာကို ချီးမြှောက် ထောက်ပံ့နိုင်တဲ့ အမျိုးကောင်းသား အမျိုးကောင်း သမီးလေးတွေ ဖြစ်ပါစေ ဆိုပြီး ဆုတောင်းကြသတဲ့။ 
                        ဒါဟာ ပါဠိတော် ထဲတွင် ပါသော အဖိတ်ခံရတဲ့ ၀ိသာခါကျောင်းအမကြီး အကြောင်းပေါ့ ဒါနဲ့ ကိုယ့်ဖာသာ စဉ်းစားတယ်။ ကိုယ်လည်း ယခု အဖိတ်ခံရတဲ့ နေရာရောက်လာပြီ။ အဖိတ်ခံရသူဟာ အဖိတ်ခံရတဲ့ ဖိတ်စာ ရပြီဆိုလျှင် စဉ်းစားပြီ ဘာလေး လက်ဖွဲ့ ရင်ကောင်းမလဲပေါ့။ ၀ိသာခါ ကျောင်းအစ်မ ကြီးကတော့ စိတ်ဓာတ်ကောင်းတွေ နဲ့ ထုံမွှမ်းထားတဲ့ မေတ္တာတွေ လက်ဖွဲ့ တယ်။ သူ့လို ဖြစ်ချင်သူတွေကို သူ့ကို အတုယူကြတဲ့ လူငယ်တွေကို စိတ်ထားကောင်းဖို့ နဲ့ မေတ္တာရှိပြီး သစ္စာ သိဖို့ တိုက်တွန်းမှာပါ။
                      အော် ဒါကြောင့် ဖိတ်စာ တစ်စောင် အဖိတ်ခံရပြီ ဆိုရင် လုပ်စရာ တွေဟာ အဖိတ်ခံရသူ ဘက်ကရော ဖိတ်သောသူ ဘက်ကပါ အများကြီးရယ် ။ နောက်ပြီး မိမိဟာ မကောင်းတတ်လို့ အဖိတ်ခံ ရသူလား၊ ၀ိသာခါ လို မပါမဖြစ် အရေးပါလို့ အဖိတ်ခံရတာလား ဆိုတာ စဉ်းစားရင်း မပါမဖြစ် အရေးပါသော မိမိထံမှာ သူတစ်ပါး အတုယူစရာ လေးစားစရာ စိတ်ဓာတ်ကောင်းတွေ ရှိပြီးလားလို့ တွေးရင်း ဖိတ်စာကို စာအုပ်ကြား ညှပ်ထားလိုက်မိတော့တယ်။

လေးစားစရာ အတုယူစရာ ချီးမွမ်းထိုက်သော ဂုဏ်များရှိအောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်း 

မောင်ပညာ ( ကေတုမတီ )

Read more...

Friday, July 26, 2013

စိတ်ဓါတ်နှင့် လုပ်ရပ်

                  ဒီနေ့ ၂၄ နှစ်ပြည့်မွေးနေ့မှာ စိတ်ထဲ ပေါ်လာတဲ့အကြောင်းလေးကို
ရေးမယ်လို့ စဉ်းစားရင်း လက်တွေကို iPad ပေါ် တင်လိုက်တယ်။ ဖြည်းဖြည်းချင်း
တွေးထားတဲ့ အကြောင်းလေးကို ဖြည်းဖြည်းပဲ ရေးနေမိတယ်။ 
                  ဘာလေးတွေးမိလဲဆိုတော့ လူတွေအားလုံး စိတ်ဓါတ်တွေ ရင့်ကျက်
ပြီး၊ လုပ်ရပ်တွေ မြင့်မြတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့။ လုပ်ရပ်နဲ့ စိတ်
ဓါတ် တစ်ထပ်တည်း ဖြစ်ပြီး၊ အများအတွက် ကိုယ့်ကိစ္စ ကိုယ်လုပ်ကြရင် အားလုံး 
တိုးတက် ကြီးပွားကြမှာပဲလို့။ 
                  ပုထုဇဉ် အမည်တပ်ထားတဲ့ ကျွန်ုပ်တို့တွေဟာ အမှားဆိုတာတွေလုပ်
မိကြမှာပါ။ ဒါပေမယ့်လို့ တရားဓမ္မနဲ့ ထိတွေ့ခွင့် ရချိန်မှာ စိတ်ဓါတ်တွေ ကောင်း
လာသလို လုပ်ရပ်တွေလည်း ပြောင်းလာသင့်ပါတယ်။ တရား မသိလို့ သံသရာတ
လျှောက် ပြေးကာ လွှားကာနဲ့ နေခဲ့ရတာ ခု တရားဓမ္မဆိုတာ လောကမှာ အထင်အ
ရှား ပေါ်ပေါက်နေလေပြီ။ တရား ရတနာကို ရတနာမှန်း သိခွင့် ရပြီဆို တန်ဖိုးထား
ထိန်းသိမ်း ပြီး ကိုယ့်မှာ တည်လာအောင်ကို ကျင့်ရတော့မှာ။ 
                   စိတ်ထားနဲ့ လုပ်အားကို အချိုးကျကျ ထားမှ ဘဝမှာ ကောင်းကျိုးတွေ
ရလာမှာပါ။ တရားသိသူဆိုတာ တခြားမဟုတ်ပါဘူး။ စိတ်ထားကောင်းလာသလို
လုပ်အားကလည်း ပြောင်းလာပါတယ်။ စိတ်ထားက ဘယ်လိုကောင်းပြီး လုပ်အား
က ဘယ်လိုပြောင်း လာသလဲ ဆိုတော့ စီးပွားရေးလုပ်ပြီး ရလာတဲ့ အကျိုးစီးပွားနဲ့
ကုသိုလ်ကောင်းမှုတွေ ပြုနေသူဟာ စိတ်ထား ကောင်းရှိလို့ပါပဲ။ ကောင်းတဲ့ စိတ်
ဓါတ်တွေ ရှိလို့ပါ။ 
               သို့သော်လည်း စီးပွားရေးလုပ်တဲ့နေရာမှာ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက်
တွေအပေါ် အမြတ်ကြီးစား တစ်ကွက်ကျော်ရိုက်တာတွေ မတရား နည်းလမ်းနဲ့
စီပွားရှာတာ တွေကတော့ လုပ်အား မပြောင်းသေးဘူးလို့ ဆိုရမှာပါပဲ။ စိတ်ဓါတ်
က ရင့်ကျက်သလို လုပ်ရပ်ကလည်း သူတော်ကောင်းတွေ မကဲ့ရဲ့အောင်ကို မြင့်
မြတ်လာရမယ်ပေါ့။ 
              လုပ်အားနဲ့ စိတ်ထား အချိုးညီညီ ပြောင်းလဲလာနိုင်ရင် အကောင်းဆုံး
ပါပဲ။ စိတ်ထားကောင်းအောင် တရားများများနာပြီး သုတမယဉာဏ် ရအောင်
လုပ်ရပါမယ်။ လုပ်အား ပြောင်းအောင်ကျတော့ စဉ်းစားဆင်ခြင်တဲ့ စိန္တာမယဉာဏ်
နဲ့ ပွားများတဲ့ ဘာဝနာမယဉာဏ်တွေက အလွန်တရာ အရေးပါတာပေါ့။ 
                ပရဟိတပဲ ဖြစ်ဖြစ် အတ္တဟိတ ပဲဖြစ်ဖြစ် စိတ်ထား နဲ့ လုပိအားကို အမြဲ
ချိန်ညှိ နေရမှာပါ။ စိတ်ဓါတ်က မှေးမှိန်လာတာနဲ့ အမျှ လုပ်ရပ်တွေလည်း သေးသိမ်
လာမှာပါ။ လောကအကျိုးပဲ ဖြစ်ဖြစ် မိသားစု အကျိုးပဲဖြစ်ဖြစ် တစ်ခုခု လုပ်ပြီးတိုင်း
စိတ်ထားကောင်းတွေ တိုးပွားပါစေ။ လုပ်အားကောင်းတွေ များများလာပါစေ။
             ဘာ အကြောင်းနဲ့မှ စိတ်ဓါတ်ကို မမှေးမှိန်ပါစေနဲ့။ စားဝတ်နေရေး အကြောင်း
ပြပြီး လုပ်ရပ်တွေ မသေ သိမ်လိုက်ပါနဲ့။ ကုသိုလ် လုပ်ဖို့ ဆိုရင် ပိုတောင် သတိထား
ရအုံးမှာ။ ဒါကြောင့် ဒီမွေးနေ့မှာ စောစောစီးစီး ဆွမ်းခံကြွရင်း သပိတ်ပေါ် တင်လောင်း
လှူလိုက်တဲ့ သွားတိုက်ဆေးဘူးကို ချက်ချင်းပဲ တွေ့တဲ့ ဘုန်းကြီးအိုကြီး သပိတ်ပေါ်
ပြန်လောင်းလှူ ရင်း ဆုတောင်းမိတယ်။ အမြဲတမ်းလိုချင်တောင့်တနေတဲ့သူ မဖြစ်ရ
ပါလို၏ လို့ ဆုတောင်းလိုက်တယ်။ 
               လိုချင်တောင့်တသူမှာ ဘယ်သောအခါမှ ပြည့်စုံတယ်ဆိုတာ မရှိဘူး။ မရ
သေးတာတွေ တောင့်တတယ်။ ရပြီးတာတွေ တိုးပွားချင်နေတတ်တယ်။ တောင့်တ
နေရတဲ့ ဘဝဆိုတာ ပူမှန်းသိမှ တောင့်တမဲ့ ဘဝရဲ့ အေးချမ်းမှုကို မြင်မှာပါ။ စိတ်ဓါတ်
ကောင်းသမျှ လုပ်ရပ်ပြောင်းလဲလာရင် ပုထုဇဉ် အပိန်းဘဝကနေ သပ္ပုရိသ အဆင့်ကို
ရောက်ရှိလာမှာပါ။ ဒါကြောင့် ဘဝရဲ့ တစ်ခဏတာ အချိန်တိုလေးအတွင်း စိတ်ဓါတ်
တွေ ပုထုဇဉ် ဘဝကနေ အရိယာ အဆင့်ထိ ရင့်ကျက်လာပြီး လုပ်ရပ်တွေလည်း တစ်
နေ့ထက်တစ်နေ့ မြင့်မြတ်လာအောင် ပြောင်းလဲ ကြပါလို့ တိုက်တွန်းရင်း..............။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘဝနောက်နောင် ဆက်တိုင်းကောင်း၏။

မောင်ပညာ ( ကေတုမတီ )

Read more...

Monday, June 17, 2013

သဘောပေါက်သွားပါပီ

သဘောပေါက်သွားပါပြီ

မွန်ပြည်နယ်ရဲ့ စာပြန်ပွဲလေးတစ်ခုက ကိုရင်ကြီးတစ်ပါးရဲ့ တရားလေးတစ်ပုဒ်ပေါ့။ မိမိရဲ့ ဆရာဖြစ်သူက ဒီအကြောင်းလေး ခဏခဏ ပြောပြီး တပည့်တွေကို ဆုံးမဖူးတာကြောင့် ရေးဖြစ်သွားတာပါ။
မွန်ပြည်နယ်မှာက စာပြန်ပွဲတွေ များတယ်။ ဒကာဒကာမတွေကလည်း လိုလေသေးမရှိအောင်ကို ထောက်ပံ့ လှူဒါန်းကြတယ်။ 
အနယ်နယ်အရပ်ရပ်က စာသင်သား ရဟန်းငယ်တွေ ကိုရင်တွေဟာ စာပြန်ပွဲချိန်ရောက်ရင် မွန်ပြည်နယ်မှာ ဆုံတွေ့ ကြတာပေါ့။ 
ဒီလိုနဲ့ တစ်ခုသော စာပြန်ပွဲမှာ မိမိရဲ့ဆရာဖြစ်သူဟာ ထိုစာပြန်ပွဲ ကြီးကြပ်သူအဖြစ် တာဝန်ယူရတယ်။ စာပြန်ပွဲ ချိန်ဟာ နေ့လည်မှာ ဖြေကြရပြီး နံနက်မှာ မြို့အတွင်းသို့ ဆွမ်းတော်ကြီးလောင်း ကြွကြရတယ်။ မြို့သူမြို့သား များ သဒ္ဓါဖွေးဖြူတဲ့မွန်တိုင်းရင်းသူ လေးများဟာ မိမိတို့ အိမ်ရှေ့မှနေပြီး ဆွမ်း၊ သစ်သီး စတာတွေလောင်းကြတယ်။ 
ဒီလိုနဲ့ စာမေးပွဲတွင်း တစ်ညမှာ ဆရာက အညောင်းပြေ အညာပြေ ဆင်းပြီး လမ်းလျှောက်တယ်။ ထိုအချိန်မှာ အသားကျောင်းလေး တစ်ခု အတွင်းမှာ မီးမပိတ်သေးဘဲ စကားပြောနေသံကြားတာနဲ့ စာအကြောင်းတွေ ပြောနေတာလား သိချင်တာနဲ့ ဆရာဟာ အနားကပ်သွားတယ်။ 
အထဲက ကိုရင်ကြီးနှစ်ပါးပြောနေတာက
“အရှင်ဘုရားရယ် တပည့်တော် မနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူး၊ ဟ ဘာဖြစ်လို့လဲ စာတွေစဉ်းစားနေလို့လား၊ မဟုတ်ပါဘူး ဘုရား တပည့်တော် မနေ့ မနက်က မြို့ထဲ ဆွမ်းတော်ကြီးကြွတုန်းက တွေ့ခဲ့လို့ ဘုရား၊ ဘယ်သူမှတော့ လျှောက်မပြောနဲ့ဘုရား၊ဟာ ဒါဆို ငါ့ရှင် စာမေးပွဲ လည်း ဘယ်ဖြေနိုင်မလဲ၊ 
စာမေးပွဲတော့ ဖြေနိုင်ပါတယ်ဘုရား၊ စောစောက အိပ်မပျော်ဘူးဆို၊ မှန်ပါ့ နောက်တော့ အိပ်ပျော် သွားပါတယ်၊ ဘယ်လိုဖြစ်ပြန်တာတုန်း၊ တပည့်တော် သဘောပေါက်သွားလို့ပါဘုရား၊ ဟ လုပ်ပါအုံး ဘယ်လိုသဘောပေါက်သွားတာလဲ?
“ အော် ငါကသာ စဉ်းစားနေတာ သူကသိမှာ မဟုတ်ပါဘူး” လို့ သဘောပေါက်သွားတာဘုရား၊ အဲ့လို သဘောပေါက်တော့ တပည့်တော်လည်း တစ်ရေးပဲ အိပ်ပျော် သွားတော့တာပဲ။ 
ဒါလေးကြားတော့ ဆရာက ပြုံးပြီးနောက် ပြန်ဆုတ်လာ ခဲ့တယ်။ 
အော် ဟုတ်လိုက်တာ ကိုယ်သာ သူ့အကြောင်း စဉ်းစားပြီး အိပ်မပျော်ဖြစ်နေပေမယ့် သူကတော့ အိပ်ယာထဲ သိုးရင်သိုးနေမှာ ။ ကိုယ်ကသာ သူ့ကို ဒေါသတွေထွက်ပြီး ကြိတ်မနိုင် ခဲမရ အံတကြိတ်ကြိတ်ဖြစ်နေတာ သူက သိမှမသိပဲနော်။ အော် သတိရလို့ပဲ ဖြစ်ဖြစ် ဒေါသထွက်လို့ပဲ ဖြစ်ဖြစ် ကိုရင်ကြီး သဘောပေါက်သလိုသာ ပေါက်လိုက်စမ်းပါ။ 
ကိုယ်ကသာ စဉ်းစားနေတာ သူက သိမှာ မဟုတ်ပါဘူး လေ။ သက်ရှိ သက်မဲ့ အားလုံး ကိုယ် သူတို့ အကြောင်းစဉ်းစားနေတာမသိပါဘူး။
သဘောမပေါက်သရွေ့တော့ အိပ်မပျော်ညတွေ တာရှည်နေအုံးမှာပါ
သံသရာ တစ်လျှောက်သဘောမပေါက်လို့ ပြေးလွှားနေခဲ့ရ၊ အိပ်ပျက်ခဲ့ ရတာတွေကို ခုသဘောပေါက်လိုက်
ကြပါတော့။ လောဘကြောင့် အိပ်မပျော်၊ ဒေါသကြောင့် အိပ်မပျော်နဲ့ အော် ဘာတွေကြောင့် ကိုယ့် ကိုယ်ကို
နှိပ်စက်နေအုံးမှာလဲ? ကြိတ်မနိုင်ခဲမရ ဖြစ်ခဲ့ သမျှသည်လည်း သဘောမပေါက်လို့၊ ပျော်မဆုံးဆုံး တပြုံးပြုံးနဲ့
စားမြှုပ်ပြန် နေတာလည်း သဘောမပေါက်လို့နော်။ သက်ရှိသက်မဲ့ ကိုယ်စိတ်ဝင်စားသမျှဟာ တဒင်္ဂ ခဏပဲ
သာယာစရာ ထင်နေရင် ကိုယ်ပဲ ခံစားနေရမှာ။ ဒါကို သဘောပေါက်စေချင်ပါတယ်။ 
အော် ဘဝမှာ သဘောပေါက်သွားပြီး လောဘနဲ့ မထိ၊ ဒေါသနဲ့ မငြိပဲ အေးချမ်း သာယာ အပြစ်ကင်းစွာ 
ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းရင်း..................

ကဲအားလုံးအတွက် လက်ဆောင်

ဖြစ်ပြီးအဟောင်း
တိတ်ဇာတ်ကြောင်းကို
ပြန်ပြောင်းစဉ်းစား
မငြီးတွားနဲ့။

မောင်ပညာ ( ကေတုမတီ )


Read more...

Friday, June 14, 2013

တရားဟောနည်း


မိမိတို့ မှော်ဘီ ဓမ္မဒူတကျောင်းနေစဉ်က အမြဲတမ်းလိုလို အလှည့်ကျ တရားဟော ကြရတယ် ။ 
အောက်မှာ နာယက စာချများက ထိုင်နေပြီး အလှည့်ကျတဲ့ ကိုရင် ဦးဇင်းက ပလ္လင်ပေါ်တက်ပြီး တရားဟော ကြရတယ်ပေါ့။ 
ဒီလိုနဲ့ တဖြည်းဖြည်း မိမိအလှည့်သို့ ရောက်လာပါလေရော မိမိလည်း ဟောဖို့ စာကြည့်ရတာ တစ်မျိုး အပေါ်ရောက်ရင် ဖြစ်ပါ့မလား ဆိုပြီး တစ်မျိုး စဉ်းစားရင်း ရင်ဘတ်ထဲတော့ ကုလားဘုရားပွဲ လှည့်နေသလိုပါပဲ။ 
ဒီလိုနဲ့ ညနေ ဘုရားဝတ်တက်ခါနီးမှာ မိမိအခန်းထဲ ကိုရင်လေးတစ်ပါး ဝင်လာတယ်။ 
ဦးဇင်း ဟော အလှည့်လား လို့ သူကမေးတယ်။ 
အေးကွာ တို့လည်း တရားမဟောဖူးတော့ ဘယ်လို ဟောလို့ ဟောရမလဲတောင် မသိပါဘူးကွာ လို့ ဒါနဲ့ အရှင်ဘုရား တရားဟောနည်းယူမလား တဲ့ ဟ ကိုရင်ရ သိရင် လုပ်ပါအုံး ဘုရားဝတ်ပြု ပြီးရင် တက်ရတော့မှာ ဆိုတော့ 
အရှင်ဘုရားရယ် တရားဟောတာများ မခက်ပါဘူး 
ဦးဇင်း ပလ္လင်ပေါ်ရောက်ရင် ဖြည်းဖြည်း ဖြည်းဖြည်းပဲ ဟော နားနား ပြီး ဟောပါ၊ တိုးတိုး တိုးတိုးပဲ ဟော အားလုံးလည်း ကြားပါတယ်တဲ့ 
အောင်မယ် အဟုတ်ထင်လို့ ဟဲ့ ကိုရင် အဲ့ဒါ မျိုးကြီးသီချင်း မဟုတ်ဘူးလားဟ 
အရှင်ဘုရားကလည်းနော် တပည့်တော် ပြောတဲ့ နည်းအတိုင်းသာဟော အားလုံး အိုကေသွားမယ်။ လင်းစမ်းပါအုံး ဘယ်လို အိုကေမှာလဲ ဟဆိုတော့ 
ကိုရင်က ဆက်ပြောတယ် စကားပဲ ပြောပြော တရားပဲ ဟော ဟော ဖြည်းဖြည်း ပြောတာ ကောင်းတာပါ့ 
တရားဟော ရင်ပိုတောင် အရေးကြီး သေးတယ် နော် သူတို့က နားမလည်လို့ မသိလို့ တရားလာ နာပါတယ် ဆိုမှ မြန်မြန် ဟောရင် ဘယ်သဘောပေါက်တော့ မလဲ။ 
ဒါကြောင့် ဖြည်းဖြည်းဟောပါ။ နားနားပြီး ဟောတော့ ဦးဇင်းလည်းမမော တော့ဘူးလေတဲ့။ အံ့မယ် ဒီလိုဆိုတော့ ကိုရင့် နည်းက မဆိုးပါလားလို့
ဒါနဲ့ နေပါအုံး တိုးတိုးက ဘာဖြစ်လို့ ဟောခိုင်းရတာလဲ
အော် ဦးဇင်းရယ် ပိန်းပါ့ ကိုကြီးပိန်းလို့တောင် ဦးဇင်းကို နာမည်ပေးလိုက်ချင်တယ်
အောင်မလေး ပြောမယ့်အရေး ငါ့ကို ရင်က ဈေးကိုင်နေသေး
တိုးတိုးဟောတော့ မကြားရဘူးဟဲ့ ဆိုပြီး သေချာ အာရုံစိုက် လိုက်နာတော့ အိပ်မငိုက်တော့ဘူးပေါ့ 
ဒီလိုဗျ တရားဆိုတာက လူတွေနဲ့ အတော်လေးဝေးတယ်လေ ဦးဇင်းရ လူတွေက တစ်နေ့ တစ်နေ့ အလုပ်လုပ်ရတာနဲ့ ပင်ပန်းလာကြတာ။ ဟော မယ်မှ မလုပ်ရသေးဘူး သူတို့က မျက်လုံး စင်းပြီး အိပ်ငိုက်ကြတာ လေ
တပည့်တော် တစ်ချို့ တရားပွဲတွေ အကဲခပ်ကြည့်တယ် ဘုန်းကြီးက အသံ ကောင်းကောင်းနဲ့ လွှတ်ဟဲတော့ သူတို့ကိုများ ချော့သိပ်တယ် ထင်ကြလားပဲ 
အိပ်ငိုက်လိုက်ကြတာ ဦးဇင်းရယ် ဒါကြောင့ ဦးဇင်းကို ပြောတာ တိုးတိုးနော်လို့ အံ့မယ်သူက ချုပ်သွားသေးတာ
ကိုယ့်ဦးဇင်းမိုလို့ နည်းစနစ် တွေ ပေးလိုက်တာနော် အောက်ကနေ နားထောင်နေမယ်တဲ့ 
ထိုနေ့က မိမိဟာ ပလ္လင်ပေါ်မှာ တရားလေးတစ်ပုဒ်ကို ဖြည်းဖြည်းနဲ့ တိုးတိုးလေး ဟောခဲ့ တယ်လေ။ ဒီနေ့ ထိလည်း တရားဟောစရာ ကြုံလာတိုင်း ကိုရင်လေးရဲ့ ဖြည်းဖြည်း နဲ့ တိုးတိုး လေးက နားထဲက မထွက်ဘူး
ဒါက ဦးဇင်းတို့မှ မဟုတ်ဘူး အလုပ်လုပ်နေသူတွေလည်း နည်းယူရမှာ သူများနဲ့ယှဉ်လို့ ကိုယ့်စကား အရာရောက်ချင်ပါတယ် ဆိုရင် ဖြည်းဖြည်းနဲ့ တိုးတိုးနော်......။

မောင်ပညာ ( ကေတုမီ )

Read more...

Friday, June 7, 2013

နှစ်ဖြာရေစက်



ဖုန်းတစ်ခု ဝင်လာတယ်။ state ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ဆီက အရေးတကြီး နဲ့ အရှင်ဘုရား ဖုန်းနံပါတ်မနည်းကို လိုက်ရှာလိုက်ရတာပဲလို့ အားရဝမ်းသာ ပြောရှာတယ်။ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖူးသူတိုင်း ခံစားဖူးမှာပါ။ 
ဒါနဲ့ အကူအညီတစ်ခု ပေးပါအုံး။ ထိုသူငယ်ချင်းနဲ့ ပက်သတ်ပြီး မိမိသည် အကူအညီပေါင်းများစွာကို ပေးဖူးခဲ့၏ ကူညီခဲ့၏။ ယခုလည်းအကူအညီ လိုလို့တဲ့။ 
ဒါနဲ့ သူကဆက်ပြောတယ်။ အရှင်ဘုရား တပည့်တော်ကို ကျောင်းတုန်းက ရေးပေးဖူးတဲ့ ရီးစားစာ ကိုမှတ်မိလားတဲ့။ 
ဟိုက် မိမိသည် စာစီစာကုံးရေးသားရခြင်းကို ဝါသနာပါသလောက် သူငယ်ချင်းတွေအကျိုး သူတို့ရီးစားစာများကို ရေးပေးခဲ့ရဖူး၏။ ကိုယ်သာ မစွံ့သာ သူတို့အားရေးပေးလိုက်သည်များမှာ များသောအားဖြင့် အဆင်ပြေသွားတတ်၏။ 
ခုတော့ ရဟန်းဘောင်ရောက်နေတာတောင် အလွတ်မပေးတော့ဘူးလားလို့ မေးလိုက်မိတယ်။ 
အဲ့လို မဟုတ်ပါတဲ့ ကျောင်းတုန်းက ကူညီရေးပေးလိုက်သော စာထဲက စာကြောင်းလေး တစ်ချို့ မှတ်မိသေးလားတဲ့။ 
ခု သူ့ကောင်မလေးနဲ့ လက်ထပ်တော့မယ့် အချိန်မှာ ထိုကလေးမက ပြောသတဲ့ နင် ပထမဆုံးပေးတဲ့ စာထဲမှာပါတဲ့ စာကြောင်းလေးတွေကြောင့် နင့်ကို လက်ခံခဲ့တာ ခု လက်ထပ်ခွင့်တောင်းတဲ့ အချိန်မှာလည်း ထိုစာသားလေးတွေ ပြန်ပြောပြီး တောင်းပါလို့ ဆိုသတဲ့။ 
စာထဲမှာ ဘာတွေရေးပေးလိုက်တာလဲ ဆိုတာ ပြန်စဉ်းစားပေးပါအုံးတဲ့။ 
ကိုယ့်ဖာသာနေသည်ကို အမှုက လာပတ်ဖြစ်အောင် လာပတ်သေးတယ်။ ဒါနဲ့ master brain ကို CPU နှစ်လုံးတပ်ပြီး ပြန်မောင်းရတာပေါ့ မှတ်မိပြီ ဘယ်စာကြောင်းလေးတွေလည်းဆိုတာကို တကယ်တော့ ထိုစာကြောင်းလေးများသည်လည်း မိမိစာသား မဟုတ် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်သုံးဖူးတဲ့ စကားလုံးလေးတွေ 
“ ဘဝါဘဝေ အဆက်ဆက်က နှစ်ဖြာရေစက် ပြုသမျှတွေလျှင် ပါလေချက် သမုဒယ နယ် တစ်ခွင် ဗျာဒိတ်တော်ကြားသကဲ့သို့ ချစ်စကားကြားလိုလှသည် နှမငယ် မဟေသီ" စသည်ဖြင့်ပေါ့။ 
ကျေးဇူးအရှင်ဘုရားတဲ့ မင်္ဂလာဦးဆွမ်းကျွေးပင့်မယ်တဲ့ တော်တော်ပါကွာ လို့ မင်းတို့ စုံတွဲတော့ တော်တော်လန့်သွားပြီလို့ တော်ကြာ နောက်ဆယ်နှစ်နေမှ မင်္ဂလာဦးဆွမ်းကျွေးမှာဟောသွား တဲ့ တရာထဲက စကားလုံးလေးတွေ ပြန်မေးနေရင်နောက်ထပ် ပြဿနာလို့ ပြောရင်း ဒင်းက ထပ်မေးတယ် အရှင်ဘုရားမှာကော သျှင်မဟာရဋ္ဌသာရလို နှမလက်လျှော့နေလေတော့လေး ဘာလေး မရှိဘူးလားတဲ့။ အံ့မယ် ဒါမျိုးတော့ငြိမ်ခံလို့ ဘယ်ဖြစ်မလဲ ပြန်ပြောလိုက်တယ် ဟေ့ တို့က လောကီဇာတ်ကြော ဓါတ်သဘောတွေကို ခပ်ပေါပေါလို့ မှတ်ထင်တာလို့ ခပ်ပေါပေါ အလုပ်တွေလုပ်သူတွေကိုလည်း ခပ်ကြောင်ကြောင်တွေလို့ပဲ မြင်တယ်လို့ မေးမိတာမှားပါတယ် ဆိုပြီးဖုန်းချသွားလေရဲ့။ 
ဖုန်းသာကျသွားတယ် အတွေးတွေက မတင်မကျ နဲ့ ဒါနဲ့ ဝင်းဦးရွတ်ခဲ့သော ကဗျာလေးတစ်ပုဒ်ကို တိုးတိုးညီးတွားမိတယ်။
သူ့ကိုလေ 
ဝေဒနာ သစ်သစ်နဲ့ 
လနှစ်များစွာ
ချစ်ခဲ့ပါလည်း
မေတ္တာဘုံမှာ
ဖူးစာမကြုံလို့
မဆုံခဲ့ရဘူး
တစ်ဘဝမှာတစ်ခါ
တစ်သက်မှာတစ်ယောက်
မေ့ပျောက်ဖို့ဝေး
ရင်မှာနွေး
အတွေးမျက်ဝန်း
ဝေဒနာမွှန်းစဲ
ရင်ထဲစူးနစ်
မေတ္တာစစ်မို့
အချစ်ဆုံးသူ့ကို
မမေ့နိုင်ပါ..........
တစ်စစီဖြစ်နေတဲ့အတွေးတွေကို ဖြတ်တောက်ဖို့ အားယူရင်း အရင်ကဇာတ်လမ်းလေးကို တဒင်္ဂမှတ်တမ်းရေးဖို့ ကီးဘုတ်ပေါ်ပြေးလွှားနေသော လက်ချောင်းများကို ထိန်းချုပ်ဖို့ပြင်ဆင်ရင်း 

စာဝါတုံးခေါက်လေပြီ............

မောင်ပညာ ( ကေတုမတီ )

Read more...

Thursday, June 6, 2013

အတ္တချင်းပြိုင် ဘယ်သူနိုင်

အတ္တချင်းပြိုင် ဘယ်သူနိုင်

ဒီပိုစ်ကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာ အချိန်မရတာလည်း တစ်ကြောင်း စာမရိုက်ချင်တာ တစ်ကြောင်း ဘယ်လိုအကြောင်းပြချက်တွေပေးပေး ပျင်းတာဟာ ပေါ်တာပါပဲ။ 
            လူတွေတစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်ကြတယ်။ ကဲ ဘာတွေပြိုင်ကြသလဲ? 
တစ်နေ့ တစ်နေ့ မိမိလည်းပြိုင်မိတာပါပဲ။ မပြိုင်ရဘူးလို့လည်း မပြောပါဘူး။ ယှဉ်ပြိုင်တယ် ဆိုကတည်းက နိုင်ချင်ကြတာချည်းပါပဲ။ 
တို့ပါတီ၊ တို့အသင်း တို့လူမျိုး စသည်ဖြင့်ပေါ့လေ ယှဉ်ပြိုင်ကြတယ်
ယှဉ်ပြိုင်တဲ့ နေရာမှာ ကိုယ်ဆိုတဲ့ အတ္တစွဲလေး ပါနေတော့ တစ်ပါးသူ ဘာဖြစ်သွားမလဲ ဆိုတာ မမြင်နိုင်တော့ဘူး။ 
ကိုယ်အနိုင်ရဖို့ တစ်ခုတည်း ကြည့်ကြတော့တယ်။ 
ဒါကြောင့် ပြောတာ ယှဉ်ပြိုင်ခြင်းကို မမြင်နိုင်ခြင်းက ဖုံး ထားတယ်။ ဒါလေးက စိတ်ကူးထဲပေါ်လာတာလေးပါ။ စာရေးသူက တောင်ငူပြန်ရောက်တိုင်း ကိုးတန်း၊ ဆယ်တန်း ကလေးတွေနဲ့ တွေ့တွေ့ပြီး စကား ပြောတယ် ဆုံးမတယ် 
ဒီတစ်ခေါက်ပြန်တုန်းက သူတို့ကို ဒီစကားလေး ပြောပြမိတယ်။ 
ယှဉ်ပြိုင်တဲ့ အခါ မမြင်နိုင်တော့ဘူးလို့ ဘာကို မမြင်နိုင်တာလည်းဆိုတော့ ကိုယ်ကိုယ်ကို မမြင်နိုင်တော့တာ။ တကယ်တော့ ကိုယ်နဲ့ ကိုယ်သာ ပြိုင်စရာပါ။ ကိုယ်ဟာ ကျောင်းသားဆိုလည်း မနေ့ ကထက် ဒီနေ့ စာဘယ်လောက်ပိုရသလဲ၊ အလုပ်လုပ်သူဆိုလဲ မနေ့ကထက် မနှစ်ကထက် ဒီနေ့ ဒီနှစ် တိုးတက်လာသလား ကိုယ်ဘယ်လောက် အရင်ကထက် ပိုလာသလဲ။ ပြည်သူတွေရဲ့ ခေါင်းဆောင်ဆိုလည်း အရင်ကထက် အခု တိုင်ပြည်အပေါ် ပြည်သူပြည်သား အပေါ် ဘယ်လောက် အကျိုးပြုသလဲ ထိုကဲ့သို့ ကိုယ့်ကိုယ်ကို မြင်ရမှာပါ။ 
ကိုယ့်ကိုယ်ကို မမြင်ဘဲ အတ္တနဲ့ပြိုင်နေသရွေ့ ဘယ်သူနိုင်သွားမလဲဆိုရင် အနတ္တကပဲ နိုင်သွားမှာ ဘယ်သူမှမနိုင်ပါဘူး 
အနတ္တ ထင်ရှားနေပါလျက် အတ္တက နိုင်ချင်တယ်ဆိုရင် ကိုယ်နဲ့ လောကဓမ္မတွေနဲ့ တစ်ခုခုတော့လွဲနေပြီနော် 
သတိကပ်ပြီး ကြည့်ကြပါ အထက်တန်းကျောင်းသားလေးတွေတောင် နားလည်သဘေညပေါက် သေးတာပဲ 
ကိုယ်မနေ့ကထက်ဒီနေ့ ကုသိုလ်တွေတိုး လာပြီလား နိဗ္ဗာန်နဲ့ပိုနီးပြီလားဆို ဆန်းစစ်ရင်း 
လောကီ လောကုတ် နှစ်ဖြာ ပြည့်စုံနိုင်ကြပါစေ
မောင်ပညာ ( ကေတုမတီ )

Read more...

ကောင်းအောင်နေ

ဆရာတော့် စကား

တပည့်တော်ကို နေတတ်ထိုင်တတ်အောင် စကားတစ်ခွန်းတည်းနဲ့ ဆုံးမခဲ့တာ ဘုရားတပည့်တော် ထိုစကားတစ်ခွန်း ရဲ့ အဓိပ္ပါယ်ကို ကြာရှည်စွာ စဉ်းစားခဲ့ရတယ်။ ခုတော့ နေတတ်ခဲ့ပါပြီ ပြောတတ်ခဲ့ပါပြီ  စိတ်ကူးတတ်ခဲ့ပါပြီ 
“ မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ ကွာ” လို့ ဆရာတော်မိန့်ခဲ့စဉ်က တပည့်တော် သဘောပေါက်ခဲ့တာက မကောင်းတဲ့သူတွေနဲ့ ကင်းအောင်နေပါ့ ဒီလိုထင်ခဲ့တာ 
တစ်ခါတစ်လေ ကိုယ့်မိသားစုဝင်တွေ တစ်အိမ်တည်း အတူနေရတာ မကောင်းတာတွေနဲ့ တွေ့တော့ ကင်းအောင်နေချင်ပေမယ့် မကင်းနိုင်တဲ့ အခြေအနေပါ ဒါဆိုဘယ်လိုလုပ်ရပါ့လို့ 
မကင်းမှတော့ ကောင်းအောင်နေရတော့မှာပေါ့ တကယ်တမ်းဆရာတော် ဆိုလိုလိုက်သော အဓိပ္ပါယ်မှာ မိတ်ဆွေ အပေါင်းအသင်း မိသားစုဆိုတာတွေသည် မကင်းနိုင်သော အရာများမဟုတ်ပါလား သူတိုကောင်း ကောင်း မကောင်းကောင်း ကင်းလို့မရတော့ ကိုယ်ကကောင်းအောင်နေရမှာပေါ့ 
ကိုယ့်သဏ္ဍာန်ထဲရှိနေတဲ့ လောဘ ဒေါသ ကိလေသာများကျတော့ တကယ့်ကို ကင်းအာင်နေသင့်သော မကောင်းတဲ့ တရားတွေပဲလို့ သဘောပေါက်ပြီး ကင်းအောင်နေရမှာ လောဘနဲ့ ကင်း အလောဘ နဲ့နေ ဒေါသနဲ့ကင်း အဒေါသနဲ့ နေ 
ဘုရားတပည့်တော် မကောင်းတာကိုလည်း ကင်းအောင်ကြိုးစားပါမည် မကင်းတာကိုလည်း ကောင်းအောင် ကြိုးစားပါ့မည် ဘုရား။

ဥပဇ္ဈယ်ဆရာတော်ဖြစ်တဲ့ မှော်ဘီဓမ္မဒူတဆရာတော်အား ရှိခိုးပူဇော်ရင်း 
မစိုးရိမ်မြေမှ မောင်ပညာ 

Read more...

Saturday, June 1, 2013

ဘယ်လိုလူလဲ

                     အဘိဓမ္မာ ပိဋကတ်တော်ထဲက ပုဂ္ဂလပညတ် ပါဠိတော်ထဲတွင် မြတ်စွာဘုရားရှင် ဟောကြားခဲ့သော လူလေးမျိုးအကြောင်းကို မှတ်သားဖူးတယ်။ ဘုရားရှင်က လူတွေအကြောင်းကို အမျိုးမျိုး သရုပ်ခွဲပြရင်း ဒီနေရာမှာ လောကထဲရှိတတ်တဲ့ လူလေးမျိုးအကြောင်းကို အကျယ်တဝက့် မိန့်ခဲ့ပါတယ်။ 
                    လောကမှာ လူလေးမျိုးရှိပါသတဲ့
ပထမလူက သူယုတ်မာ 
ဒုတိယလူက သူယုတ်မာထက် ပိုယုတ်မာသူ
တတိယလူက သူတော်ကောင်း
စတုတ္ထလူကတော့ သူတော်ကောင်းထက် ပိုကောင်းတဲ့သူ
                    ဒါကို ဘုရားရှင်က ထပ်ဖွင့်ပါတယ်။ သူယုတ်မာဆိုတာ မိမိကိုယ်တိုင်က ပါနာတိပါတာ အစရှိသည်ကို လွန်ကျူးတဲ့သူပါတဲ့။ ငါးပါးသီလကို အနည်းငယ်မျှ စောင့်ထိန်းခြင်းမရှိသူပေါ့။
နောက် ဒုတိယလူကတော့ ကိုယ်ကိုယ်တိုင်ကလည်း ငါးပါးသီလ မလုံခြုံ မစောင့်ထိန်းသလို သူတစ်ပါးတို့ကိုလည်း ငါးပါးသီလစသည်ကို လွန်ကျူးမိအောင် အားပေး၊ တိုက်တွန်း၊ အဖော်သဟဲပြုသူပေါ့ ။ ထိုသူမျိုးသည် သူယုတ်မာထက် ပိုမိုယုတ်မာသောသူပေါ့။
                     ထိုရှေ့နှစ်ယောက်သည် မကောင်းသော ယုတ်ညံ့သော သူတွေလို့ ဆိုရမှာပါ။ ဘုရားကဲ့ရဲ့ ချုံချတော် မူတဲ့သူတွေပေါ့။ 
                    နောက်တတိယလူကတော့ သူတော်ကောင်းပါ။ သူတော်ကောင်းဆိုတာကတော့ ငါးပါးသီလ စသည်ကိုစောင့်ထိန်းသူပေါ့။ တခြားသောသူတွေ မစောင့်ထိန်းလို့ ကိုယ်လည်းမစောင့်ထိန်းဘူး ဆိုပြီးနေတာသည် သူတော်ကောင်းစိတ်ဓါတ်မဟုတ်ဘူးပေါ့။ သူတော်ကောင်းဆိုတာ သူကတော်တော် မတော်တော် ကိုယ်ကတော်အောင် ကြိုးစားရမယ် သူကကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းအောင် ကြိုးစားရမယ်
                  နောက်ဆုံးစတုတ္ထလူကတော့ မိမိကိုယ်တိုင်လည်း ငါးပါးသီလ စသည်ကို ဖြည့်ကျင့်သလို သူတစ်ပါးကိုလည်းပဲ ဖြည့်ကျင့်ချင်အောင်၊ စောင့်ထိန်းချင်အောင် တိုက်တွန်းပြောကြား ဟောပေးတယ်ပေါ့ သူတော်လာအောင် ကိုယ်ကကောင်းပေးသူပေါ့ ဒါကတော့ သူတော်ကောင်းထက် တော်တဲ့ သူတော်ကောင်းလို့ ဆိုရမှာပေါ့။ ဒီလိုနောက် နှစ်ယောက်လိုလူမျိုးကို ဘုရားရှင်က ချီးကျူးတော်မူပါတယ်။ ဒါကြောင့် မိမိတို့ တတွေသည် ဘုရာရှင် ချီးကျူးသော သူတော်ကောင်း စာရင်းထဲ ပါဝင်ပြီလား ကိုယ်ဘယ်လိုလူလဲ ဆိုတာကို စိစစ် ဝေဖန် စဉ်းစားပြီး တော်သည်ထက်တော်အောင် ကောင်းသည်ထက်ကောင်းအောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ 
မောင်ပညာ ( ကေတုမတီ )

Read more...

Friday, February 22, 2013

ရှောင်ကြဉ်မှာလား ဆောင်ငင်မှာလား

                      လူ့လောက လူ့ဘောင်မှာ စီးပွားရှာရတာ တစ်ကယ်ကို မလွယ်ကူတဲ့ အရေးကိစ္စ
တစ်လုရယ်ပါ။ နေ့စဉ်နဲ့အမျှ စား၊ ဝတ်၊ နေ ရေးဆိုတဲ့ အရေးတွေကြောင့်ရှဖွေခြင်းလုပ်ငန်းကို 
လုပ်နေကြရတယ်။ ဒါကြောင့် ဒီအလုပ်နဲ့ ပက်သတ်ပြီး အပြစ်မဖြစ်ဖို့ အရေးကြီးပါတယ်။ အဲ့လို
မဟုတ်ရင် နေ့စဉ် အပြစ်တွေချည်းပဲ ဖြစ်နေနိုင်တယ်။ 
                       ကုသိုလ်ကောင်းမှုပြုတာနဲ့ ပတ်သက်ပြီး ဘုရားရှင်က အလုပ်နှစ်မျိုးနဲ့ အားထုတ်
ဖို့ တိုက်တွန်းခဲ့ပါတယ်။ ရှောင်ကြဉ်စရာ အလုပ်နဲ့ ဆောင်ငင်စရာ အလုပ်ဆိုပြီး နှစ်မျိုးပါ။ ရောင်
စရာကို ရှောင်သောအားဖြင့် အားထုတ်တာရယ်၊ ဆောင်စရာကို ဆောင်သောအားဖြင့် အားထုတ်
တာရယ်လို့ နှစ်မျိုးပေါ့။ ဘာတွေက ရှောင်ပြီး၊ ဘာတွေကို ဆောင်ရမလဲ? 
                        ကောင်းမှုလိုလားတဲ့ သူတော်ကောင်းဖြစ်ဖို့ အကုသိုလ်အလုပ်တွေကို ရှောင်ကြဉ်
ရပါမယ်။ အကုသိုလ်အပြောတွေ မပြောမိအောင်လည်း ရှောင်ကြဉ်ပါ။ အကုသိုလ်ဆို စိတ်ကူးထဲ
ကို ထည့်ပြီး မစဉ်းစားမိအောင် နေသင့်တာ ရှောက်သင့်တာပါ။ ဒါဟာ ရှောင်တာနဲ့ ပတ်သက်ပြီး
ကျင့်တာပါ။ 
                       ရှောင်ကြဉ်ရင်း ကျင့်လို့ရသလို ဆောင်ငင်ရင်းလည်း ကျင့်လို့ရပါတယ်။ ကုသိုလ်
ကောင်းမှုတွေ ပြုသောအားဖြင့် ဆောင်မယ်။ ဒါနတွေပြု၊ သီလတွေ ဆောက်တည်၊ ဝေယျာဝေစ္စ
တွေပြုပြီး ကောင်းတဲ့တရားတွေ ဆောင်ငင်၊ တရားအကြောင်းတွေပြောဆိုပြီး တရားတဲ့ အပြော
တွေ ပြောမယ်။ နာထား အားထုတ်ထားတဲ့ တရားအကြောင်းများကို ပြန်လည်စဉ်းစား စိတ်ကူး
ပြီး ဓမ္မပီတိနဲ့ နေမယ် ဒါဟာ ဆောင်စရာတွေကို ဆောင်နေတာပါ။


Read more...

Saturday, January 26, 2013

နှလုံးသားထဲက အမေ

               အမေ
               ဒီနေ့ကို ပြန်လည်ရောက်ရှိလာပြန်ပြီနော်။ ဒီနေ့ ရောက်မှ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှပါ
အမေအကြောင်းတွေးမိတိုင်း အမေနဲ့ ပက်သတ်သမျှ စဉ်းစားမိတိုင်း အမေဟာ အမေပါပဲဆိုတာ
ပိုနားလည်ခဲ့တယ်။ အမေ့အကြောင်း စဉ်းစားလိုက်ရင် မောလာတယ်၊ လှိုက်လာတယ်။ ၀မ်းနည်း
လာတယ်။ အမေ ကိုသတိရလို့ ၀မ်းနည်းတာမဟုတ်ပါဘူး။ အမေပင်ပန်းခဲ့ရတာ။ အမေခံစားခဲ့ရ
တာ။ ဒါတွေကို အမေ့လောက်မသိ နားမလည်ခဲ့ပေမယ့် သားနားလည်သလောက်တော့ အမေ
ဟာ မိသားစုအတွက်၊ သားသမီးတွေ အတွက် အမေ့အတွက် အို အားလုံးအတွက်ကို စွန့်လွှတ်
အနစ်နာခံခဲ့တာပါ။ ဒါတွေကြောင့် အမေ့အကြောင်းတွေးလိုက်တိုင်း အမေနားလည်သလို မဟုတ်
ပေမယ့်၊ သားတစ်ယောက်အနေနဲ့တော့ အမေ့အကြောင်း အမေ့လောက် ဘယ်သိပါ့မလဲအမေ။
             အမေဟာ သား သမီးတွေကို ဘယ်လိုသွန်သင်ရမလဲ။ ဘယ်လို ပျိုးထောင်ပေးရမလဲ
ဆိုတာ သိနေခဲ့တယ်။ ဘယ်တော့မှ ကိုယ့်အတွက်ကိုယ် မစဉ်းစားဘူး၊ သမီးဘာကြိုက်တတ်လဲ
သားဘာကြိုက်တတ်လဲ ဒါတွေကိုပဲ အမေတွေးခဲ့တယ်။ အမေဟာ အဖေပေးတဲ့ လစာနဲ့ ဘယ်
လိုလောက်အောင် စားသောက်ရမလဲ၊ သား သမီးတွေ မျက်နှာမငယ်အောင် ဘယ်လို ထားရ
မလဲ။ ဒါတွေနဲ့ အမေ့ဘ၀ဟာ လုံးလည် ရှာလည် လိုက်နေခဲ့ရတယ်။ ဒါပေမယ့် အမေဟာ အမေ
ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လိုက်အောင် နေခဲ့ပါတယ်။
             မြန်မာလို အ မေ တဲ့။ မြန်မာစာလုံး အလုံးတိုင်း အလုံးတိုင်းမှာ အဓိပ္ပါယ်ရှိကြတာပါပဲ။
ခုလည်း အ မေ ဆိုတဲ့ စာလုံး ၂ လုံးထဲက အ ဆိုတဲ့ အဓိပ္ပါယ်ဟာ အမေဟာ မ အပေမယ့် အ
သလိုပဲ နေခဲ့တယ်။ သားသမီး တွေက ကိုယ့်အမေကို အ တယ်လို့ ထင်ရလောက်အောင် အမေ
အချင်ယောင်ဆောင်နေပေးခဲ့တယ်။ သားသမီးတွေ မျက်နှာရိပ် မျက်နှာကဲ အမြဲ ကြည့်ပြီး အ ချင်
ယောင်ဆောင်နေခဲ့တယ်နော်။ တကယ်တော့ အမေ တကယ်မ အ ပါဘူး။
           သဝေထိုး မ ရေ မေ တဲ့။ အမေဟာ သားသမီး တွေ စားဖို့ သောက်ဖို့ အရေး အဖေမရှိတဲ့
နောက်ပိုင်း ဘယ်မှ သဝေမထိုးရအောင် အမေက တစ်မိသားစုလုံးကို မ ထားခဲ့တယ်။ အမေသာ
မိုလို့သာပေါ့။ ဒီနေရာမှာ တခြားသူတစ်ယောက်ဆို။ ဒီနေ့ သားသမီးတွေ ဒီလိုအခြေအနေဖြစ်
အောင် အမေကပဲ အား အင်တွေ ပေးခဲ့တယ်လေ။ အမေ့ အကြောင်းကို ပြောမယ်ဆို ပြောမကုန်
ပါဘူး အမေ။
           သား သမီးတွေ အပေါ်မှာ အမေ့လောက်နားလည်တဲ့သူ မရှိတော့ပါဘူး။ အမေသာ နား
အလည်ဆုံးပါ။ ဒါပေမယ့်လေ အမေ့ကို ပြန်နားလည်ပေးတဲ့ သား၊ သမီး ကတော့ ရှားတယ်။
အမေနားလည်သလိုပေါ့။ အမေ ဟာ သား၊ သမီးက လိမ်ပြောရင်တောင် သိသိကြီးနဲ့ အဆင်
ပြေအောင် ပြောသွားတာပဲ။ ကောင်းစေချင်လို့ ပြောတာနေမှာဆိုပြီး နားလည်ပေးခဲ့တယ်။
အမေ့အပေါ်များ ဘယ်သားသမီးက အဲ့လောက် နားလည်ပေးမှာလဲ။
           သား သမီးတိုင်းဟာ အမေ့ကို အဖေ့ထက်ပိုချစ်ကြတယ်။ သားသမီး တွေက အဖေ့ကို
အပြစ်မြင်ရင် အမေပဲ ဖြေရှင်းပေးခဲ့ရတာပါ။ အဖေ နဲ့ သားသမီးတွေကြား ပဋိပက္ခတွေကို
ပြေလည်အောင် အမေ၀င်ဖြေရှင်းပေးခဲ့ရတာချည်းပါပဲ။ အမေ သားသမီးတွေ အတွက် အရေး
အကြီးဆုံး အခန်းက ပါဝင်နေတာ အမေပါပဲ။
            အိမ်မှာ ဆန်မရှိသော်လည်း အမေ ရှိရင် ပြည့်စုံပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အမေက
ပြည့်စုံအောင် လုပ်ပေးတယ်လေ။ အမေဟာ အားလုံးအတွက် မရှိမဖြစ်ပါ။ အမေဟာ သား
သမီး တွေ ပြည့်စုံအောင် လုပ်ပေးရသလို ယောက်ျားဖြစ်သူ အဖေ့အပေါ်မှာလည်း တာဝန်ကျေ
အောင် ဆောင်ရွက်ပေးရပါသေးတယ်။ အော် အမေ အမေ့အကြောင်း တွေးမိတော့ အမေဆိုတဲ့
ဂုဏ်ပုဒ်နဲ့ လိုက်အောင် နေသွားတဲ့ အမေ............။ အမေ့ကို နားလည်ပါတယ်။ အမေ့ကို လွမ်း
နေပါတယ်။ အမေ့လောက် မိသားစုအပေါ် နားမလည်ပေမယ့် အမေ့အပြော၊ အမေ့အပြု အမူ
တွေနဲ့ အတူ နားလည်လိုက်ရပါတယ်။ ဒါပေမယ့် နှလုံးသားထဲက အမေ့စိတ်ကူး၊ နှလုံးသားထဲ
က အမေ့ရဲ့ အမေ စိတ်ဓာတ်ကိုတော့ သား ဘယ်တော့မှ သိခွင့်ရမှာ မဟုတ်ပါဘူး။
          အမေများနေ့မှာ အမေအားလုံးအတွက် ဒီစာလေးရေးပြီး အမေနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။
အမေချင်း မတူကြပေမယ့် အမေစိတ်ဓာတ်ချင်းတူတဲ့ အမေ
အမေချင်း မတူကြပေမယ့် အမေဂုဏ်ပုဒ်ချင်းတူကြတဲ့ အမေ
အမေဟာ အမေလိုနေပြပြီး သားအတွက် အမေတွေထားခဲ့ပေးပြီးပြီ.......။
အမေ ကိုယ်စိတ်နှလုံး ချမ်းသားစွာ နေထိုင်နိုင်ပါစေ............................။
မောင်ပညာ( ကေတုမတီ )

Read more...

Thursday, February 23, 2012

မလွမ်းလောက်ပါဘူး

                             ရဟန်းတွေမှာ လွမ်းစရာမရှိဘူးလို့ ပြောလာတဲ့ စကားလေးကြောင့် အတွေးစတွေက တစ်စ တစ်စနဲ့ လွမ်းစရာ အကြောင်းလေးတွေတောင် ပေါ်လာတယ်။ လွမ်းစရာမရှိဘူး ပြောကာမှ လွမ်းစရာတွေက တစ်ပုံတစ်ပင်ရယ်ပါ။ အော် လွမ်းတယ်ဆိုတာ သတိရတာ တစ်မျိုးပေပဲ။ သတိရစရာရှိတဲ့သူတိုင်း သတိရကြ မှာပါ။ အတိတ်ကို ပြန်သတိရတာကို လွမ်းတယ်ပြောတာလား၊ လွမ်းတာကို သတိရတယ်ပြောတာလားဆိုတာ ကိုတော့ လွမ်းဖူးသူတိုင်း ပြန်စဉ်းစာကြစေလိုပါတယ်။ လွမ်းတော့ လွမ်းလိုက်တာပဲ....။ ဒါပေမယ့် လွမ်းလို့ သတိရတာလား၊ သတိရလို့ လွမ်းတာလား။ အဲ့ဒါလေးကို ပြောချင်တာပါ။ 
                           ငယ်ငယ်က ကလေး၊ ခုတော့ နည်းနည်း အသက်ရလာတော့ လူကြီးဖြစ်ပြီ။ ကလေး ဘ၀ကို သတိရတာဟာ၊ ကလေးဘ၀ကို လွမ်းတာလား။ ကျောင်းသားဘ၀ကို ပြန်ပြောင်း သတိရနေတာဟာ လွမ်းနေ တာလား။ လွမ်းရုံလွမ်းပါ။ မဆွတ်ပါနဲ့တဲ့။ စာရေးဆရာတစ်ယောက် ကပြောဖူးတယ်။ ဟုတ်တယ်နော်။ သူပြော တာက သူ့ အဓိပ္ပါယ်နဲ့သူတော့ ရှိပေမယ့် ကိုယ်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် သဘောပေါက်လိုက်တာက။ အင်း အတိတ်က အကြောင်းတွေကို ပြန်ပြီးတော့ သတိရချင်ရပါ။ ဒါပေမယ့် ရာဂနဲ့ မဆွတ်လိုက်နဲ့၊ ဒေါသနဲ့ မဆွတ်လိုက်နဲ့၊ မောဟနဲ့ မဆွတ်လိုက်နဲ့၊ မာနနဲ့ မဆွတ်လိုက်နဲ့တဲ့။ အတိတ်က ရန်ဖြစ်ခဲ့တာတွေကို ခုသတိရ ရင်းနဲ့ ဒေါသဖြစ်နေရင်၊ ဒါဟာ ဒေါသနဲ့ ဆွတ်နေတာပေါ့။ လွမ်းဆွတ်တယ်ဆိုတာ ဒါပါလားလို့လည်း စိတ်ထဲမှာ တဒင်္ဂ ဖြစ်မိတယ်။ 
                             မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး လေးဆယ့်ငါးဝါကာယပတ်လုံး ဟောကြားခဲ့တဲ့ တရားတော်တွေထဲမှာ ဇာတက ဆိုတာပါပါတယ်။ လူတွေသိတဲ့ ဇာတ်တော်တွေပေါ့။ ဒါတွေဟာ အတိတ်က အဖြစ်အပျက်တွေ ပါရမီဖြည့်စဉ်က ကြုံတွေ့ ခဲ့ရတဲ့ ပြန်လည်ပြီး ဟောပြောပေးတာပေါ့။ ဒါဆိုဘုရားရှင်ဟာ အတိတ်ကို ပြန်သတိရ နေတာလား၊ ဟုတ်တယ် ဘုရားရှင်ကိုယ်တော်မြတ်ကြီးမှာ အတိတ်က ဘ၀တွေကို ပြန် သတိရနိုင်တဲ့ ပုဗ္ဗေနိဝါသအနုဿတိဥာဏ်ဆိုတာ ရှိတယ်။ ဒီဥာဏ်တော်ကြီးနဲ့ အတိတ်မှာ ဘယ်သူက ဘာအမှားတွေလုပ်ခဲ့တယ်။ ဘယ်သူကတော့ အတိတ်တုန်းကလည်း ကောင်းခဲ့တယ်။ ဒါတွေကို ပစ္စုပ္ပန်အကြောင်းအရာလေးတွေနဲ့ ယှဉ်ပြီးတော့ ဟောပေးပြောပေးတာပါ။ 
                             ထိုကဲ့သို့ ဟောပေးလိုက်လို့ ကျွတ်တမ်းဝင်၊ တရားရ သွားကြသူတွေဟာလည်း ဒုနဲ့ဒေးပါ။ အတိတ်ကို သတိရတိုင်းလွမ်းနေတာလားဆိုတော့ မဟုတ်ပါဘူး။ ပစ္စုပ္ပန်မှာ လွမ်းစရာကောင်းတဲ့ အခြေနေ တွေ ကြုံတွေ့ ရရင်လဲ လွမ်းမိကြတာပါပဲ။ ဒါပေမယ့် ဘာနဲ့ မှ မဆွတ်မိစေနဲ့ပေါ့။ လွမ်းရုံလေးပေါ့။ လွမ်းစရာကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ကို ငယ်ငယ်ကကြိုက်လွန်းလို့ ကျက်ထားခဲ့ဖူးတယ်။ မြန်မာနိုင်ငံရဲ့  ရာသီဥတုလေးအကြောင်း ရေးထားတာပါ။ တပေါင်းညှာကြင် တဲ့။ ရတဲ့သူလည်း ရကြမှာပါ။
ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည်၊
သဇင်ကြွင်းငယ်နှင့် အင်ကြင်းသန္တာ ညွန့်ငယ်တို့
ဖူးပွင့်ကိုက်စီ။
ဘမရာ ရွှေပုတုန်းငယ်တို့
ခြွေသုံးကြ၀တ်ရည်။
ညွန်ကြည်ဖွဲ့  ဖော်ကွဲ
ယင်းသည့်နေ့ဆိုင်
ရသေ့ သူတော်တိုင်မှ
ဥာဏ်မခိုင် ဈာန်ယိုင်လျောရတယ်
ရာသီတွင် စာညီပြောပေပ
ကျော၍ သာမြဲ။
                           ဒီကဗျာလေးထဲမှာ ရသေ့သူတော်စင်များတောင်မှ ဒီရာသီဥတုရဲ့  အလှအပကို မြင်ရရင် ဥာဏ်မခိုင်၊ ဈာန်ယိုင်လျောတယ်လို့ ဆိုထားတယ်။ အော် လွမ်းမိသွားတယ်နဲ့ တူပါတယ်။ ဒါပေမယ့် သူက လွမ်းရုံမကဘူး ဆွတ်သွားခဲ့တာကိုး........။ ဥာဏ်မခိုင်တဲ့ အပြင်၊ လွမ်းလည်းလွမ်း ဆွတ်လည်းဆွတ်တော့ ရှိပေမယ်ပေါ့။ 
                           လူတွေဟာကိုယ်ဘာကို လွမ်းလို့ လွမ်းမှန်းကောသိကြရဲ့ လားလို့ မေးကြည့်ချင်တယ်။ လွမ်းပြီးတော့ကော လောဘဖြစ်သလား၊ ဒေါသဖြစ်သလား။ မာနဖြစ်သလား။ ဒါလေးတွေ ပြန်စဉ်းစားကြည့် ပါ။ လွမ်းတယ်။ အတိတ်ကို ဒါပေမယ့် သင်ခန်းစာယူဖို့။ အတိတ်ကမှားခဲ့တာတွေ၊ မလုပ်လိုက်ရတာတွေ ဒါတွေကို ခုကိုယ့်မှာ အသိဥာဏ်ရှိတုန်း သင်ခန်းစာယူတတ်ဖို့ပါ။ မြတ်စွာဘုရားရှင်နဲ့ တွေ့ လိုက်ရသူတွေ ကတော့ ယခုဘ၀အမှားတွေသာမက သံသရာက အမှားတွေကိုပါ ပြောပြပေးလို့ အသိတရားရ သွားကြတယ်။ အသိတရားရတယ်ဆိုတာ တရားအသိ ရှိသွားတာပါ။ 
                              တစ်ချို့ တွေများ အမှားပြင်ဖို့ နေနေသာသာ အတိတ်က ငယ်ရွယ်နုပျိုစဉ်က အကြောင်း များကို စဉ်းစားပြီး မာန်ယစ်နေကြသေးတယ်။ တကယ်တော့ လောဘနဲ့ စဉ်းစားရင် ဘာပဲဖြစ်ဖြစ် ပြန်လိုချင် စရာချည်းပါပဲ။ ဒေါသနဲ့ စဉ်းစားရင် ဘာအကြောင်းပဲ ဖြစ်ဖြစ် စိတ်ဆိုးစရာချည်းပါပဲ။ မာနနဲ့ စဉ်းစားရင် ဘာ အကြောင်းပဲ ဖြစ်ဖြစ် မာနတက်စရာချည်းပါပဲ။ ဒါလေး သဘောပေါက်ပြီး ဘာကိလေသာနဲ့မှ စိတ်ကို မဆွတ် မိစေပါနဲ့။ ကိုယ့်အကြောင်းကိုယ်လွမ်းပြီး အကုသိုလ်ဖြစ်တာရယ်၊ သူများကို လွမ်းပြီး အကုသိုလ်ဖြစ်နေတာ ရယ် ဘာက ပိုကောင်းလို့လဲ။ ဘာတစ်ခု မကောင်းပါဘူး။ 
                         စိတ်စင်ကြယ်ရင် အကုသိုလ်တွေ မကပ်ဝံ့ပါဘူး။ အိမ်မှာနေနေ၊ ရုံးမှာနေနေ။ ပစ္စုပ္ပန်မှာ ပဲနေနေ၊ အတိတ်ကိုပဲ သွားသွား စိတ်စင်ကြယ်အောင်သာထားပါ။ ဘာကိလေသာနဲ့မှ မဆွတ်လိုက်ပါနဲ့။ မလွမ်းရဘူးလို့ မပြောပါဘူး။ ကိုယ့်မိသားစုကို လွမ်းရင်လည်း လွမ်းနိုင်ပါတယ်။ ကိုယ့်မွေးရပ်မြေကိုလွမ်းရင် လည်း လွမ်းနိုင်ပါတယ်။ စာရေးသူ တောင်ငူ ( ကေတုမတီ ) နယ်ကနေ စပြီး ထွက်ခွာစဉ်က ညတိုင်းသတိရ လို့ မျက်ရည်ကျရတယ်။ ဘယ်သူကို သတိရတာလည်း ဆိုတော့လည်း လက်ညှိုးထိုးပြစရာက မရှိဘူး။ ဒါနဲ့ နောက်တော့ သတိရတိုင်း ကိုယ့်မိသားစု၊ ကိုယ့်ဆရာသမား၊ ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ရပ်ဆွေ ရပ်မျိုးတွေက အစ အားလုံးကို မေတ္တာပို့တယ်။ ကိုယ့်စိတ်ကိုတော့ ကိလေသာနဲ့ အဆွတ်မခံဘူးလို့လည်း ဆုံးဖြတ်ထားလိုက်တယ်။ 
                             အသိတရားရှိရင် တရားအသိက လိုက်လာပါတယ်။ ဘာအသိတရားတွေလည်း ဆိုတော့ မကောင်းဘူး၊ ကောင်းတယ်။ မလုပ်သင့်ဘူး။ လုပ်သင့်တယ်။ မပြောသင့်ဘူး။ ပြောသင့်တယ်။ မစဉ်းစား မကြံစည်သင့်ဘူး။ စဉ်းစားကြံစည်ကောင်းတယ်။ ဒီအသိတရားမျိုးလေးတွေ ရှိသင့်တာပါ။ ဒီအသိတရားတွေ သိဖို့ တရားစာတွေဖတ်၊ တရားတွေနာ၊ တရားတွေစဉ်းစား ဒါမှပဲ တရားနဲ့ လွမ်းတတ်မှာပါ။ တရားနဲ့ ဆုံးဖြတ် တတ်မှာပါ။ ကိုယ်က တစ်စုံတစ်ယောက်ကို တရားနဲ့ သတိရနေရင်၊ ကိုယ်ကိုလည်း တစ်စုံတစ်ယောက်က တရားနဲ့ သတိရနေရင် သတိရသူအချင်းချင်းဘယ်လောက် အေးချမ်းလိုက်မလဲ။ မေတ္တာတရား၊ မုဒိတာ တရားတွေနဲ့ များ သတိရနေရင် ကောင်းသောလွမ်းခြင်းပါပဲ။ 
                            ကိလေသာဆွတ်ဆိုခြင်းမရှိတဲ့ တရားနဲ့ လွမ်းခြင်းဟာ လွမ်းလောက်ပါတယ်။ တရားနဲ့ သတိရတာဟာ အေးမြစေပါတယ်။ သတိရသူကော သတိရခြင်းခံရသူပါ စိတ်မပူပင်ကြောင့်ကြရတော့ပါ။ ဒါကြောင့် မိမိတို့ တစ်တွေလွမ်းတော့မယ်ဆိုရင် ဆွတ်ခြင်းပါနေလား၊ မပါဘူးလားဆိုတာလေးကို အရင် စဉ်းစားကြပါအုံး။ လွမ်းတာနဲ့ ဆွတ်တာကိုလည်း ခွဲခြားတတ်ကြပါစေ.....။ ကိုယ့်ဘ၀မှာ လွမ်းလည်းလွမ်း၊ ဆွတ်လည်းဆွတ်နေမယ်ဆိုရင်တော့ ဥာဏ်မခိုင်ရုံမက၊ ဥာဏ်မနိုင်တဲ့ ဘ၀အထိရောက်သွားကြမှာပါ။ ဒါကြောင့် ဆွတ်ခြင်းပါတဲ့ လွမ်းခြင်းမျိုးကတော့ ရဟန်းများသာမက လူသားအားလုံး အတွက်တော့ မလွမ်းလောက်ပါဘူး လို့ ပြောလိုက်ပါရစေ......................။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ပါစေ......................။

မောင်ပညာ ( ကေတုမတီ )


Read more...

Saturday, February 18, 2012

let it be

               let it be ဆိုသော ဒီစကားလုံးလေးက အနောက်နိုင်ငံတွေမှာ စိတ်ဖြေဆေးအဖြစ် အသုံးပြုနေခဲ့ ကြတာကြာပါပြီ။ တစ်ခုခု ဖြစ်သွားတယ်ဆိုရင် သူတို့ ပြောလေ့ရှိတာက let it be တဲ့။ မြန်မာပြန်ရင်တော့ ရှိ ပါစေ တော့ပေါ့ ။ မြန်မာပြည်က ဗုဒ္ဓဘာသာဝင် သူတော်စင်များလည်း ပြောဆိုလေ့ ရှိပါတယ်။ ရှိပစေ သူ့ထိုက် နဲ့ သူ့ ကံ ဆိုပြီး တော့။ let it be ပေါ့။ ဒီစကားလုံးလေးကို သူတို့ နိုင်ငံမှာ let it be ဆိုပြီးတောင် သီချင်းလုပ်ဆို ထားကြသေး၏။
                     ခုလည်း let it be အကြောင်းလေး စဉ်းစားရင်း လက်များက ကီးဘုတ်ပေါ် အပြေးအလွှားရောက် သွားမိတယ်။ ကျွန်ုပ် အတွက်တော့ အတွေးနဲ့ အရေးတွေဟာ ထပ်တူဖြစ်ခဲ့တာ များပါတယ်။ တွေးတာကိုရေး လို့ ရေးထားတာလေးတွေကို ပြန်တွေးနေရတာ ပျော်တယ်။ ဒါလည်း let it be ပေါ့လေ။ ငယ်ငယ်က ကြားဖူး တာတစ်ခု ရှိတယ် ဖြေဆေးဆိုတာ ဖြေသင့်တဲ့ နေရာမှာသာ ဖြေရတာ။ မဖြေသင့်တဲ့ နေရာ သွားဖြေမိရင် တစ်ချို့  ဘေးထွက်ဆိုးကျိုးများတောင် ရှိသေးဆိုပဲ။ 
                     ဘာလို့ ဒီအကြောင်းပြောရတာလည်း ဆိုတော့ ခုတစ်လော ဖြစ်နေတာလေးတွေ ကြားရတယ်။ မိဘနဲ့ သားသ္မီးတွေ အကြား မပြေလည်မှုလေးတွေရယ်ပါ။ ပြေးကြည့်မှ ဒီသား အမိတွေပဲ ရှိတာ ဘာဖြစ်လို့   မပြေလည်ကြသလဲ။ ဒါကို let it be လုပ်ဖို့ စဉ်းစားတော့။ မဖြစ်ချေဘူး။ မိဘကလည်း သားသ္မီး အပေါ် let it be မလုပ်သင့် သလို၊ သားသ္မီးကလည်း မိဘအပေါ် let it be မလုပ်ထိုက်ဘူး။ သားသ္မီးက သားသ္မီးဖြစ်သလို မိဘကလည်း မိဘပါပဲ။ တစ်ခု ရှိတာက မိဘကတော့ သားသ္မီး ဘ၀ကို ဖြတ်သန်းခဲ့ဖူးတယ် မဟုတ်လား။
                       ကိုယ့်သားသ္မီး အပေါ် let it be၊ ရှိပါစေတော့ သူ့ထိုက်နဲ့ သူ့ကံပဲဆိုပြီး ထားလိုက်လျှင်၊ ကိုယ့်  တုန်းက ကိုယ့်မိဘက ကိုယ့်အပေါ် ဘယ်လိုထိန်းလို့ ခုလိုဘ၀ရောက်လာခဲ့သလဲ ဆိုတာလေး ပြန်တွေးစေ လိုပါတယ်။ ကိုယ့် ကလေး၊ ကိုယ့် သားသ္မီးကို မထိန်းနိုင်၊ နားမလည်နိုင်တာနဲ့ ကံအပေါ် ပုံချပြီး let it be လုပ် တာကတော့ တရားရှိတာလား၊ တာဝန်မဲ့ တာလား မိမိတို့ ဘာသာ စဉ်းစားကြစေလိုပါတယ်။ ခု ခေတ်ကလေးငယ်များကို မိမိတို့တုန်းကလို ထိန်းမရရင် ဘယ်လိုနည်းနဲ့ ထိန်းမလဲ။ ဒါ စဉ်းစားရမှာ။ 
                          ကိုယ့်ကလေးနဲ့ကိုယ် နားလည်မှုယူဖို့လိုပါတယ်။ သူ့ဘက်ကလည်း ကိုယ့်ကိုနားလည်မှုရှိ လာအောင်၊ ကိုယ်ကလည်း သူ့ကို နားလည်အောင် လုပ်သင့်ပါတယ်။ ခုတော့ ဆုံးမလို့ အဆင်မပြေ၊ ပြောလို့ ဆိုလို့ အဆင်မပြေတာနဲ့ ဥပေက္ခာပြုပြီးပဲ နေသလိုလို၊ သူ့ကံနဲ့သူ ဆိုပြီး တရားနှလုံးသွင်းပြီးပဲ နေသလိုလိုနဲ့ မိဘတွေရဲ့  ခေတ်သစ်တရားအားထုတ်နည်းလို့ပဲ ဆိုရမလိုပါပဲ။ ဥပေက္ခာပြုတယ်ဆိုတာကလည်း နှစ်မျိုး ရှိပါတယ်။ သင်္ခါရတရားတွေရဲ့  အကောင်း၊ အဆိုးတွေကို ဥပေက္ခာပြုတာရယ်။ သတ္တ၀ါတို့ရဲ့  အပြစ်ကို ဥပေက္ခာပြုတာရယ်ပါ။ ကိုယ်က ဘာကို ဥပေက္ခာပြုနေတာလဲ။ ဥပေက္ခာပြုတယ်လည်း ဆိုသေး ကိုယ်ပါချင် တာရှိတော့ ၀င်ပါတယ်။ ကိုယ်နဲ့ ဆိုင်တယ်ထင်ရင် ၀င်ဆိုင်လိုက်သေးတယ်။ 
                               The root of all problems is Miss Understanding. ပြဿနာအားလုံးရဲ့  အရင်းအမြစ်က နားလည်မှုလွဲမှားခြင်းရယ်ပါ။ ဟုတ်ပါတယ်။ သားသ္မီးနဲ့ မိဘ၊ ဆရာနဲ့ တပည့်၊ တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ တွေဟာ နားလည်မှု လွဲတာကြောင့် ပြဿနာဖြစ်နေကြရတာ။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး သူ့ဘက် ကိုယ့်ဘက် နားလည်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ နားလည်မှုဟာ အရေးကြီးဆုံးသော တရားပါပဲ။ ဒီတရားသာရှိရင် အားလုံးနဲ့ အဆင်ပြေပြီ။ ပြဿနာ မဖြစ်အောင် နေတာထက် နားလည်မှုရှိပြီး နေတာက ပိုပြီးစိတ်ချမ်းသာပါတယ်။ 
                              ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ဆိုပြီး လိုက်နေရတာက ပင်ပန်း လိုက်တာ။ ကိုယ့်မှာ သူ့တို့အပေါ် နားလည်နိုင်မှု စွမ်းအား ဘယ်လောက်ရှိသလဲ။ စွမ်းအားရှိရင် ရှိသလောက် ချမ်းသာပါတယ်။ လုပ်ပြီးနေရတာထက် ရှိပြီးနေရတာက မပင်မပန်း အေးချမ်းပါတယ်။ လုပ်ပြီးနေတယ်ဆို တာ အဆင်ပြေအောင်လိုက်လုပ်နေရတာပါ။ ရှိပြီးနေတယ်ဆိုတာကတော့ နားလည်မှုလေး ရှိပြီး နေတာကို ဆိုတာပါ။ နေကြည့်စေချင်ပါတယ်။ let it be တော့ မဖြစ်စေချင်ဘူး။ တစ်ခုခုဆို let it be လုပ်လိုက်တာက တရားတကယ်ရှိတာလား၊ တရားရှိချင်ယောင်ဆောင်တာလား ဆိုတာကတော့ လုပ်ပြီး နေသူတိုင်းသိမှာပါ။
                                ဘ၀တစ်ခု ဆိုတာက ရခဲပါတယ်။ ရရှိလာတဲ့ ဘ၀မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစား ရပါမယ်။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်မှာ အကောင်းဆုံးပုံစံ တစ်ခုအနေနဲ့ ကိုယ်နေနိုင်ပြီလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါ။ တစ်ခုခုဆိုလျှင် let it be ဆိုပြီး၊ ရှိပါစေ ရှိပါစေ လုပ်တာဟာ နားလည်မှုရှိတာ ဟုတ်မဟုတ် စဉ်းစားကြည့်စေလိုပါတယ်။ ပိုင်ဆိုင်ထားတဲ့ဘ၀မှာ အကောင်းတရားတွေကို ရရှိအောင်၊ ကုသိုလ်တရားတွေကို သိမ်းဆည်းထားနိုင်အောင် ကြိုးစားနေရမှာပါ။ ဒါဟာ ရရှိထားတဲ့ ဘ၀ကို မြတ်နိုး၊ တန်ဖိုးထားသူတိုင်း သိသင့်၊ ရှိသင့်တဲ့ ဘ၀အသိတရား၊ နားလည်မှု တရားရယ်ပါ။
                           လွယ်လွယ်ကူကူရလာတာ မဟုတ်တဲ့ ဘ၀ကြီးကို let it be လုပ်ပြီးထားလိုက်ရင်တော့ အရင်းအနှီး ရှုံးသူလိုပါပဲ။ အသိဥာဏ်ရှိသူက ရရှိလာတဲ့ အရင်းအနှီးနဲ့ အမြတ်တရားတွေကို ရှာပြီး ဘ၀ကောင်းအောင် ကြိုးစားနေချိန်မှာ ကိုယ်က ကိုယ့်ဘ၀ကို let it be ဆိုပြီး အရင်းအနှီးကို မမြှပ်နှံတတ်ရင် ကိုယ်လောက် မိုက်မဲသူ ရှိမှာမဟုတ်တော့ပါဘူး။ ထိုကဲ့သို့သော သူမျိုးကိုသာ let it be လုပ်ထားလိုက်သင့် တာပါပဲ။ 
                                 လူ့ဘ၀ ရရှိတယ်ဆိုတာ ဒုလ္လဘ တရား တစ်ပါးပါပဲ။ ခက်ခဲပါတယ်။ ဒါလေးကိုလည်း နားလည်ရပါမယ်။ ဒါကို နားမလည်ပဲ၊ ပျော်ပျော်နေ သေခဲဆိုပြီး ကိုယ်ပျော်ချင်တာကိုပဲ နားလည်နေလို့ ကတော့ ထိုသူ့ အတွက် လူ့ဘ၀ အရင်းအနှီးကောင်းကြီးဟာ ပျက်ဆီးဆုံးရှုံးသွားမှာပါ။ ကိုယ်ဘ၀တန်ဖိုးကို ကိုယ်နားလည်ပြီး ကြိုးစားသူတွေကတော့ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်လို့ ကိုယ်လိုချင်တဲ့ ဘ၀၊ 
ငြိမ်းချမ်းရာ နေရာကို ရောက်နိုင်သွားမှာပါ။ 
                               တစ်ဘ၀ နားလည်မှု လွဲခဲ့တယ် let it be လုပ်လိုက်တယ်။ နောက် တစ်ဘ၀လည်း let it be ပါပဲ ဆိုပြီး ရှိစေခဲ့တာ။ သံသရာမှာ ပြေးလွှားလာခဲ့တာ။ ဘုရား အဆူဆူနဲ့ let it be လုပ်လာတာ။ ခုလည်း လုပ်တုန်းပဲလား။ ကိုယ့် အသိဥာဏ်လေးရှိတုန်း နားလည်နိုင်မှု စွမ်းအားတွေကို မြှင့်ပါ။ သူများအပေါ်မှာတင် မက ကိုယ့်ခန္ဓာ၊ အာယတန၊ ဓာတ်တွေ အပေါ်မှာပါ နားလည်နိုင်အောင် သင်္ခါရလောကကြီးတစ်ခုလုံးကို နားလည်နိုင်သူဖြစ်အောင်၊ သုညတ သဘောတရားတွေကို နားလည်နိုင်အောင် ဒီလိုအချိန်မှ မကြိုးစား၊ ဘယ်တော့ ပင်ပန်းနေတာတွေက လွတ်မလဲ။ 
                          let it be ................. ရှိပါစေတော့......................။
မောင်ပညာ ( ကေတုမတီ ) 

Read more...

Tuesday, February 14, 2012

ခုကောင်းမှ နောင်ကောင်းမည်

                    ဘ၀ဆိုတာ အမြဲ ရှင်သန်၊ လှုပ်ရှားသွားလာနေရတာပါ။ နည်းနည်းလေးမှ အငြိမ်နေရတာ မဟုတ်။ လုပ်ရင်း၊ ကိုင်ရင်း၊ ရောင်းရင်း၊ ၀ယ်ရင်း နဲ့ ဘ၀ကိုဖြတ်သန်း နေကြရသူတွေ၊ ဘ၀နေထိုင်နည်းတွေ ထဲမှာ အကုသိုလ်အဖြစ်နည်းအောင် နေထိုင်နည်းလေးတွေကို အမြဲတမ်း သိစေချင်တယ်၊ ပြောပေးချင်တယ်။ ဘ၀ခရီးကြမ်းကို အပူလမ်းက ဖြတ်သန်းမသွားစေချင်ဘူး။ အေးချမ်းတဲ့ လမ်းကသွားစေချင်တယ်။ အေးချမ်းစွာ နဲ့ပဲ သွားစေချင်တယ်။ 
                            ခရီးက ကြမ်း၊ လမ်းပြက မရှိ၊ အန္တရာယ်က များလိုက်ပါဘိနှင့်။ အော် ဘ၀ဆိုတာ အဲ့ဒါလား။ မိဘရယ်လို့ ဖြစ်လာတာနဲ့ ကိုယ့်ဖို့သာမက သားသ္မီး အတွက်ပါ ရှာဖွေလိုက်ကြရတာ။ ခုရေးသာမက နောင်ရေး အတွက်ပါ ရှာလိုက်၊ ဖွေလိုက်ရတာ။ ကြမ်းတမ်းတဲ့ လမ်းလျှောက်နေမှန်းလည်းမသိ၊ အပြစ်ရှိမှန်း သိလျက်နဲ့ လည်း ဇွတ်လုပ် နေကြတာတွေ မြင်ရတော့........။ သိစေချင်တယ်။ ပြင်စေချင်တယ်။ မြင်စေချင်တယ်။ ဒီ စိတ် လေးတွေက ကွန်ပြူတာ ကီးဘုတ်ပေါ်မှာ လက်ချောင်းတွေကို ပြေးလွှားစေခဲ့တယ်။  
                          ငယ်စဉ်ကတည်းက အဆုံးအမကို လိုလားသူ ကလေးတစ်ယောက်အဖြစ်နဲ့ ကြီးပြင်းခဲ့တဲ့ စာရေးသူဟာ ဘယ်နားက အဆုံးအမလေးတွေ ဖြစ်ဖြစ် ရေးမှတ်ထားတာ ရှိခဲ့သလို၊ ကျက်မှတ်ထားတာလေး များလည်း ရှိခဲ့ပါတယ်။ မိဘကောင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်းကောင်းနဲ့ တွေ့ ဆုံကြုံခဲ့ရလို့လည်း ဒီ လိုအဆုံးအမ များ ရရှိခဲ့တာပါ။ ဘယ်လိုပင် ရခဲ့၊ ရခဲ့ ခုတော့ ဒါလေးတွေက အပူလမ်းက ခရီးသည်များအတွက် ချမ်းမြေ့စရာ များပင် ဖြစ်လာစေခဲ့ပြီပေါ့။ မြန်မာလူမျိုးအများစုဟာ ကံကို ယုံကြတယ်။ ကောင်းတာလုပ် ကောင်းကျိုးရ၊ မကောင်းတာလုပ်က မကောင်းကျိုးရတယ်ဆိုတာ အားလုံးယုံကြည်ပြီးသားပါ။ သို့သော် ကောင်းတာကို ဘယ်လိုလုပ်ရမလဲ လို့မေးလာကြပြန်တယ်။ အော် ခက်ပေစွ။
                              ငယ်ငယ်က အဆုံးအမလေးတစ်ခု ရခဲ့ဖူးတယ်။ `ပစ္စုပ္ပန်မှာ ကောင်းအောင်သာ၊ သုံးဖြာကံပြုလုပ်၊ မပေးသလော၊ ပေးသလော စောကြောနေဖွယ် မဟုတ်။ ပထမဇော ဒလဟော သဘောသူ ဖွင့်ထုတ်´ တဲ့  မှတ်ထားမိတာတော့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ စာအုပ်ထဲကလားပဲ ဒါလေးကို ဖတ်မိတုန်းက အရမ်းကို သဘောကျခဲ့တာ။ အဲ့တုန်းကတော့ ဇောတွေဘာတွေ နားမလည်ခဲ့ဘူး။ ဒါပေမယ့် ခုပြန်တွေးကြည့်ရင်း အဲ့အဆုံးအမလေး ရပြီး ပစ္စပ္ပန်မှာ ကောင်းအောင် နေခဲ့၊ ထိုင်ခဲ့တာ။ အတော် လည်း အကျိုးရှိခဲ့တယ်။ 
                              စာပိုဒ်လေးက ဘာဆိုလိုတာလဲ ဆိုတော့....။ ယခု မိမိရောက်ရှိနေတဲ့ တနည်းအားဖြင့် ခုလုပ်နေတဲ့ အလုပ်ထဲမှာ ကောင်းအောင်ပြုလုပ်ပါတဲ့။ ဘာအလုပ်ကိုပဲလုပ်လုပ် ကောင်းတဲ့ စိတ်ထားလေး နဲ့ကောင်းအောင်သာ ပြုလုပ်နေပါ။ ကောင်းအောင် ပြုလုပ်နေပါဆိုပေမယ့် ပြောနေတာလည်းပါတယ်။ စိတ်ကူးကြံစည်နေတာလည်း ပါတယ်ပေါ့။ ကောင်းအောင် ပြု၊ ပြော၊ ကြံနေရင် ဘာမှစိတ်မပူပါနဲ့တဲ့။ ကံ သုံးပါးလုံးကို သာ ကောင်းအောင် ထိန်း၊ ကောင်းကျိုးချမ်းသာ လာမလား၊ မလာဘူးလား မေးနေစရာမလိုပါ တဲ့။ 
                           တစ်ချို့ ကလည်း ကောင်းတာတော့ လုပ်နေပါတယ်။ ကောင်းကျိုးကမလာ၊ မလာနဲ့ မိုလို့ ဘယ်အချိန်မှ လာမလဲဆိုပြီး ဒေါသတောင်ထွက်ကြတယ်ဆိုပဲ။ အော် ကောင်းတာလုပ်၊ ပြော၊ ကြံ နေရတာ ကိုက စိတ်ချမ်းသာစရာ ကောင်းလိုက်တာ။ မကောင်းတာတွေ လုပ်၊ ပြော၊ ကြံနေ ကြည့်ပါလား။ မကောင်းတဲ့စိတ်တွေ ဖြစ်လာရော။ အပူများတယ်။ စိတ်မချမ်းသာဘူးဆိုတာ အဲ့ဒါပဲ ။ ဒါပဲ စဉ်းစား၊ ဒါပဲ ပြော၊ ဒါပဲလုပ်နေ ဒါပဲ ဖြစ်မှာပေါ့ ဆိုသလိုပေါ့။ ကိုယ်က အပူပဲ စဉ်းစား၊ အပူပဲ ပြော၊ အပူသည်အလုပ် လုပ်နေတော့ အပူတွေပဲ လာမှာ။ ကိုယ့်အလုပ်လေး ကိုယ်ပြန်ကြည့်ပါ။ 
                          သားသ္မီးအတွက်ရှာဟာ ရှာတာပဲ။ ကိုယ်အပူမလောင်စေနဲ့။ နောင်ရေးအတွက်ဆိုပြီး ခု အပူတွေ မလောင်စေနဲ့။ ခု အေးချမ်းအောင် နေတတ်မှနော်။ နောက်မှ ကုသိုလ်ကောင်းမှုပြုပြီး အပြစ်ကျေမယ် မထင်ပါနဲ့။ ခု ကတည်းက အပြစ်မဖြစ်အောင် နေလိုက်ပါလား။ နောက်နောင် ကောင်းချင် ပါတယ်ဆိုရင် ခုကတည်းက ကောင်းအောင် နေပါ။ ဘုရားရှင် ဟောကြားခဲ့သမျှ တရားတွေဟာ ခုလည်း ကောင်း၊ နောင်လည်းကောင်းတာတွေ ချည်းပါပဲ။ ခု ကျင့်စဲမှာလည်း ကောင်းမွန်တယ်။ ကျင့်ပြီးနောက် သံသရာမှာလည်း ကောင်းတယ်။ 
                            အကောင်းရှာ လူသားတွေကြားမှာ အကောင်းတရားတွေကိုသာ ဟောမိန့်ခဲ့တာ။ ကောင်း တဲ့အကျိုးလိုလားတယ်၊ ရချင်တယ်ဆိုရင် ကောင်းတဲ့ တရားတွေကို ပြု၊ ပြော၊ ကြံ နေပေါ့။ ကောင်းတဲ့ တရားက ဈေးရောင်းရင်းလည်း ကျင့်လို့ရပါတယ်။ ချက်ပြုတ်ရင်းလည်း ကျင့်လို့ရပါတယ်။ ဈေးရောင်းရင်း ၀ယ်သူတွေ မေတ္တာပို့ ရနိုင်သားပဲ။ ရုံးသွားရင်း ရုံးကလူတွေ မေတ္တာထား။ ကျင့်စရာတွေက များပါတယ်။ ကျင့်ချင်စိတ်ရှိဖို့ပါပဲ။ တကယ်ကောင်းတဲ့ တရားတော်တွေ ကျင့်မယ်ဆိုရင် တကယ်ကောင်းတဲ့ အကျိုးပေး ပါတယ်။ 
                         ခုကောင်းမှ နောင်ကောင်းမည်။ နေစဉ်ကောင်းမှ သေရင်လည်းကောင်းပါမယ်။ နေစဉ်မှာ မကောင်းခဲ့သမျှ သေရင်တော့ ထပ်ပူရအုံးမှာပါ။ ကိုယ်ကတော့ သားသ္မီးကောင်းစားဖို့ ကောင်းတာရော၊ မကောင်းတာရော လုပ်ခဲ့တယ်။ ခံရတော့ ကောင်းတာလည်း ကိုယ်ပဲစံ၊ မကောင်းတာလည်း ကိုယ်ပဲခံရတာ ပါ။ ကောင်းစွာရှာဖွေထားတဲ့ ချမ်းသာဟာ ကောင်းစွာ အသုံးချမယ်ဆိုရင် တစ်မိသားစုလုံး စံစားရမှာပါ။ ရှာတော့ရှာခဲ့တယ် ဘယ်တော့များ ကိုယ့်အလှည့်ပြန်ရောက်မလဲ ၀ဋ်လည် အုံးမှာပါလားဆိုတဲ့ စိတ် ခံစား နေရမယ်ဆိုရင် အဲ့ဒီ စည်းစိမ်ဟာ စံစားရတာမဟုတ်ဘဲ၊ ခံစားရတာ ဖြစ်နေမှာပါ။ အခုလည်း မကောင်း၊ နောင်လည်း ကောင်းလာမည် မဟုတ်ပါ။ 
                         တရားအလုပ်ဆိုတာ တရားသောအလုပ်ပါပဲ။ ဒါအရိုးရှင်းဆုံး ပြောပြလိုက်တာပါ။ တရားအားထုတ်တယ် ဆိုသည်ကား တရားအားတွေကို ထုတ်သုံးခြင်းပါ။ ကိုယ့်မှာ ရှိသော သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စတဲ့ တရားအားတွေကို ထုတ်ကာသုံးခြင်းသည် တရားအားထုတ်ခြင်းပါပဲ။ ဒီ အားတွေ မိမိတို့ ဆီမှာ ရှိပါတယ်။ ထုတ်သုံးသူဟာ တရားအားထုတ်နေသူ ဖြစ်ပြီး၊ မထုတ်သုံးသူကတော့ အားမထုတ် သူ ဖြစ်နေမှာပါ။ ရှိသင့်တဲ့ တရားအားတွေနဲ့ အပြိုင် မရှိသင့်တဲ့ မတရားအားတွေကလည်း ရှိပါတယ်။ ဒါတွေကို အားထုတ်ရင်တော့ မတရားအားထုတ်သူ လို့ ခေါ်ချင်ခေါ်နိုင်ပါတယ်။ ဒါတွေကတော့ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ အဆိုးတရားတွေပါ။ ဒါတွေဟာ မရှိသင့်၊ မထုတ်သင့်တဲ့ တရားတွေပါ။ 
                                   ထိုအဆိုးတရားများ ထုတ်သုံးခဲ့မယ်ဆိုရင် ခုလည်းဆိုး၊ နောင်လည်းဆိုး နေမှာပါ။ ဒါ ကြောင့်သံသရာ လမ်းခရီးကနေ မြန်မကြာ လှမ်းထွက်ချင်ပါတယ်ဆိုရင်၊ ပစ္စုပ္ပန်မှာ ကောင်းအောင်သာ သုံးဖြာကံ ပြုလုပ်ပါ။ ပထဇော ဒလဟော သဘောသူဖွင့်ထုတ်ပါလိမ့်မယ်။ ပထဇောက ကောင်းရင် ကောင်း သလောက် ဒီဘ၀မှာတင် အကျိုးပေးပါတယ်လို့ ဆိုလိုက်တာပါ။ ကောင်းတာလုပ်လို့ ဘ၀ပျက် ဒုက္ခရောက် ရတယ်ဆိုတာ မရှိပါဘူး။ ကောင်းတာပြော၊ ကောင်းတာကြံ ဖို့လည်း အရေးကြီးပါတယ်။ ဒါမှ တရားအား ထုတ်သူ အစစ်ဖြစ်ပါမယ်။ ခုလည်းကောင်း နောင်လည်းကောင်း အောင် ကံ သုံးပါးလုံးကောင်းအောင်နေ ကြရင်း ဘ၀လမ်းခရီးကို အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေ။

တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက် နောင် ဆက်တိုင်းကောင်း၏။ 

မောင်ပညာ ( ကေတုမတီ )

Read more...
 

ထနောင်းရိပ် © 2008. Design By: SkinCorner